Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

10/11/2025

စာဂျပိုးမ​လေး တစ်​ယောက်အ​ကြောင်း

4 mins read
Creative

မန္တ​လေးတက္ကသိုလ်ဝိုင်းထဲရှိ ဝန်ထမ်းအိမ်ရာ တိုက်ခန်း​၏ အခန်းတစ်ခန်းထဲတွင် ​ကောင်​မ​လေးတစ်​​ယောက် စာ​လေ့လာနေသည်။ စာကြည့်စားပွဲမှာ ပြတင်း​ပေါက်နှင့် ကပ်လျက်တွင် ရှိသဖြင့် ပြင်ပရှိ မြင်ကွင်းများကို အထင်းသား ​မြင်​တွေ့​နေနိုင်သည်။ နေ့လည်ခင်း မွန်းလွဲပိုင်း​လောက်မှာ တစ်​ယောက်တည်း သင်္ချာထိုင်တွက်​နေရင်း တိုက်ခန်း မျက်နှာချင်းဆိုင်မှာ ရှိ​သော ထ​နောင်းပင်၊ တမာပင်တို့ဆီ မျက်စိ​ရောက်သွားသည်။ ​​နွေဦးကာလ၊ တ​​ပေါင်းလဖြစ်၍ ​နေပူရှိန်က မပြင်းတပြင်း။ ​​​​​နွေ​လေရူးများလည်း တစ်ချက် တစ်ချက် ​ဝေ့ရမ်း ​တိုက်ခတ်လာသည်။ အလုပ်​သွားသူ သွား၊ ​ကျောင်းသွားသူ သွားနှင့် ​ကောင်မ​လေး ​နေထိုင်ရာ တိုက်ခန်း အ​ဆောက်အအုံမှာ အသံဗလံတို့ တိတ်ဆိတ်​​နေသည်။ ရံဖန်ရံခါမှသာ ​တိုက်ခန်း​​ရှေ့ရှိ ဥယျာဥ်လမ်း​​ပေါ် ဖြတ်သန်းသွား​သော ​မော်တော်ယာဥ် စက်သံအချို့ ကြားရသည်။

​ကောင်မ​​လေးမှာ ဆယ်တန်း​ကျောင်းသူ ဖြစ်သည်။ ​ကောင်မ​လေး တက်​​ရောက်​သော ​ကျောင်းမှာ မနက် (၆) နာရီမှ ​နေ့လည် (၁၂) ထိသာ တက်​ရောက်ရ​​​​သည်။ ​​အိမ်ပြန်​ရောက်၊ နေ့လည်စာ စား၊ တစ်​ရေးတ​​မော အိပ်ပြီးလျှင် ​ကောင်မ​လေးမှာ စာကြည့်စားပွဲ ထိုင်​လေ့ရှိသည်။ ဆယ်တန်း​ကျောင်းသူဖြစ်၍ အခြား အတန်းများ တက်​ရောက်စဥ်ကထက် နှစ်ဆ၊ သုံးဆခန့် စာပိုလုပ်ရသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ ဖြတ်သန်းမှုတွင် ကောင်မ​လေး၏ တစ်ခုတည်း​သော တာဝန်မှာ စာကြိုးစားရန်သာ ဖြစ်သည်။ ပညာ​ရေး အား​​ပေး​သော မိသားစုမှ ​ပေါက်ဖွားလာသူ ဖြစ်သဖြင့် အတန်းပညာသည် ​ကောင်မ​​လေး၏ ကမ္ဘာဖြစ်ခဲ့ရသည်။

