Kaung Hein Soe - Strategic

ကုန်သွယ်ရေကြောင်းကောလိပ်ကနေ ကျောင်းဆင်းပြီးချိန် သင်္ဘောတက်ဖို့ စောင့်နေရင်းနဲ့ ဆင်မလိုက်သင်္ဘောကျင်းထဲက ရေယာဉ်တည်ဆောက်ရေး Company တစ်ခုမှာ ပညာသင်အဖြစ် အောက်ခြေအဆင့် နေ့စား လပေးစနစ်နဲ့ စပြီး အလုပ်ဝင်ခဲ့ပါတယ်။ မှတ်မှတ်ရရ တစ်နေ့ကို လုပ်အားခ တစ်ထောင် တစ်ပတ်ငါးရက်ဆိုတော့ လကုန်ရင် နှစ်သောင်းကျပ် ရတာပါပဲ။ သင်္ဘောတက်တဲ့အခါ အောက်သက်ကျေအောင်ဆိုပြီး ဝင်ခဲ့တော့ အလုပ်တွေက သံချေးချွတ်၊ဆီသုတ်၊ သန့်ရှင်းရေး၊ စီနီယာတွေကိုကူ၊ အလေးအပင်တွေမ၊ ဝရိန်ဆော်၊ ဆေးသုတ် ဒါတွေကအများ စုပါပဲ။ အင်ဂျင်နီယာ ပိုင်းဆိုင်ရာတွေလဲ ရံဖန်ရံခါ လုပ်ရတတ်ပါတယ်။
.
တစ်ခါကျတော့ သင်္ဘောကြီးတွေက ဆီလိုင်း ရေလိုင်းတွေမှာ အပိတ်အဖွင့်အတွက် တပ်ရတဲ့ ဗား (Valve) အဟောင်းကြီးတွေကို ပြန်လည် ပြုပြင်ဖို့ လုပ်ရပါတယ်။ လူ့ကိုယ် တစ်ဝက်လောက်ရှိတဲ့ ဗားကြီးတွေကို တစ်စစီဖြုတ် ၊ ဂျီးတွေဆေး၊ ဗားဆံကို ရေလုံဖို့ ချောမွေ့နေ အောင် Grinding Paste နဲ့ ပွတ်စား၊ ဗားအမျိုးအစားအလိုက် သက်ဆိုင်ရာဆေးတွေ အထပ်ထပ်သုတ်၊ ပြန်တပ်၊ နောက်ဆုံး လုံ မလုံ ကို Pressure Test စမ်းတွေ လုပ်ရပါတယ်။ ရောက်ခါစက မည်းသည်း စုတ်ပြတ်နေတဲ့ ဗား တွေဟာ ပြင်ဆင်လို့လဲပြီးရော အသစ်အတိုင်း တောက်ပြောင်သွားတော့တာပါပဲ။
.
.
ဒီလို လုပ်ငန်းစဉ် လုပ်နေရတုန်း အလုပ်ထဲက စီနီယာတစ်ဦးက ကျွန်တော်တို့ ပညာသင်လေးတွေနားကို ရောက်လာပြီး ... ငါတို့ သူဌေးကတော့ ပွ တာပဲဟေ့... ဒီဗားတွေကို ဘယ်လောက်နဲ့ ဝယ်လဲ မင်းတို့သိကြလား တဲ့...မသိပါဘူးပေါ့... အေးအဲဒါတွေက သင်္ဘောအပျက်တွေဆီက သုံးပြီးသားတွေဆီက ဗားတွေကို သံထည်စျေး ကီလိုနဲ့ ဖြတ်ပြီး ဝယ်လာတာကွတဲ့....ဒါတွေခု ပြန်ရောင်းရင်ရော ဘယ်လောက်ရမလဲ သိလားတဲ့...မသိပါဘူးပေါ့... အေး...ဒါတွေတစ်ခုကို သင်္ဘောတွေဆီ ဒေါ်လာ ထောင်ဂဏန်းနဲ့ ပြန်ရောင်းတာကွ... မင်းတို့ သုံးယောက်ကို တစ်နေ့တစ်ထောင် ပဲပေးတာ၊ သုံးထောင်ပေါ့၊ ဒီဗားတွေကို မင်းတို့ ငါးရက် လုပ်ရတာဆိုတော့ သူ့အတွက်က တစ်သောင်းခွဲပဲ ကုန်တယ်။ ဒါတွေအကုန် ပြန်ရောင်းရင် သိန်း ၅၀ လောက် အသာလေးပဲ ... မင်းတို့ကို အချဉ်ဆိုပြီး လုပ်တာ..ဒီလိုပဲကွ ငါတို့ဆိုလဲ သူ့ လုပ်ကျွေးနေရတာ ..... လို့ ပြောတော့တာပါပဲ...
