တင်ညွန့်

သီတင်းကျွတ်ခါနီးပြီဖြစ်သဖြင့် ကျွန်တော်အလှူခံထွက်ရသည်။ သီတင်းကျွတ်လပြည့်နေ့ညတွင် ကျောင်း၌ ဆီမီးထွန်းမည်။ ကျောင်းရှိကလေးများအားလုံးကို မုန့်ဟင်းခါးကျွေးမည်ဟု စီစဉ်ထားသည်။
ဦးလေးသိန်းက ယခုနှစ်သီတင်းကျွတ်တွင် သူ့ထံကိုလာခဲ့ပါ။ မုန့်ဟင်းခါးအလှူတွင် ကုသိုလ်ပါဝင်ချင်သည် ဆိုသောကြောင့် ကျွန်တော် သူ့ဆေးလိပ်ခုံကို ရောက်လာခဲ့သည်။
ဦးလေးသိန်းနှင့်ကျွန်တော် သူ့ဆေးလိပ်ခုံအဝင် ကားထားသည့်နေရာ၌ ချထားသည့် ခုံများတွင်ထိုင်ကာ စကား ပြောနေကြသည်။ ရေနွေးကြမ်း၊ ကော်ဖီ၊ မုန့်တို့နှင့်ဧည့်ခံသဖြင့် စားသောက်ရင်း စကားပြောနေစဉ် လူတစ်ယောက်က ဝင်လာသည်။
ထိုသူမှာ စုတ်စုတ်ပြတ်ပြတ်နှင့်ဖြစ်သည်။ လူကလည်း ပိန်ချုံးနေပြီး တီဘီဝေဒနာရှင်ရုပ် ပေါက်နေသည်။ ဆံပင်၊ မုတ်ဆိတ် နှုတ်ခမ်းမွှေးတွေလည်း ရှည်နေသည်။ ကြည့်လိုက်သည်နှင့် အရက်သမားမှန်းသိသာသည်။ သူက ဦးလေးသိန်း ထိုင်နေသော ကုလားထိုင်နားသွားကာ
“ဟေ့ ကိုသိန်း ပိုက်ဆံ” ဟုပြောကာ လက်ဖြန့်လိုက်သည်။
ဦးလေးသိန်းက ဘာမျှ မပြော သူ့အိတ်ထောင်ထဲက ပိုက်ဆံ ငါးမူးစေ့တစ်စေ့ကိုထုတ်လိုက်ပြီး ထိုသူ့လက်ထဲကို ထည့်လိုက်သည်။
ထိုသူက ငါးမူးစေ့ကို သေသေချာချာကိုင်ကြည့်ပြီး လွှင့်ပစ်လိုက်ကာ ပြန်ထွက်သွားသည်။
ဦးလေးသိန်းက ပြုံးနေသည်။ ငါ့းမူးစေ့မှာ ကျွန်တော့်အနီးကိုကျလာသဖြင့် ကျွန်တော်ကကောက်ပြီး ဦးလေးသိန်းကို ပြန်ပေးလိုက်သည်။
ဦးလေးသိန်းက
“ဟေ့ကောင် စံကွန့် … မင်း ဒီငါးမူးကို မယူရင် … နောက်ဘယ်တော့မှ လာမတောင်းနဲ့တော့” ဟု နောက်မှ အော်ပြောလိုက်သည်။ ထိုသူကလှည့်မကြည့် ခြံထဲကထွက်သွားသည်။
ကျွန်တော်က
“ဦးလေးသိန်း သူတောင်းစားကလည်း တယ်မာန်ကြီးပါလား” ဟု ပြောလိုက်မိသည်။
“အင်း … ဆရာရေ … အဲဒီသူတောင်းစားကို သိလား”
“ကျွန်တော်မသိဘူးခင်ဗျ”
“အင်း … သူလည်း ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် သူဌေးပေါ့။ တိုက်နဲ့ကားနဲ့ ချမ်းသာခဲ့တာကလား”
“ဟုတ်လား ဘာဖြစ်လို့ ခုလိုဖြစ်သွားရတာလဲ”
“သူ့အကြောင်းပြောရရင် အရှည်ကြီးပဲ။ အတိုသာမှတ်လိုက်ပါတော့ဆရာ။ သူလည်း ဆေးလိပ်လုပ်ငန်းနဲ့ ကြီးပွားပြီး တိုက်တွေ၊ ကားတွေနဲ့ ဖြစ်ခဲ့ပါသေးတယ်”
“ဘာဖြစ်လို့ ခုလိုဖြစ်ရတာလဲဟင်”
“ဆရာ … လူတစ်ယောက် ချမ်းသာရာကနေ ဆင်းရဲရင် ရှည်ရှည်ဝေးဝေးပြောစရာမလိုပါဘူး။ ငါးပါးသီလကို လုံအောင် မထိန်းနိုင်လို့ပေါ့ခင်ဗျာ။ စံကွန့် ဘာကြောင့်ဆင်းရဲသလဲ။ အရက်သောက်တယ်၊ မိန်းမလည်း လိုက်စားတယ်။ လောင်းကစားလည်း အကြီးအကျယ်လုပ်တယ်။
အဲဒီသုံးမျိုးစလုံးမှာ ပျော်မွေ့သူဆိုတော့ လိမ်ဖို့လည်း ဝန်မလေးတော့ဘူးပေါ့။ အားလုံးပျက်သုဉ်းကုန်တော့ ခိုးတဲ့ဝှက်တဲ့အဆင့်အထိ ရောက်လာရော။ ဒီလိုနဲ့ စည်းစိမ်ချမ်းသာ၊ သားမယား၊ ပစ္စည်းဥစ္စာအားလုံးဆုံးရှုံးရတော့တာပဲ”
“ကြားရတာ စိတ်မကောင်းစရာပဲ ဦးလေးသိန်းရယ်။ ဒါနဲ့ သူက ဦးလေးသိန်းပေးတဲ့ ပိုက်ဆံ ငါးမူးကို ဘာဖြစ်လို့ လွှင့်ပစ်လိုက်တာလဲ”
“ဒီလိုဆရာ … ကျွန်တော်က ခါတိုင်း တစ်ကျပ်၊ နှစ်ကျပ် စသည်ဖြင့် ပေးပါတယ်။ နောက်တော့ အရက်သောက် လွန်းလို့ သိပ်မပေးရဲတော့ဘူး။ ကိုယ်ပေးလိုက်တာ သူ့ကို သတ်သလိုဖြစ်နေမှာစိုးလို့။ အဲဒီကောင်က ရသမျှ အကုန်သောက်တာ။ ခါတိုင်း တစ်ကျပ်လောက်ရနေတဲ့သူက ငါးမူးလောက်ပေးတော့ မကျေနပ်ဟန် တူပါတယ်။ ဒါကြောင့် လွှင့်ပစ်သွားတာ”
“အေးဗျာ ကြားရတာ စိတ်မကောင်းစရာပဲ။ ကျွန်တော်လည်း အရက်သမားဆိုရင် မုန်းတယ်။ ဘယ်တော့မှ ပိုက်ဆံမပေးဘူး”
“စံကွန့်မှာ ဒီ့ထက်ဆိုးတာ ရှိသေးတယ်”
“ဘာများလဲခင်ဗျာ”
“သူက တောင်းလို့ ပေးတာကို သူ့ရပိုင်ခွင့်လို့ ထင်နေတာပဲ”
“ကျွန်တော် သိပ်မရှင်းဘူးဦးလေးသိန်း”
“သူစီးပွားပျက်ပြီး စားစရာမရှိလို့လာတောင်းတော့ ကျွန်တော်လည်း တစ်ချိန်က စီးပွားဖက်တွေဖြစ်ဖူးလို့ ပေးကမ်းထောက်ပံ့ခဲ့ပါတယ်။ အချိန်တန်ရောက်လာပြီး ဆန်ဆီကအစ လာတောင်းနေတော့တာ။ အလုပ်ကို မလုပ်တော့တာ။ ကျွန်တော်က ဆေးလိပ်ပို့ကားမောင်းမလားလို့ သူ့ကိုကမ်းလှမ်းသေးတယ်။ သူက အလုပ် လုပ်ရမှာထက် ရပိုင်ခွင့်လိုပြီး လာတောင်းနေတော့ ခက်တာပဲဆရာ။
ကျွန်တော်လည်း အဲဒီလို လူမျိုးကို အရမ်းမုန်းတာ။ ဒါကြောင့် နောက်ပိုင်း သူတောင်းစားပေးသလောက်ပဲပေးတာ”
“ပေးတာကမ်းတာကို ရပိုင်ခွင့်လို့သဘောထားရင် လှူဒါန်းသူမှာလည်း မေတ္တာပျက်တော့တာပဲပေါ့”
“ဆရာ ဟိုပုံပြင်လေးတစ်ပုဒ် ကြားဖူးသလား မသိဘူး”
“ဘာပုံပြင်လဲခင်ဗျာ”
“သူတောင်းစား ကျောင်းထားတယ်ဆိုတဲ့အကြောင်း”
“မကြားဖူးသေးဘူးဦးလေးသိန်း ပြောပါဦီး”
ဦးလေးသိန်းပြောပြသည့် သူတောင်းစားကျောင်းထားပုံပြင်
လူတစ်ယောက်သည် သူတောင်းစားတစ်ယောက်ကို တစ်လ ငွေ ၁၀၀၀ ပေးသည်။ သူတောင်းစားသည် သူ့ထံတွင် လကုန်သည်နှင့် ငွေတစ်ထောင် လာတောင်းရန်ဖြစ်သည်။
သူတောင်းစားကို လှူနေသောသူသည် ငွေကြေးအနည်းငယ် ခက်လာသဖြင့် တစ်လတွင် ထိုသူကို ၇၅၀ သာပေးတော့သည်။ သူတောင်းစားက စိတ်ထဲတွင် မကျေနပ်သော်လည်း
“၁၀၀၀ မရလည်း ၇၅၀ လောက်တော့ မဆိုးပါဘူး” ဆိုကာ ယူသွားသည်။
နောက်တစ်လတွင် သူတောင်းစား ရောက်လာပြန်သည်။ ထိုလတွင်လည်း သူဌေးက သူ့ကို ၅၀၀ သာ ပေးလိုက် သည်။
ယခုတစ်ကြိမ်တွင်တော့ သူတောင်းစားက
“သူဌေး … ကျွန်တော့်ကို ခါတိုင်းက ၁၀၀၀ ပေးနေကျနော်”
“ဟုတ်တယ်လေ”
“ပြီးခဲ့တဲ့လက ၇၅၀ ပဲပေးတယ်။ ခု ၅၀၀ ပဲပေးတယ်ဆိုတော့ မလွန်ဘူးလားခင်ဗျာ”
“ဒီမယ်မောင်ရင် မင်းကို ဦးပေးနိုင်သလောက် ပေးတာပါ။ စီးပွားရေးကလည်း ကျပ်လာတယ်မဟုတ်လား။ မင်းကို တစ်လ ၁၀၀၀ ပေးတုန်းက ငါ့သား သမီးတွေက ငယ်ကြသေးတယ်လေ။ ပြီးခဲ့တဲ့လကစပြီးတော့ ငါ့သမီးကြီးက တက္ကသိုလ်တက်ပြီကွ။ ဒါကြောင့် သမီးကြီးအတွက် ပိုက်ဆံပိုပေးချင်တော့ မင်းကို ၂၅၀ လျှော့ ပေးခဲ့ရတယ်။ ကဲ ဒီလ သားလတ်က တက္ကသိုလ်တက်တော့မယ်။ ဒါကြောင့် ဒီလလည်း မင်းကို ၂၅၀ လျှော့ပေးရတော့တယ်”
“ဒါနဲ့ မေးစမ်းပါရစေခင်ဗျာ”
“ဘာများလဲ”
“သူဌေးဆီမှာ သားသမီး ဘယ်နှယောက် ရှိသလဲ”
“လေးယောက်ကွယ်”
“နောက်နှစ်ယောက်ကရော ကျောင်းသားတွေလား”
“ဟုတ်တယ် နောက်နှစ်ယောက်ကလည်း မကြာခင် ၁၀ တန်းအောင်ရင် တက္ကသိုလ်ဆက်တက်ကြဦးမှာ”
“ဟာ ဒါဆိုရင် သူဌေးက ကျွန်တော့်ငွေနဲ့ ခင်ဗျား သားသမီးတွေကို ကျောင်းထားနေတာပေါ့။ ခင်ဗျား သားသမီး လေးယောက်စလုံး တက္ကသိုလ်တက်ရင် ကျွန်တော် တစ်ပြားမှတောင် မရတော့ဘူးဆိုတဲ့သဘောပေါ့”
ဦးလေးသိန်းက ထိုပုံပြင်ကိုပြောပြီးနောက် တဟားဟား ရယ်လေတော့သည်။
“ကဲ ဆရာ … စေတနာဆိုတာ လူတိုင်းနဲ့ တန်မတန် … ဆရာပဲဝေဖန်ပါတော့”
ကျွန်တော်ထိုနေ့က သင်ခန်းစာသစ်တစ်ပုဒ်ရခဲ့ပါသည်။
တင်ညွန့်
၁၁.၉.၂၀၂၅
Keep Reading