Author's Profile Photo

၂၁ မျဉ်းစောင်း

15/12/2025

မှတ်တိုင်ဆီသို့

5 mins read
Fiction
မှတ်တိုင်ဆီသို့'s photo

ပုံမှန်ဆိုရင် ရုံးဆင်းတာနဲ့ အိမ်တန်းပြန်နေကြ။ ဒီနေ့တော့ အလုပ်လေးတွေ မပြတ်သေးတာနဲ့ ရုံးမှာပဲ အပြီးလုပ်မယ်စဉ်းစားရင်းနဲ့ ညနေ ၅ နာရီခွဲသွားတယ်။ ရုံးကအပြန် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် မှတ်တိုင်ကို လမ်းလျှောက်မယ်လုပ်နေတုန်း ရုံးက အမ တစ်ယောက်ကလည်း ရုံးဆင်းနောက်ကျတော့ ၃ ယောက်သား မှတ်တိုင်ကို အတူတူ လျှောက်လာကြတယ်။ 

ရုံးကနေ ထွက်လာကတည်းက အတူတူလိုက်လာတဲ့ အမက မျက်မှန် ၂ လက်ကို အလဲအထပ်လုပ်နေတာ တွေ့တော့ စပ်စုချင်စိတ်ပေါက်တာက တစ်ကြောင်း၊ သွားရင်းလာရင်း ထွေရာလေးပါး စကားပြောဖြစ်ဖို့ကတစ်ကြောင်း မေးမြန်းကြည့်မိတယ်။ သာမန်အလွန်ဆုံးရှိမှ ၂၀၀ - ၃၀၀ လို့တွေးမိပေမဲ့ သူပြောပြမှသိလိုက်ရတာက အဝေး ၇၀၀ ကျော်နဲ့ အနီး ၂၀၀ ကျော်ရှိပြီတဲ့။ မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါကြောင့် သူငယ်တန်းကလေးဘဝကတည်းက မျက်မှန်နဲ့ စတင်ရင်းနှီးခဲ့ရကြောင်းကို ရင်ဖွင့်ပြလာသည်။ ဒီလိုနဲ့ အဲဒီအမအကြောင်းကို စိတ်ဝင်စားသွားလို့ တီးခေါက်ကြည့်ရင်း သူ့စကားတစ်ခွန်းက ရင်ကိုလာထိတယ်။ 

“အမ ငယ်ငယ်တုန်းက စာဖတ်ရတာကို တအားဝါသနာပါတာ။ အမတို့ရွယ်တူ ကလေးတွေဆိုရင် စာဖတ်ဖို့ကို မနည်းတိုက်တွန်းနေရတဲ့အချိန် အမ အဖေကတော့ အမကို စာဖတ်နေတာမြင်ရင် ရိုက်တယ်။ အဖေကတော့ ငါ့သမီးကြီးလာတဲ့အခါကျရင် မျက်မှန်တန်းလန်းကြီးနဲ့ မလှမှာစိုးလို့ ဆိုပြီး ပြောပေမဲ့ အမကတော့ အဖေမသိအောင် ခိုးဖတ်တာပဲ။ ငယ်ငယ်တုန်းက မှတ်မှတ်ရရ အိပ်ရာထဲမှာ ဓာတ်မီးထွန်းပြီး စာဖတ်ရင်း အဖေလာတဲ့အချိန်ဆို ခေါင်းချက်ချင်းချပြီး အိပ်ချင်ယောင်ဆောင်တာမို့ မျက်မှန် ကျိုးတာခဏခဏပဲ။’