​အိမ်နှင့် ​ကျောင်း၊ ​ကျောင်းနှင့် အိမ် ခရီးသည် ​ကောင်မ​​လေးသည် အချိန်အများစုမှာ စာနှင့် မျက်နှာအပ်​နေရသည်။ ​​​​ကျောင်းဖွင့်ရက်များမှာ မနက် (၅) ခွဲခါနီး​လောက်မှ ကပ်ထ၊ အိပ်ချင်မူးတူးနှင့် မျက်နှာသစ်၊ သွားတိုက်၊ ​​ကိုယ်လက်သန့်စင်ပြီး ​ကျောင်းသွားဖို့ ပြင်ဆင်ရသည်။ ​​​ကောင်မ​လေး၏ အ​မေ အဆင်သင့် လုပ်​ပေးထား​​သော ​ပေါင်မုန့်ဘူး (သို့မဟုတ်) ထမင်းဘူးကို ​​ကောက်ယူပြီး ​အ​​ဖေ ​​​စောင့်​နေရာ ကားဆီ ​အမြန် သွားရသည်။ ကား​ပေါ်​ရောက်မှ မနက်စာကို ​လော​​​လော​ ​လော​လော စားရသည်။ ​​ကျောင်းသို့ ​ရောက်လျှင် အတန်းချိန်များ ဆက်တိုက် တက်ရသည်။ တစ်ခါတရံ တချို့ ဆရာများ ခွင့်ယူ​၍ လွတ်​နေ​သော စာသင်ချိန်များတွင်ပင် ​ကောင်မ​လေးတို့ အတန်းထဲရှိ ဂိုက်ဆရာမများ လုပ်ခိုင်း​သော​ ​လေ့ကျင့်ခန်းများကို တကုန်းကုန်း လုပ်ရပြန်သည်။ အိမ်သို့ ပြန်​ရောက်လျှင်လည်း အိမ်စာများက ကပ်ပါလာသည်။ စာ​​ကြွေး မတင်​​​စေရန် ​နေ့စဥ်နှင့်အမျှ စာများ တွက်ချက်၊ ကျက်မှတ်၊ ​လေ့လာရပြန်သည်။ အ​ခြေခံပညာအဆင့်တွင် ​နောက်ဆုံး တက်​ရောက်ရမည့် အတန်း၊ ဘဝကို အဆုံးအဖြတ် ​ပေးမည့် အတန်း ဖြစ်၍ ထိုက်တန်​သော ရင်းနှီးမှုများ ပြု​နေရခြင်းဆိုပြီး ကောင်မ​​လေးမှာ အ​တွေးနယ်ချဲ့​နေချိန် မရပါ။

အမှန်တကယ်မှာ ​ကောင်မ​​လေးသည် ယခုနှစ်​တွင်မှ အထူးတလည် စာကြိုးစား​နေခြင်း မဟုတ်။ သူငယ်တန်းအတွက် ဆုရသူများ စာရင်းတွင် ​ကောင်မ​လေးမှာ ဒုတိယဆုသာ ရ၍ မျက်ရည်ကျခဲ့ဖူးသည်။ ထိုစဥ်ကတည်းက ​တောက်​လျှောက် အစဥ်အဆက် အပြိုင်းအရိုင်း ​ကြိုးစားလာခဲ့သည်။ ​အတန်းစဥ် အဆက်ဆက် ဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး ​ရွယ်တူများ၊ ​ဆွေမျိုးများ၊​ မောင်နှမများကြားတွင်လည်း စာ​တော်​သော ​ကျောင်းသူ၊ စာကြိုးစား​သော ​ကျောင်းသူ တစ်​ယောက်အဖြစ် မျက်နှာပန်းလှခဲ့ရသည်။ မည်သည့်အတွက်​ကြောင့် ဤ​ရွေ့ ဤမျှ စာကြိုးစား​ရသနည်း​ဆိုပြီး တစ်စုံတစ်​​ယောက်က ​ကောင်မ​လေးကို ​မေးမြန်းလာခဲ့ပါက ​ကောင်မ​လေး ​ဖြေတတ်မည် မထင်။ ​ကောင်မ​လေးမှာ စာကလွဲပြီး တခြား လုပ်စရာ အ​ထွေအထူး မရှိ၍ စာကိုသာ ဖိလုပ်​နေခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်းများနှင့် ကစား ​ပျော်ပါး ​ပျော်ရွှင်ခဲ့ရ​သော အချိန်များ ရှိ​သော်လည်း ​​ကောင်မ​လေး၏ အ​ခြေခံပညာ ​ကျောင်းသူဘဝမှာ စာလုပ်​နေခဲ့ရသည့် အချိန်က ပိုအ​လေးသာမည်မှာ ​​ကောင်မ​လေး ကိုယ်တိုင်လည်း မငြင်းနိုင်ပါ။

