the IX
🌼 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌼
၂၆.
၁ ။
အထွေအထူးလုပ်စရာမရှိသည့်နေ့များတွင် လရိပ်အေးသို့ဆိုင်ဘက်သို့သွားကာ လရိပ်အေးတို့မောင်နှမနှင့် ရောက်တတ်ရာရာများလျှောက်ပြောလေ့ရှိသည်မှာ ထူးသစ်၏အကျင့်တစ်ခုပင်ဖြစ်နေပြီဖြစ်သောကြောင့် ယနေ့လည်း လရိပ်အေးတို့ဆိုင်ဘက်သို့ ထွက်လာခဲ့လိုက်သည် ။
သို့သော် .....
လရိပ်အေးက မိမိအားမသိဟန်ဆောင်နေပြီး လေပြေကမူ အနားသို့ပြေးလာသဖြင့် လရိပ်အေးကို မသိမသာဝေ့ကြည့်၍ လေပြေ့ကို
" လရိပ်နဲ့ရန်ဖြစ်ထားပြန်ပြီလား "
ဟု မေးလိုက်သည် ။ ဤစကားကို လေပြေက
" သူကသမီးမကြိုက်တာကိုလုပ်တာကို "
ဟု တုံ့ပြန်သဖြင့်
" လေပြေအေး ..... မောင်နှမဆိုတာ ..... "
ဟူ၍ စကားစလိုက်သည် ။ မိမိစကားကို လေပြေက
" မောင်နှမဆိုတာ အမေတစ်ယောက်ထဲကမွေးတဲ့ အချစ်ဆုံး ၊ အရင်းနှီးဆုံးသူငယ်ချင်းမို့လို့ တန်ဖိုးထားရတယ် ..... သည်းခံရတယ် ..... တစ်ယောက်မှားရင် တစ်ယောက်က စေတနာအရင်းခံပြီး အမှန်ကိုပြင်ပေးရတယ် ..... စိတ်မဆိုး ၊ စိတ်မကောက်ရဘူး ..... ပြသနာရှိရင် ပြေလည်အောင်ဖြေရှင်းရတယ် "
ဟု အရင်ဦးအောင်အရှေ့မှဖြတ်ပြောသောကြောင့် လက်ပိုက်လိုက်ပြီး
" ဒါဖြင့် ..... ဘာဖြစ်လို့ ရန်ကဖြစ်ရပြန်တာလဲ "
ဟူ၍ မေးလိုက်သည် ။ လေပြေက နှုတ်ခမ်းထော်ပြီး
" ကိုကြီးပိုင်ဆုံးမနေကျစကားကို သမီးသိပေမဲ့ အဲ့ဒီကိုကြီးက သမီးကိုဆိုအလျှော့မပေးဘူး ..... အမြဲတမ်းအနိုင်ပဲလိုက်ကျင့်နေတယ် ..... အခုလည်း သမီးယူထားပြီးသာဟာကိုလုဖို့စိတ်ကူးနေတာ "
ဟု ပြန်ဖြေသောကြောင့် လေပြေ့ခေါင်းကို ဖွဖွပုတ်လိုက်ကာ
" ဒါဖြင့် ..... လရိပ်အေးကိုပါ ဆူရမှာပေါ့ "
ဟူ၍ မေးလိုက်သည် ။ လေပြေက ခေါင်းကိုခပ်သွက်သွက်ညိတ်ပြသောကြောင့်
" ဟုတ်ပါပြီဗျာ "
ဟု ပြောကာ လရိပ်အေးထံသို့ ထွက်လာခဲ့လိုက်သည် ။
၂ ။
တွေ့ချင်နေသောထူးသစ်ပိုင်က ဆိုင်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော်လည်း လက်သွက်သောလေပြေက ထူးသစ်ပိုင်၏အနားသို့ အရင်ရောက်သွားပြီး လရိပ်မျက်စိနောက်အောင် ထူးသစ်ပိုင်အား ချွဲနွဲ့နေသောကြောင့် စိတ်ပေါက်ပေါက်နှင့် ထူးသစ်ပိုင်အနားသို့မသွားသေးပဲ ရေဆေးရမည့်နံနံပင်တို့ကို ရေဇလုံထဲတွင်နှစ်ဆေးရင်း ထွက်နေသည့်ဒေါသတို့ကို နံနံပင်များအပေါ်တွင် ပုံချနေမိသည် ။
