Author's Profile Photo

Tawtawti

1/07/2025

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်း

9 mins read
Art
Novel

#အပိုင်း(5)

ဘာကိစ္စမှာပဲ ဖြစ်ဖြစ်
လူတစ်ယောက်ရဲ့ အရည်အချင်းဟာ
ထူးချွှန်မှုရအောင်
ဘယ်လောက်ကြိုးစားသလဲဆိုတာနဲ့
တိုက်ရိုက် အချိုးကျ ဆက်စပ်နေတယ်

-ဗင့်စ်လွန်ဘာဒီ

...............................................

#ဂျော့ နှင့် IC လမ်းခွဲ

"မင်းရလာတဲ့ငွေက Iron Cross Brand ငှားလိုက်ဖို့ကျ မတတ်နိုင်ဘူးကွ "

"ဒါတောင် ဆယ်တန်းအောင်လို့ဆို မြေကွက်ရောင်းပေးလိုက်တာပဲ အာစရိရာ၊ ယုံကြည်အောင်လည်း ပေးလိုက်ရတဲ့ ကတိ၊တည်အောင်တော့ လုပ်ရမှာပဲ
ကဲ..ဘယ်လိုလုပ်ကြမလဲ "

J ထွန်းနှင့်ဂျော့ အပြန်အလှန် ပြောဆိုကြရင်း စီးရီးသွင်းယူရေးအတွက် စဥ်းစားနေကြသည်။

Jထွန်းက...

"ကဲ...ခုတော့မှဖြင့် ဒီလိုလုပ်..၊မင်းက IC ခရေဇီမို့ IC နဲ့ လက်တွဲချင်တာကတစ်ပိုင်း၊ဒါပေမယ့် ကိုယ့်စီးရီးဖြစ်မြောက်ဖို့က ကိုယ့်ငွေနဲ့လုံလောက်ဖို့က အရင်ဆိုတော့ အဓိက ကိုဦးစားပေးရလိမ့်မယ်၊ဖြစ်သင့်တာဖြစ်ပြီးမှ ဖြစ်ချင်တာနောက် လိုက်ကြရရုံပေါ့၊ဒီဦးဆုံးအခွေကို ဆက်ရှင်လိုက်တီးတဲ့ ပလေယာတွေနဲ့ပဲ ချိတ်ဆက်ပြီး လုက်ကြမယ်၊သူတို့လည်း.ပရော်ဖက်ရှင်နယ်အတီးသမားတွေပဲ၊မင်းအခွေကို အောင်မြင်အောင် နာမည်ပျက်မခံဘဲ အကောင်းဆုံးဖန်တီးပေးကြမှာပါ၊ Bandနာမည်မခံရတာပဲရှိမယ်၊ဒါမှမဟုတ် Band နာမည် တစ်ခုခုတပ်ကြတာပေါ့ကွာ၊စိန်ခေါ်မှုတွေဟာ..ခြေနင်းခုံလည်းဖြစ်နိုင်တယ်..အတားအဆီးလည်း ဖြစ်နိုင်တယ်၊ပြဿနာက စိန်ခေါ်မှုတွေကို မင်းဘယ်လိုမြင်သလဲပဲ၊တို့..ခြေနင်းခုံလိုသဘောထားကြမယ်"

ဂျော့နားဝင်အောင်ပြောပြသည်။

"အာစရိကလည်း ကျန်နော့်ကို အောင်မြင်စေချင်သူဆိုတော့ အာစရိစိတ်တိုင်းကြသာ ဦးဆောင်ပေးပါတော့၊အာစရိက ကျန်နော့်ရဲ့ မန်နေဂောပေါ့ "

ဂျော့က သဘောတူလာတော့ Jထွန်းလည်း...

"ကဲ..ဒါဖြင့်..တို့ ရန်ကုန်တက်ရမယ်၊ဟိုမှာ. ငါ့အသိ စတူဒီယို တစ်ခု ရှိတယ်၊သူ့ဆီမှာက စီးရီးအချောသတ်သွင်းဖို့ အသံပိုင်းဆိုင်ရာစိတ်ချရတယ်၊ အေးဆေးလည်း ကပ်နေလို့ရတယ်၊တို့အားလုံးပြီးမှ ပြန်လာမယ်၊မင်းငွေကလည်း ပလေယာဖိုးနဲ့သွင်းယူခလောက်ပဲ ရှိတာဆိုတော့ နေရင်းထိုင်ရင်းက ထုတ်ဝေပေးမယ့် ပရိုဂျူဆာကလည်း ထပ်ရှာ ချိတ်ဆက်ရဦးမှာ၊ဒါတောင် သီချင်းတွေက ကြားထဲမှာ ငါနဲ့မင်းရေးထားတာတွေရှိလို့ မဝယ်ရလို့ "

