နွယ်ငြိမ်းလင်းပွင့်
မန္တလေးတက္ကသိုလ်ဝိုင်းထဲရှိ ဝန်ထမ်းအိမ်ရာ တိုက်ခန်း၏ အခန်းတစ်ခန်းထဲတွင် ကောင်မလေးတစ်ယောက် စာလေ့လာနေသည်။ စာကြည့်စားပွဲမှာ ပြတင်းပေါက်နှင့် ကပ်လျက်တွင် ရှိသဖြင့် ပြင်ပရှိ မြင်ကွင်းများကို အထင်းသား မြင်တွေ့နေနိုင်သည်။ နေ့လည်ခင်း မွန်းလွဲပိုင်းလောက်မှာ တစ်ယောက်တည်း သင်္ချာထိုင်တွက်နေရင်း တိုက်ခန်း မျက်နှာချင်းဆိုင်မှာ ရှိသော ထနောင်းပင်၊ တမာပင်တို့ဆီ မျက်စိရောက်သွားသည်။ နွေဦးကာလ၊ တပေါင်းလဖြစ်၍ နေပူရှိန်က မပြင်းတပြင်း။ နွေလေရူးများလည်း တစ်ချက် တစ်ချက် ဝေ့ရမ်း တိုက်ခတ်လာသည်။ အလုပ်သွားသူ သွား၊ ကျောင်းသွားသူ သွားနှင့် ကောင်မလေး နေထိုင်ရာ တိုက်ခန်း အဆောက်အအုံမှာ အသံဗလံတို့ တိတ်ဆိတ်နေသည်။ ရံဖန်ရံခါမှသာ တိုက်ခန်းရှေ့ရှိ ဥယျာဥ်လမ်းပေါ် ဖြတ်သန်းသွားသော မော်တော်ယာဥ် စက်သံအချို့ ကြားရသည်။
ကောင်မလေးမှာ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ ကောင်မလေး တက်ရောက်သော ကျောင်းမှာ မနက် (၆) နာရီမှ နေ့လည် (၁၂) ထိသာ တက်ရောက်ရသည်။ အိမ်ပြန်ရောက်၊ နေ့လည်စာ စား၊ တစ်ရေးတမော အိပ်ပြီးလျှင် ကောင်မလေးမှာ စာကြည့်စားပွဲ ထိုင်လေ့ရှိသည်။ ဆယ်တန်းကျောင်းသူဖြစ်၍ အခြား အတန်းများ တက်ရောက်စဥ်ကထက် နှစ်ဆ၊ သုံးဆခန့် စာပိုလုပ်ရသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ ဖြတ်သန်းမှုတွင် ကောင်မလေး၏ တစ်ခုတည်းသော တာဝန်မှာ စာကြိုးစားရန်သာ ဖြစ်သည်။ ပညာရေး အားပေးသော မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သဖြင့် အတန်းပညာသည် ကောင်မလေး၏ ကမ္ဘာဖြစ်ခဲ့ရသည်။
အိမ်နှင့် ကျောင်း၊ ကျောင်းနှင့် အိမ် ခရီးသည် ကောင်မလေးသည် အချိန်အများစုမှာ စာနှင့် မျက်နှာအပ်နေရသည်။ ကျောင်းဖွင့်ရက်များမှာ မနက် (၅) ခွဲခါနီးလောက်မှ ကပ်ထ၊ အိပ်ချင်မူးတူးနှင့် မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီး ကျောင်းသွားဖို့ ပြင်ဆင်ရသည်။ ကောင်မလေး၏ အမေ အဆင်သင့် လုပ်ပေးထားသော ပေါင်မုန့်ဘူး (သို့မဟုတ်) ထမင်းဘူးကို ကောက်ယူပြီး အဖေ စောင့်နေရာ ကားဆီ အမြန် သွားရသည်။ ကားပေါ်ရောက်မှ မနက်စာကို လောလော လောလော စားရသည်။ ကျောင်းသို့ ရောက်လျှင် အတန်းချိန်များ ဆက်တိုက် တက်ရသည်။ တစ်ခါတရံ တချို့ ဆရာများ ခွင့်ယူ၍ လွတ်နေသော စာသင်ချိန်များတွင်ပင် ကောင်မလေးတို့ အတန်းထဲရှိ ဂိုက်ဆရာမများ လုပ်ခိုင်းသော လေ့ကျင့်ခန်းများကို တကုန်းကုန်း လုပ်ရပြန်သည်။ အိမ်သို့ ပြန်ရောက်လျှင်လည်း အိမ်စာများက ကပ်ပါလာသည်။ စာကြွေး မတင်စေရန် နေ့စဥ်နှင့်အမျှ စာများ တွက်ချက်၊ ကျက်မှတ်၊ လေ့လာရပြန်သည်။ အခြေခံပညာအဆင့်တွင် နောက်ဆုံး တက်ရောက်ရမည့် အတန်း၊ ဘဝကို အဆုံးအဖြတ် ပေးမည့် အတန်း ဖြစ်၍ ထိုက်တန်သော ရင်းနှီးမှုများ ပြုနေရခြင်းဆိုပြီး ကောင်မလေးမှာ အတွေးနယ်ချဲ့နေချိန် မရပါ။
အမှန်တကယ်မှာ ကောင်မလေးသည် ယခုနှစ်တွင်မှ အထူးတလည် စာကြိုးစားနေခြင်း မဟုတ်။ သူငယ်တန်းအတွက် ဆုရသူများ စာရင်းတွင် ကောင်မလေးမှာ ဒုတိယဆုသာ ရ၍ မျက်ရည်ကျခဲ့ဖူးသည်။ ထိုစဥ်ကတည်းက တောက်လျှောက် အစဥ်အဆက် အပြိုင်းအရိုင်း ကြိုးစားလာခဲ့သည်။ အတန်းစဥ် အဆက်ဆက် ဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး ရွယ်တူများ၊ ဆွေမျိုးများ၊ မောင်နှမများကြားတွင်လည်း စာတော်သော ကျောင်းသူ၊ စာကြိုးစားသော ကျောင်းသူ တစ်ယောက်အဖြစ် မျက်နှာပန်းလှခဲ့ရသည်။ မည်သည့်အတွက်ကြောင့် ဤရွေ့ ဤမျှ စာကြိုးစားရသနည်းဆိုပြီး တစ်စုံတစ်ယောက်က ကောင်မလေးကို မေးမြန်းလာခဲ့ပါက ကောင်မလေး ဖြေတတ်မည် မထင်။ ကောင်မလေးမှာ စာကလွဲပြီး တခြား လုပ်စရာ အထွေအထူး မရှိ၍ စာကိုသာ ဖိလုပ်နေခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်းများနှင့် ကစား ပျော်ပါး ပျော်ရွှင်ခဲ့ရသော အချိန်များ ရှိသော်လည်း ကောင်မလေး၏ အခြေခံပညာ ကျောင်းသူဘဝမှာ စာလုပ်နေခဲ့ရသည့် အချိန်က ပိုအလေးသာမည်မှာ ကောင်မလေး ကိုယ်တိုင်လည်း မငြင်းနိုင်ပါ။
ကောင်မလေးသည် သင်ခန်းစာများ၏ ဖိစီးမှု ဒဏ်ကို အပြင်းအထန် ခံရဖူးသည်။ လေးတန်းနှစ်က အင်္ဂလိပ်စာ ထူးချွန် ပြိုင်ပွဲအတွက် ကောင်မလေး ဝင်ရောက် ယှဥ်ပြိုင်ရသည်။ အင်္ဂလိပ်စာ ဆရာမက ခန့်မှန်း မေးခွန်းများအတွက် နမူနာ အက်ဆေးများကို ကျက်မှတ်ခိုင်းသည်။ မဖြေခင် တစ်ရက်အလိုက ပုံမှန် အတန်းချိန်များပင် လွှတ်ပြီး ဆရာများ နားနေခန်းတွင် ထိုအက်ဆေးအပုဒ်ရှည်များကို ထိုင်ကျက်နေရသည်။ အိမ်ပြန်ရောက်တော့လည်း ကျက်နေရဆဲ။ ညဘက် (၁၁) နာရီကျော်သည်အထိ ကောင်မလေးမှာ သူ့ထက် အသက်အရွယ်အရရော၊ ပညာအရပါ ကြီးမြင့်သူတို့ လက်စွမ်းပြထားသည့် အကောင်းစား အင်္ဂလိပ်စာ အက်ဆေးများကို ဦးနှောက်သေးသေးလေးထဲသို့ အတင်း သွတ်သွင်းနေရသည်။ သူမ အမေပင် ကောင်မလေးကို