Author's Profile Photo

summerkay27

26/05/2025

ဘာကအဓိကလဲ!? STOP VICTIM BLAMING !

7 mins read
General Knowledge

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ တစ်ယောက်ကိုတစ်ယောက် အမြင်မတူသည့်အခါဖြစ်ဖြစ် ရွံရှာစရာအမှုကိစ္စပြုလုပ်သူကိုဖြစ်ဖြစ် ဒါမှမဟုတ် ဆိုးသွမ်းသူတွေကိုဖြစ်ဖြစ် ကဲ့ရဲ့ရှံ့ချတတ်ကြပါတယ်။ သို့သော် ဗစ်တင်ဘလိမ်းမင်း(Victim blaming) လုပ်ကြခြင်းကလည်း ရှိနေကြပါတယ်။ ဗစ်တင်ဘလိမ်းမင်း(Victim blaming) ကို ဘာသာပြန်ရရင် နစ်နာသူကို ကဲ့ရဲ့အပြစ်တင်ကြခြင်းလို့ပဲ အလွယ်တကူ ဘာသာပြန်ရပါမယ်။ ဒီလိုဆိုရင် လူတချို့မှာ မေးခွန်းရှိလာမယ်ထင်ပါတယ်။ "ဘယ်လိုလူက နစ်နာသူတွေကို အပြစ်တင်မှာလဲ" ဆိုတာပါပဲ။ ဒီမေးခွန်းအတွက် အဖြေကတော့ ပတ်ဝန်းကျင်က လူတွေပါပဲ။ ဒီလိုလူတွေထဲမှာ ခင်ဗျားတို့ရော ပါနေပြီလား။

မုဒိန်းမှုပဲဖြစ်ဖြစ် သက်ငယ်မုဒိန်းမှုပဲဖြစ်ဖြစ် ဖြစ်လိုက်ပြီဆိုတာနဲ့ ကျူးလွန်သူတရားခံကို "ယုတ်မာလိုက်တာ၊ လူယုတ်မာ၊ ထောင်ထဲမှာပဲ အရိုးဆွေးပါစေ" စသဖြင့် ပြစ်တင်ကျိန်ဆဲကြပါတယ်။ ဒါပေမယ့် တစ်ဖက်ပဲမှာလည်း အဲ့ဒီ့လူတွေကပဲ နစ်နာသူနဲ့ နစ်နာသူရဲ့ မိသားစုကို အပြစ်တင်ကြပါတယ်။ သာမန်မုဒိန်းမှုတစ်ခုဆိုရင် "ဖြစ်မှာပေါ့။ မိဘတွေက ဆုံးမသွန်သင်မှုမှမရှိတာ။ သူ့ကိုလည်း ကြည့်လေ။ ဝတ်လိုက်ရင် အတိုအပြတ်၊ မလုံ့တလုံဝတ်တာကို ဘယ်ယောက်ျားက စိတ်မထဘဲ နေမှာလဲ။ ဖြစ်မှ အရပ်ကူပါ လူဝိုင်းပါ လုပ်နေကြတယ်" ဆိုပြီး အပြစ်တင်စကားဆိုကြပါတယ်။ သက်ငယ်မုဒိန်းမှုဖြစ်ရင်လည်း တရားခံကို အပြစ်တင်ကြတာမှန်ပေမယ့် နစ်နာသူတွေကိုလည်း အပြစ်တင်ကာ ဗစ်တင်ဘလိမ်းမင်း(victim blaming) မှာ အားတက်သရောပါဝင်ကြသူတွေအများအပြားပါ။
" ဖြစ်မှာပေါ့။ မိဘတွေက သားသမီးကို ဂရုမှမစိုက်တာ။ လမ်းပေါ်လွှတ်ထားတာကို။ အဲ့ဒီ့ကလေးကလည်း သူစိမ်းခေါ်ရာကို လိုက်တတ်တာကို" စသဖြင့် အပြစ်တင်ကြပါတယ်။ ကျွန်တော်ငယ်စဉ်အချိန်က ကျွန်တော်ကိုယ်တိုင်လည်း ဗစ်တင်ဘလိမ်းမင်း(victim blaming) မှာပါဝင်တဲ့သူတစ်ယောက်ဖြစ်ဖူးပါတယ်။ အဲ့အချိန်က အသက်အရွယ်အားဖြင့် ၁၃၊ ၁၄သာရှိသေးတဲ့အချိန်ပါ။ နစ်နာသူရဲ့ မိဘတွေကို အပြစ်တင်မိခြင်းပါ။ ဒါပေမယ့် ဒီလိုအပြစ်တင်မိခြင်းမှာလည်း ကျွန်တော်ခေါင်းထဲ ရိုက်သွင်းခဲ့တဲ့ အတွေးတစ်ခုရှိခဲ့တာကြောင့်လည်း ပါပါတယ်။ အဲ့တာကတော့ ရုပ်ရှင်ပါ။ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး သက်ငယ်မုဒိန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်(ဗီဒီယို)တစ်ပုဒ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ရည်ရွယ်ချက်က ကောင်းခဲ့ပေမယ့် ဗစ်တင်ဘလိမ်းမင်း(victim blaming) လုပ်တတ်ဖို့ရန် မက်ဆေ့ခ်ျ(message) တစ်ခုကို ဖြန့်ဝေလိုက်သလိုလည်း ဖြစ်နေပါတယ်။

