Author's Profile Photo

Raven Linn

6/07/2025

တာဝန်ယူကြည့်ပါ

2 mins read
Personal Development
Startup
Self Improvement

ဒီနေ့ ကျွန်တော်က
စာသင်ဝိုင်းတွေကို စာသင်ပြီးအပြန်မှာ
City mart ထဲဝင်ပြီး coffe mix တစ်ပါကင်နဲ့အတူတွဲစားလို့ အဆင်ပြေမယ့်
ကိတ်မုန့်တစ်ဘူး ဝယ်ပြီး
ငွေအချို့ထည့်ထားတဲ့ စာအိတ်ကို ကိုင်ကာ
အိမ်ကို တန်းမပြန်ဘဲ
ကျွန်တော့် အဘိုးအိမ်ဘက်ကို
သဝေထိုးခဲ့ပါတယ်
("ဒီနေ့" လို့ သုံးနှုန်းလိုက်ပေမယ့်လည်း
ဒါဟာ လကုန်လို့ လစာထုတ်ရက် ရောက်တိုင်း
ကျွန်တော်လုပ်နေကျ အလုပ်တစ်ခုလည်း
ဖြစ်ပါတယ်)

အမှန်စင်စစ် ကျွန်တော့်အဘိုးက
Financial status (ငွေရေးကြေးရေး)
အတော်အသင့်ပြည့်စုံပြီး
ကျွန်တော်တို့ မြေးတွေ/သားသမီးတွေ
မထောက်ပံ့လည်း သူ့ဘာသာ ရပ်တည်နိုင်တဲ့
Independent Grandpa တစ်ဦးဖြစ်ပါတယ်
ဒါပေမယ့် အရွယ်ရောက်ပြီးသား
မြေးတစ်ယောက်အနေနဲ့
ကျွန်တော်က အဘိုးရဲ့ ဆေးဖိုးဝါးခလေးဖြစ်ဖြစ် ဓာတ်စာဖိုးလေးပဲဖြစ်ဖြစ် အနည်းအကျဉ်းတော့ တာဝန်ယူချင်မိပါတယ်

ဒါဟာ ကျွန်တော့်ရဲ့ စိတ်ဆန္ဒအရ
အလိုလို ဖြစ်ပေါ်လာတဲ့ သဒ္ဓါစိတ် ဖြစ်သလို
အသက် ၁၈ နှစ်နဲ့ အိမ်ထောင်ပြုခဲ့တဲ့
အဘိုးရဲ့သမီးဖြစ်တဲ့ အမေ့ကိုယ်စား
နိုင်သလောက်လေး ကျေးဇူးဆပ်ခွင့်
ရတယ်လို့လည်း မှတ်ယူထားပါတယ်
(အမေက အရင်ကနေ အခုချိန်ထိ
အိမ်ထောင်ရှင်မ (မှီခို) တစ်ယောက်ပါ)

ကျူရှင်ဆရာ/ဂိုက်ဆရာတစ်ယောက်ဖြစ်တဲ့
ကျွန်တော့်ရဲ့ လစာဝင်ငွေနဲ့
အိမ်ရဲ့တာဝန်ကို နိုင်သလောက်ထမ်းနိုင်ပြီး
ကျောင်းမပြီးသေးတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း
မျက်နှာမငယ်ရအောင်
အစစ အရာရာ စီမံနိုင်တဲ့ အပြင်
အဘိုးကိုပါ နိုင်သ‌လောက် ပုံမှန်လေး
ပြန်ကြည့်နိုင်တော့ ကျွန်တော့်ရဲ့
အရည်အချင်းကို ယုံကြည်ပြီး အပ်နှံပေးတဲ့
ကျောင်းသားမိဘတွေကို ကျေးဇူးတင်သလို
ကိုယ့်ကိုယ်ကိုယ်လည်း အနည်းအကျဉ်းတော့
ဂုဏ်ယူမိပါတယ်

