Noble
နေမကောင်းဖြစ်တဲ့အခါတိုင်း ဆေးရုံဆေးခန်းကို သွားဖြစ်ကြတာ ရှိသလို တချို့ကတော့ အသေးအမွှား ဖျားနာကိုက်ခဲတာလောက်ကို ကိုယ့်ဘာသာပဲ ဆေးဝယ်သောက်ကြလေ့ ရှိပါတတယ်။ဒါဟာ ကောင်းတဲ့အချက်တွေရှိသလို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေလဲ ရှိတဲ့အတွက် ဆေးဘယ်လိုဝယ်မလဲဆိုတာက အလွန် အရေးကြီးပါတယ်။
ကိုယ်ခံစားရတဲ့ ရောဂါလက္ခဏာအရ ဆေးဆိုင်မှာ မေးဝယ်တဲ့အခါ တခါတလေဆေးဆိုင်က ရောဂါနာမည်တပ်မှားပြီး ဆေးပေးလိုက်တာမျိုး၊ မလိုအပ်ပဲ ဆေးအများကြီး သောက်မိတာမျိုး၊ မတည့်တဲ့ ဆေးသောက်မိတာ၊ ခဏတာသက်သာတဲ့ စပ်ဆေးတွေသောက်ပြီး ရေရှည်ဆိုးကျိုးတွေ ဖြစ်တတ်တာမျိုး ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေကို ဆေးဆိုင်ကနေ အလွယ်တကူဝယ်ပြီး နေမကောင်းဖြစ်တိုင်း မလိုအပ်ပဲသောက်မယ် ဆ်ိုရင် နောက်ပိုင်းမှာ ဆေးယဉ်တာတွေ ဖြစ်လာနိုင်ပြီး ဆေးမတိုးတော့တာတွေဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အပ်နဲ့ထွင်းရမယ့်နေရာ ပေါက်ဆိန်နဲ့ပေါက်ရမလိုဖြစ်လာနိုင်ပါတယ် ။
ဒါ့အပြင် steriod ပါတဲ့ လိမ်းဆေး သောက်ဆေးတွေကို မကြာခဏ သုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ တချို့ ဆေးတွေဟာ စွဲလမ်းတတ်တာကြောင့် ထပ်ခါထပ်ခါ သုံးစွဲချင်တဲ့စိတ်ဖြစ်လာပြီး ဆေးမသုံးစွဲရမနေနိုင်တဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ် ။
ဆေးတွေရဲ့ သဘောဟာ တစ်ခုနဲ့တစ်ခု ဓါတ်ပြုတတ်တာကြောင့် မတည့်တဲ့ဆေးတွေ အတူတူ တွဲသောက်မိတဲ့အခါမျိုးမှာ အန္တရာယ် ရှိပါတယ်။ ဆေးက အစာနဲ့လဲ ဓါတ်ပြုနိုင်တာကြောင့် အစာနဲ့ဆေး မတည့်တာမျိုးဖြစ်တတ်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ရောဂါ
လက္ခဏာ ဆင်တူရုံနဲ့ တခြားသူများညွှန်းတဲ့ ဆေးကို ဆင်တူဝယ်သောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ တခါတလေမှာ ရောဂါလက္ခဏာ အခြေခံအားဖြင့် ဆင်တူတယ်ထင်ရပေမယ့် ရောဂါအမျိုးအစားကွဲပြားနိုင်သလို အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အသည်း ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တစ်ဦးနဲ့တစ်ဦးမတူနိုင်တာကြောင့် တကယ်တတ်ကျွမ်းတဲ့သူကို မေးဝယ်ပါ။
ဒီတော့ ဆေးဝယ်ရင် ဘာတွေမေးရမလဲ??
? ဘယ်လောက်ပမာဏသောက်ရမလဲ?
ဆေးဝါးများဟာ တန်ဆေး လွန်ဘေးဆိုသလို သုံးတတ်ရင်ဆေး မသုံးတတ်ရင်းဘေးဖြစ်နိုင်တာကြောင့် မိမိရောဂါအတွက် လိုအပ်တဲ့ ပမာဏပဲသောက်သင့်ပါတယ်။ လျှော့သောက်လို့လဲ မရသလို မလိုအပ်ပဲ ပိုသောက်ဖို့လဲ မလိုပါဘူး။ ဆေးဝါးများဟာ ကောင်းကျိုးများစွာရှိသလို ဘေးထွက်ဆိုးကျိုးဆိုတာလဲ အမြဲရှိပြီးသားမို့ သင့်တော်တဲ့ ပမာဏ မှန်ကန်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။
? ဘယ်နှစ်ကြိမ်သောက်ရမလဲ?
ဆေးဝါးများရဲ့ သွေးတွင်းသို့ရောက်ရန်ကြာချိန် ၊ ချေဖျက်ခြင်းနှင့် စွန့်ထုတ်ရန် ကြာချိန်၊ လိုအပ်တဲ့ အာနိသင်ပေးချိန် စတာတွေပေါ် မူတည်ပြီး တနေ့ ဘယ်နှစ်ကြိမ်သောက်ရမလဲဆိုတာ သတ်မှတ်ပြီးသားဖြစ်တာကြောင့် ဒီအချက်ကိုလဲ မမှားယွင်းဖို့ အရေးကြီးပါတယ်။
? ဘယ်အချိန်ထိ ဆက်သောက်ရမလဲ ?