.
.
ဒီလို လာပြောတဲ့ စီနီယာဟာ တကယ်တော့ ဆိုဒ်ထဲမယ် လုပ်သက် အများဆုံးတွေထဲက တစ်ယောက်ပါပဲ။ သူပြောနေပုံက လုပ်ငန်းကပဲ သူ့ကို တအား ခေါင်းပုံဖြတ်နေသလို ပုံစံဖြစ်နေပေမယ့် ဒါဖြင့်ရင် ဒီအလုပ်ကနေ နုတ်ထွက်ပြီး အခြားကို ပြောင်းဆိုရင်တော့ ဟိုး နောက်ဆုံးမှာ သွားပုန်းနေမယ့်သူပါပဲ။ သူပြောလိုက်သလိုသာ ငွေရှာရလွယ်နေမယ်ဆိုရင်လဲ သူကိုယ်တိုင်ရော ဘာကြောင့် ကိုယ်ပိုင် ပြောင်း မလုပ်သေးတာလဲလို့ပါတစ်ဆက်ထဲ တွေးမိပါတယ်...
.
သူပြောလိုက်တဲ့ စကားက ပုံမှန် ဆိုရင်တော အသစ်ဝင်လာတဲ့ ဝန်ထမ်းတွေဟာ သူဌေး နဲ့ အလုပ်အပေါ် မုန်းတီးစိတ်တွေ ဝင်လာမှာ အသေအချာပါပဲ။ မုန်းတီးပြီဆိုကတည်းက အရာရာဟာ ဆုတ်ယုတ် ကုန်ပါတော့မယ်။ မပျော်တော့ဘူး မလုပ်ချင်တောဘူး ဒါ့အပြင် ကိုယ်မုန်းနေတဲ့သူတွေ ကိုယ်မုန်းနေတဲ့ အလုပ်ကနေရော ဘာပညာများ ရရှိနိုင်ပါဦးမလဲ။ ကျွန်တော်တို့ ကတော့ ပညာရဖို့ အဓိကဖြစ်လေတော့ ဒါတွေ လုပ်ရတာကို ပျော်နေတဲ့အပြင် လကုန် လစာ ၂၀၀၀၀ ရတော့ ပထမဆုံးလစာ ဖြစ်လို့ သူငယ်ချင်းလေးယောက် တစ်ယောက် ငါးထောင် စု၊ မုန့်တွေ ဝယ်ပြီး ရုံးက သူဌေးအပါအဝင် ဒါရိုက်တာ နှစ်ယောက်ကို သွားတောင် ကန်တော့လိုက်ပါသေးတယ်။
.
ဒါ့အပြင် ကျွန်တော်ကတော့ စီးပွားရေး လုပ်တယ်ဆိုတာ ဒီလိုပါလား လုပ်ငန်းက ဒီလိုလည်ပတ်ပါလား စတဲ့ လုပ်ငန်းလည်ပတ်ပုံ သူဌေး ရဲ့စီးပွားရေး လုပ်ပုံတွေကိုပါ လေ့လာ ဖြစ်ခဲ့ပါတယ်။
.
.