ကျွန်တော်ဟာ ငယ်စဥ်ထဲက
တအားချူချာပြီး Physically(ရုပ်ပိုင်းဆိုင်ရာ)ရော
mentally (စိတ်ပိုင်းဆိုင်ရာ) အရပါ
ကြံ့ခိုင်ခြင်း မရှိပါဘူး

သို့ပေမယ့်လည်း အရွယ်ရောက်လာလို့
ရှောင်လွှဲမရတဲ့ တာဝန်ယူရမယ့်
အပိုင်းလေးတွေ ရှိလာတဲ့အခါ
ကိုယ့်ဘက်က ပြန်လည်ဖြည့်ဆည်းပေးချင်တဲ့
ဆန္ဒလေးတွေရဲ့ တွန်းအားကြောင့်
မနက် ၇ နာရီကနေ ည ၁၀ နာရီ အထိကို
ဘဝတက်လမ်းအတွက် ပြုံးပြုံးလေး
ရှေ့ဆက်ရပါတယ်၊
နေမကောင်းဖြစ်လည်း ဆေးသောက်ပြီး
ကျောင်းသားတွေဆီရောက်အောင်သွားပါတယ်၊
ကိုယ်တွေလက်တွေကိုက်ပြီး မထချင်လည်း
ကိုယ့်ကိုယ်ကိုယ် အမိန့်ပေးပြီး အပြင်ပို့ပါတယ်၊
မိုးအေးအေးလေးနဲ့ စောင်ခြုံပြီး အိပ်ယာထဲ
ကွေးချင်လည်း ပုဆိုး ရေစိုနဲ့ လမ်းပေါ်မှာ
ပြေးလွှားနေပါတယ် ၊ နေပူပူကိုအန်တုရင်း
ထီးတစ်ချောင်းကို အဖော်ပြုပြီး
အိမ်ဝိုင်းတွေဆီ အမှီ ပြေးပါတယ်၊
Bus ကားတိုးစီးရင်း ထိုင်ခုံမရလည်း
"ကျူရှင်ရောက်ရင် အဝထိုင်မယ်" လို့
ကိုယ့်ကိုယ်ကို အရွဲ့တိုက် အားပေးရင်း
မျက်စိစုံမှိတ် အံကိုကြိတ်ပြီး
မှတ်တိုင်ရောက်တဲ့ အထိ မတ်တပ်ရပ်ပါတယ်

တိုက်တာ အဆောက်အဦး‌တွေထဲ
စာသင်နေရင်း မိုးလေးများ သည်းကြီးမည်းကြီးရွာရင်" ဒီနှစ်‌ေတာ့ ငါ့မိသားစုကို မိုးလုံလေလုံ
ခိုင်ခိုင်ခံ့ခံ့ နေရာလေးမှာ ထားနိုင်ခဲ့ပြီ" ဆိုတဲ့
အတွေးလေးကြောင့် ပီတိဖြစ်ရပါတယ်
(အရင်နှစ်တွေကလို အဖေအလုပ်သွားရင်
အမေတစ်ယောက်ထဲ မိုးယိုနေတဲ့ အိမ်မှာ
ကူရာမဲ့နေမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့)

"အိမ်လစာ ပေးမယ်၊
အဖေနဲ့အမေကို ကိုယ်နိုင်သလောက်
အသုံးစရိတ်လေးပေးမယ် ၊
ညီလေးနှစ်ယောက်ကို
သူတို့လိုချင်နေတာလေး ဝယ်ပေးမယ် ၊
ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ယူရမယ် ၊
အဘိုးကို ဆေးဖိုးလေး နိုင်သလောက် ပေးမယ်၊
ပိုတာလေး ခြစ်ကုပ်စုဆောင်းရမယ်" ဆိုတဲ့
စိတ်ဆန္ဒ‌ ပိစိလေးတွေက ကျွန်တော့်ကို
အဆုံးမရှိတဲ့ အားအင်တွေပေးပြီး
အရှေ့ဆုံးရောက်‌အောင် တွန်းပို့ခဲ့ပါတယ်