တချို့ဆေးတွေက ဆေးပတ်လည်အောင် သောက်ရတာမျိုးရှိပါတယ်။ ဥပမာ ပဋိဇီဝဆေးများဟာ ဆေးယဉ်ပါးမှု ကာကွယ်ရန်နှင့် ရောဂါအလွယ်တကူပြန်မဖြစ်နိုင်အောင် တစ်ပတ် သို့မဟုတ် နှစ်ပတ်တိတိသောက်ဖို့ လိုတယ်ဆိုရင် ပြည့်အောင် သောက်ရပါမယ်။
တချို့ဆေးတွေ (ဥပမာ- အိပ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ steriod ) ဟာ ရေရှည်စွဲသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာဖြစ်စေတာမို့ မလိုလားအပ်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ ဆေးဟာ ရေရှည်သောက်ဖို့ ဖြစ်နိုင်လား ဘယ်ချိန်ထိ ဆက်သောက်သင့်လဲဆိုတာ မေးပါ။
? ဒီဆေးနဲ့တွဲမသောက်ရတဲ့ တခြားဆေးရှိလား?
ဆေးတွေကို တွဲသောက်ရတဲ့အခါ အချင်းချင်းဓါတ်ပြုခြင်းများဖြစ်နိုင်တဲ့အတွက် အချိန်ခြားသောက်ရတာမျိုး လုံးဝတွဲမသောက်ရတာမျိုး ရှိပါတယ်။ သင်ပုံမှန်သောက်နေတဲ့ ဆေးကို တခြားဆေးနဲ့ တွဲမသောက်ခင် ဆေးဝါးပညာရှင်ကို မေးပါ။
? ဒီဆေးသောက်နေရင်း ရှောင်ရမယ့် အစားအစာရော ရှိလား?
အစာနဲ့ဆေးဟာ ဓါတ်ပြုနိုင်တဲ့အတွက် တချို့ဆေးနဲ့ မတည့်တဲ့ အစာတွေရှိပါတယ်။ ဥပမာ ချိစ်၊ ဝိုင် မှာ ပါဝင်တဲ့ Tyramine ဟာ စိတ်ကျရောဂါမှာသုံးတဲ့ MAOI ဆေးနဲ့ ဓါတ်ပြုနိုင်ပြီး သွေးပေါင်ချိန်တက်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်နေစဉ်ရှောင်ရမယ့် အစာတွေကို မေးပါ။
? ဆေးကို အစာမစားခင်သောက်ရမလား/ အစားစားပြီးသောက်ရမှာလား။
အစာက ခန္ဓာကိုယ်မှ ဆေး စုပ်ယူနိုင်စွမ်းကို ဟန့်တားနိုင်သလို တခါတလေ အစာကြောင့် ပိုမိုစုပ်ယူနိုင်ပြီး အာနိသင် ပိုရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ဒီအချက်လဲ သတိတရမေးပေးနော်။
? ဆေးဘယ်လိုသိမ်းရမလဲ ?
တချို့ဆေးတွေက အပူချိန်ကြောင့် ပျက်စီးနိုင်တာမျိုးရှိနိုင်ပါတယ်။ အေးတဲ့နေရာမှာ သိမ်းရတဲ့ ဆေးလည်း ရှိသလို နေရောင်ခြည်တိုက်ရိုက်ထိတွေ့လို့မရတဲ့ ဆေးလဲရှိပါတယ်။ ဒါ့အပြင် ကလေးသူငယ်များ အလွယ်တကူမယူနိုင်တဲ့ နေရာမျိုးမှာလဲ သိမ်းဖို့လိုပါလိမ့်မယ်။
? ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ ?
ဥပမာ ပဋိသန္ဓေတားဆေးလို ဆေးတွေဟာ နေ့စဉ်သောက်ဖို့လိုတယ်၊ တကယ်လို့ သောက်ဖို့ မေ့သွားတယ်ဆိုရင် တခြားအကာအကွယ်တွေ သုံးဖို့လိုလာပါတယ်။ ဒါကြောင့် ဆေးသောက်ဖို့ မေ့သွားရင် ဘာလုပ်ရမလဲဆိုတာ ကြိုတင်မေးထားပေးနော်။
? ဆေးဘူးပေါ်မှာ ရေးထားတဲ့ label တွေမှာ နားမလည်တာရှိရင်လည်း မေးမြန်းပေးပါ
တချို့ဆေးတွေက လှုပ်ပြီးသောက်ရတာ ၊ အရည်ဖျော်သောက်ရတာ ဝါးစားရတာရှိပါတယ် တခါတလေ အထူးသတိပြုရမယ့် အချက်အလက်တွေက်ို ဆေးဘူးခွံပေါ် သို့မဟုတ် ဆေးဘူးထဲက စာရွက်တွေမှာ ရေးထားလေ့ရှ်ိပါတယ်။
တကယ်လို့ ဆေးသောက်နေတဲ့ အချိန်မှာ အသက်ရှုကြပ်ခြင်း ၊ ယားယံခြင်း၊ အနီစက်များပေါ်လာခြင်း ၊ စတဲ့ မူမမှန် လက္ခဏာများနှင့် တခြား ထူးခြားသော လက္ခဏာများပေါ်လာခဲ့ရင်နီးစပ်ရာ ဆေးခန်းသို့ မဟုတ် ဆေးဝါးပညာရှင်ထံ အကြောင်းကြားဖို့ လိုပါတယ်။
ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်မသောက် သင့်သူတွေကတော့ အသက်ကြီး ဘိုးဘွားများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ဆေးအများကြီးသောက်နေရသူများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနဲ့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။
ကဲ…… ခုချိန်ကစပြီး ဆေးဝယ်မယ်ဆိုရင် ဒီအချက်လေးတွေကို သတိတရမေးပေးဖို့ မမေ့နဲ့နော်။
Pharmacist Noble
#HowToBuyMedicine
#AskYourPharmacist
#PharmacistNoble
#ContentWriter
Keep Reading