
Kaung Hein Soe - Strategic

ကျွန်တော်တို့ကြားနေကျ ပြောနေကျ စကားပုံလေးတွေထဲမှာ သေရင်မြေကြီး ရှင်ရင်ရွှေထီးတို့ ..ဘုရင်နောင်ဖောင်ဖျက်တဲ့ ထုံး နှလုံးမူပြီး လုပ်ကြတို့ စတာတွေကို အတော်လေး တွေ့ရလေ့ရှိပါတယ်။ ဒီစကားပုံတွေ အကုန်လုံးဟာ ရည်မှန်းချက် ပန်းတိုင်တစ်ခုခုကို သွားနေကြတဲ့ လူတစ်ဦး သို့မဟုတ် လူ တစ်စုကို စိတ်အားတက်ကြွစေဖို့ပြောဆိုတဲ့ နမူနာများလည်း ဖြစ်သလို ပန်းတိုင်ကို ရစေနိုင်မယ့် နည်းလမ်းမျိုးတွေလည်း ဖြစ်ပါတယ်။
.
လူတိုင်းလူတိုင်းမှာ ဖြစ်ချင်ကြတဲ့ ရယူလိုကြတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေ ဆိုတာ အနည်းဆုံးတစ်ခု စီရှိကြသလို ဒီလို မျှော်လင့်ချက်တွေ ရှိနေတဲ့အတွက်လည်း ဘဝကြီးဟာ ရုန်းကန် ကြိုးစားဖို့ အတွက်ထိုက်တန်နေတာဖြစ်ပါတယ်။ ဒါဆိုရင် လူတွေဟာ ဒီလို ပန်းတိုင်တွေကို ရဖို့အတွက် ဘယ်လိုနည်းလမ်းတွေ ကိုသုံးနေကြပါသလဲ။
.
မိမိ တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ဖို့ကြိုးစားရာမှာ နည်းလမ်း အနေနဲ့ရော စိတ်ပိုင်းဆိုင်ရာခံ ယူချက်အနေနဲ့ရော ၂ မျိုး ရှိတာကို တွေ့ရလေ့ရှိပါတယ်။ ပထမ တစ်မျိုးကတော့ ပန်းတိုင် သို့မဟုတ် ရည်မှန်းချက်ကို အရယူလိုက်နိုင်ရင် ဘယ်လို အောင်မြင်မှုတွေ ဆုလာဘ်တွေကို ပျော်ရွှင်မှု ကြည်နူးမှုတွေကို ရနိုင်မယ်ဆိုတာကို စိတ်ကူးပြီး အဲဒီပန်းတိုင်ကို ရဖို့ အားတက်သရော လုပ်ဖို့ လိုအပ်တာတွေကို လုပ်လေ့ရှိကြပါတယ်။ ဥပမာအားဖြင့် ငယ်ငယ်တုန်းက အတန်းထဲမှာ အဆင့် ၁ ကနေ ၃ အတွင်းဝင်ရင် မိဘတွေကလည်း ဆုချမယ် သူငယ်ချင်းတွေ ကြားထဲမှာလည်း လူဇော် လူမော် ဖြစ်မယ် ဆရာမတွေကလည်းချီးကျူးမယ် စတာတွေကို ရချင်တဲ့အတွက် စာပုံမှန်ကျက် ကြိုးစားကြသလို ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့်ပြောရရင်တော့ ပန်တိုင်းက ဆုလာဘ်ကို ရဖို့ ပန်းတိုင်ကို ဦးတည်သော အပြုအမူတွေ ဖြစ်လာဖို့အတွက် Positive Reinforcement နည်းကို အသုံးပြုကြသူများဖြစ်ပါတယ်။
.
နောက်ထပ် တစ်နည်းကတော့ ရည်မှန်းချက်ပန်းတိုင်ကို ရဖို့အတွက် အကြောက်တရား သို့မဟုတ် အပြစ်ဒဏ်တွေကို အသုံးချပြီး လုပ်ဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ အထက်ကလိုပဲ အဆင့် ၁ ကနေ ၃ အတွင်း မဝင်ရင် အဖေကရိုက်မယ်လို့ ကြိမ်းထားတဲ့အတွက် မဖြစ်မနေ စာကိုတွန်းကျက်ပြီး အဆင့် ၁ ရအောင်လုပ်ရတဲ့ အနေအထားမျိုး နဲ့ သွားပြီး ဆင်တူပါတယ်။ ဒါကိုတော့ Negative Reinforcement နည်းလမ်းလို့ဆိုနိုင်ပါတယ်။
.
ပထမ နည်းလမ်းကတော့ Power of Hope ဆိုတဲ့ မျှော်လင့်ခြင်းရဲ့စွမ်းအင်တွေကို ရစေပြီး အဆုံးမရှိတဲ့ အင်အားတွေကို ပေးနိုင်ပါတယ်။ တစ်ခါတုန်းက သိပ္ပံပညာရှင်တွေဟာ ပုံးထဲကို ရေတစ်ဝက်ထည့်ပြီး ကြွက်တွေကိုလည်း ထည့်ကာ ရေဘယ်လောက် ကူးနိုင်မလဲဆိုတာကိုစောင့်ကြည့်ကြပါတယ်။ အဲဒီအချိန်မှာ ၂ မိနစ် ၃ မိနစ် လောက်မှာပဲ ကြွက်တွေဟာ ရေကူးဖို့ လက်လျော့လိုက်ကြပြီး ရေနစ်သေကုန် ပါတော့တယ်။ နောက် တစ်ကြိမ်မှာတော့ ကြွက်တွေကို အထက်ကလိုပဲထပ်စမ်းပါတယ်။ ဒါပေမယ့် တစ်မိနစ်ပြည့်တိုင်းမှာ ပုံးထဲက ကြွက်တွေကို ပြန်ဆယ်ပြီး ခဏ အနားပေးပြီးမှ ပြန်ကူးစေပါတယ်။ ဒီလို လုပ်တဲ့ အခါမှာတော့ ကြွက်တွေဟာ နာရီနဲ့ချီပြီးတော့ကို ရေကူးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ပထမ ကြွက်တွေတုန်းက ဘာကြောင့်စောစောသေကုန်သလဲဆိုရင် သူတို့ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို သုံးသပ်ကြည့်တဲ့ အချိန်မှာ အသက်ရှင်ဖို့ဘယ်လို နည်းလမ်းကိုမှ မမြင်တဲ့အတွက် မျှော်လင့်ချက် ကုန်သွား ပြီး လက်လျော့လိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ ကြွက်တွေကတော့ ရေ ခဏကူးပြီးတိုင် ပြန် အဆယ်ခံရမယ်ဆိုတဲ့ အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက် ကလေးကို ရရှိသွားတဲ့အတွက် နာရီပေါင်းများစွာ ရေကူးပြီး လက်လျော့ဖို့ကို ငြင်းဆန် နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ power of hope မျှော်လင့်ခြင်းရဲ့ စွမ်းအားပါ။
.
ဒုတိယ နည်းလမ်းကတော့ အဲဒီ ပန်းတိုင်ကို မရရင် မရောက်ရင် ကိုယ်ဘယ်လိုအဖြစ်ဆိုးတွေ နဲ့ကြုံရမယ် ဆိုတာကို နောက်ပြန်လှည့်ကြည့်ပြီး တွန်းအား အဖြစ်ရယူတဲ့ သဘောဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ Push နည်းလမ်းနဲ့ Pull နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဒီနည်းလမ်းထဲက အပြင်းထန်ဆုံး အဆင့်ကတော့ အထက်က စကားပုံ တစ်ခုဖြစ်တဲ့ ဘုရင့်နောင်ဖောင်ဖျက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဘုရင်နောင့်က သူရဲ့ စစ်တပ် မြစ်တစ်ဖက်ကမ်းကို ရောက်ချိန်မှာ မြစ်ကို ကူးလာတဲ့ဖောင်တွေ အားလုံးကို ဖျက်ဆီးနှစ်မြုပ်လိုက်ပြီး စစ်သားတွေကို မိန့်ခွန်းပြောပါတယ်။ ငါ တို့မင်းတို့အနေနဲ့ အခုဆိုရင် နောက်ပြန်ဆုတ်ဖို့ ဖောင်တွေလည်း မရှိတော့ဘူး ရှေ့မှာက အင်အားကြီးမားတဲ့ ရန်သူတပ် ရှိတယ် နောက်မှာ ရေစီးသန်လှတဲ့မြစ် ရှိတယ် ။ ဒီတော့ မင်းတို့ရန်သူရဲ့ သတ်တာ နဲ့ မြစ်ထဲမျှောပြီး သေတာ တစ်ခုခုကို ရွေးမလား ရန်သူကို အနိုင်ယူပြီး အောင်ပွဲကို ယူမလားလို့ ဆိုလိုက်ပါတော့တယ်။ ဒီအခါမှာတော့ စစ်သည် အားလုံးဟာ နောက်တွန့်မနေဘဲ အသက်ကို အသက်လို့ မမှတ်ဘဲ အစွမ်းကုန်တိုက်ခိုက်တာ ကြောင့် ရန်သူတွေကို အနိုင်ရလိုက်ပါတော့တယ်။
.
ဒါဆိုရင် ဒီနည်းလမ်းနှစ်ခုမှာ ဘယ်တစ်ခုက ပိုပြီး ထိရောက်ပါသလဲ။
.
ကျွန်တော်ဟာ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကနေ ကျောင်းဆင်းခဲ့ပြီးနောက်မှာ ရေကြောင်း အင်ဂျင်နီယာ အနေနဲ့ ပင်လယ်ကူးနိုင်ငံခြားသွားသင်္ဘောကြီးပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီနောက် တော့ မပျော်ရွှင်တော့တဲ့ သင်္ဘောသားဘဝကို စွန့်လွှတ်နိုင်ဖို့အတွက် ပြန်ရောက်တာနဲ့ သင်္ဘောသားလက်မှတ်ကို ရုံးကို ပြန်အပ်ပြီး နိုင်ငံကူးလက်မှတ်ကိုပါ သင်္ဘောသားစာအုပ် ကနေ ရိုးရိုးနိုင်ငံကူးစာအုပ် အဖြစ်ကို ပြောင်းပလိုက်ပါတော့တယ်။ နိုင်ငံကူးစာအုပ်ကို ဒီလို ပြောင်းလိုက်တာဟာ ၂ နှစ် အတွင်း သင်္ဘောသား စာအုပ်ကို ပြန်လည် ပြောင်းလဲခွင့် မရှိတော့ပါဘူး။ ဒါဟာ ကျွန်တော့်အနေနဲ့ ဘုရင့်နောင် ဖောင်ဖျက်လိုက်တဲ့ သဘောဖြစ်ပါတယ်။
.
သင်္ဘောသားဘဝအဖြစ် ဆက်သွားရင်လည်း အလွယ်တကူ အောင်မြင်နိုင်ပါတယ်။ သင်္ဘောပေါ်မှာ အစစ အရာရာ သင်ပြပေးတဲ့ ဆရာတွေကြောင့် ပထမ အခေါက်မှာတင်ပဲ သင်္ဘော Generator တွေကို တစ်ဦး တည်း ပြင်ဆင်ဖြုတ်တပ်နိုင်တဲ့ အထိတတ်ကျွမ်းလာခဲ့ပြီး ရေကြောင်းဆင်းဖြစ်တဲ့အတွက် လုပ်သက် ကိုးလရှိတာနဲ့ ရာထူးတိုး စာမေးပွဲဖြေလို့ရမှာ ဖြစ်ပါတယ်။ ရာထူးတိုး ဖြေလိုက်တာနဲ့ အဲဒီတုန်းက လစာ တစ်လ ၄၅၀ ကနေ ဒေါ်လာ ၂၀၀၀ ကို တန်းပြီး တိုးနိုင်မှာဖြစ်ပါတယ်။ အမေဘက်က ဦးလေးကလည်း သင်္ဘောလိုင်းရဲ့ မြန်မာပြည် ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်နေတော့ ပြန်တက်ဖို့ ရာထူးတိုး ရဖို့ဆိုတာ အခက်အခဲကြီး မဟုတ်ပါဘူး။ ဒီလို အချိန်မှာ သင်္ဘောသားစာအုပ် ပြန်အပ်လိုက်တယ် လို့လည်း သိလိုက်ကြရော ပတ်ဝန်းကျင်က မိုက်မဲလှတဲ့ ကောင်စားလေးပါလားဆိုပြီး ၀ိုင်းပြီး ပြောကြပါ တော့တယ်။ ကုန်းပေါ်မှာ ဘယ်အချိန်မှ လစာ ငါးသိန်းပြည့်အောင် ရမလည်းမသိတာကို သိန်း ၃၀ လောက် နဲ့ညီတဲ့ တစ်လ လစာ ဒေါ်လာ ၂၀၀၀ ကိုစွန့်ပစ်လိုက်ရတယ်လို့ အလကား အဖြစ်မရှိတဲ့ ကောင်လို့လည်း မှတ်ချက်တွေ ပြုကြတာကို ခံရပါသေးတယ်။
.
ကုန်းပေါ် က လုပ်ငန်းကြီးတစ်ခုမှာ အောက်ခြေအဆင့်ကနေ စဝင်ပြီး ၃ နှစ်အကြာမှာပဲ ကျွန်တော်ဟာ အထက်က အရာရှိ လစာကို မီအောင် ရှာဖွေနိုင်ခဲ့ကာ အဲဒီလုပ်ငန်းကြီးမှာပဲ မန်နေဂျာရာထူးကို အဆင့်ဆင့်တိုးမြင့် ရလာခဲ့ပါတော့တယ်။
.
ဒီနောက်မှာတော့ ၃ နှစ်အတွင်းကို ဒီလို ဖြစ်လာအောင် ဘာတွေက ဖြစ်စေခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော် အတော်များများ ဖြေခဲ့ရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ တွန်းအားရော ဆွဲအားရော ရှိနေခဲ့လို့ဖြစ်ပါတယ်။ ကုန်းပေါ်ရောက်ကတည်းက တစ်လ ဝင်ငွေ ဘယ်လောက်ဖြစ်ရမယ် ဘာရာထူး ဘယ်လို အခြေအနေဖြစ်ရမယ်ဆိုတာကို စာရွက်တစ်ရွက်မှာ အသေးစိတ်ချရေးပြီး မျှော်လင့်ချက် ပြင်းပြင်းပျပျ နဲ့ ပန်းတိုင်တွေ စထားပါတယ်။ (အဲဒီ စာရွက်ကလေး အခုထိရှိနေသေးလို့ နောက်ကြုံရင် တင်ပေးပါဦးမယ်)။ ဒါ့အပြင် ကျွန်တော့် စိတ်ထဲမှာ စိုးမိုးနေတာကတော့ သင်္ဘောသားဘဝကို စွန့်ထားခဲ့ပြီး ငါးနှစ်အတွင်း ကုန်းပေါ်မှာမှ နေရာတစ်ခု ရအောင် မလုပ်နိုင်ရင် တကယ်ပဲ ခွေးဖြစ်မှာ အလကားကောင် ဖြစ်မှာဆိုတဲ့ စိတ်ပဲဖြစ်ပါတယ်။ ဒီစိတ်ဟာလည်း ဘယ်လောက် ကြီးမားသလဲဆိုရင် တစ်ချို့ညတွေမှာ ကုန်းပေါ်မှာ အဆင်မပြေလို့ သင်္ဘောပေါ် ပြန်တက်ပြီး အလုပ်လုပ်ရတယ်ဆိုတဲ့ အထိ အိပ်မက်တွေ မက်ရတဲ့အထိ ကြီးခဲ့တာဖြစ်ပါတယ်။
.
ဒါ့အပြင် အဲဒီအချိန်တွေမှာ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေ ကြားမှာ မဝင်ဆံ့ဘူးလို့ ကိုယ့်ဟာကိုယ် ထင်ပြီး သိမ်ငယ်မှုတွေလည်းရှိပါတယ်။ သင်္ဘော ဆက်လိုက်တဲ့ သူငယ်ချင်းတွေ ကျတော့လည်း စာမေးပွဲတွေအောင်ပြီး လစာတွေ အများကြီး ရလာကြသလို ကုန်းပေါ် ကသူငယ်ချင်းတွေ ကျတော့လည်း လုပ်သက်တွေရပြီး လစာရော ရာထူးတွေပါ မြင့်နေကြတဲ့အတွက် ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်္ဘောသားဘဝကနေ ပြောင်းလိုက်တော့ သင်္ဘောသား သူငယ်ချင်းတွေ နဲ့ဖြစ်ဖြစ် ကုန်းပေါ်က သူငယ်ချင်းတွေ နဲ့ဖြစ်ဖြစ် ဆုံလိုက်တိုင်း ကိုယ်ဟာ အရာရာ နောက်ကျနေပါတော့တယ်။ သူငယ်ချင်းတစ်ယောက်က လစာ လေးသိန်းပဲရလို့ စိတ်ညစ်ပါတယ် မလောက်ဘူးလို့ဆိုချိန်မှာ.. တစ်သိန်းခွဲသာ ရသေးတဲ့ ကိုယ့် လစာကို သူများ မေးလိုက်ရင်တော့ ဘယ်လို ဖြေရပါ့မလဲဆိုပြီး တစ်ယောက်တည်း ချွေးတွေပြန်တဲ့ ညစာစားပွဲတွေလည်း အများကြီးပါပဲ။
.
ဒီလို တွန်းအားရော ဆွဲအားရောကို ကျွန်တော်ဟာ သုံးခဲ့တဲ့ အတွက် အနည်းငယ်သော အချိန်လေးအတွင်းမှာ နေရာတစ်ခုကို ရလာနိုင်ခဲ့ပါတယ်။ ဒါဟာ ဘုရင့်နောင် ဖောင်ဖျက်ဆိုတဲ့ နည်းစနစ်က အများဆုံး တွန်းအားပေး ကောင်းကျိုးပေးသွားတာဖြစ်ပါတယ်။
.
အဲဒီတော့ အထက်က နည်းနှစ်ခုမှာ ဘယ်ဟာက ပိုထိရောက်သလဲ ဆိုရင် လူ့သဘာဝအရ ဒုတိယ နည်းဖြစ်တဲ့ အပြစ်ဒဏ် နဲ့နည်းလမ်းက ပိုပြီး ထိရောက်လေ့ရှိပါတယ်။ ဒါ့ကြောင့် တကယ်လို့ မိမိ ရည်မှန်းချက်ကို မရရင် မိမိ ဘယ်လို ဘဝမျိုး ရောက်ပြီး ဘယ်လို အနှိမ်ခံရနိုင်တယ် ဆိုတာမျိုး ပြောင်း စဉ်းစားရင် ပိုပြီး တွန်းအားဖြစ်လာတာကို တွေ့ရနိုင်ပါတယ်။ 
.
ဒါပေမယ့် ဒီလို အပြစ်ဒဏ် နည်းတွေ ဘုရင့်နောင် ဖောင်ဖျက်ခြင်းတွေမှာ သတိထားရမှာ တစ်ခုက လုံးလုံး Hope ဆိုတဲ့ မျှော်လင့်ချက် မရှိတော့တဲ့ အနေအထားတော့ ဖြစ်မနေ ဖို့လိုပါတယ်။ Hope မရှိရင်တော့ အထက်က စမ်းသပ်ချက်ထဲက ပထမ အသုတ် ကြွက်တွေလို ရုန်းကန် ကြိုးစားဖို့ထက် လက်လျော့ အရှုံးပေးဖို့ ကိုသာ အလိုလို ရွေးချယ်မိမှာ ဖြစ်ပါတယ်။ ဥပမာ ဘုရင့်နောင်ရဲ့တပ်က ရန်သူတပ်ကို ဘယ်လို မှ လဲမနိုင်နိုင်ဘူး. အရင် တိုက်သမျှမှာလည်း ရှုံးဖူးတယ်. အရေအတွက်ကလည်း အရမ်းကွာခြားတယ် စစ်ပညာချင်းကလဲ ရန်သူက သာတယ်ဆိုတဲ့ အနေအထားမျိုးမှာ ဘုရင့်နောင်က ဖောင်တွေကို ဖျက်လိုက်ရင် စစ်သည်တွေက ဘယ်လိုများ တုန့်ပြန်မယ် ထင်ပါသလဲ။
.
ဒါ့ကြောင့် မျှော်လင့်ချက်တွေ ထားပြီးရုံနဲ့လည်း မပြီးဘဲ ဒါတွေမရရင် ဘယ်လိုဘဝ ဖြစ်နေမယ် ဆိုတာမျိုး ကိုပါ တွေးကြည့်ရမှာဖြစ်ပြီး လိုအပ်ရင် ဘုရင့်နောင် ဖောင်ဖျက်တဲ့ တိုက်ပွဲမျိုးကိုလည်း ဆင်နွှဲနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ဆိုတဲ့ Possibility က ရာနှုန်း အနည်းငယ် ဖြစ်ဖြစ်ရှိနေဖို့လိုပါတယ်။ ဒါမှ Power of Hope ဆိုတဲ့ မျှော်လင့်ခြင်းရဲ့ စွမ်းအင်တွေကို ရနိုင်မှာပါ။
.
မျှော်လင့်ခြင်း စွမ်းအင်တွေလည်းရှိပြီ. ဖောင်ဖျက်ထားတဲ့ တွန်းအား ကလည်း ရှိနေပြီဆိုတဲ့ နောက်တော့ မိတ်ဆွေ မလုပ်နိုင်စရာ…မအောင်မြင်နိုင်စရာ..ဘာအလုပ်များ ရှိနေဦးမှာလဲ….ဒီနောက်တော့ လှိုင်းကြီးလှေအောက် တောင်ကြီး ဖဝါးအောက်ဆိုတဲ့ စကားအတိုင်း အရာရာဟာ မိတ်ဆွေ ခြေဖဝါးအောက်မှာသာ လာပြီး ခစားရတော့မှာပါပဲ….အဲ….ကိုယ်စီးလာတဲ့ ဖောင်ကို ကိုယ်တိုင်ဖျက်ရဲတဲ့ သတ္တိလေးတော့ လိုတာပေါ့။
.
.
.
.
Kaung Hein Soe
Professional Management Trainer
Keep Reading