စောင့်နေရင််း ဘေးမှာ အိပ်ပျော်နေပြီ။ စာပိုဒ်များက ရှည်၊ ဝေါဟာရများက ခက်၊ ဝါကျ တည်ဆောက်ပုံများက ရှုပ်ထွေးသဖြင့် ကျောင်းသူ ငယ်ငယ်လေးမှာ အတော်ပင် စိတ်ရှုပ်ပြီး ငိုချင်စိတ်ပေါက်နေခဲ့သည်။ ကောင်မလေး ဘဝမှာ ထိုနေ့ညကို မမေ့။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးလည်း သူမ ဘဝမှာ ဘယ်တော့မှ ထပ်မကြုံချင်ဟု တွေးထားခဲ့သည်။
သို့သော်လည်း သူမ၏ အခြေခံကျောင်းသူ ခရီးစဥ်တစ်လျှောက် တစ်ယောက်တည်း အထီးကျန် စာလေ့လာနေခဲ့ရသည့်အချိန်က ခပ်များများ။ ကောင်မလေးအတွက် ကြုံပါများတော့လည်း ပုံမှန် ထုံးစံတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ကစားမလား၊ စာလုပ်မလားဆိုလျှင် စာလုပ်ဖို့သာ ရွေးချယ်ဖြစ်ခဲ့သော ကောင်မလေးသည် ယခုလည်း ထနောင်းပင်၊ တမာပင်တို့၏ အလှတရားကို ခံစားနေချိန် မရှိ။ မျက်လုံး အနားပေးသည့် သဘော၊ စိတ် အနားပေးသည့် သဘောဖြင့်သာ မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် တွက်လက်စ သင်္ချာပုစ္ဆာကို ဆက်လက် စဥ်းစား တွက်ချက်နေသည်။
ကောင်မလေးသည် ကစားခြင်းကို သဘောမကျ၍ ပစ်ပယ်ခဲ့ခြင်း မဟုတ်။ ကောင်မလေးသည် ငယ်စဥ်ကတည်းက ခုန်ပေါက် ပြေးလွှား ကစားရခြင်းများကို သည်းခြေကြိုက် ဖြစ်ခဲ့သည်။ ပျော်ပျော်ရွှင်ရွှင် ကစားနေကြသူများကို မြင်တိုင်းလည်း အားကျမိမြဲ ဖြစ်သည်။ လွတ်လပ် ပျော်စရာကောင်းခြင်း အရသာကို ကောင်မလေးလည်း ခုံမင်ပါသည်။ တစ်ခါက တိုက်ခန်းအောက်ဆုံးထပ်ရှေ့ရှိ မြေညီပြင်မှာ ကလေးများ ဥဖမ်းတမ်း ကစားနေကြသည်ကို ကောင်မလေးသည် ဝရံတာမှ စောင့်ကြည့်နေဖြစ်ခဲ့သည်။ ငြင်းခုန်သံများ၊ ပျော်ရွှင် အော်ဟစ်သံများကို အတိုင်းသား ကြားနေရသည်။ ထိုစဥ်က ကောင်မလေးမှာ မြန်မာစာ ကဗျာတစ်ပုဒ်၏ စကားပြေပြန်ထားချက်ကို နှုတ်တိုက် အာဂုံဆောင်နိုင်ဖို့ ကျက်မှတ်နေချိန်ဖြစ်သည်။ ခုန်ပေါက် ကစားနေကြသော ကလေးများကို ကောင်မလေးသည် တိတ်တိတ်လေး အားကျနေမိခဲ့သည်။ ဆယ်တန်း စာမေးပွဲ ပြီးပါက ထိုကလေးများနှင့် ဥဖမ်းတိုင်း ကစားဖို့ စိတ်ထဲမှာ တေးမှတ်ထားခဲ့သည်။