ထူးသစ်ပိုင်နှင့် လေပြေကလည်း မိမိကိုဒေါသမထွက်,ထွက်အောင်လုပ်နေသကဲ့သို့ နှစ်ယောက်သား ကြည်ကြည်နူးနူးစကားပြောနေကြသဖြင့် စိတ်မရှည်တော့ ။ ထို့ကြောင့် ရေဇလုံထဲမှနံနံပင်များကို စဥ့်တီတုံးပေါ်သို့ ပစ်တင်လိုက်ပြီး ဓားနှင့်အသံမြည်အောင် တမင်ပင်လှီးလိုက်သည် ။ ထိုစဉ် လေပြေနှင့်စကားပြောနေသောထူးသစ်ပိုင်က မိမိထံသို့လျှောက်လာသည် ။
ထူးသစ်ပိုင်အနားသို့ရောက်လာသည်ကိုသိသော်လည်း တမင်မမြင်ဟန်ဆောင်ကာ လှီးလက်စနံနံပင်ကို ဆက်လှီးနေလိုက်သည် ။ အနားသို့ရောက်လာသောထူးသစ်ပိုင်က ချောင်းဟန့်ပြီး
" လရိပ် "
ဟု ခပ်တိုးတိုးခေါ်သည် ။ ထို့ကြောင့် မော့ကြည့်လိုက်ပြီး
" ငါမအားဘူး "
ဟု ဘုတောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က လွတ်နေသောခုံတွင်ဝင်ထိုင်ပြီး
" မိလေပြေနဲ့ရန်ဖြစ်ထားတယ်ဆို "
ဟု မေးသည် ။ ရန်ဖြစ်ရသည့်အကြောင်းကို ထူးသစ်ပိုင်အား အမှန်အတိုင်းပြောပြလိုက်လျှင် ထူးသစ်ပိုင်တစ်ယောက် ရူးပင်ရူးသွားနိုင်သောကြောင့်
" အဲ့ဒါ ငါတို့မောင်နှမကြားကကိစ္စ ..... မင်းနဲ့မဆိုင်ဘူး "
ဟု ပြောလိုက်သည် ။
သို့သော် .....
ထူးသစ်ပိုင်က ဤစကားကို နားမထောင် ။
" လရိပ်ရာ ..... မင်းက,ကလေးလည်းမဟုတ်တော့ပဲနဲ့ကွာ ..... ဘာဖြစ်လို့ ကလေးနဲ့ရန်ပြိုင်ဖြစ်နေရတာလဲ "
ဟု မေးသည် ။ မနေ့ကမှ လေပြေနှင့်ရန်ဖြစ်သည့်ကိစ္စကြောင့် မိခင်ဖြစ်သူနှင့်ရန်ဖြစ်ထားရ၍ စိတ်မကြည်မလင်ဖြစ်နေချိန်တွင် ထူးသစ်ပိုင်က လေပြေနှင့်ရန်ဖြစ်သည့်ကိစ္စကို အစလာပြန်ဖော်နေသောကြောင့် လက်ထဲမှဓားကိုပစ်ချလိုက်ပြီး
" ထူးသစ်ပိုင် "
ဟု လေသံကိုမြှင့်၍ခေါ်လိုက်သည် ။ ထူးသစ်ပိုင်ကလည်း မိမိထက်မလျော့သောလေသံဖြင့်
" ငါအကောင်းနဲ့ပြောနေတာ လရိပ် "
ဟု ပြန်ပြောသည် ။ ပုံမှန်ဆိုလျှင် မည်သူ့ကိုမှ မိမိဘက်ကစတင်၍အလျှော့ပေးလေ့မရှိသော်လည်း ထူးသစ်ပိုင်က ခြွင်းချက်ဖြစ်သောကြောင့် သက်ပြင်းချလိုက်ပြီး
" ဘာဖြစ်လို့ ငါ့ကိုပဲဆူဖို့စိတ်ကူးနေတာလဲ ထူးသစ်ပိုင် ..... အကြီးဖြစ်တိုင်း အမြဲတမ်းငါကချည်းပဲအလျှော့ပေးနေရမှာလား "
ဟု မေးလိုက်သည် ။
၃ ။
ထူးသစ် လေပြေနှင့်လရိပ်အေးရန်ဖြစ်ရသည့်ကိစ္စကို ပြေလည်အောင်ညှိနှိုင်းပေးရန်စိတ်ကူး၍ လရိပ်အေး၏အနားသို့ရောက်လာသော်လည်း လရိပ်အေးက မိမိကိုစကားပေးမပြော ။ ဘုဆတ်ဆတ်နှင့် မိမိနာမည်အားခေါ်သည် ။ ပြီးမှ သက်ပြင်းချပြီး