မှတ်မှတ်ရရဆိုရလျှင် ထိုဇာတ်ကားထဲမှ အဓိကသရုပ်ဆောင်မင်းသားကတော့ လူမင်းဖြစ်ပါတယ်။ မင်းသမီးကိုတော့ သေချာမမှတ်မိပေမယ့် ယုသန္တာတင်လို့ ထင်ပါတယ်။ ကလေးသရုပ်ဆောင်ကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ ဘာ့ကြောင့် ဒီဇာတ်ကားသာ ဗစ်တင်ဘလိမ်းမင်း(victim blaming) လုပ်တတ်ဖို့ မက်ဆေ့ခ်ျ(message)တစ်ခုလိုဖြစ်နေလည်းဆိုရင် ဒီဇာတ်ကားထဲက ကလေးမလေးရဲ့ မိခင်(မင်းသမီး)က အိမ်မှုကိစ္စနဲ့အလုပ်ရှုပ်နေပြီး သမီးဖြစ်သူကို ကျောင်းလိုက်မပို့နိုင်ခဲ့ပါဘူး။ ဒါကြောင့် အလုပ်နားရပ်ရတဲ့ ဖခင်ဖြစ်သူ(မင်းသား)ကို ကျောင်းလိုက်ပို့စေပါတယ်။ ဖခင်ဖြစ်သူက ကျောင်းကို လိုက်ပို့ပေမယ့် လမ်းထိပ်က လက်ဖက်ရည်ဆိုင်အရောက်မှာ သူအားပေးတဲ့ ဘောလုံးအသင်းရဲ့ ဘောလုံးပွဲပြနေတာကြောင့် သမီးဖြစ်သူကို ကျောင်းကို ကိုယ်တိုင်သာ သွာ‌းစေခဲ့ပါတယ်။ ကျောင်းကိုအသွားမှာပဲ အရက်မူးသမား သူစိမ်းတစ်ယောက်က ကလေးမလေးကို မုဒိန်းပြုကျင့်ပြီး ပစ်ထားခဲ့ပါတယ်။ အချိန်လွန်လို့ သမီးဖြစ်သူ ကျောင်းက ပြန်မလာမှ သမီးကို ရှာကြရင်း တွေ့ကြရတာပါ။