"ဟုတ်ကဲ့..၊ဒီတစ်ပေါက်ပဲ ရှိတော့တာပဲ ၊ချကြရတာပေါ့ အာစရိရာ ၊
အတွေ့အကြုံရှိတဲ့ မပူလောင်တဲ့ အဖြူရောင်အာစရိနဲ့သာ ကျန်နော်မကြုံခဲ့ရင် ပိုရွာလည်မှာပေါ့၊ကျောင်းဆက်တက်ဖို့ကလည်း အဝေးသင်လောက်ပဲ တွေးပါတယ်၊အရေးကြီးတာက ဝါသနာပါတဲ့အတိုင်း အဆိုတော် ဖြစ်တည်ဖို့ပဲ "

Jထွန်း၏နေအိမ် အပြင်ဘက်တွင် မိုးညိုအုံ့စိုင်းလာ၏။
ဂျော့ သက်ပြင်း ခပ်ဖွဖွချမိသည်။

ဂျော့ခမျာ..Iron Cross(IC) Band နှင့်တော့ မဆုံခင်ကတည်းကကို လမ်းခွဲနှင့်ရချေပြီ။

ဂျော့..ချစ်ရပါသော IC ။

IC နှင့်ဂျော့။

ကတ္တီပါလမ်းခွဲ
သို့မဟုတ်
သံမဏိလမ်းခွဲ ။

..................................................

အချိန်နှင့်ကြိုးစားအားထုတ်ခြင်းသည်
နေ့စဥ်..
အသိအမြင်သစ်ကိုပေးသည်။

-သော့မတ်ဟော့(ဘ်)
အင်္ဂလိပ်လူမျိုးအတွေးအခေါ်ပညာရှင်

................................................

#ဂျော့နှင့် စတူဒီယိုပိုင်ရှင် ကိုသက်

ရန်ကုန်မြို့ထဲတွင်..ဂျော့ ကျင်လည်ရပြီ။
ရေးထားသော သီချင်းလေးရေးများကိုလည်း အခက်အခဲကြားက ရောင်းကာ
ရပ်တည်နိုင်ဖို့ကြိုးစားရသည်။
မိမိစီးရီးအတွက်လည်း အားစိုင်လုံးပန်းရ၏။

Jထွန်း၏သူငယ်ချင်းဖြစ်သူ စတီရီယိုပိုင်ရှင်ကိုသက်ရှိနေ၍သာ နေဖို့ထိုင်ဖို့ကမစိုးရိမ်ရ။

ကိုသက်ကလည်း သဘောမနောကောင်းသည်။

ဆက်ရှင်ပလေယာချိတ်ဆက်ပေးသည်ကအစ အရာရာ ကူညီသည်။

ဂျော့လည်း တိုးတက်မှုတစတစရှိလာလေသည်။

သူ၏ စီးရီးကို မှတ်ကျောက်တင်ခံနိုင်ရန် တစ်နှစ်ကျော်မျှ ဖြတ်သန်းရ၏။

အချိန်စက်ဝန်းသည် မည်သူ၏အကောင်းအဆိုးကိုမှငဲ့မနေ။
အသက်အရွယ်ကိုတိုက်စားသွားရင်း
သူ့ပုံမှန် ဝတ္တရားအတိုင်း ကျေပြွန်အောင် လည်ပတ်သွား၏။

..........................................................

အပိုင်း (6)

လူသားတို့ဘဝတွင်
မည်သည့်အရာကမှ
တည်မြဲခြင်းမရှိသည်ကို သတိရပါ
ထို့ကြောင့်
အဆင်ပြေသည့်အခါ၌
အလွန်အမင်းဝမ်းသာခြင်း
အဆင်မပြေသည့်အခါ၌
အလွန်အမင်း စိတ်ဓာတ်ကျခြင်း
မဖြစ်ပါနှင့်။

-ဟန်းရစ်အစ်ဆန်

နော်ဝေးလူမျိုး
ကဗျာဆရာနှင့်ပြဇာတ်ရေးဆရာ

..................................................

#ဂျော့နှင့်ပရိုဂျူဆာရှာပုံတော်

အေဒီသက္ကရာဇ် တစ်ဦးတည်း မိမိနေထိုင်ရာ မြို့နယ်လေးမှ မဟာရန်ကုန်၏ လူရောင်စုံဖက်ရှင်များအကြားသို့ စီးမျောဝင်လာသည်။

သူ့စာမူကိစ္စအလုပ်များပြီးစီးသွားတော့ အပန်းဖြေ ရန်အတွက် ဆူးလေကုန်းတံတားတဖက်အနီးရှိ ရှမ်းရွှေလီ စားသောက်ဆိုင်အတွင်းသို့ဝင်လာခဲ့သည်။

ဆိုင်ထဲသို့အဝင်..။

"ကိုကြီး..."

လှမ်းခေါ်လိုက်သည့်အသံပိုင်ရှင်ကို ကြည့်လိုက်တော့...

"ဟာ..ဂျော့.."

"ရက်စ်..မိုင်နိမ်းအစ်(စ်)ဂျော့ "

ဂျော့က..ခပ်မတိတ်ပင် အာသွက်ခရာ ပြန်ပြောရင်း သူနှင့် လာထိုင်ရန် လာယပ်ခေါ် ဖိတ်မန္တကပြုသည်။

သွားရောက်နေရာယူလိုက်တော့..ဂျော့နှင့်အတူ Jထွန်းနှင့်ပါ ပြန်ဆုံတွေ့ရ၏။ထို့ပြင် အခြားသူတစ်ဦးနှင့်ပါ သိကျွှမ်းရပြန်သည်။

"သူက..စတူဒီယိုပိုင်ရှင်..ကိုသက်လေ..၊ပြီးတော့ ဒရမ်လည်းခေါက်တယ်"

ဂျော့ကပင် ကြားဝင်မိတ်ဆက်ပေးသည်။
အနုပညာသမားချင်းပေမို့ထင်သည်။
တခဏတတွင်း ရင်ခုန်သံ ထပ်တူကျကြရသည်။

ဂျော့တို့မှာယူစားသောက်ထားကြသည့် စားသောက်ဖွယ်ရာတွေက စားပွဲပေါ်အစီအရီရှိနေသေးသည်။

အေဒီသက္ကရာဇ်က ဦးနှောက်ဆေးကြောရန်အတွက် စည်ဘီယာတစ်ဂျားနှင့်သင့်တော်ရာ အမြည်းတချို့ကို ထပ်မှာလိုက်၏။

မကြာ...ဝိတ်တာလေးတစ်ဦးမှ အလိုရှိရာများကို ဆောင်ကျဥ်းပေးလာသည်။

"ကိုကြီးစာရေးရတာအဆင်ပြေနေရဲ့လား၊ဂိမ်းဆိုင်ကကော..ဖွင့်တုန်းပဲလား"

ဂျော့ကမေးသည်။

"ဖွင့်တုန်းပဲလေ၊စာကတော့ အရင်လို စာနယ်ဇင်းတွေမှာအပြင် ပါပလေရှာရတာနဲ့ လုံးချင်းတွေ ရေးဖြစ်နေတယ်၊"

Jထွန်းက တေမိဝင်စီးထားသလို စကားမဆိုသေး။မျက်နှာမကောင်းဖြစ်နေဟန်ကို ရိပ်မိခံစားလိုက်ရသည်။

"အစ်ကိုကဖြင့် ထုတ်ဝေသူရလို့ အဆင်ပြေနေသေးတယ်၊ကျန်နော့်မှာမှ..အခွေကအကုန်ပြီးစီးခါမှ ပရိုဂျူဆာမရသေးလို့ ညစ်နေကြရတာဗျ၊ဒါနဲ့ လာကစ်နေတာလည်းပါတယ် "

ဂျော့က..ရင်ဖွင့်တော့မှ..ဒါကြောင့်ကိုးဟု သိခွင့်ရတော့သည်။

"အေးလေ..ကြားထဲမှာ..တို့လည်း အဆက်အသွယ်က ပြတ်သွားလိုက်ကြတာ၊ငါက မင်း သည်လိုပဲ ကြိုးစားနေတယ်ထင်နေတာပဲ၊တချို့ပန်းတိုင်တွေက မရောက်သေးသည့်တိုင်အောင် ကိုယ်ဘယ်လောက်ပေးဆပ်ထားတယ်ဆိုတာနဲ့တင် ဂုဏ်ယူဖို့ကောင်းနေတာလည်းရှိပါတယ်ကွာ၊အားမလျှော့နဲ့"

"မီးကုန်ယမ်းကုန် ကျားကုတ်ကျားခဲတော့..တို့လည်း ကြိုးစားထားကြတာပါပဲ၊ ပရိုဂျူဆာရဖို့ ချိတ်ရတာလည်း မလွယ်လှဘူးလေ၊အဆင်ချောအောင်တော့ ကြံဖန်နေ အမှန်အကန်သွင်းခဲ့ကြတာ၊ ပရိုဂျူဆာတွေဘက်ကကြည့်တော့လည်း ဂျော့လိုအသစ်လေးတွေကို အရဲစွန့်တင်မပေးရဲကြဘူးလေ၊စျေးကွက်မှာ ခိုးကူးခွေတွေကသောင်းကျန်းနေတာလည်းရှိတော့ ပေါက်မြောက်သွားရင်တောင် အလွှမ်းမိုးခံရဦးမှာဆိုတော့ အရင်းပြန်ရဖို့တောင် ကာမိမှာမဟုတ်ဘူးဆို အကြောင်းပြကြနဲ့ အခက်ကြုံနေကြရတာပေါ့"

Jထွန်းက သူတို့ကြီးစိုးခံနေရခြင်းအကျိုးအကြောင်းကို ဝင်ရှင်းပြသည်။

"ဂီတထဲ မြှပ်နှံရင်း မြုပ်တော့မသွားစေချင်ဘူးလေ၊ဒီမှာတင် တို့လို့တန်းလန်းနဲ့
ရှေ့ဆက်မတိုးနိုင်ဘဲ ဆန့်တငင်ငင် တန့်နေရင် အိမ်အပြန်တောင်မျက်နှာပန်းမလှမှာမို့ ဘယ်သူက ဆုတ်ခွာချင်မှာလဲ၊ ဒါကြောင့် ရန်ကုန်မှာပဲ ဆက်ခေါ်ထားတာ၊တစတစ ပြန်အဆင်ပြေနိုးနဲ့ပေါ့၊စီးရီးထွက်လို့ နာမည်ရသွားရင်တော့ Showဆိုရင်းဝင်ငွေပြန်ရှာလို့ရသေးတယ်မှတ်လား"

ကိုသက်ကပါ အကျိုးအကြောင်းပြောလာ၏။

"ကျန်နော်လည်း အဆိုတော် ဖြစ်မှ ကိုယ့်မြို့ပြန်မယ်ဆို အားခဲပြီး အားလုံးနဲ့တောင် အဆက်အသွယ်ဖြတ်ထားတာပဲ ကြည့်လေ၊တနေ့မှာ အားလုံးကို အံ ့အားသင့်စေချင်နေတာ..၊ခုတော့..တချို့ပရိုဂျူဆာတွေဆို ကိုယ့်သီချင်းတောင် ဖွင့်နားမထောင်ကြဘဲ ငြင်းလွှတ်ရက်ကြတာ.. ခံပြင်းခံစားရတာပေါ့ဗျာ၊ကိုယ်တစ်ယောက်တည်းကြုံရတာမဟုတ်ဘူးလို့ ဖြေသိမ့်ရတာပေါ့"

ဂျော့က သူ၏ အနှစ်နှစ်အလလ အိပ်မက်ကို အတိမိအနက်ခင်းကျင်းပြပြန်၏။

သို့နှင့် သူတို့ဝိုင်းမှာ ဘီယာနှင့်အတူ စကားလုံးများ အမြှုပ်စီနေကြ၏။

"ဒါနဲ့..ကြားထဲမှာ အလုပ်တစ်ခုဝင်လုပ်ကြမလား၊ ကိုကြီး မိတ်ဆွေ တစ်ယောက်က ဂီတမဂ္ဂဇင်းတစ်စောင်ထုတ်ဝေဖို့ စိုင်းပြင်းနေတာရှိတယ်၊ ဂျော့နဲ့ K ထွန်းတို့က ဂီတသမားတွေဆိုတော့ ဒီမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင်တွေအဖြစ် ဝင်လုပ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေမှာပါ၊ဂီတနဲ့ဆက်နွယ်တာတွေပဲ ပါဝင်မှာဆိုတော့ မဂ္ဂဇင်းမှာ ဂီတသမားတွေနဲ့ အသက်ဝင်နေအောင်ကြိုးစားပေးကြပေါ့"

အေဒီသက္ကရာဇ်က အခွင့်အလမ်းတစ်ခုကို ဆောင်မပေးလာ၏။

"မဂ္ဂဇင်းကို အခြေပြုပြီး ဂီတနယ်ပယ်က လူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံရမှာဆိုတော့ စကားစပ်မိရင်း ပရိုဂျူဆာလည်း ရှေ့ဆက် ရကောင်းရနိုင်တယ်၊ကြုံဆုံနိုင်တယ်၊ရတဲ့ဝင်ငွေလေးလည်း စုပြီး ကိုယ့်ဘာကိုယ်လည်း ထုတ်ကောင်းထုတ်နိုင်မယ်၊ တိုက်မှာပဲ နေထိုင်ရမှာဆိုတော့ ကျောခင်းဖို့လည်းမပူပင်ရဘူးလေ.."

အေဒီသက္ကရာဇ်က တိုက်တွန်းသလိုအပြော...ဂျော့တို့လည်း လက်ရှိ အခြေအနေက ရေးမထူးဆိုမထူးအနေအထားမို့..လုပ်ဆောင်ကြဖို့သာ လက်ခံလိုက်ရလေတော့သည်။

...............................................................

အပိုင်း (7)

ဘဝမှာ အရေးနိမ့်မှုတွေမရှိရင်
စွန့်စားမှုတွေကို သိပ်မလုပ်သေးဘူးဆိုတဲ့ သဘောပဲ

-ဂျက်ဆင်ဘရောင်း

.............................................

#ဂျော့နှင့် ONE MAN SHOW

MCC ခန်းမအတွင်း ။

စတိတ်ရှိုးစင်မြင့်ထက်သို့ နာမည်ကျော်
လူငယ်အဆိုတော် ဂျော့ တက်ရောက်လာသည်။

တပြိုင်နက်လိုပင် စင်အောက်ရှိ တိုးမပေါက်နိုင်သော ပရိသတ်အစုအဝေးက

"ဂျော့..ဂျော့..ဂျော့.."

ပွဲတောင်းအားပေးဟစ်အော်သံများက ခန်းမကြီးတစ်ခုလုံး ပေါက်ကွဲလုမတတ်ပါပင်။

"မိုင်နိမ်းအစ် (စ်) ဂျော့ "

ဂျော့၏ မိတ်ဆက် ဟစ်ကြွေးလိုက်သံက ပရိသတ်ကြားထဲ မိုင်ကရိုဖုန်းမှတဆင့်ကျယ်လောင်စွာ စီးဝင်သွား၏။

စင်မြင့်ထက်တွင် ဂျော့က သူ၏ နာမည်ကြီး ကိုယ်ပိုင်သံစဥ်တေးတစ်ပုဒ်ကို စတင်ဖြေဖြော်ရန်ပြင်ဆင်သည်။

တီးဝိုင်းက Intro အတီးပိုဒ်ကိုစတင်ဝင်ရောက်နေပြီဖြစ်သည်။

သို့သော်..
ကီးအကိုက်ဝင်ဆိုရမည့်နေရာအရောက်..
ဂျော့ သီချင်းစာသားကို သတိမရဖြစ်နေသည်။

သူ၏ ပထမဆုံး တစ်ကိုယ်တော်ရှိုးပွဲခမ်းနားမှုအတွက် ဝမ်းသာလုံးစို့တက်ကာ အပျော်စိတ်မွှန်ထွှန်နေမှုကြောင့်
သူဆိုရမည့် အစပိုဒ်ကို
ကိုယ်တိုင်ရေးဖြစ်သည့်တိုင် မေ့လျော့သွားခြင်းဖြစ်သည်။

သို့နှင့် ယောင်တိယောင်ကမ်းဖြစ်နေတော့ တီးဝိုင်းက ဒတိယအခေါက် အဖြစ် lntro တီးလုံးပြန်တီးဝင်လာပေးရသည်။

သို့သော် သည်တစ်ခါလည်း စာသားကို စဥ်းစားမရသေး။

ဂီတဆိုတာ တေးသံတွေနဲ့ စဥ်းစားခြင်းအနုပညာပါ ဟု Jules Combarien က ဆိုပါသည်။

သည်တော့ စဥ်းစားရင်းအခိုက်မှ တေးသံများကြားထဲတွင် အလျင်အမြန်အကြံထုတ် ဥာဏ်ကြီးရှင်လုပ်ရသည်။

သိက္ခာဖြင့်အကျမခံ။ဝိတ်ကျမခံဘဲ ထွိတ်အလှဟန်နှင့် လှည့်ကွက်သုံးပုံကို ကြည့်ပါ။

ဟန်ဆောင်မှုတခွဲသားဖြင့် အကြံတမူ ဥာဏ်ကူလိုက်သည်ကား..မိုက်ခရိုဖုန်းကို ပရိသတ်ဘက် လှည့်ပေးလိုက်၏။
စတင် ဆိုပေးပါ ဆိုသည့်သဘော။

သူပင် မဆိုရသေး၊ပရိသတ်ကို ချစ်လွန်းလို့ ဦးစားပေးသည့်နှယ်ပင်။

အခြားအဆိုတော်တွေက ပရိသတ်ဘက်မိုက်လှည့်ပေးလျှင်..သီချင်းတစ်ဝက်လောက်ကျမှ အားပေးကူ..ဆိုခိုင်းကြ၏။
တချို့အဆိုတော်များဆို
ကိုယ် အသံမရ..မဆိုနိုင်လျှင် ပရိသတ်ဘက် ဇွတ်ကိုမိုက်ထိုးပေးသည်များလည်း မြင်ရ၏။
ကိုယ်က အဆိုတော်လည်းလုပ်သေး.. သီချင်းဆိုပြပြီးပွဲခမယူဘဲ ပရိသတ်ကိုသာ ဆိုခိုင်းကာ မျက်နှာလာပြ
ပွဲခ အသားတင်လေးယူသွားကြ၏။

ဂျော့ကတော့ စစချင်း မိုက်နဲ့ထွင်းလေ၏။
ဒါကတော့ပွဲအရှိန်ကြောင့် အတွေ ့အကြုံအရ ရိုးရိုးသားသား မေ့လျော့မိခြင်းရယ်သာ..။

အခန့်သင့်ချင်တော့
ပရိတ်သတ်ကလည်း ထက်မထားပါဘဲ တီးဝိုင်းနှင့် စဆိုခွင့်ရသည်ဆိုကာ သီကျူးပေးကြ၏။

သည်တော့မှ..ဂျော့လည်း သီချင်းစာသားအစကို ပြန်လည်မှတ်မိသွားကာ
နောက်ပိုင်းတောက်လျှောက်အမှားအယွင်းမရှိ အော်နိုင်သွားပါတော့သည်။

အဆိုပြိုင်ပွဲလိုဆိုလျှင် ထောက်ပေးသူမရှိဘဲ မိုက်တစ်လုံးနှင့် တိုင်ပတ်ရဦးချေမည်။

ယခုဖြစ်ရပ်တွင်တော့ ဂျော့အပြုအမူမှာပင် အဆိုတော်ပညာရပ်များတွင် အရေးပေါ် တတ်ထားသင့်ရာ တပါးပင်ဖြစ်လေတော့မည်လား။

..............................................

အတွေ့အကြုံမှာ
အကောင်းဆုံးဆရာဖြစ်သည်
သို့သော်
ကျောင်းလခများမှာမူ
စျေးကြီးလွန်းသည်။

-ဟေဂယ်

ဂျာမန်လူမျိုး
တွေးခေါ်ပညာရှင်

.................................................

#ဂျော့နှင့် နရီချစ်ဂီတမဂ္ဂဇင်း

ဖြတ်ခနဲ ...အိပ်မက်အရာမှ ဂျော့ လန့်နိုးသွားသည်။
သူ့အနားတွင် မည်သည့်ပရိသတ်မှမရှိ။

မနေ့ညက အဆိုတော်တစ်ဦး၏ စတိတ်ရှိုးတစ်ခုကို ဂီတမဂ္ဂဇင်းထဲထည့်သွင်းပေးဖို့ သတင်းယူရန်သွားကြည့်ရသည်။

ညက အိပ်ရေးကလည်း ပျက်ထား၊
ဒါကို ယနေ့ နေ့လယ် မဂ္ဂဇင်းတိုက်ထဲ လူရှင်းချိန်တွင် တာဝန်ခံ အယ်ဒီတာစားပွဲပေါ် လက်ကွေးတင်ငိုက်မိရင်း သူဖြစ်အချင်ဆုံးဆန္ဒတစ်ခုကို စိတ်စွဲကာ အိပ်မက်ထမက်နေခြင်းဖြစ်သည်။

ယခု အလုပ်ဝင်နေသည်မှာ ခြောက်လခန့်ရှိချေပြီ။

သူ၏ ဂီတမဂ္ဂဇင်းအမည်က နရီချစ်။

ထွက်ရှိလာသည့် ကာလနှင့်အလျောက်
ဂီတမဂ္ဂဇင်းမှာလည်း အထိုက်အလျောက်အောင်မြင်လာခဲ့၏။

ဂျော့လည်း..အတွဲစီးရီးအခွေများတွင် တစ်ပုဒ်စ နှစ်ပုဒ်စ ပါဝင်သီဆိုခွင့်ရခဲ့သည်။
နာမည်အသင့်အတင့်တော့ ရလာသည်။
သူ့တစ်ကိုယ်တော်အခွေအတွက်မူ ထွက်ရှိနိုင်အောင်..ငွေစုရဆဲပင်။

ဇာတိမြို့လေးကိုလည်း..တခါတရံသတိရမိ၏။
အပါးနှင့်အမိုးကို လွမ်းသည်။
သို့သော်
ငပိအိုးတွင် ရေမွှေးတံဆိပ်ကပ်ချင်တာတော့မဟုတ်။
ရည်မှန်းချက်ပစ်မှတ်ကို မရောက်သေးသမျှ မဆက်သွယ်ချင်၊မပြန်မိသေး။

ငယ်သူငယ်ချင်းတွေကိုလည်း မြင်ယောင်မိ၏။
ထို့ပြင်...နော်ခက်ခက်မောင်..။
ခက်ခက်ကိုလည်း တမ်းတမိပါသည်။

ခက်ခက်သည်ကော သူ့ကို သတိမှရပါလေမလား။ ယခုဆိုလျှင်..တပါးသူနှင့်
ရွှေအိမ်စံငွေဗိမ္မာန်ထက်ပျော်ရွှင်နေကြပြီလား။
သြော်..ကြုံရပေစွ..လောကဓံ။

မျှော်စင်ကျွန်းတစ်နေရာမှ ထန်းပင်ကို ညောင်ပင်က မြိုထားသလို မျှော်လင့်ချက်တွေက ထာဝစဥ်တော့လောင်းရိပ်မမိနေနိုင်ဟု ယုံကြည်နေမိပါသည်။

...............................................................

အခန်း(8)

တိုက်ခန်းတံခါးက အပြင်မှ ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်ကြောင့် တရွေ့ရွေ့ပွင့်လာသည်။

ထိုမှ..အမျိုးသမီးငယ်လေးတစ်ဦး၏
မျက်နှာပေါ်လွင်လာသည်ကို နှလုံးသားနှင့်တပ်အပ် ဂျော့ မြင်တွေ့လိုက်ရသည့်နောက်...

"ဟင်..ခက်ခက်..၊နော်ခက်ခက်မောင်..၊ခက်ခက်..နင်..ငါ့ဆီလာတယ်"

အံ့သြဝမ်းသာမှုသည် တည်ငြိမ်နေသောရေပြင်တွင်လှိုင်းကြက်ခွပ်လေးများထသွားသည့်နှယ် ဂျော့ရင်ထဲ လှုပ်ခတ်သွား၏။

"ဟုတ်တယ်ဟ..၊ငါ..နင့်အကြောင်းကို စာရေးဆရာအေဒီသက္ကရာဇ်ရေးထားတဲ့ စာတစ်ပုဒ်ကို နင့်ရဲ့ ဒီ နရီချစ် ဂီတမဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရလို့ နင့်ကိုတွေ့ချင်တာနဲ့ လိုက်လာတာ.."

"နင်တစ်ယောက်တည်းလား၊ရည်းစားသနာကော ရနေတာမဟုတ်ဘူးလား..၊ကျောင်းကကောဆက်တက်ဖြစ်လား၊ငါကတော့ တစ်ကိုယ်တည်းပါပဲဟာ..၊နင့်ကိုလည်း သတိရရနေတာ၊ကျောင်းကတော့ အခုထိဆက်မတက်ဖြစ်သေးဘူး..လာ..ထိုင်ထိုင်"

ဂျော့က အလောတကြီးဖြင့် မေးခွန်းများစီထွက်လာ၏။

ဂျော့ပေးသော ထိုင်ခုံတွင် နော်ခက်ခက်မောင်မောင်ကတော့ ဣန္ဒြေရရ ဝင်ထိုင်ရင်း...

"ကျောင်းကတော့ဆက်တက်နေဆဲပါပဲ၊
နင်က ငါ့ကို အရင်က ကောင်လေးတစ်ယောက်နဲ့ အီစီကလီဖြစ်နေတယ် ထင်တာမဟုတ်လား၊မဟုတ်ရပါဘူးဟာ..၊အဲ့ဒါ နင် ငါ့အပေါ် ဘယ်လောက်စိတ်ဝင်စားသလဲ ဆိုတာသိချင်လို့ စမ်းသပ်လိုက်တာပါ၊ဒါကို နင်က တကယ်ထင်သွားပြီး အပြီးရှောင်၊ရန်ကုန်ပါ ထွက်သွားတာကိုး"

အတိတ်သည် စကားလုံးများအနေဖြင့်နောက်ကြောင်းပြန် ပေါ်လွင်လာသည်။
တိုက်ထဲတွင် ဝန်ထမ်းများ ရှင်းနေသည့်အတွက်လည်း နှစ်ဦးအဖို့ ငယ်မူပြန် လွတ်လပ်နေနိုင်၏။

"အချစ်ဆိုတာ ဂီတနောက်မှ ပေါ်တာလို့
နင်ပြောတဲ့ အေဒီသက္ကရာဇ်က ငါ့ကို ဖြေသိမ့်ပေးဖူးတယ်ဟ၊နင့်အကြောင်းရေးဆိုမိတဲ့ သီချင်းလေးသွားပြတုန်းကပေါ့၊ဒါနဲ့ ငါလည်း နင့်အတွက် အနှောက်အယှက်မဖြစ်ရတော့အောင် နင်ပျော်ပါစေဆို..နင်နဲ့ဝေးရာမှာပဲ တိတ်တိတ်လေးနေခဲ့တာ၊ဂီတက အချစ်ထက် အရင်ပေါ်တာဆို..ဂီတနောက်ကိုပဲ ဆက်လိုက်ခဲ့တာ၊ဒါပေမယ့် ..ဒီ့နောက်မှာ ငါ့ဂီတမှာ အချစ်သီချင်းတွေတိုင်းက နင့်ကိုရည်ရွယ်ပြီး ငါ ဖန်တီးခဲ့တာပါ၊ဘယ်မေ့နိုင်မလဲဟာ..."

"သြော်.."

"အခု..ငါ..တစ်ကိုယ်တော်အခွေမထွက်နိုင်သေးပေမယ့်..အတွဲခွေလေးတွေတော့ထွက်နေပါပြီ "

"ငါ..သိပါတယ်ဟ၊ဘယ်လိုဆက်သွယ်လို့ရမှန်းမသိလို့သာ..ငြိမ်နေရတာ၊စုံစမ်းနေရင်းနဲ့မှ နရီချစ်မဂ္ဂဇင်းကို ကျောင်းက စာကြည့်တိုက်မှာ ဖတ်မိသွားတာ၊ အခု..ငါ တက္ကသိုလ်တက်နေတာက ဓာတုဗေဒမေဂျာ နဲ့ DAY တက်နေတာဟ "

"ငါက အဆိုတော်အဖြစ် ပီပီပြင်ပြင်ဖြစ်မှ အဆက်အသွယ်လုပ်မယ်ဆို..အပါးနဲ့အမိုးကိုတောင် တစွန်းတစအကြောင်းမကြားဘဲ နေခဲ့မိတာ.."

"အခုလည်း..နင်ကြိုးစားနေတုန်းမို့လား၊ရည်ရွယ်ချက်ရှိသူက မလျှော့စတမ်းလုပ်ဆောင်နေဦးမယ်ဆိုရင် တနေ့မှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီ ရောက်ကိုရောက်ရမှာပေါ့ဟာ၊ဆက်လှုပ်ရှားပါ၊နဂိုက ဘယ်လိုပဲ ထင်မိမိ..အခု နင့်ရဲ့ အားထုတ်နေမှုတွေကို သိလာမြင်လာရတော့ ငါလည်း အားပေးတယ်ဟာ၊မလျှော့နဲ့..သိလား"

နော်ခက်ခက်မောင်ကပါ အားတက်သရော ဆော်သြလာတော့ ဂျော့ ဖရဏာပီတိ ဂွမ်းဆီထိဖြစ်ကာ
ပိုမို ကြိုးစားလိုစိတ်များ နိုးကြား တိုးပွားလာရသည်။

"အို..နင့်စကားတခွန်းက ငါ့အတွက် အခြားအရာတွေထက် စွမ်းအားအပြည့် ဖြည့်ဆည်းပေးရာရောက်ပါတယ်ဟာ၊အနားမှာ နင်ရှိနေပေးရင် ငါ့အတွက် အမြဲ အားအင်ရှိနေပြီး တနေ့မုချ အဆင်ပြေအောင် ဆက်လျှောက်နိုင်မှာ..ဒီ့ထက်..ကျိန်းသေ ပေါက်မြောက်မှာပဲဟ"

ဂျော့က ယုံကြည်မှုမျက်ဝန်းများနှင့်နော်ခက်ခက်မောင်ကို ကြည့်ရင်း..
ထပ်မံ၍..

"ရှေ့ဆက် အနာဂတ်ခရီးမှာ နင်သာ ငါ့ရဲ့စာနာ နားလည်စွမ်းအပေးနိုင်ဆုံး
လက်တွဲဖော်အဖြစ် ရှိနေပေးမယ်ဆိုရင်
ငါ့ရဲ့အောင်မြင်မှုရရှိလာမယ့်အချိန်တွေကလည်း ဘဝရဲ့ ပြည့်စုံတဲ့အရသာနဲ့ ဖြတ်သန်းရမှု အဓိပ်ပါယျ ပိုရှိလာမှာပေါ့၊ဘယ်သူမဆို..ကိုယ့်ချစ်ရသူနဲ့ပဲ အကောင်းဆုံးကို ခံစားချင်ကြတာ မဟုတ်လား၊ဒါမျိုးကို ငါ သိပ်မျှော်လင့်မိပါတယ်၊ဘာလို့ဆိုရင်..နင်ကငါ့ရဲ့ အခုထိ အမတန် ချစ်မြတ်နိုးနေရသူဖြစ်နေတာမို့ပါပဲ"

"အို..."

"ခက်ခက်...၊နင့်ကိုငါ..#ယအယ်နာအားဂျီးလော လို့ ထပ်ပြောပါရစေ၊နင် လက်ခံပါဟာ..နော်"

ကရင်လို နင့်ကိုငါချစ်တယ်ဟု ပင်အပြောခံလိုက်ရသည်ကြောင့် နော်ခက်ခက်မောင် မျက်နှာသွင်ပြင်တွင် နှင်းဆီတစ်ခင်း ရှက်သွေးရောင်ပွင့်လန်းသွားသည်။

ရှက်ရှက်နှင့်သာ ဂျော့ကို မျက်စောင်းလေးလှမ်းဝင့်၏။

စိတ်ဆိုးငြင်းပယ်ခြင်းမရှိသည်ကိုမူ..အပြုံးဧကရီဘွဲ့ခံယူလျက်ရှိသော သန္တာရောင် နှုတ်ခမ်းများက သက်သေခံနေပါတော့သည်။

THE END.

#တော်တော်တည်

Keep Reading

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