" ဘာဖြစ်လို့ ငါ့ကိုပဲဆူဖို့စိတ်ကူးနေတာလဲ ထူးသစ်ပိုင် ..... အကြီးဖြစ်တိုင်း အမြဲတမ်းငါကချည်းပဲအလျှော့ပေးနေရမှာလား "
ဟု မေးသည် ။ ဤသို့မေးလာသောလရိပ်အေး၏လေသံက ပုံမှန်အတိုင်းပြန်ဖြစ်သွားကြောင့် မိမိလည်း လေသံကို တတ်နိုင်သမျှနူးညံ့အောင်ပြုပြင်လိုက်ပြီး
" ငါကအဲ့ဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး လရိပ်ရယ် "
ဟု စကားဦးအရင်သန်းလိုက်သည် ။ လရိပ်အေးက မည်သည့်စကားမှမဆိုပဲ ငြိမ်သက်နေသောကြောင့်
" မင်းနဲ့လေပြေနဲ့ကမောင်နှမအရင်းတွေဖြစ်တဲ့အပြင် မင်းတို့နှစ်ယောက်စလုံးက ငါနဲ့အရင်းနှီးဆုံး ၊ ငါသံယောဇဥ်အရှိဆုံးလူတွေပဲ ..... မင်းတို့နှစ်ယောက်ကအခုလိုမတည့်ပဲ ရန်ဖြစ်နေတော့ ငါ့စိတ်ထဲမှာနေရတာအဆင်မပြေဘူး ..... အဲ့ဒါကြောင့် မင်းတို့နှစ်ယောက်ကိုပြန်ပြေလည်စေချင်တာ "
ဟု ထပ်ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လရိပ်အေးက
" မင်းညီမက ငါ့ကိုအရင်စပြီးအတင်းစွပ်စွဲတာ "
ဟု ပြောသည် ။ ပြောရင်းကလည်း မျက်ရည်များက စီးကျလာသဖြင့် ထိတ်ကနဲဖြစ်သွားပြီး
" ဟာ ..... မငိုနဲ့ ..... မငိုနဲ့လေ လရိပ်ရယ် ..... ဘာဖြစ်လို့ငိုရတာလဲ "
ဟု ပြောကာ လရိပ်အေး၏အနားသို့ အပြေးအလွှားထလာခဲ့လိုက်သည် ။
၄ ။
လရိပ်အေးက စကားပြောနေရင်းက ရုတ်တရက်ထငိုသောကြောင့် ထူးသစ် လန့်သွားကာ လရိပ်အေးကိုအငိုတိတ်စေရန် ချော့မော့နေမိသည် ။
သို့သော် .....
လရိပ်အေးက အငိုမတိတ် ။
" ဘာကိစ္စပဲဖြစ်ဖြစ် အကုန်လုံးကငါ့ကိုပဲအပြစ်တင်ပြီးအပြစ်မြင်ကြတယ် ..... ဘယ်တော့မှငါ့ခံစားချက်ကိုစိတ်မဝင်စားကြဘူး "
ဟု ပြောကာ ရှိုက်၍ငိုသည် ။ လရိပ်အေး၏ပုံစံက အမှန်တကယ်ဝမ်းနည်းနေသည့်ဟန်ဖြစ်နေသောကြောင့် လရိပ်အေးကိုဖက်လိုက်ပြီး ကျောကုန်းကိုဖွဖွပုတ်ပေးလိုက်ပြီး
" အေးပါ ..... လရိပ်က လိမ္မာတယ်နော် ..... မငိုနဲ့တော့ ..... အရမ်းငိုရင်ခေါင်းကိုက်ပြီးနေမကောင်းဖြစ်လိမ့်မယ် "
ဟု ပြောလိုက်သည် ။ မိမိစကားကို လရိပ်အေးက
" မင်းလည်းအတူတူပဲ ..... လေပြေ့စကားကိုပဲယုံပြီး ငါ့ကိုကျဘာမှမမေးဘူး "
ဟု တုံ့ပြန်သဖြင့် ခေါင်းကြီးသွားသည် ။ ထို့ကြောင့်
