Author's Profile Photo

Lin Myaing

9/04/2024

ခရစ်တိုငွေကြေးဆိုတာဘာလဲ❓❓ အပိုင်း(၁)

2 mins read
Business
General Knowledge
Finance
ခရစ်တိုငွေကြေးဆိုတာဘာလဲ❓❓ အပိုင်း(၁)'s photo


ခရစ်တိုငွေကြေးဈေးကွက်နှင့် ဘလော့ချိန်းနည်းပညာဟုဆိုပါက လွန်စွာမှ ခက်ခဲရှုပ်ထွေး သည့်ပညာရပ်ဟူ၍ တွေးထင်မိတတ်ကြပါသည်။ မြန်မာနိုင်ငံတွင် ခရစ်တိုငွေ‌ကြေးသုံးစွဲမှု၊ ‌ရောင်းဝယ်မှုလုပ်ခြင်းတို့အတွက် တရားဝင်ခွင့်ပြုပေးထားခြင်းမရှိသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံအများစု တွင် အစိုးရများကိုယ်တိုင်လက်ခံသုံးစွဲမှုများ ပြုလုပ်နေကြပါသည်။

အနာဂတ်ကာတွင် ရေပန်းစား လာနိုင်သည့်အတွက် အခြေခံအားဖြင့် မဖြစ်မနေ သိရှိထားသင့်ပါသည်။ အချို့သောနိုင်ငံကြီးများတွင် ဗဟိုဘဏ်ထုတ်ဒစ်ဂျစ်တယ်ငွေကြေး (CBDC) တို့ကို စမ်းသပ်သုံးစွဲနေကြသည့် အဆင့်သို့ ရောက်ရှိ လာပြီးဖြစ်ပါသည်။ အနာဂတ်ကာလများတွင် လက်ရှိသုံးစွဲနေသည့် ကျပ်ငွေကဲ့သို့သော အစိုးရထုတ် ငွေကြေး (Fiat Currency) များသည် (CBDC) အသွင်းသို့ ကူးပြောင်းသုံးစွဲနိုင်သည့် အလားအလာ များစွာ ရှိလာနေပြီးဖြစ်ပါသည်။

မျက်မှောက်ခေတ်ကာလအတွင်းရှိ လူသားများ၏ ရပ်တည်နေထိုင်မှုများတွင် အင်တာနက် များဖြင့် ကင်းကွာ၍ မရနိုင်တော့သည့်အတွက် အနာဂတ်ကာလများတွင် Cryptocurrency နှင့် ဘလော့ချိန်းနည်းပညာသည် လူမှုဘဝတွင် များစွာလွှမ်းမိုးမှု ရှိလာနိုင်ခြင်းကြောင့် Cryptocurrency (ခရစ်တိုငွေကြေး)နှင့် ဘလော့ချိန်းနည်းပညာများအား အခြေခံအားဖြင့် သိရှိနားလည်ထားစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

Cryptocurrency (ခရစ်တိုငွေကြေး) ၏အဓိပ္ပာယ်

Cryptocurrency (ခရစ်တိုငွေကြေး) ဆိုသည်မှာ ငွေတန်ဖိုးပမာဏသင့်၍ လဲလှယ်ရာတွင် ကြားခံအဖြစ်အသုံးပြုသည့် ဒစ်ဂျစ်တယ်ငွေတစ်မျိုးပင်ဖြစ်ပြီး ငွေ‌ကြေးလွှဲပြောင်းမှုများအား လုံခြုံမှု ပေးရန်၊ ယူနစ်အသစ်များ ဖန်တီးခြင်းကို ထိန်းသိမ်းရန်နှင့် ပိုင်ဆိုင်မှု၊ ရွှေ့ပြောင်းမှုများကို အတည်ပြု ရန်တို့အတွက် အဆင့်မြင့်နည်းပညာဝှက်စာစနစ်ကို အသုံးပြုထားသည့် လျှို့ဝှက်ငွေကြေး တစ်မျိုး ပင်ဖြစ်ပါသည်။ ခရစ်တိုငွေ‌ကြေးသည် ဗဟိုချုပ်ကိုင်မှုရှိသည့် အီလက်ထရောနစ်ငွေကြေးနှင့် ဘဏ်စနစ်များကဲ့သို့ မဟုတ်ဘဲ ဗဟိုထိန်းချုပ်မှုမရှိသည့်စနစ်ကို အသုံးပြုထားပါသည်။ ခရစ်တို ငွေကြေး တစ်မျိုးချင်းစီတွင် ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် အများပြည်သူနှင့်သက်ဆိုင်သော ဒေတာဘေ့စ်အဖြစ်‌ဆောင်ရွက်သည့် Blockchain ဟုခေါ်ဆိုသည့် ဖြန့်‌ဝေမှုစာရင်းအင်းနည်းပညာကို အသုံးပြု၍ ဗဟိုချုပ်ကိုင်မှုမရှိသောစနစ်ကို လုပ်‌ဆောင်ထားပါသည်။ ဗဟိုချုပ်ကိုင်မှုမရှိသည့် ပထမ ဆုံးသော ခရစ်တိုငွေကြေးအမျိုးအစားဖြစ်သည့် Bitcoin ကို ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်‌ဝေခဲ့ ပါသည်။ ယခုအခါ ခရစ်တိုငွေကြေးမျိုးကွဲပေါင်း (၄,၀၀၀)ကျော်ကို ဖန်တီးအသုံးပြုနေကြောင်း တွေ့ရှိရပါသည်။