ဒီအချက်ဟာဆိုရင် သက်ငယ်မုဒိန်းမှုဖြစ်ရတာက ကလေးကို ဂရုမစိုက်နိုင်တဲ့ မိဘတွေအပြစ်လည်း ပါဝင်တယ်လို့ တစ်ဖက်လက်နဲ့ ပြောပြနေသလိုပါပဲ။ ထိုအချက်က စဉ်းစားဆင်ခြင်နိုင်စွမ်းအားနည်းသေးတဲ့ ကျွန်တော့်လို ၁၃၊၁၄အရွယ်ကို ခေါင်းထဲ ရိုက်သွင်းပေးလိုက်သလိုပါပဲ။ အရွယ်ရောက်လာမှသာ ပြင်ပစာတွေဖတ်တာရော ကိုယ်တိုင်လည်း တစ်ခုခုဆို အကျိုးအပြစ်ဝေဖန်တတ်လာတဲ့ အချက်တွေကြောင့်သာ ဗစ်တင်ဘလိမ်းမင်း(victim blaming) ဟာ တရားခံကို တစ်ဖက်လက်ကနေ အပြစ်ပေါ့စေပြီး နစ်နာသူတွေကို နှုတ်ဆိတ်သွားစေနိုင်တဲ့ လုပ်ရပ်တစ်ခုလို့ သုံးသပ်မိလာပါတယ်။

ကျွန်တော်ရှေ့ရက်က ပရဟိတသမား ကိုစိုးထိုက်(ဖဒို)ရဲ့ ကျွန်တော်နဲ့ ပန်းကလေးများစာအုပ်ကို ဖတ်ရှုမိပါတယ်။ ထိုအထဲတွင် သူကူညီဖူးတဲ့ နစ်နာသူ(မုဒိန်းမှုနှင့် သက်ငယ်မုဒိန်းမှု)တွေရဲ့အကြောင်းကို ဖော်ပြထားပါတယ်။ ကောင်မလေးတစ်ယောက်ဆိုလျှင် သူတို့ရွာရဲ့ ကျောင်းထိုင်ဘုန်းကြီးဆီကနေမှ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတာပါ။ တရားဥပဒေအရ အရေးယူသွားကြပေမယ့် ရွာကလူတွေရဲ့ဗစ်တင်ဘလိမ်းမင်း(victim blaming) လုပ်ခြင်းကို နစ်နာသူမိသားစုက အလူးအလဲခံရပါတယ်။ အသက်ပင်မပြည့်သေးတဲ့ ကလေးမတစ်ယ‌ာက်ကို " ဒီကောင်မက မိစ္ဆာမ။ ငါတို့ဆရာတော်ကို မြူစွယ်တာ။ ငါတို့ဆရာတော်က ထောင်က‌ထွက်လာရင် အေးဆေးပဲ၊ နင်သာ ဗိုက်တစ်လုံးနဲ့ ဒုက္ခရောက်မှာ" စသဖြင့် ပြောဆိုမှုကို ခံခဲ့ကြရပါတယ်။ ဘယ်လောက်တောင် ရင်နာဖို့ ကောင်းပါသလဲဗျာ....။

ကျွန်တော် ဒီစာကို ဒီplatformမှာ တင်ဖြစ်ဖို့ အကြောင်းဖန်လာတာကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခ်တော့ခ်(TikTok)မှာ အမတစ်ယောက် တင်ထားတဲ့ ပို့စ်(post)တစ်ခုကနေ စပါတယ်။ ထိုအမတင်ထားတာက "မုဒိန်းမှုတွေပပျောက်အောင် ယောက်ျားတွေကို နှမချင်းစာနာတတ်အောင် သင်ကြားပေးရမယ့်အစား အမျိုးသမီးတွေ အတိုအပြတ် ဝတ်လို့ဆိုပြီး အပြစ်တင်ကြတယ်" တဲ့။ ထိုအခါ ကျွန်တော်တွေးလိုက်မိတာက ဒီအမရဲ့ ထင်မြင်ချက်ကို ရှေးရိုးစွဲလူကြီးတွေကတော့ ကန့်ကွက်တော့မယ်၊ ဝေဖန်တော့မယ်ပေါ့။ ကောမန့်(comment)တွေကို ကျွန်တော် ဝင်ကြည့်လိုက်မိတဲ့အခါ ကျွန်တော်အံ့ဩတုန်လှုပ်သွားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝေဖန်ထားသူအများစုဟာ ဆယ်ကျော်သက်ယောက်ျားလေးတွေ ဖြစ်နေလို့ပါပဲ။ ယခုခေတ်မှာ ယခင်က လူကြီးတွေထက် လူငယ်တွေက တွေးခေါ်နိုင်စွမ်း မြင့်မားလာပြီလို့ ဆိုနေကြတဲ့ခေတ်မှာ ဗစ်တင်ဘလိမ်းမင်း(victim blaming)ကို အားကြိုးမာန်တက်လုပ်နေကြသူတွေက လူငယ်တွေ ကိုယ်တိုင်ဖြစ်နေတာပါပဲ။ ယောက်ျားလေးတွေလို့ ရှေ့မှာ ဆိုထားပေမယ့် မိန်းကလေးတွေပါ ပါနေတာကတော့ တကယ်ကို မယုံနိုင်စရာပါ။

" လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ" တဲ့။
ဘယ့်နှယ့်ဗျာ။ မုဒိန်းမှုပါဆို လက်ခုပ်နှုတ်ဖက်တီးမှ မြည်သတတဲ့လား။ သူစိမ်းမပြောနဲ့။ လက်ထပ်ထားတဲ့ လင်နဲ့မယားမှာတောင် ဇနီးဖြစ်သူရဲ့ စိတ်ဆန္ဒမပါရင် ဒါကမုဒိန်းမှုမြောက်တာပါပဲ။

" ယောက်ျားလေးတွေ six pack ပြရင် မိန်းကလေးတွေ သားရည်ကျသလိုပဲပေါ့" တဲ့။
မိန်းကလေးက ယောက်ျားလေးတွေကို အဓမ္မပြုကျင့်ကြသလားဗျာ။

" နှစ်ဖက်စလုံးမှားပါတယ်။ မိန်းကလေးတွေ အတိုအပြတ်ဝတ်တာက ပိုမှားတယ်" တဲ့။
ဘာကိစ္စကြောင့်များ ပိုမှားရသလဲဗျာ။

" မိန်းကလေးတွေ အတိုအပြတ်ဝတ်တာမမှားပေမယ့် အဲ့တာကြောင့်လည်းပါတာပေါ့။ ယောက်ျားဆိုတာလည်း ပုထုဇဉ်လူသားပဲ မဟုတ်လား။ ဒီလိုမြင်တော့ စိတ်ကြွကြပြီးတော့ မုဒိန်းမှုတွေဖြစ်လာတာပေါ့။ "တဲ့။
ဒီအချက်မှာ ကျွန်တော်ပြောချက်တာတစ်ခုရှိပါတယ်။ လူတွေက ပြောကြပါတယ်။ လူဆိုတာ တိရစ္ဆာန်ထက် မြတ်သတဲ့။ ဘာကြောင့်ပါလဲ။ ကားတွေ ဖန်တီးနိုင်လို့၊ တိုက်အမြင့်ကြီးတွေ ဆောက်နိုင်လို့၊ အာကာသထဲထိ ခြေဆန့်နိုင်လာလို့၊ ဒါတွေကြောင့်လား...။ မဟုတ်ပါဘူးခင်ဗျ။ လူဆိုတာ တိရစ္ဆာန်ထက် မြတ်တယ်ဆိုတာ လုပ်သင့်မလုပ်သင့်၊ ဖြစ်သင့်မဖြစ်သင့်၊ တော်၏မတော်၏ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့် လူဆိုတာ တိရစ္ဆာန်ထက် မြတ်တယ်လို့ ဆိုကြတာပါ။ ပုထုဇဉ်လူသားပေမို့ မိန်းကလေးတွေ အတိုအပြတ်ဝတ်တာမြင်ပြီး စိတ်ကြွကြတယ်ဆိုတာ လက်ခံပေးနိုင်ပေမယ့် အဲ့ဒီ့ထကြွလာတဲ့စိတ်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်မှ လူလို့ ခေါ်နိုင်မှာပါ။

ပြီးတော့ မုဒိန်းမှုမှာ အတိုအပြတ်ဝတ်တာက မုဒိန်းမှုဖြစ်စေဖို့ တွန်းအားပေးတယ်လို့ တွေးနေတဲ့သူတွေကို ကျွန်တော်ပြောချင်တာက အဝတ်အစားက အဓိကမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက် မြန်မာဝတ်စုံလုံလုံခြုံခြုံဝတ်ထားရင်တောင် အတွင်းခံရာကိုမှ ပြူးပြူးပြဲပြဲကြည့်တတ်တဲ့‌ ယောက်ျား‌ေတွ၊ "ဒီစော်က ကိတ်တယ်ကွာ"ဆိုပြီး ပါးစပ်အရသာခံပြောတတ်ကြတဲ့ ယောက်ျားတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မိန်းကလေးတစ်ယောက်မို့ ဒီလို ပြဿနာမျိုးခဏခဏကြုံဖူးပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ရက်ကွပ်ထဲ ညနေခင်းလမ်းလျှောက်ထွက်ချိန်မှာ ထိကပါးရိကပါးပြောဆိုတာ ကြုံးဖူးပါတယ်။ ကျွန်တော်တို့ ဝတ်ထားတာ မလုံခြုံလို့ပြောခံရတယ်ဆိုရအောင်လည်း ကျွန်တော်တို့နှစ်ယာက်စလုံးဝတ်ထားတာက တီရှပ်အပွနဲ့ ဘောင်းဘီရှည်ပါ။ပြောတဲ့သူတွေကို ကြည့်လိုက်တော့လည်း ကျွန်တော်တို့အစ်ကိုအရွယ်၊အဖေအရွယ်တွေပါ။ ဆိုတော့ အဝတ်အစားက အဓိကလား လူ့စိတ်က အဓိကလားဆိုတာ ဒါက သက်သေပါပဲ။ ဒါကိုတောင် အဝတ်အစားကြောင့်လို့ ပြောနေသူတွေကို ထပ်မေးချင်တာရှိပါတယ်။ အာဖဂန်နစ္စတန်လို အမျိုးသမီးတွေရဲ့ အဝတ်အစားအပေါ် တင်းကျပ်တဲ့နိုင်ငံမှာရော မုဒိန်းမှုတွေ မရှိလို့လား။ အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့ အဝတ်အစားအပေါ်မှာ ဘယ်လောက်တင်းကျပ်လည်းဆိုတာ သတင်းအမြဲဖတ်တဲ့သူဆို သိကြမှာပါ။ အမျိုးသမီးတွေဟာ burqaလို့ခေါ်တဲ့ ခေါင်းကနေ ခြေဖျားထိ လုံးတဲ့ အဝတ်အစားမျိုး ဝတ်ကြရပါတယ်။ မျက်နှာကို ဖော်ခွင့်မရရုံမက မျက်လုံးပါ ဖော်ခွင့်မရကြတဲ့အတွက် လမ်းလျှောက်ဖို့တောင် အခက်အခဲဖြစ်ကြပါတယ်။ စစ်တမ်းတွေအရ အာဖဂန်နစ္စတန်မှာ လူသတ်မှု ၂၄၀မှုဖြစ်နေတဲ့အချိန်မှာ မုဒိန်းမှုကလည်း ၁၆၀မှုအထိဖြစ်နေကြဆဲပါ။ ဒါ့အပြင် ကျွန်တော်ဖတ်ရှုရသလောက် ၂၀၁၂ခုနစ်လောက်က ဖြစ်မည်ထင်သည်။ မုဒိန်းကျင့်ခံရသည့် အာဖဂန်နစ္စတန်အမ‌ျိုးသမီးတစ်ယောက်က ရဲကို သွားတိုင်ခဲ့ပေမယ့် သူမကို အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ထောင်ပြန်ချခံခဲ့ရပါတယ်။ ဒါ့အပြင် အမှုမှန်ပေ့်လာတဲ့အချိန်မှာတောင် အပြစ်သားက အပြစ်မခံရဘဲ ထိုအမျိုးသမီးကပဲ အဲ့ဒီ့အမျိုးသားနဲ့ လက်ထပ်ခဲ့ရပါတယ်။ ဒါ့အပြင် ကျွန်တော် လွန်ခဲ့တဲ့တစ်လလောက်က အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲအကြောင်းကို ရှာရှင်းအမှတ်တမဲ့ပုံတစ်ပံုတွေ့ခဲ့ရပါတယ်။ အဲ့တာကတော့ အမျိုးသမီးတွေရဲ့ အဝတ်အစားက အဓိကမဟုတ်ဘဲ ယောက်ျားတွေရဲ့စိတ်ကသာ အဓိကဆိုတာကို မီးမောင်းထိုးပြနေတာပါ။ ပုံမှာဆိုလျှင် burqaဝတ်ထားတဲ့အမျိုးသမီးတစ်ယောက် လမ်းလျှောက်နေတာဖြစ်ပြီး သူ့ဘေးအနောက်ဘက်ကျကျမှာတော့ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်စီးကားဖြတ်သွားကြတာဖြစ်ပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးနေတဲ့အမျိုးသားက ထိုလမ်းလျှောက်နေတဲ့အမျိုးသမီးရဲ့ ပရိုက်ဗိတ်ဧရိယာ( private area) ကို သမင်လည်ပြန်ငေးကြည့်နေတာပါ။