" အင်းပါ ..... ငါတောင်းပန်ပါတယ်ကွာ ..... နော် ..... နောက်တစ်ခါ ထပ်မဖြစ်စေရတော့ပါဘူး "
ဟု ချော့၍ပြောကာ လရိပ်အေးနှင့်လူချင်းခွာလိုက်သည် ။ ပြီးမှ လရိပ်အေး၏ပါးပေါ်မှမျက်ရည်များကို အသာသုတ်ဖယ်ပေးလိုက်သည် ။ ဤသို့သုတ်ပေးနေစဥ် တစ်စုံတစ်ဦးက မိမိအားစိုက်ကြည့်နေသကဲ့သို့ ခံစားရသောကြောင့် ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်လိုက်မိသည် ။ ထိုအခါ လမ်းဘေးတွင်ချထားသောစားပွဲတစ်လုံးတွင်ထိုင်ကာ မိမိနှင့်လရိပ်အေးကို စိမ်းကားစူးရဲသောအကြည့်တို့ဖြငင့်ကြည့်နေသောလေပြေ့ကို မမျှော်လင့်ပဲ တွေ့လိုက်ရသည် ။ မိမိသိသည့်လေပြေနှင့် ယခုတွေ့လိုက်ရသည့်လေပြေက တစ်ဦးထဲဖြစ်သည်ဟုမထင်ရလောက်အောင် လေပြေ့ပုံစံက ကြောက်စရာကောင်းသောကြောင့် လရိပ်အေး၏ပါးပေါ်မှမိမိလက်ကို လျင်မြန်စွာဖယ်လိုက်ပြီး
" မငိုနဲ့တော့ ..... မဟုတ်ရင် ရုပ်ဆိုးလိမ့်မယ် "
ဟု ပြောလိုက်သည် ။
၅ ။
လရိပ်၏ မနေ့ကတည်းကအခြေအနေမကောင်းဖြစ်နေသောစိတ်က ယနေ့ ထူးသစ်ပိုင်နှင့်စကားတစ်ခွန်းနှစ်ခွန်းသာပြောပြီးချိန်တွင် ထိန်းထား၍မရတော့လောက်အောင်ဝမ်းနည်းလာပြီး ထူးသစ်ပိုင်၏အရှေ့တွင် ငိုချလိုက်မိသည် ။ ဤသို့ အားရပါးရငိုပြီးသောအခါမှ ထူးသစ်ပိုင်သည် ငိုသံကြားရလျှင်စိတ်အခြေအနေမကောင်းတတ်ကြောင်းကို သတိရသည် ။ ထို့ကြောင့် မျက်ရည်များကို လျင်မြန်စွာသုတ်ဖယ်လိုက်ပြီး
" ငါတောင်းပန်ပါတယ် ..... မင်းကိုအလကားစိတ်ညစ်ရအောင်လုပ်မိပြီ ..... မင်းအဆင်ပြေရဲ့လား "
ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က နူးညံ့စွာပြုံး၍
" ငိုတာငါမှမဟုတ်တာ ..... မင်းပဲကို ..... အဲ့ဒါကို ငါကဘာအဆင်ပြေရမှာလဲ "
ဟု မေးသည် ။ ထူးသစ်ပိုင်၏မေးခွန်းကို
" မင်းကငိုသံကြားလို့မရဘူးဆို ..... ငိုသံကြားရင် အရမ်းစိတ်ထိခိုက်တတ်တယ်ဆို "
ဟု ပြန်တုံ့ပြန်လိုက်သောအခါ ထူးသစ်ပိုင်က မိမိအားရှုတည်တည်နှင့်ကြည့်သည် ။ ပြီးမှ
" အဲ့ဒါ အရမ်းအော်ငိုမှပါ ..... မင်းကအော်ငိုတာမှမဟုတ်ပဲ "
ဟု ပြောသည် ။ ထို့နောက်
" အခုစိတ်ထဲမှာနေလို့ကောင်းသွားပြီလား "
ဟု မေးသည် ။ အမှန်တကယ်ပင် ပေါ့ပါးသွားပြီဖြစ်သောကြောင့် ခေါင်းကိုခပ်သွက်သွက်ညိတ်ပြလိုက်ပြီး
" ကျေးဇူးပဲ "
ဟု ပြောလိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်ကပြုံးပြီး မတ်တပ်ထရပ်ကာ