(၇) တန်းနှစ်တွင် ကောင်မလေးသည် မန္တလေးမြို့ရှိ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းတစ်ကျောင်းသို့ ကျောင်းပြောင်းရသည်။ ကောင်မလေးအတွက် ပညာရေး ရည်မှန်းချက် ကြီးမားသော မိဘများက ထိုကျောင်းသစ်တွင် ပြောင်းရွှေ့ပြီး ကောင်မလေး၏ ပညာရေး ခရီးဆက်စေရန် စီစဥ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်ကတည်းက သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင် ကစားခြင်းဆိုသည့် အစိတ်အပိုင်းသည် ကောင်မလေး၏ အခြေခံကျောင်းသူဘဝတွင် ပျောက်ဆုံးသွားသည်။ စာတော်သူများ စုဝေးတက်ရောက်ကြသည့် ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက် ကောင်မလေးမှာလည်း နောက်ကျမကျန်ခဲ့စေရန် ပိုမို ကြိုးစားရသည်။ အမီလိုက်ရသည်။ ကောင်မလေး၏ ကြိုးစားမှုတို့ အရာထင်ခဲ့ပါသည်။
ဘဝတစ်လျှောက်လုံး စာပဲ လုပ်လာခဲ့သည့် ကောင်မလေးသည် စာနှင့် တစ်သားတည်း ဖြစ်မှန်း မသိ ဖြစ်နေသည်။ တစ်နေ့တာကို အကျိုးရှိရှိ ကုန်ဆုံးဖို့ တစ်စုံတစ်ခု ရှာဖွေ လုပ်ဆောင်နေရမည်ဆို၍ စာနှင့် ပတ်သက်သော အရာများသာ လုပ်ဆောင်ဖြစ်ခဲ့ပြန်သည်။ ကပ်ဘေးကာလ အမျိုးမျိုးတွင် သင်တန်းများ တက်ရောက်ခဲ့သည်။ အသိအမှတ်ပြု လက်မှတ်များ စုဆောင်းခဲ့သည်။ ပြင်ပ ဗဟုသုတ စာပေများ ဖတ်ရှု မှတ်သားခဲ့သည်။ ပညာရှာဖွေ စုဆောင်းခြင်းကို မလုပ်မဖြစ် နေ့စဥ် တာဝန်တစ်ရပ်အဖြစ် ကောင်မလေးက သတ်မှတ်ထားခဲ့သည်။
စာလေ့လာနေခြင်းသည် အချိန်ကို အကျိုးရှိရှိ အသုံးချနေခြင်းဟု ကောင်မလေးက ယုံကြည်ထားသည်။ အပျင်းကြီးပြီး စာမလုပ်ဖြစ်သော နေ့သည် ပြစ်မှုမြောက်သယောင် ကောင်မလေးက ခံစားရတတ်သေးသည်။
အဆိုင်းမန့်များ၊ အိမ်စာများ၊ ပရောဂျက်များ၊ ကျူတိုရီရယ်များ၊ စာမေးပွဲများနှင့် အမြဲလိုလို နပန်းလုံးနေရသော စာကလေးမလေးသည် အခုလည်း စာကြည့်စားပွဲမှာ ထိုင်နေရပြန်သည်။ လာမည့် စနေနေ့တွင် ဖြေဆိုရမည့် တက်လက်စ တက္ကသိုလ်၏ အတန်းတင် စာမေးပွဲအတွက် စာလေ့လာနေခြင်း ဖြစ်သည်။ လက်တော့ပ်မှာ မြင်နေရသော ပါဝါပွိုင့် စလိုက်များမှ မျက်လုံးခွာ၍ ပြင်ပဆီသို့ ငေးကြည့်လိုက်သည်။ အဝေးဆီမှာ တွေ့နေရသော ပိတောက်ပင်ကြီးမှ သစ်ရွက်ကိုင်းခက်များ လေအတိုက်တွင် ယိမ်းထိုးနေသည်။ နားထဲတွင် သစ်ရွက်ကိုင်းခက်များ တစ်ခုနှင့် တစ်ခု တွန်းထိုး ထိခတ်နေသံကိုပါ ကြားနေရသယောင်။ မိုးသက်လေ အေးမြမြသည်လည်း ပြတင်းတံခါးဆီမှတစ်ဆင့် ကောင်မလေးဆီသို့ တိုးဝှေ့ ဝင်ရောက်လာသည်။ ကောင်မလေးသည် လေနုအေး မွှေးမွှေးကို တစ်ဝကြီး ရှူသွင်းလိုက်ပြီးနောက် သင်ခန်းစာ ပါဝါပွိုင့်စလိုက်များဆီ အာရုံအစုံကို ပြန်နေရာချထားလိုက်ပါသည်။
30.7.25 (Wed)
Keep Reading