“ခရစ်တိုငွေကြေး” ဆိုသည့် စကားလုံးကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် The Merriam Webster ဟူသည့် အဘိဓါန်တွင် ရေးသားဖော်ပြထားပါသည်။ “ခရစ်တိုငွေကြေး” ဟူသည် အောက်ပါ အင်္ဂါရပ် (၆)ရပ်နှင့် ပြည့်စုံသည့် စနစ်တစ်ရပ်ပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်-

  1. ဗဟိုအာဏာပိုင်အဖွဲ့မလိုသည့် စနစ်တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာစာရင်းအင်း များကို ဖြန့်ဝေထားခြင်းဖြင့် အများဆန္ဒသဘောဖြင့် ဘုံထိန်းသိမ်းသည့်စနစ်ကို ဆိုလိုပါသည်။
  2. ခရစ်တိုငွေကြေးယူနစ်အားလုံးနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းသိမ်းထားသည့် စနစ်ဖြစ်ပါသည်။
  3. ခရစ်တိုငွေကြေးယူနစ်အသစ်ကို ဖန်တီးခွင့်‌‌ပေး/မပေး ဆုံးဖြတ်သည့်စနစ်ပါဝင် ပါသည်။ အကယ်၍ ယူနစ်အသစ်ကို ဖန်တီးခွင့်ပေးလျှင် မည်ကဲ့သို့သော အခြေအနေ ဖြင့် ဖန်တီးနိုင်ကြောင်း အသစ်ဖန်တီးသည့် ယူနစ်ကို မည်သူပိုင်ဆိုင်သင့်ကြောင်း ဆုံးဖြတ်သည့်စနစ်များ ပါဝင်ပါသည်။
  4. ခရစ်တိုငွေကြေးယူနစ်များအား ပိုင်ဆိုင်သူများကို လျှို့ဝှက်ဝှက်စာနည်းဖြင့် ထုတ်ပြန် ပေးပါသည်။
  5. လွှဲပြောင်းမှုများကို လုပ်‌ဆောင်ခွင့်ပြုပြီး ခရစ်တိုငွေကြေး ယူနစ်ပိုင်ဆိုင်မှုကိုလည်း ပြောင်းလဲပေးပါသည်။ လွှဲပြောင်းမှုလုပ်‌ဆောင်ချက်တစ်ခုကို လက်ရှိပိုင်ဆိုင်သူက အတည်ပြုပြီးမှသာ ထုတ်ပေးပါသည်။
  6. ခရစ်တိုငွေကြေး ယူနစ်တစ်ခုတည်း၏ ပိုင်ဆိုင်မှုပြောင်းလဲခြင်းအတွက်ညွှန်ကြား‌ချက် နှစ်မျိုး တစ်ပြိုင်တည်း ဖြစ်ပေါ်ဝင်ရောက်လာပါက ပထမဖြစ်သည့်ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ပါသည်။


Cryptocurrency (ခရစ်တိုငွေကြေး) ၏ သမိုင်းကြောင်း

အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင်နှင့် ဝှက်စာပညာရှင်ဖြစ်သူ ဒေးဗစ်လီချမ်း ဆိုသူသည် ecash ဟုခေါ်သည့် အမည်မသိနိုင်သော ဝှက်စာစနစ်သုံး အီလက်ထရောနစ် ငွေကြေးတစ်မျိုး ကို ၁၉၈၃ ခုနှစ်တွင် စတင်စိတ်ကူးကြံစည်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကုန်ပိုင်းတွင် Digicash ကို စတင် အကောင် အထည်ဖော်ခဲ့ပါသည်။ ၎င်းမှာ ဝှက်စာစနစ်သုံး အီလက်ထရောနစ်ငွေပေးချေမှု၏ အစောပိုင်းပုံစံ တစ်ခုပင်ဖြစ်ပါသည်။ ၎င်းကို အသုံးပြုရာတွင် ဘဏ်များမှငွေထုတ်ယူနိုင်ရန် ဆော့ဖ်ဝဲတစ်ခုလိုအပ် ပြီး ငွေလက်ခံမည့်သူထံမပို့မီ သီးသန့်ပြုလုပ်ထားသည့် လျှို့ဝျက်နံပါတ်များ လိုအပ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Agency-NSA) မှ ငွေကြေး အသစ်တစ်ပြုလုပ်နည်း၊ အမည်မဖော်လိုသော အီလက်ထရောနစ်ငွေကြေးများအတွက် လျှို့ဝှက် ဝှက်စာစနစ် (How to make a Mint; the Cryptography of Anonymous Electronic Cash) ဟု ခေါင်းစဉ်တပ်ထားသည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်တင်ပြပါမည်။


#လင်းမြိုင်

Keep Reading

လူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချမ်းသာဖို့အတွက် ဘာလိုသလဲချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလား