နွေဦးမွန်
ကျွန်မတို့လူသားတွေရဲ့စိတ်ဟာ မှန်းဆလို့ မရလောက်အောင် ဆန်းကြယ်လွန်းလှပါတယ်။ ကျွန်မတို့မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေ အတွေးတွေ အစရှိတဲ့ အရာအားလုံးကို မိမိလိုသလို ပုံဖော်ဖန်းတီးပြီး ထုတ်ပြကြသလို ကွယ်လည်းကွယ်ဝှက်ထားတတ်ကြပါတယ်။ ဘယ်လိုအရာမျိုးတွေကို ကျွန်မတို့တွေက ကွယ်ဝှက်ထားတတ်ကြတာလဲ။
တစ်ခါတလေမှာ ကျွန်မတို့ရဲ့အတွေး၊ ခံစားချက်တွေကို တစ်ဖက်လူကသိသွားမှာကို အလွန်အမင်းစိုးရိမ်တတ်ဖူးကြပါတယ်။ ကိုယ့်မှာရှိနေတဲ့ သောကတွေ၊ အပူတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို တစ်ပါးသူထံမကူးစက်စေလိုတဲ့ စိတ်စေတနာမျိုးလည်း လူတိုင်းကိုယ်စီမှာ ရှိတတ်ကြပါတယ်။ အထူးသဖြင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့လုပ်ငန်းမျိုး လုပ်ကိုင်နေရသူတွေနဲ့ မိသားစု၊ သူငယ်ချင်း၊ လက်တွဲဖော် အစရှိတဲ့ လူမှုဆက်ဆံရေးတွေမှာတောင် ရင်ဆိုင်ကြုံတွေ့နေကြဆဲပါ။သည်လိုစိတ်ဒဏ်ရာတွေ၊ ခံစားချက်တွေကို ဖုံးကွယ်ထားတတ်ခြင်းဟာ ကြာလာရင် အလေ့အကျင့်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ အလေ့အကျင့်တွေဆိုတာကလည်း ကျွန်မတို့ရှင်သန်ကြီးပြင်းခဲ့ကြတဲ့ ငယ်ဘဝရဲ့ဖြတ်သန်းမှု ပုံရိပ်တစ်ခုအဖြစ်နဲ့ ကျွန်မတို့ရဲ့ မသိစိတ်ထဲမှာတဖြည်းဖြည်းချင်းနဲ့ ပုံဖော်ပြီး နေရာယူလာခဲ့ကြတာပါပဲ။ သို့ပေမယ့် သည်လိုမျိုး ကျဉ်းကျပ်ပိတ်လှောင်နေတဲ့ စိတ်လှောင်အိမ်ထဲက လွတ်မြောက်အောင်ကြိုးစားနိုင်သူဟာ ကိုယ်ကိုယ်တိုင်ကလွဲပြီး တစ်ပါးသူမရှိနိုင်ပါဘူး။
အမျိုးမျိုးသောစိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့လိုခေတ်မျိုးမှာ ကျွန်မတို့ရဲ့မလိုအပ်တဲ့ စိတ်ခံစားချက်တွေကို တမြေ့မြေ့နဲ့တွေးပြီး၊ခံစားပြီး စိတ်ဒဏ်ရာဖြစ်ခံမယ့်အစား တစ်ခုခုကို အကျိုးသင့်အကြောင်းသင့်နဲ့ ဖြေရှင်းလိုက်တာက ပိုပြီးတော့ ထိရောက်မှုရှိပါလိမ့်မယ်။ ဥပမာအားဖြင့် ကိုယ်ဖြစ်ချင်တဲ့အရာတွေကို မျိုသိပ်မထားပဲနဲ့ ပြေပြေလည်လည်ဆွေးနွေးကြတာမျိုးပေါ့။ မအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်စိတ်ကပေါ့ပါးလန်းဆန်းသွားမယ်။ တစ်ဖက်လူရဲ့ လက်သင့်မခံနိုင်တဲ့ အကြောင်းရင်းကိုလည်း သိခွင့်ရသွားမယ်။ နောက်ဆုံးတစ်ခုအနေနဲ့ တစ်ပါးသူကို မပြောပြနိုင်သလို၊ မတိုင်လည်းမတိုင်ပင်နိုင်ဘူးဆိုရင်တော့ စာအုပ်တစ်အုပ်(သို့)စာရွက်ထဲမှာ ကိုယ်ခံစားနေရတာတွေကို စိတ်ထဲရှိသမျှ ချရေးလိုက်ပြီး ကိုယ်ကွယ်ဝှက်ထားတဲ့ စိတ်ဒဏ်ရာတွေကို ကုစားလိုက်ပြီးတော့ကိုယ့်ဘဝကို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရှေ့ဆက်ရုံပါပဲ။
တချို့သောလူတွေကို ကိုယ့်စိတ်အလိုကျ ပြုပြင်ပြောင်းလဲချင်ပေမဲ့ ဖြစ်မလာတဲ့အခါ စာမျက်နှာအသစ်တစ်ရွက်ကို လှန်သလိုမျိုး ထားခဲ့လိုက်တာက ပိုပြီးတော့စိတ်သက်သာရာရစေပါလိမ့်မယ်။
Keep Reading