ကျော်ဇောအောင်
စာဖတ်သူတို့ ခင်ဗျာ ... တစ်နှစ်တာမှာ မြန်မာတို့ရဲ့ ဒုတိယလဟာ (ကဆုန်လ)ဖြစ်ပြီး အင်္ဂလိပ်လ မေလနဲ့ တိုက်ဆိုင်နေကာ ထိုလမှာ (ညောင်ရေသွန်း)ပွဲတော်ကို ကျင်းပကြပါတယ်။
ရှေးဦးစွာ ကဆုန်လရဲ့ အကြောင်းကို ဖော်ပြရလျင် ကဆုန်လဟာ ရာသီအားဖြင့် (ပြိဿ)ရာသီဖြစ်ပြီး နက္ခတ်မှာ (ဝိသာခါ)နက္ခတ်ဖြစ်ကာ ရာသီရုပ်ကား (နွားလားဥဿဘ) ဖြစ်တယ်။
ရာသီပန်းကတော့ (စကားဝါ)ပန်း ဖြစ်ပြီး ပွဲတော်မှာ (ညောင်ရေသွန်း)ပွဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာ(သူတော်စင်) အများစုဟာ ကဆုန်လကို (လမြတ်ကဆုန်)လို့လည်း ခေါ်ကြပါတယ်။
" ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်။ " ဆိုတဲ့ ဆိုရိုး အတိုင်း (ဗုဒ္ဓ)မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး ထူးကဲလှတဲ့ နေ့ထူး/မြတ် လေးရက်ဟာ ကဆုန်လပြည့်နေ့ချည်း ဖြစ်နေတဲ့ အတွက် ကဆုန်လကို လမြတ်ကဆုန်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။
' ဗျာဒိတ် ' ဆိုတဲ့ စကားကတော့ ကဆုန်လပြည့်နေ့မှာ (ဂေါတမ)မြတ်စွာဘုရားအလောင်းတော် (သုမေဓာ)ရှင်ရသေ့ဟာ (ဒီပင်္ကရာ)မြတ်စွာဘုရား ရှေ့မှောက်မှာ ဗျာဒိတ်တော်ခံယူတော်မူခြင်းကို ဆိုလိုတာ ဖြစ်ပြီး ' ဖွားမြင် ' ဆိုတာကတော့ မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့်နေ့မှာပဲ ဘုရား(အလောင်းတော်) (သိဒ္ဓတ္ထ)မင်းသား ဖွားမြင်တာကို ရည်ညွှန်းခြင်း ဖြစ်ကာ ' ဗောဓိပင် ' ဆိုသည်မှာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့တုန်းက ဗောဓိပင်ရင်းမှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခြင်းကို ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။
နောက်ဆုံး တစ်ခု ဖြစ်တဲ့ ' စံဝင်နန်းနိဗ္ဗာန် ' ဆိုတာက မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့မှာ (ဗုဒ္ဓ)မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခြင်းကို ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
အခုလို ထူးခြားလှတဲ့ ဗုဒ္ဓ(အခါတော်) ကဆုန်လပြည့်နေ့ ရှိတဲ့လဖြစ်သည့် အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ လမြတ်ကဆုန်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ကဆုန်လမှာ ကျင်းပတဲ့ (ညောင်ရေသွန်း) ပွဲတော် ဖြစ်ပေါ်လာပုံ အကြောင်းကို တင်ပြချင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၆၀၀)ကျော် အချိန်တုန်းက ဘုန်းတော်ကြီးသော (ဗုဒ္ဓ)ဘုရားရှင်ဟာ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီနဲ့ ပရိဘောဂစေတီဆိုပြီး စေတီ(၄)မျိုး ရှိကြတဲ့ အနက်မှာ (ဗောဓိညောင်ပင်)ကို ပရိဘောဂ စေတီတော်အဖြစ် ဘုရားရှင် မရှိတော့တဲ့ နောက်ပိုင်းမှာ ဘုရားကိုယ်စား လှူဒါန်း ပူဇော်ဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။
အဲ့ဒီလို မြတ်စွာဘုရားရှင်က ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် သတ်မှတ်ပေးတဲ့ အတွက် ဘုရားရှင်ရဲ့ ဖွားဖက်တော် ခုနစ်ဖော်မှာ ပါဝင်တဲ့ (မဟာဗောဓိ)ညောင်ပင်၊ ဘုရားပွင့်တော်မူရာ ဖြစ်တဲ့ မဟာဗောဓိညောင်ပင်စတဲ့ ထင်ရှားမြင့်မြတ်လှတဲ့ ဗောဓိညောင်ပင်တွေကို တန်ခူးကဆုန် စွေ့စွေ့ခုန်အောင် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဆက်လက် ရှင်သန်ဖို့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းကြတာ ဖြစ်ပြီး ထိုသို့ သွန်းလောင်းခြင်းဟာလည်း ထူးမြတ်တဲ့ ကုသိုလ်အမှု ပြုကြခြင်းပဲ ဖြစ်ပါတယ်။
ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် (ကဆုန်) လပြည့်နေ့ရောက်တိုင်း မြန်မာပြည် အနှံ့အပြား မြို့တိုင်း ရွာတိုင်းလိုလိုမှာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပတာ ဖြစ်ပါတယ်။
ဖတ်ရှုပေးသူများအား အထူးကျေးဇူးတင်ရှိပါတယ်။
#ကျော်ဇောအောင်။
2025/05/10, စနေ။
Photo edit - GoArt.
ကိုးကား - မြန်မာ့ရိုးရာ (၁၂)လရာသီ ပွဲတော်များ။
Keep Reading