" ဒါဆို ..... ငါပြန်လိုက်အုံးမယ် ..... မောင်နှမတွေအဆင်ပြေအောင်ညှိကြည့်လိုက်ကြပါအုံး "
ဟု ပြောသည် ။ ပြီးသည်နှင့် မိမိအနားမှ ခပ်သွက်သွက်ထထွက်သွားသည် ။
၆ ။
လေပြေနှင့် လရိပ်အေး၏မောင်နှမကြားမှပြသနာသည် မိမိထင်ထားသလို ပေါ့သေးသေးပြသနာမဟုတ်ကြောင်း လရိပ်အေးအား မျက်လုံးစိမ်းများဖြင့်စိုက်ကြည့်နေသောလေပြေ့အကြည့်များမှတဆင့် ထူးသစ် သိလိုက်ရသည် ။ ထို့အတူ ဤပြသနာထဲတွင် မိမိဝင်မပါသင့်ကြောင်းကိုပါ ရိပ်မိသဖြင့် လရိပ်အေးကိုနှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည် ။ ဤသို့ အိမ်ပြန်သည့်လမ်းတွင် လေပြေနှင့်လရိပ်အေး ရန်ထပ်ဖြစ်ပြီး လရိပ်အေးတစ်ယောက်ထဲ အနိုင်ကျင့်ခံနေရမည်ကို စိုးရိမ်နေမိသည် ။ ပြန်လှည့်ကြည့်ရန်ကလည်း မဖြစ်နိုင်သောကြောင့် သက်ပြင်းချကာ လမ်းထိပ်အုတ်ခုံတွင်ထိုင်ချလိုက်သည် ။ ဤသို့ထိုင်နေစဥ်
" ဟေ့ ..... ထူးသစ်ပိုင် "
ဟူသော ခေါ်သံနှင့်အတူ ဇင်အောင်ဌေးက မျက်စိရှေ့တွင်ပေါ်လာသည် ။
ဇင်အောင်ဌေးက မိမိနှင့်အတန်းမတူသလို နေသည့်ရပ်ကွက်လည်းမတူ ။ ထို့အပြင် မိမိနှင့်လည်း ဘောလုံးတွဲမကန်ဖြစ်သည်ကများသော်လည်း ကောင်းခန့်သာ၏ကျေးဇူးဖြင့် ဇင်အောင်ဌေးနှင့် အတော်အသင့်ရင်းနှီးနေပြီဖြစ်သောကြောင့် ပြုံးပြလိုက်ပြီး
" ဟာ ..... ကိုဇင်အောင်ဌေး ..... ဘယ်ကလှည့်လာတာလဲ "
ဟု နှုတ်ဆက်စကားဆိုလိုက်သည် ။ ဇင်အောင်ဌေးက ပြုံး၍
" သူငယ်ချင်းအိမ်ကပြန်လာတာ ..... လာရင်းနဲ့ မင်းဒီမှာထိုင်နေတာတွေ့လို့ လာနှုတ်ဆက်တာ "
ဟု အဖြေပြန်ပေးသောကြောင့်
" ဒါဖြင့် ..... အားတယ်ဆိုတဲ့သဘောပေါ့ ..... လက်ဖက်ရည်ဆိုင်သွားကြမလား ..... ကျွန်တော်ဝယ်တိုက်ပါ့မယ် "
ဟူသော စကားကို ပြောလိုက်သည် ။
၇ ။
ထူးသစ်က အပြင်စာစား၍မရသောကြောင့် ဇင်အောင်ဌေးအတွက် လက်ဖက်ရည်ပုံမှန်နှင့်အီကြာကွေးတစ်ပွဲကိုမှာပေးလိုက်ပြီး
" ကိုဇင်အောင်ဌေးနဲ့တောင်မတွေ့တာကြာပြီ ..... ဘယ်လိုလဲ ..... စာမေးပွဲဖြေနိုင်ရဲ့လား "
ဟု အရင်စကားစလိုက်သည် ။ ဇင်အောင်ဌေးက
" မကျတော့မကျလောက်ဘူးထင်ပါတယ်ကွာ ..... စာမေးပွဲဖြေကာနီးမှ ငါ့အမေကလေဖြတ်သွားလို့ ဆေးရုံမှာလူနာစောင့်လိုက်လုပ်ရသေးတယ် ..... အမေတစ်ခုသားတစ်ခုဘဝဆိုတော့လည်း အမေမရှိရင်ငါမဖြစ်သလို ငါမရှိရင်လည်းအမေကမဖြစ်ဘူးကွ "
