Kaung Hein Soe - Strategic

ကျွန်တော်ကိုယ်တိုင်လည်း စီးပွားရေးသမား လုပ်ငန်းရှင်တစ်ဦးဖြစ်သလို Client လုပ်ငန်းရှင်တွေရဲ့ Business Group ကြီးတွေကိုလည်း အကြံပေး အဖြစ်ဆောင်ရွက်နေရင်းကနေ ကြုံလာရတဲ့ အဖြစ်လေးတွေကို မူတည်ပြီး လူငယ်များအတွက် အောင်မြင်ဖို့အတွက် ဘာတွေ လိုနေသေးတာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ တချို့ အချက်တွေကတော့ ဆေးခါးကြီး တိုက်သလို ဖြစ်မှာ ဖြစ်ပေမယ့် လက်တွေ့မြေပြင်မှာ ကြုံနေရလေတော့ အမုန်းခံပြီးကို ပြောရမှာပါပဲ။
.
ငယ်ငယ်ရွယ်ရွယ် အသက် ၂၀ လောက်နဲ့အောင်မြင်နေကြတဲ့ လုပ်ငန်းရှင်တွေ အများအပြား ရှိပါတယ်။ ဒါ့အပြင် အသက် ၂၀ ကျော်ရုံနဲ့ Professional လိုင်းတစ်ခုမှာ ပညာရှင် အဆင့်လောက် လုပ်ကိုင်နေကြသူတွေလည်း အများအပြား ရှိပါတယ်။ ဒီလိုအောင်မြင်နေတဲ့ လူငယ် အနည်းစုကို ကြည့်ပြီး လူတိုင်းက သူတို့လို အောင်မြင်ချင်တယ် ထွန်းပေါက်ချင်တယ်လို့ တဖွဖွ ပြောကြလေ့ရှိပါတယ်။ ဒါပေမယ့် အများစုဟာ အောက်ပါ အချက်တွေက အဟန့်အတားတွေ အနေနဲ့ ကြီးကြီးမားမားကို ရှိနေတတ်တာပါပဲ။
.
(၁) ညိုကီတို့က အချစ်ကို ကိုးကွယ်သတဲ့လား…
.
ဟိုအရင်ခေတ်ကတော့ “တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ…နှစ်ကိုယ်ရည်မှန်းတဲ့ အနာဂတ်အချစ်တိုင်းပြည်.. ထူထောင်နိုင်ရန် စွန့်စားမည်။” ဆိုတဲ့သီချင်းလို ချစ်သူနဲ့ နီးစပ်ဖို့၊ မိသားစုကိုပိုကောင်းအောင် ထားဖို့ တနယ်တကျေးကို စွန့်စားသွားလာ ငွေကြေးရှာဖွေ ကြလေ့ရှိတာပါပဲ။ ယနေ့ခေတ်အထိလည်း ဒီလို အနေအထားမျိုးနဲ့ ဘဝကို တစ်ဆင့်မြင့်အောင်ဆောင်ရွက်ကြသူတွေ ရှိနေတာပါပဲ။ ဒါပေမယ့် နည်းနည်းပိုပြီး တွေ့လာရတာက ချစ်သူ ရည်စား မိန်းမ ရသွားတာနဲ့ ဘယ်လောက်တက်လမ်း ရှိတဲ့ အလုပ်ဖြစ်ဖြစ် နယ်ဆိုရင် မသွားတော့ဘူး၊ ခရီးထွက်ရတာများရင် မသွားနိုင် မလုပ်နိုင်တော့ဘူးဆို တာမျိုးတွေ ဖြစ်လာတာပါပဲ။
.
ဒါ့အပြင် တစ်ဖက်က တစ်ဖက်ရဲ့ အလုပ်ကိုပါ ဝင်ရောက်စွက်ဖက်ချယ်လှယ်တဲ့အခါ ဘဝတိုးတက်ရေးမှာ အဟန့်အတားကြီး ဖြစ်တော့တာပါပဲ။ ဥပမာ တစ်ခါက ရုံးဝန်ထမ်း ညီမလေးတစ်ဦးဟာ ချစ်သူက ရုံးက Teamwork Event တွေဆိုလဲမသွားခိုင်း၊ Company Tripဆိုလည်းမထည့်၊ ယောကျ်ာလေး လုပ်ဖော်ကိုင်ဖက်တွေဆိုလဲ အလုပ်ကိစ္စ ဖုန်းဆက်တာတောင် လက်မခံနိုင်ဖြစ်ပြီး တဖြည်းဖြည်း တရုံးလုံးနဲ့ကင်းကွာလာကာ ရာထူးတိုးတွေ နောက်ကျကုန်ပါတော့တယ်။ ဆိုတော့ အချစ်ဟာ ဘ၀ မှာကြုံတွေ့ရတဲ့ အရာတစ်ခုဖြစ်တာပါပဲ။ ဒါပေမယ့် အချစ်ဟာ အရေးအကြီးဆုံးမဟုတ်ပါလားဆိုတာကို သတိပြုမိတဲ့ အချိန်မှာ အားလုံးထက် အတော်လေးနောက်ကျနေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။
.