ကောင်မ​လေးသည် သင်ခန်းစာများ၏ ဖိစီးမှု ဒဏ်ကို အပြင်းအထန် ခံရဖူးသည်။ လေးတန်းနှစ်က အင်္ဂလိပ်စာ ထူးချွန် ပြိုင်ပွဲအတွက် ​ကောင်မ​လေး ဝင်​ရောက် ယှဥ်ပြိုင်ရသည်။ အင်္ဂလိပ်စာ ဆရာမက ​​​ခန့်မှန်း ​မေးခွန်းများအတွက် နမူနာ အက်​ဆေးများကို ကျက်မှတ်ခိုင်းသည်။ မ​ဖြေခင် တစ်ရက်အလိုက ပုံမှန် အတန်းချိန်များပင် လွှတ်ပြီး ဆရာများ ​နား​နေခန်းတွင် ထိုအက်​​ဆေးအပုဒ်ရှည်များကို ထိုင်ကျက်​နေရသည်။ အိမ်ပြန်​ရောက်​တော့လည်း ကျက်​နေရဆဲ။ ညဘက် (၁၁) နာရီ​ကျော်သည်အထိ ​ကောင်မ​လေးမှာ သူ့ထက် အသက်အရွယ်အရ​ရော၊ ပညာအ​ရပါ ကြီးမြင့်သူတို့ လက်စွမ်းပြထားသည့် အ​ကောင်းစား အင်္ဂလိပ်စာ အက်​ဆေးများကို ​ဦး​နှောက်​သေး​​သေး​လေးထဲသို့ အတင်း သွတ်သွင်း​နေရသည်။ ​​သူမ အ​မေပင် ​ကောင်မ​​လေးကို ​စောင့်​နေရင််း ​ဘေးမှာ အိပ်​ပျော်​နေပြီ။ စာပိုဒ်​များက ရှည်၊ ​ဝေါဟာရများက ခက်၊ ဝါကျ တည်​ဆောက်ပုံများက ရှုပ်​ထွေးသဖြင့် ​​ကျောင်းသူ ငယ်ငယ်​လေးမှာ အ​တော်ပင် စိတ်ရှုပ်ပြီး ငိုချင်စိတ်​​ပေါက်​နေခဲ့သည်။ ​ကောင်မ​လေး ဘဝမှာ ထို​နေ့ညကို ​မ​မေ့။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးလည်း သူမ ဘဝမှာ ဘယ်​တော့မှ ထပ်မကြုံချင်ဟု ​တွေးထားခဲ့သည်။

သို့​​သော်လည်း ​​​သူမ၏ ​အ​ခြေခံ​ကျောင်းသူ ခရီးစဥ်တစ်​လျှောက် တစ်​ယောက်တည်း အထီးကျန် စာ​လေ့လာ​နေခဲ့ရသည့်အချိန်က ခပ်များများ။ ​ကောင်မ​လေးအတွက် ကြုံပါများ​တော့လည်း ပုံမှန် ထုံးစံတစ်ခုကဲ့သို့ပင် ဖြစ်​နေသည်။ ကစားမလား၊ စာလုပ်မလားဆိုလျှင် စာလုပ်ဖို့သာ ​ရွေးချယ်ဖြစ်ခဲ့​သော ​​ကောင်မ​လေးသည် ယခုလည်း ​ထ​နောင်းပင်၊ တမာပင်တို့၏ အလှတရားကို ခံစား​နေချိန် မရှိ။ မျက်လုံး အနား​ပေးသည့် သ​ဘော၊ စိတ် အနား​ပေးသည့် သ​​​ဘောဖြင့်သာ မျက်လုံး တစ်ချက် ​ဝေ့ကြည့်လိုက်သည်။ ထို့​နောက် ​တွက်လက်စ သင်္ချာပုစ္ဆာကို ဆက်လက် စဥ်းစား တွက်ချက်​နေသည်။

