Author's Profile Photo

Nay Yoon

19/03/2026

တန်တယ်.... (Movie Review)

2 mins read
Art
Entertainment
Creative
တန်တယ်.... (Movie Review)'s photo


မေဂရေ့စ် ကိုပိတ်ကားထက်မှာကြည့်ရှုခွင့် မြင်ခွင့်ရမှာဆိုတည်းကစိတ်ဝင်စားမိတဲ့ရုပ်ရှင် ၊ နောက်ပြီးတော့ Base On True Story ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတာကြောင့်လည်းစိတ်ဝင်စားမိတဲ့ရုပ်ရှင်ကို ဒီနေ့ရုံမတင်ခင်မှာဦးဦးဖျားဖျားခံစားကြည့်ရှုခဲ့ရပါတယ်။
လူတွေရဲ့လောဘ ၊ ဒေါသ ၊ နာကျင်မှုတွေကြားကဘဝတွေ ၊ ဖြတ်သန်းလာခဲ့ရတဲ့ဘဝအတွေ့အကြုံတွေပေါ်မူတည်ပြီးပြောင်းလဲတတ်တဲ့လူတွေရဲ့စိတ်သဘောထား ၊ မိသားစုတစ်စုကြားကသံယောဇဥ် မေတ္တာတွေနဲ့နားလည်ခွင့်လွှတ်ပေးမှုတွေ ၊ အနစ်နာခံပေးဆပ်မှုတွေ ၊ တစ်ကိုယ်ကောင်းဆန်ပြီးသာယာမှုနောက်ကိုလိုက်ချင်ကြတဲ့သူတွေရဲ့နောင်တတွေစသဖြင့်တွေးစရာများများနဲ့ရင်ထဲကိုတိုးဝင်ခဲ့တဲ့ရုပ်ရှင်....။

လူအေး (အေးချမ်းမောင်) ရဲ့ချစ်တတ်မှုကြီးကလုံးဝသြချစရာကောင်း ၊ ကြည့်ရှုသူကိုစိတ်ဆိုးစိတ်တိုပေါက်ကွဲစေတဲ့သူ့ရဲ့အပြုအမူ သရုပ်ဆောင်မှုတွေ ၊ မယ်ဂင်္ဂါ (မေဂရေ့စ်) အပေါ်ထားတဲ့ချစ်ခြင်းတွေ ၊ ခေါင်းမှာဂျိုတွေပေါက်နေရင်တောင်အဲ့ဂျိုတွေကိုရွှေချထားချင်တဲ့ဆိုတဲ့သူ ၊ ယောကျ်ားတွေဆီကအချစ်ဆိုတာထက်ငွေကြေးဥစ္စာနဲ့ပိုင်ဆိုင်မှုတွေကိုမက်မောသော ၊ ဒီဘဝမှာရှင်အပါအဝင်ဘယ်ယောကျ်ားကိုမှလက်မထပ်ချင်ဘူးဆိုတဲ့မယ်ဂင်္ဂါ ၊ အဖေဖြစ်သူ ၊ ညီမဖြစ်သူတို့နဲ့အတူယောကျ်ားတွေကိုခြူယူမြှူပြီးကပ်စားတတ်တဲ့ထိုမိန်းကလေးကိုချစ်မိတဲ့သူဟာလူအေးဆိုတဲ့သူဖြစ်နေခဲ့တာတော့ကံကြမ္မာတစ်ခုပါပဲ။
ရယူမှုတိုင်းရဲ့နောက်ကွယ်မှာပေးဆပ်မှုဆိုတာကပ်ပါလာစမြဲပဲ ဆိုတဲ့စကားဟာတချို့အတွက်တော့မှန်ပေမယ့် တချို့အတွက်တော့မှားပါတယ်။
လူတစ်ချို့ကအခြားသူတွေဆီကဘယ်လောက်ပဲရယူခဲ့ရယူခဲ့ သူကိုယ်တိုင်ပြန်မပေးဆပ်ရတာမျိုးလည်းရှိတတ်သလို သူ့ရဲ့ဘဝမှာလည်းနောင်တဆိုတာမရှိပဲဖြတ်သန်းနေထိုင်တတ်တဲ့သူမျိုးဆိုတာလောကမှာရှိနေတတ်ပါတယ်။