(၂) တိုးတက်မှုနှေးကွေးတာ၊ Result မထွက်တာ…
.
လူငယ်ဘ၀ အစ အလုပ်ထဲစဝင်ချိန်ဟာ ပျှမ်းမျှ အသက် ၂၂ လောက် ဖြစ် လေ့ရှိပါတယ်။ ဘ၀ မှာတည်ငြိမ်ပြီး နေရာလေးတစ်ခုရကာ လူရိုသေရှင်ရိုသေ အောင်မြင်မှုလေးရလေ့ရှိကြတဲ့ ပျှမ်းမျှ အသက်က ၃၀ ဝန်းကျင်ခန့်ဖြစ်ပါတယ်။ ဆိုတော့ ကြားထဲမှာ ၈ နှစ်လောက်သာ အချိန်ရပါတယ်။ တကယ်တော့ ဒီ ၈ နှစ်ဟာ လူငယ် သဘာ၀ ပျော်လို့ပါးလို့ အကောင်းဆုံး အလွတ်လပ်ဆုံး အချိန်လည်း ဖြစ် သလို လေ့လာမှု အားကောင်းကောင်းနဲ့သာ အတွေ့အကြုံတွေယူလိုက်ရင် ဉာဏ်လဲ ရွှင်တုန်းဆိုတော့ တဟုန်ထိုး တိုးတက်သွားနိုင်တဲ့ အပိုင်းအခြားလဲ ဖြစ်ပါတယ်။ ဒီကာလကို ဘယ်ဖက်မှာ ဘယ်လိုသုံးမလဲ ဆိုတာကတော့ သေချာ စဉ်းစားသုံးသပ်ဖို့လိုပါတယ်။ ဆိုတော့ ဒီ ၈ နှစ်မှာ တိုးတက်မှုနှေးကွေးတာ၊ အတွေ့အကြုံမရတာတွေ ကြုံခဲ့ရင် အသက် ၃၀ လောက်မှာ ရွယ်တူ သူငယ်ချင်းတွေကိုခေါင်းမော့ ကြည့်နေရဖို့ ပိုများပါလိမ့်မယ်။
.
.
(၃) လုပ်သင့်တယ် ဆိုတာသိတယ်..မလုပ်ဖြစ်တာ…
.
ဥပမာ စာအုပ်တွေ ဖတ်ပြီး လေ့လာရင် တိုးတက်မှုရှိမယ်ဆိုတာသိတယ်။ တစ်လကို စာအုပ်တစ်အုပ် လောက် အနည်းဆုံး ဖတ်သင့်တယ်ဆိုတာကိုလဲသိတယ်။ သိသာသိနေပေမယ့် လက်တွေ့မှာ လုပ်ဖြစ် လားဆိုရင်တော့ မလုပ်ဖြစ်ပြန်ပါဘူး။ တစ်နည်းအားဖြင့်တော့ အကောင်အထည်ဖော်နိုင်မှုအားနည်း တာပါပဲ။ စာအုပ်ဆိုင်တွေ သွားစာအုပ်တွေဝယ် ဒါပေမယ့် မဖတ်ဖြစ်။ ပညာရပ်ဆိုင်ရာ ပိုစ့်တွေ လိုက်ရှာ Save လုပ်ထား ပြန်မကြည့်ဖြစ်၊ သင်တန်းတွေ အပ်ထား မလေ့လာဖြစ် နဲ့ စမိပေမယ့် အဆုံးထိမသွားမိပဲ အချိန်တွေ ကုန်လွန်နေတာတွေဟာ လူငယ်တွေ တိုးတက်မှုကို နှေးကွေးစေပါတယ်။
.
(၄) ပတ်ဝန်းကျင်…
.
လူတစ်ယောက်အောင်မြင်ဖို့ အတွက် သူနဲ့ အများဆုံးအချိန်ကုန်ဆုံးနေရတဲ့ ပတ်ဝန်းကျင်ဟာ ဘယ်လို ပတ်ဝန်းကျင်မျိုးလဲ ဆိုတာကလည်း အတော်လေးအရေးပါပါတယ်။ အသက် ၂၀ ဝန်းကျင်မှာ ကိုယ့်ပတ်ဝန်းကျင်က အလုပ်ကို အဓိကမထား၊ဘဝရည်ရွယ်ချက်မရှိ၊ အပျော်အပါးကိုသာ အဓိက လုပ်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းမျိုးမှာ ရှိနေတယ်ဆိုရင် ကိုယ်လဲ ရာခိုင်နှုန်းအတော်များများ အဲဒီ အတိုင်းသာဖြစ် ပေါ်လာဖို့ရှိပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့ အချိန်အများဆုံး ကုန်ဆုံးနေသူတွေဟာ ဘယ်လို လူတွေ ဖြစ်ဖို့လိုတယ်ဆိုတာကို ကိုယ့်ရည်မှန်းချက်နဲ့ချိန်ပြီး ပြောင်းလဲဖို့လိုပါတယ်။
.
(၅) လမ်းညွှန်ပေးမယ့်သူ …
.
ဘ၀မှာ မြန်မြန် အောင်မြင်တိုးတက်စေဖို့အတွက် Mentor ဆိုတဲ့ လမ်းညွှန်ပြသ ဆုံးမလမ်းညွှန် ပေးမယ့်သူ လိုအပ်ပါတယ်။ ကိုယ့်ကို Mentor လုပ်မယ့်သူဟာ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ အောင်မြင်ပြီးသား သူတစ်ဦးဖြစ်နေဖို့လိုပါတယ်။ ဒါမှ ဒီလမ်းကြောင်းကို လျှောက်ရာမှာ ဘယ်နားမှာ ဘယ်လိုခက်ခဲပြီး ဘယ်အခက်အခဲကို ဘယ်လိုရှင်းရမယ်ဆိုတာကို သူက အလွယ်လေးလမ်းပြပေးနိုင်မှာ ဖြစ်လို့ ကိုယ့်ခရီးလမ်းဟာ ပန်းတိုင်ကို မြန်မြန် ချောချောလေး ရောက်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်ပြီးသား နယ်ပယ်က ခေါင်းဆောင်တစ်ဦးက ဘာမှမဟုတ်သေးတဲ့ လူငယ်တစ်ဦးကို လေ့ကျင့် လမ်းညွှန်ပေးဖို့ဆိုတာ အတော်လေးမလွယ်လှပါဘူး။ ဒီအတွက် ဆရာတင်ချင်တဲ့ သူကလည်း သင်ပေးဖို့လိုအပ်တဲ့ အခြေအနေတွေ ရှိနေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
.
(၆) ရေတိုနဲ့ ရေရှည် …
.
အချို့အလုပ်တွေက ရေတိုမှာ အကျိုးအနည်းငယ်ချက်ချင်းရှိပြီး ရေရှည်မှာတော့ အချိန်ကာလတစ်ခု အပင်ပန်းခံရမယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ လူငယ်တွေက လက်တလော ချက်ချင်း အကျိုး ရမယ့် ရေတိုကိုပဲ ရွေးလိုက်လေ့ရှိပါတယ်။ ဒီအခါ ရေတိုအကျိုးရပေမယ့် ရေရှည်ပြိုင်ပွဲမှာ နောက်ကျ ကုန်တော့တာပါပဲ။ ဥပမာ ကျွန်တော် သင်္ဘော မလိုက်တော့ဘဲ ကုန်းပေါ်မှာပဲ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်တဲ့အခါ ဒေါ်လာ ၇၀၀ ရမယ့် ရေနံအင်ဂျင်နီယာ အလုပ်နဲ့ လစာ တစ်သိန်းလေးသောင်းသာရမယ့် Management Trainee အလုပ်နှစ်ခု တန်းပေါ်လာပါတယ်။ ရေတိုမှာ အင်ဂျင်နီယာ အလုပ်က လစာ များပေမယ့် ရေရှည်မှာတော့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုကို သေချာကျွမ်းကျင်ပြီး လုပ်ငန်းတွေ ကိုဦးဆောင်နိုင်မယ့် သူဖြစ်လာစေမယ့် Management Trainee အလုပ်က ပိုပြီး အကျိုးများစေခဲ့တာ လက်တွေ့ပါပဲ။
.
(၇) ဆင်ခြေတွေ များတာ…
.
ရွယ်တူတွေ အောင်မြင်နေပြီ ငါကကျ မအောင်မြင်တာ အိမ်ကမှ Background မကောင်းတာ၊ အဆက်အသွယ်မှ မကောင်းတာ၊ ငွေမှ မချမ်းသာတာ၊ ပညာမှ မတတ်တာ၊ ဘာဘွဲ့တွေမှ မရတာ ၊ ဘယ်သူ နဲ့မှ မသိတာ၊ ဘယ်လို အခြေအနေမျိုးမှ မရှိတာ စသဖြင့် ဆင်ခြေတွေပေးလေ့ရှိတတ်ကြပါတယ်။ ဒီလို အကြောင်းတရားတွေဟာ အောင်မြင်မှုကို မြန်မြန်ရစေတာ မှန်ပါတယ်။ ဒါပေမယ့် ဒါတွေ မရှိလို့ လုံး၀ မအောင်မြင်နိုင်တော့ဘူးဆိုတာတော့ မဟုတ်ပြန်ပါဘူး။ တချို့တွေက မိမိ ကြိုးစားအားထုတ်မှု မလုပ်ချင်တာ၊ မလုပ်နိုင်တာကို ဖုံးကွယ်စေဖို့၊ ကိုယ့်ကိုကိုယ် သက်သာစေဖို့အတွက် အထက်ကလို ဆင်ခြေတွေ အမျိုးမျိုးပေးကာ မအောင်မြင်ရခြင်းကို ချေဖျက်ကြလေ့ရှိပါတယ်။ တကယ် အောင်မြင်လိုရင်တော့ တွေးမိနေတဲ့ ဆင်ခြေတွေကြားက တစ်ခုခုကိုအောင်မြင်အောင် ထလုပ်လိုက်တာ အောင်မြင်ဖို့ ခြေတလှမ်း ရောက်သွားတာပါပဲ။
.
(၈) အပင်ပန်းမခံချင်တာ ၊ အလုပ်ရွေးတာ..
.
လူငယ်ဘ၀ဟာ ပျော်ရွှင်စရာတွေကိုလည်း ပိုပြီး ရှာဖွေတတ်ပါတယ် ။ဒီအတွက် အချို့က အလုပ်ဆိုရင်လဲ အေးဆေးသက်သာတဲ့ အလုပ်မျိုးကိုပဲ လုပ်မယ်ဆိုပြီး ရှာဖွေရင်း အချိန်တွေ ကုန်ရပြန်ပါတယ်။ တကယ်တော့ လူငယ်ဘဝမှာပဲအပင်ပန်းခံနိုင်၊ သွားနိုင်လာနိုင်၊ လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အပင်ပန်းခံပြီး အောက်သက်ကြေအောင်၊ အတွေ့အကြုံတွေ စုံအောင်လုပ်ရတဲ့ အလုပ်ကို အကောင်းဆုံး အတွေ့အကြုံတွေ ယူခဲ့နိုင်မယ်ဆိုရင် တစ်ချိန်မှာ ဒါဟာ အဖိုးတန်တဲ့ အသုံးဝင်မှုတွေ ဖြစ်နေမှာပါပဲ။ ဘာမှ မလုပ်ဘဲ အချိန်တွေ ကုန်နေတာထက် အလုပ်တစ်ခု ဝင်ပြီးရတဲ့ အတွေ့အကြုံတစ်ခု ယူလိုက်တာက ပိုတန်ဖိုးရှိပါတယ်။
.
(၉) ရည်မှန်းချက် စစ်စစ် မရှိတာ..
.
ခွန်အားအပြည့်နဲ့ အရူးအမူး အလုပ်လုပ်မှ အောင်မြင်မှာပါ။ ဒီလိုလုပ်နိုင်ဖို့ ဆိုတာက အသည်းအမဲ လိုချင် ရချင်တဲ့ ရည်မှန်းချက် စစ်စစ်တစ်ခု ရှိဖို့လိုတာပါပဲ။ တကယ်ကို စိတ်ထဲ အသည်းထဲက ရချင်လိုချင်ပြီး အချိန်တိုင်း အဲဒီ ပန်းတိုင်ကိုပဲ စဉ်းစားနေမိတာမျိုးပါပဲ။ ဒါမျိုးမရှိရင် ဟိုဟာလုပ်ကြည့်လိုက် ဒီဟာလုပ်ကြည့်လိုက် အလုပ်တွေ တစ်ခုခုပြောင်းနဲ့ ၊ ပြောင်းတဲ့ အလုပ်တွေကလည်း အချိတ်အဆက်မရှိ နဲ့ ၊ အချိန်တွေ ကုန်ဆုံးတော့တာပါပဲ။
.
.
ဒါလေးတွေကတော့ လူငယ်အချို့မှာ အောင်မြင်မှုအတွက် အဟန့်အတားဖြစ်နေစေတဲ့ အချက် လေးတွေကို ထုတ်နုတ် မျှဝေခဲ့တာဖြစ်ပါတယ်။ ကိုယ်ဟာ အရင်နှစ်ကထက် ဒီနှစ် ဘာတွေ ပြောင်းလဲ သွားလဲ ဘာတွေ တိုးတက်သွားလဲ၊ မပြောင်းလဲ မတိုးတက်ရင် ဘာအချက်ကြောင့် အဟန့်အတား ဖြစ်နေတာလဲ ဆိုတာကို ပြန်လည်သုံးသပ်ရင်း အောင်မြင်မှုတွေကို အမြန်ဆုံး ရယူနိုင်ပါစေကြောင်း ဆုတောင်း လိုက်ရပါတယ်။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
Kaung Hein Soe - Strategic
Business Consultant
Keep Reading