သူ့ရဲ့စာဖတ်ဝါသနာပါပုံကို အဲဒီလိုအစချီပြီး ရင်ဖွင့်လာတယ်။ ပြီးတော့ သူ့အဘိုး၊ အဖေ၊ အဒေါ်တို့ကလည်း စာဖတ်ဝါသနာထုံတဲ့သူတွေမို့ သူကိုယ်တိုင်လည်း စာအမြဲဖတ်ခဲ့သလို စာရေးဆရာမ လုပ်ဖို့အထိပါ စိတ်ကူးခဲ့ကြောင်းကို သေချာပြောပြတယ်။ ဒီလိုနဲ့ မှတ်တိုင်ရှိရာဆီ ခရီးဆက်လာကြရင်း လမ်းချိုးတစ်ခုထဲကို ဝင်လာတော့ အမဆီကနေပဲ နောက်ထပ် အကြောင်းအရာတစ်ခုက ပွင့်ကျလာတယ်။ အဲဒါက ပတ်ဝန်းကျင်က လူတစ်ယောက်အပေါ်မှာ ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ၊ ဒါမှမဟုတ် မသက်ရောက်နိုင်ဘူးလဲ? ဆိုတဲ့ အယူအဆပါပဲ။ 

အဲဒီအမနဲ့ ကျွန်တော်နဲ့က အသက်အရွယ်အားဖြင့် ၂၀ ကျော်လောက်ကွာတာဆိုတော့ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလ မတူညီတဲ့အပေါ် ဒီအကြောင်းအရာကို ဆွေးနွေးတဲ့အခါမှာ ထွေရာလေးပါး ဆိုတာထက် နားစိုက်ထောင်မိခဲ့တယ်။ 

ပထမဆုံး သူ စကားပုလ္လင်ခံပါတယ်။ "ဒါ အမရဲ့အတွေ့အကြုံအပေါ်ကိုပဲ အခြေခံပြီး ပြောတာနော်" တဲ့။ ကျွန်တော့်အတွေးတွေကို ကြိုသိနေလားမသိ။ သူ့ရဲ့ကျောင်းသူဘဝမှာ ၆ တန်းနှစ်ကနေ ၉ တန်းနှစ်အထိ ပေါင်းခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို အရင် ရင်ဖွင့်တယ်။ သူ့သူငယ်ချင်း ကောင်မလေးက စာအမြဲတမ်းလုပ်တဲ့သူ၊ ကျောင်းမှာ စာတော်တဲ့သူ၊ သူကတော့ ဆော့ရတာ၊ စာဖတ်ရတာကိုပဲ ဝါသနာပါတဲ့သူ။ အဲဒီတော့ သူငယ်ချင်းနှစ်ယောက်အတူတူ ဆုံဖြစ်ကြတဲ့အခါဆို ဆော့ချင်တဲ့အမကိုယ်တိုင်လည်း ဆော့လို့ရအောင်၊ သူငယ်ချင်းဘက်ကလည်း စာကျက်မပျက်အောင် နှစ်ယောက်သား ဘယ်သူစာအမြန်ရလဲ ပြိုင်ကြတယ်တဲ့။ 

သေချာတာတစ်ခုကတော့ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက အမြဲနိုင်ပြီး ဘယ်သူက အမြဲရှုံးနေလဲဆိုတာကိုတော့ ပြောမသွားဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး ကျောင်းခန်းထဲမှာ အဆင့် ၁ ကနေ ၅ အတွင်း အမြဲဝင်တဲ့အကြောင်းကိုတော့ ပြုံးပြုံးလေးနဲ့ သေချာပြောသွားတယ်။ အဲဒီလို သူငယ်ချင်းနှစ်ယောက် အတူတူပေါင်းကြရင်းနဲ့ ၉ တန်းနှစ်ဝက်မှာ သူငယ်ချင်းမလေးက နိုင်ငံခြားကို ပြောင်းသွားရတယ်တဲ့။ ဒီတော့ အရင်လိုမျိုး စာအတူတူကျက်မဲ့သူက မရှိတော့ နောက်ထပ် သူငယ်ချင်းတစ်ယောက်ကို သူထပ်ရှာရတော့တာပေါ့။ ဒီတစ်ခါ သူပေါင်းတဲ့သူကကျ၊ ကျောင်းမှာ queen တဲ့။ လှတာကလည်း အရမ်းလှတယ်။ ရည်းစားတွေလည်း များတယ်။ ဒီလိုနဲ့ အဲဒီအမကိုယ်တိုင်လည်း ကျောင်းမှာ စာကျက်တာထက် အလှပြင်တာ၊ တို့ပတ်ရိုက်တာတွေကိုပဲ ပိုပြီး အလေးပေး ဖြစ်သွားတဲ့အကြောင်း ကျွန်တော့်ကို ပြောပြသွားသေးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တွေကျ၊ စာမလုပ်ဖြစ်နဲ့ အဲဒီနှစ်တုန်းက ကျောင်းစာမှာ တော်တော်နောက်ရောက်သွားသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လှအောင် ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာ သိသွားတဲ့အတွက် အမ အနေနဲ့ နောင်တရမှာမဟုတ်ဘူးလို့တော့ ကျွန်တော်ထင်တယ်။ 

အဲဒီအကြောင်းကို အစပြုပြီး လူတစ်ယောက်ရဲ့ဘဝမှာ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုက ၆၀% လောက်အထိကို ရှိနိုင်တဲ့အကြောင်းကို ပြောပြန်တယ်။ ဒီအချိန်ကိုရောက်မှ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်မိတယ်။ 

‘ငါရော ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေကြောင့် ဘာတွေ လုပ်ခဲ့မိပြီလဲ။ ငယ်ငယ်လေးကတည်းက တီဗီဖန်သားပြင်ကို ဝါသနာကြီးခဲ့တယ်။ ၁၀ တန်းအောင်တော့ သူငယ်ချင်းတွေနဲ့အတူတူ ဂိမ်းဆိုင်ရောက်တယ်။ အပေါင်းအသင်းတွေကြောင့် ဆေးလိပ်သောက်နည်း၊ အရက်ဘီယာသောက်နည်း၊ ကောင်မလေးစိတ်ဆိုးပြေအောင်လုပ်နည်း စတာတွေကို တီးမိခေါက်မိ ရှိခဲ့ရတယ်။ အဲဒီလိုပဲ သူငယ်ချင်းတစ်ယောက် ညွှန်းပေးလို့ပဲ ဟံသာဝတီ ဦးဝင်းတင်ကို သိခဲ့ရတယ်၊ မြသန်းတင့်ကို သိခဲ့ရတယ်၊ မားဆိုးကို သိခဲ့ရတယ်၊ ဘဝတစ်ဆစ်ချိုးမှာ ကြုံခဲ့ရတဲ့ အကိုတစ်ယောက်ကြောင့်ပဲ သစ်ရွက်အသေများပေါ်က တေးသံသာကို နားထောင်လိုက်ရတယ်၊ မဝင်းမေကို သိလိုက်ရတယ်၊ ညီမလေး မမမြင့်ကို မြင်ခွင့်ရလိုက်တယ်၊ ဗုဒ္ဓဟူးနေ့မှာ ဒိုင်ယာရီရေးတဲ့သူကို သိကျွမ်းခဲ့ရတယ်။ သင်္ဘောနှစ်ထပ်မြို့က ကိုခင်ဝမ်းကိုရော၊ မဇ္ဇိမလှိုင်းနဲ့ Wild ones တို့ရဲ့ တွဲဖက်ညီပုံတွေရော အစုံပဲပေါ့။

ဒါတွေက တစ်သက်မမေ့နိုင်တဲ့ အမှတ်တရတွေပါပဲ။ လူ့ဘဝအကြောင်းကို ပတ်ဝန်းကျင်ကတစ်ဆင့် သိလိုက်ရသလို၊ ပတ်ဝန်းကျင်ကြောင့်ပဲ လက်ခံတတ်၊ ငြင်းပယ်တတ်၊ မေးခွန်းထုတ်တတ်လာခဲ့တယ်။ ရုံးဆင်းချိန် ကားမှတ်တိုင်အရောက် လမ်းလျှောက်တဲ့အချိန်လေးခဏက ကျွန်တော့်ကို အတိတ်တွေဆီ ပြန်ဆွဲခေါ်သွားနိုင်ခဲ့တယ်။ သူပြောပြတဲ့စကားတွေထဲမှာ ဘဝလက်တွဲဖော်ကို ရွေးချယ်တဲ့အရာဆီရောက်သွားတော့လည်း အတိတ်တွေက ပြန်ဆန်းသစ်ခဲ့ရပြန်တယ်။ 

ကျွန်တော့်ဘေးက သူငယ်ချင်းအတွက် ချစ်သူရည်းစားရွေးချယ်နည်းကို ပြောပြတဲ့အခါ ကိုယ့်ဘာကောင်ဖြစ်နေပြီလဲဆိုတာကို ရှက်ရှက်နဲ့ အသံတိတ်နေခဲ့ရပြန်တယ်။ အမရဲ့ပြောစကားအရ မိန်းကလေးတွေအနေနဲ့ ချစ်သူကောင်လေးကို ရွေးချယ်တော့မယ်ဆိုရင် အဓိကကြည့်ရမဲ့အချက် တစ်ခုရှိတယ်လို့ ပြောတယ်။ အဲဒါက တစ်ဖက်ကောင်လေးရဲ့ သူ့မိသားစုအပေါ်ကို ဆက်ဆံတဲ့ပုံစံပဲ။ 

“လူတစ်ယောက်ရဲ့ အမူအကျင့်တွေဆိုတာ တော်ရုံပြင်ဖို့မလွယ်တဲ့သူမို့ သူ့မိသားစုကို ဆက်ဆံတဲ့ပုံစံကို ကြည့်ပြီး ကိုယ့်အပေါ် ကောင်းမကောင်း ချိန်ထိုးကြည့်လို့ရတယ်။ ဥပမာ သူ့မိသားစုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့သူက ကိုယ့်ကောင်မလေးအပေါ်မှာလည်း အဲဒီလို ဆက်ဆံမှာပဲ၊ အကယ်၍ ကောင်မလေးနဲ့အတူတူ မိသားစုဘဝကို တည်ဆောက်တဲ့အချိန်မှာလည်း သူအဲဒီလိုလုပ်ဦးမှာပဲ။ သူ့မိသားစုကို အချိန်ပေးတဲ့သူ၊ ဂရုစိုက်တဲ့သူ ကျပြန်တော့လည်း နောင်တစ်ချိန် ကိုယ်နဲ့ အိုးအိမ်တစ်ခု တည်ထောင်တဲ့အချိန်မှာ ဒီအပြုအမူ အကျင့်တွေအတိုင်း လုပ်မှာပဲ"


လို့ သူ့အတွေ့အကြုံအပေါ်မူတည်ပြီး ထောက်ပြပြန်တယ်။

ယောက်ျားသားဖြစ်တဲ့ကျွန်တော်က သူပြောတဲ့အချက်တွေနဲ့ ကိုက်ညီသလား၊ မကိုက်ညီလားဆိုတာကို ပြန်ပြီး ဝေဖန်ဆန်းစစ်ကြည့်မိတယ်။ အရင်ကတည်းက မိဘတွေ၊ မိသားစုတွေဆိုရင် သိပ်ပြီး အလေးမထားမိခဲ့ဘူး။ မှတ်မှတ်ရရဆို အိမ်နဲ့ နေ့တိုင်း ဖုန်းအဆက်အသွယ်ရှိပေမဲ့ အများဆုံးပြောဖြစ် ၄-၅ မိနစ်ပဲ။ အမှန်အတိုင်း ဝန်ခံရရင် တစ်ရက်၊ တစ်ရက် အနားရတဲ့အချိန်ဆိုတာ နည်းနည်းဆိုမှ နည်းနည်းလေး၊ သေချာ တွက်ပြမယ်ဗျာ။ တစ်နေ့ကို အလုပ်ချိန်က ၈ နာရီ၊ လိုင်းကားစီးရတာက ၁ နာရီ၊ အိပ်ချိန်က ၇ နာရီ၊ ဒီမှာတင် ၁၆ နာရီကကုန်နေပြီ။ ကျန်တဲ့ ၈ နာရီမှာ ရေချိုး၊ ထမင်းစား၊ အဝတ်လျှောက်ဖို့ ၁ နာရီခွဲဖယ်ထားလိုက်ဦး။ ၆ နာရီခွဲပဲ ကျန်တယ်။ ဒီအချိန်တွေထဲက အိမ်နဲ့ ဖုန်းပြောတဲ့အချိန်တောင် နာရီဝက်က အများဆုံးပဲ ဆိုတော့ ချစ်သူကောင်မလေးကို တစ်ရက် ၁ နာရီ ပေးနိုင်ပါတယ် ပြောတာ လွန်သလားဗျာ။ 

ဒါကြောင့်လည်း ထားသွားခံရတာပါ။ နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့အမပြောတဲ့စကားနဲ့ ပြန်ကောက်ကြည့်တော့မှပဲ မိသားစုအပေါ် အချိန်ပေးတာနဲ့နည်းတူ၊ ကိုယ့်ကောင်မလေးအပေါ်ကို ထပ်တူ ပေးလေ့ရှိကြတယ်ဆိုတဲ့စကားက ကျွန်တော့်အတွက်တော့ မှန်နေတယ်။ ဒါကြောင့်ပဲ အခုရုံးကနေ ပြန်ရောက်ရောက်ချင်း အိမ်နဲ့စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ သာကြောင်းမာကြောင်းဆိုတာထက် တစ်ရက်တာ အလုပ်တွေအဆင်ပြေရဲ့လား၊ ဘေးဆိုင်တွေ၊ ဘေးအိမ်တွေကရော ဘယ်လိုနေကြလဲ၊ မြို့မှာ ကျွန်တော်မရှိတုန်း ဘာတွေပြောင်းလဲသွားကြပြီလဲ မေးကြရင်းနဲ့ အချိန်တစ်ခုကို ကောင်းကောင်းကုန်ဆုံးလိုက်ရတယ်။ ဒါကလည်း ကောင်းတဲ့အချက်တွေထဲက တစ်ချက်ပေါ့။ 

ဒါပေမဲ့ အမပြောသွားတဲ့အထဲမှာ အဖြေထုတ်မရသေးတဲ့ ပုစ္ဆာတစ်ခုတော့ ရှိနေသေးတယ်။ အဲဒါက မိန်းကလေးတွေအတွက် လက်တွဲဖော်ရွေးချယ်နည်းကို ပြောပြီးသွားတော့ ယောက်ျားလေးတွေအတွက် ရွေးချယ်နည်းက ဘာများဖြစ်မလဲ မေးကြည့်သေးတယ်။ သူပြောတာကတော့ မိသားစုကိုပဲ ကြည့်လွန်းနေတဲ့သူဆိုရင် သူက ကိုယ့်အတွက် ဖြစ်မလာနိုင်ဘူးတဲ့။ ဒီစကားက ဘာကို ဆိုလိုချင်လဲဆိုတာကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ သူရှင်းပြတဲ့အနက်အဓိပ္ပာယ်အရဆိုရင်တော့ အိမ်ကို ပြန်ကြည့်တဲ့အပေါ်မှာပဲ မူတည်တယ်လို့တော့ ယူဆရတယ်။ ဒါကလည်း ကျွန်တော့်ဘက်က အတွေးတိမ်နေလို့ ဖြစ်နိုင်ပါတယ်။ 

သေချာတာတစ်ခုကတော့ အခုချိန်ထိ ကောင်မလေးတစ်ယောက်မှ ထပ်ရှာလို့မရသေးတာပါပဲ။

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်အသစ်နှင့်အဟောင်းThe Eternal Existenceသည်းခြေကြိုက် စာအုပ် ၆ အုပ်ဒီကဗျာလေး ဖတ်ကြည့်ပါရပ်တန့်ရမယ့်အချိန်ဆုလာဘ်ဟာရူကီမူရာကာမိဆိုတာ