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ကြီးဟာဆိုရင် အချိန်နဲ့အမျှ အဆပ်သင့်ကာ ပျက်စီးနေပါပြီ။ ရုပ်ရည်နဲ့ ခန္ဓာကိုယ်လှပတဲ့ အမျိုးသမီးတွေသာမက ရှပ်ရည်မရှိ၊ ခန္ဓာကိုယ်အလှလည်းမရှိ၊ စိတ်ပင် ပံုမှန်မရှိသော အမျိုးသမီးသည်လည်း မလုံခြုံ‌ေတာ့ပါဘူး။ ကျွန်တော်ယခင်နေဖူးတဲ့ ရက်ကွပ်တစ်ခုမှာဆိုလျှင် ခြေထောက်တစ်ဖက်မသန်သည့် စိတ်ဝေ‌ဒနာသည် အမတစ်ယောက်ရျှပါတယ်။ သူ့ကိုကြည့်လိုက်လျှင် ခပ်နွမ်းနွမ်း ဘောင်းဘီရှည်တစ်ထည်နဲ့ တီရှပ်ကို အမြဲဝတ်ထားပြီး ပိုက်ဆံလိုက်လံတောင်းပါတယ်။ ထိုအမကိုဆို တချို့ တဏှာကြီးကြတဲ့ ယောက်ျားတချို့က သူတို့လိုအင်အတွက် အသုံးချတတ်ကြလွန်းလို့ ရက်ကွပ်က သားဆက်ခြားဆေးထိုးပေးထားရတဲ့အခြေအနေတစ်ခုမှာ ရှိပါတယ်။ မုဒိန်းမှုကျူးလွန်ခံရတာ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးလေးတွေလည်း အများကြီးပါ။

သက်ငယ်မုဒိန်းမှု ၁၀၀မှာ ၁၂ယောက်က အဖေအရင်းတွေဖြစ်ပြီး ကျန်တာကတော့ ရင်းနှီးတဲ့သူတွေဖြစ်ကြာင်း ကိုစိုးထိုက်ရဲ့ ကျွန်တော်နဲ့ ပန်းကလေးများစာအုပ်မှာ ကျွန်တော်ဖတ်ခဲ့ဖူးပါတယ်။