​ကောင်မ​​လေးသည် ကစားခြင်းကို သ​​ဘောမကျ၍ ပစ်ပယ်ခဲ့ခြင်း မဟုတ်။ ​ကောင်မ​လေးသည် ငယ်စဥ်ကတည်းက ခုန်​ပေါက် ​ပြေးလွှား ကစားရခြင်းများကို သည်း​ခြေကြိုက် ဖြစ်ခဲ့သည်။ ​ပျော်​ပျော်ရွှင်ရွှင် ကစား​နေကြသူများကို မြင်တိုင်းလည်း အားကျမိမြဲ ဖြစ်သည်။ လွတ်လပ် ​ပျော်စရာ​ကောင်း​ခြင်း အရသာကို ​ကောင်မ​​လေးလည်း ခုံမင်ပါသည်။ တစ်ခါက တိုက်ခန်း​အောက်ဆုံးထပ်​ရှေ့ရှိ မြေညီပြင်မှာ က​လေးများ ဥဖမ်းတမ်း ကစား​နေကြသည်ကို ​ကောင်မ​လေးသည် ဝရံတာမှ ​စောင့်ကြည့်​နေဖြစ်ခဲ့သည်။ ငြင်းခုန်သံများ၊ ​​ပျော်ရွှင် ​​အော်ဟစ်သံများကို အတိုင်းသား ကြား​နေရသည်။ ထိုစဥ်က ​ကောင်မ​လေးမှာ မြန်မာစာ ကဗျာတစ်ပုဒ်၏ စကား​ပြေပြန်ထားချက်ကို နှုတ်တိုက် အာဂုံ​ဆောင်နိုင်ဖို့ ကျက်မှတ်​နေချိန်ဖြစ်သည်။ ခုန်​ပေါက် ​ကစား​နေကြ​သော က​လေးများကို ​​ကောင်မ​လေးသည် တိတ်တိတ်​လေး အားကျ​နေမိခဲ့သည်။ ​ဆယ်တန်း ​စာ​မေးပွဲ ပြီးပါက ထိုက​​လေးများနှင့် ဥဖမ်းတိုင်း ကစားဖို့ စိတ်ထဲမှာ ​တေးမှတ်ထားခဲ့သည်။

(၇) တန်းနှစ်တွင် ​ကောင်မ​လေးသည် ​မန္တ​လေးမြို့ရှိ ​​အောင်ချက်အ​ကောင်းဆုံး ​ကိုယ်ပိုင်​ကျောင်းတစ်​ကျောင်းသို့ ​ကျောင်း​ပြောင်းရသည်။ ​ကောင်မ​လေး​အတွက် ပညာ​ရေး ရည်မှန်းချက် ကြီးမား​သော မိဘများက ထို​ကျောင်းသစ်တွင် ​​ပြောင်း​ရွှေ့ပြီး ​ကောင်မ​လေး၏ ပညာ​ရေး ခရီးဆက်​စေရန် စီစဥ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်ကတည်းက သူငယ်ချင်းများနှင့် ​ပျော်​​ပျော်ရွှင်ရွှင် ကစားခြင်းဆိုသည့် အစိတ်အပိုင်းသည် ​​​ကောင်မ​လေး၏ အ​ခြေခံ​ကျောင်းသူဘဝတွင် ​ပျောက်ဆုံးသွားသည်။ စာ​တော်သူများ စု​ဝေးတက်​ရောက်ကြသည့် ​​ကျောင်းတစ်​ကျောင်း ဖြစ်သည့်အတွက် ​ကောင်မ​လေးမှာလည်း ​နောက်ကျမကျန်ခဲ့​စေရန် ပိုမို ကြိုးစားရသည်။ အမီလိုက်ရသည်။ ​ကောင်မ​လေး၏ ကြိုးစားမှုတို့ အရာထင်ခဲ့ပါသည်။

ဘဝတစ်​လျှောက်လုံး စာပဲ လုပ်လာခဲ့သည့် ​​ကောင်မ​လေးသည် စာနှင့် တစ်သားတည်း ဖြစ်မှန်း မသိ ဖြစ်​နေသည်။ တစ်​နေ့တာကို အကျိုးရှိရှိ ကုန်ဆုံးဖို့ ​တစ်စုံတစ်ခု ရှာ​ဖွေ လုပ်​ဆောင်​နေရမည်ဆို၍ စာနှင့် ပတ်သက်​သော အရာများသာ လုပ်​ဆောင်ဖြစ်ခဲ့ပြန်သည်။ ကပ်​ဘေးကာလ အမျိုးမျိုးတွင် သင်တန်းများ တက်​ရောက်ခဲ့သည်။ အသိအမှတ်ပြု လက်မှတ်များ စု​ဆောင်းခဲ့သည်။ ပြင်ပ ဗဟုသုတ စာ​​ပေများ ဖတ်ရှု မှတ်သားခဲ့သည်။ ပညာရှာ​ဖွေ စု​​ဆောင်းခြင်းကို ​မလုပ်မဖြစ် ​နေ့စဥ် တာဝန်တစ်ရပ်အဖြစ် ကောင်မ​လေးက သတ်မှတ်ထားခဲ့သည်။
စာ​လေ့လာ​နေခြင်းသည် အချိန်ကို အကျိုးရှိရှိ အသုံးချ​နေခြင်းဟု ​ကောင်မ​လေးက ယုံကြည်ထားသည်။ အပျင်းကြီးပြီး စာမလုပ်ဖြစ်​သော ​နေ့သည် ပြစ်မှု​မြောက်သ​ယောင် ​​ကောင်မ​လေးက ခံစားရတတ်​သေးသည်။ 

အဆိုင်းမန့်များ၊ အိမ်စာများ၊ ပ​ရောဂျက်များ၊ ကျူတိုရီရယ်များ၊ စာ​မေးပွဲများနှင့် အမြဲလိုလို နပန်းလုံး​နေ​ရသော စာက​လေးမ​လေးသည် အခုလည်း စာကြည့်စားပွဲမှာ ထိုင်​နေရပြန်သည်။ လာမည့် စ​နေ​နေ့တွင် ​ဖြေဆိုရမည့် တက်လက်စ တက္ကသိုလ်၏ အတန်းတင် စာ​မေးပွဲအတွက် စာ​လေ့လာ​နေခြင်း ဖြစ်သည်။ လက်​တော့ပ်မှာ ​မြင်​နေရ​သော ပါဝါပွိုင့် စလိုက်များမှ မျက်လုံးခွာ၍ ​ပြင်ပဆီသို့​ ​ငေးကြည့်လိုက်သည်။ အ​ဝေးဆီမှာ ​တွေ့​နေ​ရ​သော ပိ​တောက်ပင်ကြီးမှ သစ်ရွက်ကိုင်းခက်များ ​လေအတိုက်တွင် ယိမ်းထိုး​နေသည်။ နားထဲတွင် သစ်ရွက်ကိုင်းခက်များ တစ်ခုနှင့် တစ်ခု တွန်းထိုး​​ ထိခတ်နေသံကိုပါ ကြား​နေရ​သ​ယောင်။ ​​မိုးသက်​လေ ​အေး​မြမြသည်လည်း ​ပြတင်းတံခါးဆီမှတစ်ဆင့် ​ကောင်မ​လေးဆီသို့ တိုး​​ဝှေ့ ဝင်​ရောက်လာသည်။ ​​​ကောင်မ​​လေးသည် လေနု​အေး ​မွှေး​​​မွှေးကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး​​နောက် သင်ခန်းစာ ပါဝါပွိုင့်စလိုက်များဆီ အာရုံအစုံကို ​ပြန်​နေရာချထားလိုက်ပါသည်။

30.7.25 (Wed)

Keep Reading

စားသောက်ဆိုင်၊ ဆိုင်ခန်းတွေ လူစည်ကားစေဖို့နိုးထခြင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာ" ဘဝထဲက သက်ပြင်းတွေ "တနေ့တာတုန်ခါမှု ထ​ရော်မာ လောကအလှဆင်သူများ~Beautifiers of the World~"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ပျောက်ကွယ်မသွားအမွေနှစ်များ....ကောင်းကင်ထက်က ငှက်ငယ်လေး