ဟု မိမိစကားကို တုံ့ပြန်သည် ။ ဇင်အောင်ဌေး၏စကားကြောင့် စိတ်မကောင်းဖြစ်သွားမိပြီး
" အခုရော သက်သာရဲ့လား "
ဟု မေးလိုက်သည် ။
" အိမ်တော့ပြန်ခေါ်လာပြီ ..... ဒါပေမဲ့ ခန္ဓာကိုယ်က လှုပ်လို့မရဘူး ..... မျက်စိနဲ့ပါးစပ်ပဲလှုပ်နိုင်တယ် ..... ဆရာဝန်က အဟာရရှိတာတွေကျွေးဖို့ပြောထားပေမဲ့ ငါ့မှာအဖေလည်းရှိတာမဟုတ်တဲ့အပြင် ငါ့အမေဆေးလိပ်,လိပ်လို့ရတဲ့ပိုက်ဆံရယ် ..... ငါအဝတ်အစားလျှော်လို့ရတဲ့ပိုက်ဆံရယ်ပဲဝင်ငွေကရှိတော့ မကျွေးနိုင်ဘူးကွာ ..... အဲ့ဒါကြောင့် ငါ့သူငယ်ချင်းဆီက အခုပိုက်ဆံလာချေးတာ "
ဟူသော အဖြေစကားကိုပြန်ရသောကြောင့် လက်က ပိုက်ဆံအိတ်ကို အလိုလိုဖွင့်မိပြီးသားဖြစ်သွားသည် ။
မိမိပိုက်ဆံပေးသည်ကို ဇင်အောင်ဌေးက လက်ခံချင်မှလက်ခံမည်ဖြစ်သော်လည်း မိမိမျက်စိရှေ့တွင် လူတစ်ဦးဒုက္ခရောက်နေသည်ကို ကြည့်မနေရက်သောကြောင့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအရွက်ကြီးကြီးငါးရွက်ကိုထုတ်၍ ဇင်အောင်ဌေးအားကမ်းပေးလိုက်ပြီး
" မင်းအမေအတွက်လိုတာသုံးဖို့ "
ဟု ပြောလိုက်သည် ။ ဇင်အောင်ဌေးက
" ဟာ ..... မဟုတ်တာ ..... မယူပါဘူးကွာ "
ဟု အသည်းအသန်ငြင်းကာ မိမိလက်ထဲသို့ ပိုက်ဆံများကိုပြန်ထည့်ပေးသည် ။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး
" မင်းမယူရင် ငါစိတ်ဆိုးမှာနော်ကွ "
ဟု ပြောလိုက်သည် ။ ထိုအခါမှ ဇင်အောင်ဌေးက အီလည်လည်မျက်နှာပေးနှင့်
" မင်းပိုက်ဆံကိုငါယူလိုက်ရင် ကောင်းခန့်သာနဲ့ငါနဲ့ကြားမှာ မျက်နှာပူစရာတွေဖြစ်လိမ့်မယ် ..... မယူပါရစေနဲ့ကွာ "
ဟု ပြောသည် ။ ဇင်အောင်ဌေး၏စကားအဆုံးတွင် သက်ပြင်းရှိုက်လိုက်ပြီး
" ဒီကိစ္စကို မင်းနဲ့ငါပဲသိပြီးကောင်းခန့်သာမသိစေရဘူးလို့ကတိပေးတာမို့လို့ ဝန်ထုတ်ဝန်ပိုးမဖြစ်နေပဲယူထားလိုက် "
ဟု ပြောလိုက်သည် ။ ထို့နောက်
" ငါသွားနှင့်မယ်ကွာ ..... လက်ဖက်ရည်နဲ့အီကြာကွေးဖိုးငါရှင်းသွားလိုက်မယ် "
ဟု ပြောပြီး ဇင်အောင်ဌေးအနားမှ ထွက်လာခဲ့လိုက်သည် ။
၈ ။
ထူးသစ်ပိုင်က မပြန်ခင်
" မောင်နှမတွေအဆင်ပြေအောင်ညှိကြည့်လိုက်ကြပါအုံး "
ဟု ပြောသွားသဖြင့် လရိပ် လေပြေ့ကိုလှမ်းကြည့်လိုက်မိသည် ။ လေပြေက မိမိကိုကျောခိုင်းကာ ရေဇလုံထဲမှပန်းကန်လုံးများကို ဆောင့်အောင့်၍ဆေးနေသဖြင့် လေပြေ့အနားသို့ လျှောက်သွားလိုက်ပြီး
" လေပြေ "
ဟု ခေါ်လိုက်သည် ။ လေပြေက မည်သည့်စကားမှမဆိုပဲ ငြိမ်သက်နေသောကြောင့်
" ကိုကြီးကို အခုထိစိတ်ဆိုးနေသေးတာလား "
ဟု မေးရင်း လေပြေ့ဘေးတွင်ထိုင်ချလိုက်သည် ။ ပြီးမှ
" ကိုကြီးလည်း ထူးသစ်ပိုင်အပေါ်မှာခံစားချက်ရှိနေမိတဲ့အတွက် နင့်ကိုအားနာပေမဲ့ ငါလည်းမတတ်နိုင်ဘူး ..... ပြီးတော့ ထူးသစ်ပိုင်က လတ်တလောဘာချစ်သူရည်းစားမှမရှိတဲ့လူပျိုလေ ..... အဲ့ဒါကြောင့်မို့လို့ ကိုကြီးလည်း နင့်လိုပဲသူ့ကိုသဘောကျခွင့်ရှိတယ်လို့ ကိုကြီးထင်တယ် "
ဟု ဆက်ပြောလိုက်သည် ။ ထိုအခါမှ လေပြေက မိမိကိုမော့ကြည့်ကာ
" တခြားလူနဲ့ ကိုကြီးနဲ့ကမတူဘူးလေ ..... တခြားဘယ်သူမဆို ကိုကြီးပိုင်ကိုသဘောကျခွင့်ရှိပေမဲ့ ကိုကြီးကတော့မရဘူး ..... ကိုကြီးပိုင်ကလည်းယောက်ျားလေး ကိုကြီးကလည်း ယောက်ျားလေးဖြစ်နေတယ်လေ ..... ကိုကြီးက ယောက်ျားတစ်ယောက်ကိုသဘောကျနေတဲ့အခြောက်ဆိုပြီး ပတ်ဝန်းကျင်ကဝိုင်းကဲ့ရဲ့မှာကိုလည်းသမီးမခံနိုင်ဘူး ..... ပြီးတော့ ကိုကြီးကသမီးခံစားချက်ကိုသိနေတဲ့ သမီးအစ်ကိုအရင်းလေ ..... သမီးအစ်ကိုအရင်းနဲ့အတူပြိုင်ပြီး ကိုကြီးပိုင်ကိုသမီးသဘောမကျချင်ဘူး ကိုကြီး "
ဟု ပြောသည် ။ လေပြေပြောသည်မှာ မမှားသော်လည်း မိမိဘက်က ထူးသစ်ပိုင်အပေါ်တွင် ပြန်လှည့်၍မရတော့လောက်အောင်အထိ ပျော်ဝင်နေမိပြီဖြစ်သည် ။ ထို့ကြောင့် လေပြေ့ကို
" ဒီလိုဆိုရင်လည်း ..... ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့ "
ဟု ပြောလိုက်သည် ။
၉ ။
ထူးသစ် ဇင်အောင်ဌေး၏မိခင်ဖြစ်သူကိုစိတ်ပူမိသလို လရိပ်အေးနှင့်လေပြေတို့ဆက်ဆံရေး အဆင်မပြေဆက်ဖြစ်နေမည်ကိုလည်း စိုးရိမ်မိသည် ။ ထို့ကြောင့် အိမ်သို့ပြန်ရောက်သည်နှင့် ခြံထဲတွင်တံမြက်စည်းလှဲနေသော အဒေါ်အကြီးဆုံးဖြစ်သူအား
" ကြီးမေ ..... သားမေးစရာရှိလို့ "
ဟု စကားစလိုက်သည် ။ အဒေါ်အကြီးဆုံးဖြစ်သူက ပြုံး၍
" ထူးထူးဆန်းဆန်းပါလား ..... ဘာများလဲ သားရဲ့ "
ဟု မိမိစကားကို တုံ့ပြန်လာသောကြောင့် ပိန္နဲပင်ရှိကွပ်ပျစ်တွင်ထိုင်လိုက်ပြီး
" လေဖြတ်တာက ပြန်ကောင်းနိုင်လား ကြီးကြီး "
ဟူ
Unlock to read this premium article with 10 points.