ဒါဆို ကလေးတွေရော အတိုအပြတ်ဝတ်တယ်ဆိုတဲ့ အချက်ကြောင့်ပဲလား....။ ဒါဆို မိန်းကလေးတွေပဲလား ဆိုပြန်တော့လည်း မဟုတ်ပါဘူး။ အခုခေတ်မှာ တဏှာရာဂကြီးလွန်းတဲ့ ယောက်ျားတွေကြောင့် ယောက်ျားလေးတွေတောင် မလုံခြုံတော့ပါဘူး။ လွန်ခဲ့တဲ့လပိုင်းလောက်က နာမည်ကြီး သတင်းတစ်ပုဒ် ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကျောင်းအုပ်ဆရာတစ်ယောက်က သူ့ကျောင်းမှာရှိတဲ့ အရွယ်မရောက်သေးတဲ့ ယောက်ျားလေးတွေကို အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ တရားခံကို ဖမ်းမိပေမယ့် ဘယ်လို တရားစီရင်ခဲ့လည်းတော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ၂၀၁၉ခုနစ် မုဒိန်းမှုအတွက် ဥပဒေပြင်ဆင်မှု မလုပ်ခင်အရင်နှစ်များမှာဆို မုဒိန်းမှုအတွက် ပြစ်ဒဏ်က ထောင်ဒဏ်၇နှစ်တဲ့။ ကျူးလွန်တဲ့ သူက ၇နှစ်လောက် ထောင်ထဲနေရုံနဲ့ ပြန်လွတ်လာပေမယ့် နစ်နာသူတွေအနေနဲ့ကတော့ ဘဝတစ်သက်စာအမဲစက်ပါပဲ။ ၂၀၁၉မှာတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ဥပဒေပြင်ဆင်ထဲ့ပေမယ့် ထိထိရောက်ရောက် ကိုင်တွယ်နိုင်ချင်းမရှိသေးဘူးလို့ ကျွန်တော်ခံစားမိပါတယ်။

ဒါဆို မုဒိန်းမှုကို ပပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။

မုဒိန်းမှုကို ပပျောက်စေဖို့အတွက်ဆိုရင် _
၁။ မုဒိန်းမှုအတွက် ခိုင်မာတဲ့ဥပဒေရှိရပါမယ်။ ကျူးလွန်သူတွေ နောက်ထပ်မကျူးလွန်ရဲအောင်၊ နောင်လူတွေလည်း မကျူးလွန်ရဲအောင် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးရှိဖို့ လိုပါတယ်။
၂။ ပညာရေးစနစ်ပြုပြင်ဖို့ လိုပါတယ်။ ပညာသင်ကြားရေးဘာသာရပ်တွေထဲက တစ်ခုဖြစ်တဲ့ စာရိတ္တဘာသာရပ်မှာ အပေါ်ယံသင်ကြားတာမျိုးမဟုတ်ဘဲ ထဲထဲဝင်ဝင်သင်ကြားပေးဖို့လိုပါတယ်။ နောက်တစ်ခုက လိင်ပညာပေး(sex education)ကို မူလတန်းအရွယ်ကနေစလို့ သင်ကြားပေးသင့်ပါတယ်။
၃။ နစ်နာသူတွေကို ဥပဒေအရ အကောင်းဆုံး ကာကွယ်ပေးနိုင်ရပါမယ်။


ဒီအချက်တွေက ကျွန်တော့်ရဲ့ထင်မြင်ချက်သက်သက်ဆိုပေမယ့် ဒီအချက်တွေကို လက်ခံနိုင်ကြမယ်ထင်ပါတယ်။ ဒီထဲက နံပါတ် ၂ အချက်မှာပါတဲ့ လိင်ပညာပေး( sex education ) ဆိုတာကို လူတချို့ တစ်နည်းအားဖြင့် လူကြီးတွေထင်တာက လင်နဲ့မယားကြားက ကိစ္စတွေ သင်ကြားပေးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ပညာပေး(sex education),ဆိုတာက ဖို၊မဆက်ဆံရေးအပြင် ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်ရမယ်၊ မိဘနဲ့သားသမီးကြားက ဆက်ဆံရေး၊ ဆရာနဲ့ တပည့်ကြားက ဆက်ဆံရေး စသဖြင့် အဖိုးတန်တဲ့ သင်ကြားရေးတစ်ခုဖြစ်ပါတယ်။ အမှန်ဆို မိဘတွေ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို ငယ်ရွယ်စဥ်ကျောင်းမတက်ခင်ကတည်းက သင်ကြားပေးနိုင်ပါတယ်။

ဥပမာ မိမိရဲ့ ပရိုက်ဗိတ်ဧရိယာ(private area)တွေကို မိဘတွေက သန့်ရှင်းရေးလုပ်ပေးချိန်မှ လွဲ၍ ဘယ်သူကိုင်တာမှ မခံဖို့နဲ့ သူများရဲ့ ပရိုက်ဗိတ်ဧရိယာကိုလည်း သွားမကိုင်ကြဖို့ သင်ကြားပေးရပါမယ်။ အကယ်၍ မိမိကို လာထိတွေ့တာမျိုးရှိရင် မကြိုက်ကြောင်းပြောပြီး ငြင်းဆန်တတ်ဖို့ အတင်းထိတွေ့လာရင်လည်း အဲ့ဒီ့လူနဲ့ဝေးရာထွက်ပြေးပြီး ယုံကြည်ရတဲ့လူကြီးတစ်ယောက်ကို အမှန်အတိုင်းပြောပြဖို့ သင်ကြားပေးရပါမယ်။

ဒါက ကလေးအရွယ်မှာ သင်ကြားပေးနိုင်တဲ့ လွယ်ကူတဲ့သင်ကြားနည်းလေးပါ။ မြန်မာနိုင်ငံမှာတော့ ယခုအချိန်ထိ သင်ရိုးတွေထဲ လိင်ပညာပေးပါလာတာ မတွေ့သေးပါဘူး။

ဟိုတလောက အိန္ဒိယက ဗီဒီယိုလေးတစ်ပုဒ်ကို တွေ့လိုက်မိပါတယ်။ ကျောင်းအိမ်သာအနောက်ဖက်က မြောင်းထဲမှာ ကွန်ဒုံးတွေအများအပြားတွေ့တယ်ဆိုတဲ့အချက်ပါ။ ဒါကကျောင်းတစ်ကျောင်းအနေနဲ့ ရှက်စရာပေမယ့် တစ်ဖက်ကတွေးပြန်ရင်လည်း ဒီကိစ္စကို "ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်ရင်ဆောင်" ဆိုတဲ့ လိင်ပညာပေးတက်မြောက်ထားတယ်ဆိုတဲ့အချက်က တော်သေးတာပေါ့လို့ ဆိုရမလိုပါပဲ....။

အချုပ်အနေနဲ့ ဆိုရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခြေအနေအရပ်ရပ်ကြားမှာ ပညာရေးနိမ့်ပါးပြီး မုဒိန်းမှုအတွက် ဥပဒေကလည်း တင်းတင်းကျပ်ကျပ်မလုပ်ဆောင်နိုင်သေးပါဘူး။လိင်ပညာပေးအသိနည်းပါးခြင်းကြောင့်လည်း မလိုလားအပ်တာတွေဖြစ်ရပြီး ပညာရေးနိမ့်ကျမှုကြောင့် ဗစ်တင်ဘလိမ်းမင်း(victim blaming)ကို လူတိုင်းနည်းပါးလုပ်မိနေကြပြီး ကျူးလွန်သူကို အပြစ်‌ေပါ့အောင် ကူညီနေကြပါတယ်။

လူ့အသိုင်းအဝိုင်းတစ်ခု ပတ်ဝန်းကျင်တစ်ခုဆိုတာ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ ကလေးငယ်ဖြစ်ဖြစ် တစ်နိုင်ငံလုံး အချိန်မရွေး လျှောက်သွားနေရင်တောင် လုံခြုံမှုပေးနိုင်စွမ်းရှိရပါမယ်။

မုဒိန်းမှုဖြစ်ဖြစ်၊ သက်ငယ်မုဒိန်းမှုဖြစ်ဖြစ် ကျူးလွန်သူမှာသာ ၁၀၀% အပြစ်ရှိပါတယ်။
နစ်နာသူနဲ့ နစ်နာသူရဲ့မိသားစုဟာ အပြစ်ကင်းကြပါတယ်။
STOP VICTIM BLAMING!!!!


၂၆.၅.၂၀၂၅ (တနင်္လာနေ့)
Summerkay27 (နွေ)


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း