တကယ်တော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်တိုင် ချစ်ဖို့ လိုပါတယ်။ ချစ်တဲ့ အလုပ်ကို မလုပ်ရသေးရင် လုပ်တဲ့ အလုပ်ကိုချစ်နေမှ ဘဝကတိုးတက်မှာ ပါပဲ။ ဒါ့အပြင် သူဌေးဆိုရင် အလိုလိုမျက်မုန်းကျိုးနေတဲ့ စိတ်ကိုလဲ ပြင်ဆင်ပြီး ဆိုးတာတွေကို မယူဘဲ ကောင်းတဲ့ အချက်တွေနဲ့ သူ ဘာကြောင့် ချမ်းသာတာလဲ ဘယ်လို အယူအဆတွေ ရှိလဲ စတာတွေကို လေ့လာ ပညာယူ ဖို့လိုပါတယ်။ ဒါမှသာ အောက်ခြေ အဆင့် ကနေ တဖြည်းဖြည်း မြင့်တက်လာမှာပါပဲ။
.
ဒီလိုပြောလို့ သူဌေးတွေဖက်က ကာ ပြောနေတာမဟုတ်ရပါဘူး။ အထက်က သူဌေးဆိုရင်လဲ ပေ ၁၀၀ လောက် အကွာ ခရီးကို Flexible Pipe ကြီး တစ်ခု သွားပြဖို့ ကျွန်တော့်ကို သယ်ခဲ့ဆိုပြီး သူ့ ကားပေါ်ကနေ လှမ်း ခေါ် ပါတယ်။ ဒါပေမယ့် အနားလဲ ရောက်ရော ချွေးတစ်လုံးလုံး နဲ့ ပိုက်လုံးကြီးထမ်းလာတဲ့ ကျွန်တော့်ကို သေချာတွေ့တော့မှ သူ့ ကားရဲ့ လည်သာကူရှင်တွေပေမှာ စိုးပြီး ကားပေါ် မတက် ခိုင်းတော့ပဲ သူက ကားနဲ့ ရှေ့ကမောင်းသွား၊ ကျွန်တော်က ပိုက်ကြီး ပုခုံးမှာထမ်း ပြီး လမ်းလျှောက် လိုက်ခဲ့ရပါရော...
.
ဆိုခဲ့ သလိုပါပဲ ဆိုးတာတွေကို ဖယ် ကောင်းတာတွေကိုပညာယးဖို့ အဓိကပါပဲ။ အဲဒီ သင်္ဘော တည်ဆောက်ရေး မှာ ပညာတွေ /ရခဲ့ ၊ ရအောင်ယူခဲ့ လို ဝရိန်ဆော် တဲ့ ပညာကိုတောင် အခက်ဆုံးအဆင့်ဖြစ်တဲ့Overhead ဆော်နိုင်တဲ့အထိ တတ်သွားခဲ့ပါတယ်။ သင်္ဘော ပေါ်လဲရောက် ရော ၈ လလောက် အကြာမှာ သင်္ဘော တစ်စီးလုံး ဝရိန်ဆော် တတ်တာ ကိုယ်တစ်ယောက်ပဲ ရှိတော့တဲ့ အတွက် Captain ကြီးကတောင် မှ သင်္ဘော လက်ရန်း ပြုတ်ထွက်သွားတာကို ဝရိန်ဆော်ဖို့ ..လာပါကွာ Cadet ရာ ..ငါ ဂြိုလ်တုဖုန်းကတ် တစ်ကတ် ပေးပါမယ်.. ဆိုပြီး ချော့ ရတဲ့ အနေအထားကိုရောက် ခဲ့ပါရောဗျား...
.
အချုပ်ကတော့ဗျာ. လုပ်တဲ့ အလုပ်ကိုချစ်ပါ၊ ပညာ ရအောင်ယူပါ။ အောက်ခြေ သိမ်းလုပ်နေရတာ ပြဿနာမဟုတ်ပါဘူး။ အောက်ခြေ ကနေ တက်မလာနိုင်တာကမှ ပြဿနာပါ။ ခံယူချက်တွေ အတိုင်း ဘဝတွေက ပြောင်းလဲ သွား တတ်တာပါပဲ။
.
.
.
Kaung Hein Soe - Business Consultant
Keep Reading