ဒီစိတ်လေးတွေ‌ကြောင့်ပဲ
ကျွန်တော်ဟာ အခုချိန်မှာ ရုပ်ပိုင်းဆိုင်ရာအရ
ပျော့ညံ့ နေရင်တောင် စိတ်ပိုင်းဆိုင်ရာ
အရတော့ လုံလုံလောက် သန်မာနေခဲ့ပြီဖြစ်ပါတယ်

ဒါတွေဟာ အရွယ်ရောက်ပြီးသား
ယောက်ျားလေးတိုင်း တာဝန်ယူရမယ့်
သာမန် အပိုင်းကဏ္ဍတွေ ဆိုပေမယ့်
ကျောင်းမပြီး/ဘွဲ့မရသေးတဲ့ တက္ကသိုလ်
second year (ဒုတိယနှစ်) ကျောင်းသားတစ်ယောက်အတွက်ဆိုရင်တော့ အင်မတန်
ဂုဏ်ယူစရာကောင်းပါတယ်
ဒီလို တာဝန်ယူစိတ်တွေနဲ့ပဲ လိမ်ဖယ်လိမ်ဖယ်နဲ့
ကျွန်တော် အခု final year ရောက်ခဲ့ပါပြီ

အတိတ်ရဲ့ နေ့ရက်တွေကို ပြန်တွေးတိုင်း
အားအင်အပြည့်နဲ့ ရုန်းကန်နေခဲ့တဲ့
လူငယ်လေး လင်းထက်မိုးကို
ဝေဝေဝါးဝါး ပြန်မြင်‌ယောင်ပါတယ်
မျှော်လင့်ချက်အပြည့်နဲ့ ကြိုးစားခဲ့တဲ့
အတိတ်က သူဟာ တာဝန်ယူစိတ်အပြည့်နဲ့
သူဖြစ်တာလေးတွေ လုပ်ခွင့်ရနေတဲ့
ကျွန်တော့်ကို မြင်ရင် ဘယ်လောက်တောင်
ဂုဏ်ယူလိုက်မလဲနော်

ဒါကြောင့် ကျွန်တော့်ကို ဘဝတက်လမ်းနဲ့
ပတ်သတ်ပြီး အကြံဉာဏ်တောင်းမယ် / motivation လုပ်ခိုင်းမယ် ဆိုရင်တော့
"တာဝန်ယူကြည့်ပါ" လို့ပဲ အကြံပေးပါရစေ
"မဖြစ်နိုင်ဘူး /မလုပ်နိုင်ဘူး" လို့ ထင်ရတဲ့အခါ
ကိုယ်နိုင်တဲ့ အပိုင်းကနေ တာဝန်ယူစိတ်လေး
ထားကြည့်ပါ
စကားပုံလေးတစ်ခုတောင် ရှိတယ်မလား
"ပေးချင်ကမ်းချင်တဲ့ စိတ်ကြောင့်ပဲ
ပေးနိုင်ကမ်းနိုင်သူ ဖြစ်ရတယ်" တဲ့
ဒီလိုပါပဲ ဖြစ်ချင်တဲ့စိတ်ကြောင့်ပဲ
ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်လာနိုင်ပါတယ်
(စိတ်ရှည် ဇွဲရှိဖို့တော့လည်း မမေ့ပါနဲ့)

#LifeOfAYoungMan
#MyResponsibility
#FromStruggleToStrength
#KeepPushing
#GratitudeAndGrowth
#BurmaYouth
#MotivationForLife
#FinalYearJourney
#MyStoryMyWay
#SarPhat
#RavenLinn

Keep Reading

ချေးများစေ့စပ်တဲ့သူစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်မရိုးတရိုးအာရုံစူးစိုက်မှုတာဝန်ယူကြည့်ပါအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါ