တင်ညွန့်

မနုဿဗေဒ ပညာရှင်တစ်ဦးသည် အာဖရိတိုက်လူမျိုးစုတစ်စုထံရောက်လာပြီး စမ်းသပ်မှု တစ်ခုကို လုပ်ခဲ့သည်။
သူသည် သစ်သီးခြင်းတစ်ခြင်းကို ယူလာပြီး ထိုခြင်းကို သစ်ပင်တစ်ပင်အောက်တွင် သွားထားလိုက်သည်။ ထို့နောက် ထိုရွာမှ ကလေးများကို ခေါ်လိုက်ပြီး
“မင်းတို့အထဲက အဲဒီခြင်းကို အရင်ဆုံး ရအောင်ယူနိုင်သူ သစ်သီးတွေရမယ်” ဟုပြောလိုက်သည်။
ကလေးတွေက သစ်သီးခြင်းကို စိတ်ဝင်စားကြသည်။ သူတို့ကို ပညာရှင်က သစ်ပင်နှင့်ဝေးသည့် တစ်နေရာတွင် စုဝေးခိုင်းထားပြီး သစ်ပင်ဆီကို ပြေးကာ သစ်သီးခြင်းကို ဦးသူယူခိုင်းမည်ဖြစ်သည်။
ကလေးတွေ စုဝေးကြသည်။
“ကဲ … ပြေးတော့” ဟု သူက စတင်အချက်ပေးလိုက်သည်။
ကလေးတွေအားလုံး သစ်ပင်ဆီကို ပြေးကြသည်။ သို့သော် ဦးစွာရောက်သူက သစ်သီးခြင်းကို မယူ။ ကျန်ကလေးများကိုစောင့်သည်။ သူတို့အားလုံး စုံသောအခါမှ ဦးစွာရောက်သူက သစ်သီးခြင်းကိုယူပြီး ကျန်ကလေးများကို အညီအမျှ တစ်ယောက်တစ်လုံးဝေပေးသည်။
မနုဿဗေဒပညာရှင်က ကလေးတွေကို မေးသည်။
“ဘာဖြစ်လို့ မင်းတို့ အဲဒီလို လုပ်တာလဲ”
ကလေးတွေကဖြေသည်
“အူဘန်တူ”
သူတို့ပြောသည့် Ubuntu ဆိုသည့် အဓိပ္ပာယ်မှာ
“ကျွန်တော်တို့အထဲမှာ တစ်ယောက်ယောက်က ဝမ်းနည်းနေရင် ကျန်တဲ့သူတွေကရော ဘယ်လိုလုပ်ပျော်နိုင်မှာလဲ” ဆိုသည့် သဘောပင်။
ထိုလူမျိုးစုတွင် “အူဘန်တူ” ဆိုသည်မှာ “ငါဖြစ်တည်နေခြင်းသည် အားလုံးကြောင့်ဖြစ်သည်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားကြသည်။
ထိုလူမျိုးစုလေးသည် ယဉ်ကျေးပါသည်ဆိုသော လူမျိုးစုကြီးများ၏ ပျောက်ဆုံးနေသော ပျော်ရွှင်ငြိမ်းချမ်းမှုကို ကောင်းစွာ သိရှိနားလည်ကြသူများဖြစ်သည်။
ကျွန်တော်အထက်ပါ ဇာတ်လမ်းလေးကိုဖတ်မိပြီး မှင်တက်နေမိသည်။
အာဖရိကလို မဖွံ့ဖြိုးသည့်ဒေသမှ လူမျိုးနွယ်စုတစ်စုတွင် “I” အစား “We” ဆိုသည့် သဘောတရားတွေ ထွန်းကားနေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ကျွန်တော်တို့ လက်ရှိပညာရေးသည် ဒေါင်လိုက်ပညာရေးစနစ် (Vertical) ဟုဆိုနိုင်သည်။ တစ်ယောက်ကို နင်းတက်ပြီး အမှတ်ကောင်းကောင်းရမှ၊ အမှတ်တွေပိုရမှ၊ အဆင့် ၁ ရမှ တော်သည်ဟု သတ်မှတ်နေကြသည်။ တစ်နည်းပြောရလျှင် “I am only” ဆိုသည့် အတ္တဗဟိုပြုစနစ်တွေနှင့် မကင်းသေးဟူ၍ ဆိုရမည်ဖြစ်သည်။
Ubuntu သဘောတရားကိုကြည့်လိုက်လျှင် ရေပြင်ညီစနစ် (Horizontal) ဖြစ်နေကြောင်း သတိထားမိမည် ထင်ပါသည်။ လူတစ်ယောက်၏ တန်ဖိုးသည် သူ့ရမှတ်မည်မျှဆိုခြင်းထက်၊ သူ့အသိပညာက အဖွဲ့အစည်းကို မည်မျှ အကျိုးပြုနိုင်သနည်းဆိုသည်နှင့် တိုင်းတာပြနေသည်ကို တွေ့နိုင်ပါလိမ့်မည်။
တစ်နည်းပြောရလျှင် အူဘန်တူစနစ်သည်
“ငါ အမှတ် ၁၀၀ ရပြီး ဘေးကသူငယ်ချင်းကို မကူညီနိုင်လျှင် ငါသည် ပညာတတ်မဟုတ်၊ မှတ်ဉာဏ် ကောင်းသည့် စက်ရုပ်တစ်ရုပ်သာဖြစ်သည်” ဆိုသောအမြင်မျိုး ဖြစ်သည်။
ကျွန်တော်တို့လူ့ဘောင်တွင် အောင်မြင်မှုကို “ကိုယ်ပိုင်ပစ္စည်း” တစ်ခုဟူ၍ ထင်ကြသည်။ ထိုသို့ လေ့ကျင့် သင်ကြားပေးခြင်း ခံထားရသူတွေက နောက်ထပ်သူတို့လို စိတ်ဓာတ်မျိုးတွေကို မွေးထုတ်ပေးနေကြသည်။
ပညာရေးစနစ်သစ်သည် ကလေးတွေကို
“ငါအမှတ်များဖို့ထက် … ငါတို့အတန်းထဲတွင် စာမလိုက်နိုင်သူ မရှိစေရ” ဆိုသည့် ဦးတည်ချက် (Goal) သို့သာ ပြောင်းပေးနိုင်မည်ဆိုလျှင် ကလေးများတွင် ကိုယ်ချင်းစာစိတ် (Empathy) သည် အလိုလို ရှင်သန်လာနိုင်မည် ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ကျောင်းများတွင်
“ငါတစ်ယောက်တည်း လင်းနေတဲ့ မီးသီးထက်၊ အားလုံးအတူတူလင်းနေတဲ့ မြို့ပြက ပိုပြီးလှပစေနိုင်သည်” ဆိုသောသဘောတရားမျိုးကို ဖော်ဆောင်ပေးရန် လိုပါသည်။
ပညာရေးတွင် အခြေခံကစပြီး “We are …” ဆိုသည့် အသိတရားသာ ရှိလာလျှင်
“ငါတစ်ယောက်တည်း စာရနေချိန်မှာ ငါ့သူငယ်ချင်းက စာမရလျှင် ငါ့ဖြစ်တည်နေမှုဟာလည်း အဓိပ္ပာယ် ရှိပါ့မလား” ဆိုသည် တွေးခေါ်မှုမျိုး ဖြစ်လာစေရန်သင်ပေးနိုင် လိုအပ်ပါသည်။
ကျွန်တော်တို့ လူ့ဘောင်တွင်
“ကျွန်းတစ်ကျွန်းသည် ပင်လယ်ပြင်ကြီးမရှိဘဲ ကျွန်းမဖြစ်လာနိုင်သလို၊ လူတစ်ယောက်သည် ပတ်ဝန်းကျင် မရှိဘဲ ဖြစ်တည်မလာနိုင်” ဆိုသည့် သဘောတရားများကို မျိုးစေ့ချပေးစေလိုသည်။
ပညာရေးတွင် ကလေးများကို အမှတ် (Grade) ထက် အပေါင်းအဖော် (Peer) ကို ပိုပြီးတန်ဖိုးထားတတ်အောင် သင်ကြားပေးခြင်းသည် Ubuntu သဘောတရားဟူ၍ ဆိုနိုင်ပါသည်။
(Ref: What is Ubuntu Education?)
တင်ညွန့်
Keep Reading