တစ်ဖက်မှာတော့နှစ်ပေါင်းလေးဆယ်ကျော်တည်ဆောက်လာခဲ့တဲ့မိသားစုတစ်စုရဲ့မြင်ကွင်း ၊ ဘယ်သူမဆိုစိတ်ခံစားချက် သာယာပျော်ရွင်မှုနောက်ကိုလိုက်တတ်ကြတာဟာယောကျ်ားဖြစ်စေ မိန်းမဖြစ်စေ ရှိတတ်ကြပါတယ်။
မယ်ဂင်္ဂါဝင်တိုးပြီးပက်သတ်ခဲ့တဲ့ဦးဇော်အောင် (ရဲအောင်) တို့မိသားစုရဲ့ဘဝကံကြမ္မာကရောဘယ်လိုများဆိုးရွားလာလေမလဲ။
ဘဝတစ်ခုလုံးအချိန်တွေအများကြီးအတူရှိနေပေးတတ်ကြတဲ့အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ရဲ့ရင်တွင်းခံစားချက်ကိုပါးပါးလေးပြသသွားတာသဘောကျမိတယ်။
ဒေါ်ယဥ်မေ (လင်းဇာနည်ဇော်) ဟာခင်ပွန်းဖြစ်တဲ့သူအပေါ်မှာနားလည်မှု ၊ ချစ်ပေးမှု ၊ သည်းခံနိုင်မှုတွေနဲ့သားသမီးမြေးတွေရတဲ့အထိအတူရှိနေပေးခဲ့သော်လည်း ခင်ပွန်းဖြစ်သူအမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်နေပါတယ်ဆိုတဲ့ပထမအကြိမ်သတင်းကြားကြားချင်းမှာဖြစ်ပေါ်လာတဲ့မယုံကြည်နိုင်မှု ၊ သေချာနေပါပြီဆိုတာသိရတဲ့အခါမိသားစုမျက်နှာစုံညီစုပြီးရင်ဆိုင်ရှင်းကြတဲ့အခါမှာခင်ပွန်းဖြစ်သူဆီကကြားရမယ့်အမှန်တရားကိုရင်မဆိုင်ရဲတဲ့မျက်နှာ ၊ ​အဆုံးခင်ပွန်းဖြစ်သူရဲ့ကွာရှင်းခွင့်ဆိုတဲ့စကားကိုကြားရချိန်မှာဖြစ်ပေါ်လာတဲ့ပြောမပြတတ်တဲ့နာကျင်ခံစားမှု စတဲ့စတဲ့အမူအရာတွေဟာပရိသတ်ရဲ့ရင်ထဲကိုထိရောက်စေခဲ့တဲ့ဇာတ်ဝင်ခန်းတွေဖြစ်သလို နာကျင်မှုလည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူနဲ့အပြိုင်ပြောရတဲ့သမီးနှစ်ယောက် မြတ်နိုး (ထွန်းပုလဲရတနာ) နဲ့ ရတနာ (ရှင်ပြုံးခင်) တို့ဟာလည်းသားသမီးတွေရဲ့ခံစားချက်နေရာကိုပြောပြနိုင်တဲ့စိတ်ခံစားမှုစကားလုံးတွေနဲ့ပရိသတ်ရဲ့မျက်ရည်ကိုချူခဲ့ပြန်ပါတယ်။

ရုပ်ရှင်တစ်ကားလုံးပြီးဆုံးသွားတဲ့အခါမှာသက်ပြင်းတချက်ချလိုက်သလို မဲ့ပြုံးတစ်ချက်ပါပြုံးလိုက်မိသွားတယ်။
လူတစ်ယောက်အတွက် လူတစ်ယောက်ရဲ့ဘဝနဲ့အသက်ကိုဆုံးရှုံးပေးပြီးချစ်ပြခဲ့ကောင်းပေးခဲ့ရင်တောင်မှ ပေးဆပ်ရတာမတန်တာမျိုးတွေကတကယ်ရှိတတ်ကြောင်းပိုသေချာသိသွားခဲ့ရတယ်။
အမြဲတမ်းချစ်ပေး ၊ အမြဲကောင်းပေးလည်းကိုယ့်ရဲ့အချစ်နဲ့တန်ဖိုးကိုနားမလည်တဲ့သူဟာအဆုံးသတ်မှာနောင်တတွေရတယ်ဆိုတာစိတ်ကူးယဥ်မှုတစ်ခုပါပဲ။
အတိတ်ကိုအတိတ်မှာထားခဲ့ချင်တယ်ပြောပေမယ့်လည်း ဗီဇကပြင်လို့မရဘူးဆိုရင်တော့မှားမြဲမှားဖို့ရှေ့ဆက်ရင်းနဲ့ပဲဘဝကိုဖြတ်သန်းတော့မယ်ဆိုတဲ့သူတွေဟာလောကမှာတကယ်ရှိတတ်ကြောင်းမီးမောင်းထိုးပြသွားသောရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

Linn...
18 March 2026
10:30 Pm

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)