Sandi Cho
နေရာတွေပြောင်းခဲ့ရင်
အချိန်တွေပြောင်းခဲ့ရင်
ကျွန်မတို့ရဲ့ တွေ့ဆုံမှုတွေပြောင်းခဲ့ရင်
အရာအားလုံးဟာ ပြောင်းလဲသွားမှာလား....
ရေစက်တွေကဖြက်ဖို့ခက်တယ်တဲ့။တကယ်ကတော့ သံယောဇဉ်တွေက ပိုဖျက်ဖို့ခက်တာပါ။ဒီကြိုးတွေဟာ အစပိုင်းတော့ တွယ်ညှိစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းတော့ အနှောင်အဖွဲ့တွေဖြစ်လာတယ်။အချစ်လို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒီဆက်ဆံရေးမှာ အချစ်မရှိတော့တာ ကျွန်မတို့ နှစ်ယောက်လုံးအသိဆုံးပါ။သံယောဇဉ်ဆိုတဲ့ဆေးလေးကြောင့် အသက်ဆက်နေရတဲ့ သေအံ့ဆဲဆဲလူနာတစ်ယာက်လိုပဲ။ဆေးကုန်သွားတဲ့တစ်နေ့ကျရင်တော့ အရာအားလုံးဟာ ပြောင်းလဲသွားတော့မှာ။
ကျွန်မရဲ့ နှာခေါင်းထဲကို သင်းပျံ့ပျံ့ရနံ့တစ်ခုတိုး၀င်လာချိန်မှာတော့ အတွေးတွေဟာ ဆတ်ကနဲရပ်တန့်သွားတယ်။
ဒါခရေပန်းရနံ့လေးပဲ..။
ဒီခရေပန်းလေးကြောင့်ပဲ အရာအားလုံးအစပျိုးခဲ့တာ...။
ဒီခရေပန်းလေးကြောင့်ပဲ ကိုနဲ့စဆုံစည်းခဲ့ရတာ...။
ဒီခရေပန်းလေးကြောင့်ပဲ အချစ်ဆိုတဲ့အရာဟာ မွေးဖွားလာခဲ့တာ...။
ဒီခရေပန်းလေတွေဟာပိုပြီး မွှေးပျံ့လာခဲ့ပေမယ့် ခက်တို့အချစ်တွေကတော့ တမြေ့မြေ့နဲ့ ခြောက်သွေ့သွားခဲ့ပြီ။
ကို့ကိုစတွေ့ခဲ့ရတဲ့နေ့လေးကိုမှတ်မိသေးတယ်။ခရေပန်းကြိုက်လွန်းတဲ့ ခက်အဖွားကြောင့် ခက်တို့ရပ်ကွပ်ထဲက တစ်ခုတည်းသော ခရေပင်လေးဆီမှာ ခရေပန်းလေးတွေ ခက်အမြဲသွားကောက်ပေးနေကြ။အဲဒီ၀န်းကြီးထဲမှာ အခြားပန်းပင်လေးတွေအများကြီးရှိတယ်။စိန်ပန်းပင်လေးတွေ၊သပြေပင်တွေ၊သနပ်ခါးပင်လေးတွေနဲ့အပြည့်ပါပဲ။ခြံထဲကအိမ်ဟာ ခြံကြီးရဲ့ လေးပုံပုံ တစ်ပုံလောက်ပဲရှိတယ်။ပန်းတွေနဲ့ အပင်တွေပဲအပြည့်စိုက်ထားတော့ အိမ်လေးက ငုတ်၀င်နေသလိုထင်ရတယ်။အဲခြံကြီးထဲမှာ အိမ်စာင့်ကြီးကလွဲပြီး လူမနေခဲ့တာ ခက်တို့တစ်သက်ပေါ့။ခက်တို့ငယ်ငယ်ကတော့ ဒီခြံကြီးဟာ ခက်တို့သူငယ်ချင်းတွေရဲ့ ကစားကွင်းကြီးတစ်ခုလိုပဲ။အဲဒီခြံစောင့် ဦးလေးကြီးကလည်း စကားနည်းပေမယ့် သဘောကောင်းတယ်။ငယ်ငယ်ကဆို ခက်တို့လာဆော့တိုင်း ချိုချဉ်လေးတွေအမြဲကျွေးနေကြ။အခုအရွယ်ရောက်လာတော့ကြ ခြံကြီးထဲကို ဘယ်သူမှတွေသိပ်မလာကြတော့ဘူး။ခက်ကတော့ ခရေပန်းလေးတွေကြောင့် ဒီခြံကြီးထဲအမြဲရောက်ဖြစ်တယ်။ဒီနေ့ ခက်ရောက်သွားတဲ့ အချိန်မှာတော့ ခြံထဲမှာ လူတွေစုစုရုံးရုံးနဲ့ ဘာဖြစ်နေကြတယ်တော့မသိဘူး။လှည့်ပြန်သွားဖို့ စိတ်ကလိုက်ပေမယ့် လေညှင်းနဲ့အတူပါလာတဲ့ ခရေပန်းရနံ့လေးတွေ ခက်နှာခေါင်းနားကလွင့်ပျံ့သွားချိန်မှာတော့ ခြံထဲ၀င်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
အဖွားဘုရားတင်ဖို့အတွက် ခရေပန်းအချို့ကို ခက်ကောက်လို့ပြီးပြီ။ဒါပေမယ့် လောဘကအတောမသတ်နိုင်သေးဘူး။အပင်ပေါ်မှာ တွဲလောင်းခိုနေတဲ့ ခရေပန်းလေးတွေ၊ခရေဖူးလေးတွေကို မော်ကြည်ရင်းနဲ့ ပြုံးမိလာတယ်။အဲနောက်တော့ ခရေပင်ကို စပြီးလှုပ်ကြည့်တယ်။မနေ့ညကမိုးရွာထားလို့လားမသိဘူး။ခရေပန်းအစား ရေစက်ကလေးတွေပဲ ခက်ရဲ့ခေါင်းပေါ်ကျလာတယ်။ခက်လန့်သွားတယ်။ရေစက်တွေကြောင့်ရော၊နောက်ကအော်သံတစ်ခုကြောင့်ရော။
“မင်းဘယ်သူလဲ”
အသံက ခပ်ဩဩပဲ။မသိရင် စစ်ဗိုလ်အသံလိုမျိုးပဲ။သူအသံထဲမှာ ဩဇာအာဏာတွေအပြည့်ပါလာတယ်။ခက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ အသံဩဩနဲ့ မလိုက်ဖက်လွန်းတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ရတယ်။သူရဲ့စူးရှလွန်းတဲ့ မျက်၀န်းလေးတွေကိုတော့ မျက်မှန်တစ်လက်နဲ့ကာထားတယ်။ဒါပေမယ့် စူးရှမှုက မှေးမှိန်မသွားဘူး။ခက်ကို ပေါက်ထွက်မတတ်ကြည့်နေတာကို သတိထားမိတယ်။သူဆံပင်လေးတွေကြားထဲမှာလည်း ရေစက်ကလေးတွေကလည်း တွဲလဲခိုနေတယ်။သူရပ်နေရင်းကနေ ရှေ့ဆက်တိုးလာပြီး
“မင်းဘယ်သူလဲ၊ဘာကိစ္စနဲ့ ခြံထဲ၀င်လာတာလဲ”
ဆိုပြီး ခြိမ်းခြောက်တဲ့အသံနဲ့မေးတယ်။သူပုံစံကတော့ ဒေါသထွက်နေတဲ့ပုံ ပေါက်မနေပေမယ့် သူ့အသံကတော့ လန့်စရာကောင်းတယ်။သူရဲ့ အကြည့်တွေက ခက်ဆီကတစ်စက်မှမရွေ့ဘူး။အဲလိုကြည့်လေ ချွေးစေးတွေပြန်လာလေပဲ။ပြီးမှ ခရေပန်းတွေကို သတိရပြီး ကျွန်မပန်းလာခူးတာပါလို့ပြောလိုက်တယ်။အဲတော့ကျမှ သူကတစ်ချက်စဉ်းစားပြီး ဦးသန့်မောင် အမျိုးလားလို့မေးတယ်။အဲချိန် ခက်ရဲ့ ဦးနှောက်ထဲမှာ ဘာမှမရှိတော့ဘူး။သူခိုးလူမိတဲ့ ခံစားချက်မျိုး။ဒီခြံကြီးထဲက မြန်မြန်ထွက်နိုင်ဖို့ပဲ အောက်မေ့တယ်။အဲဒါကြောင့် ဟုတ်တယ်လို့ပဲဖြေပြီး အဲဒီနေရာကနေမြန်မြန်ထွက်လာခဲ့တယ်။သူရဲ့“ဟိတ်”ဆိုတဲ့ ခေါ်သံကြောင့် ခက်ရဲ့ ခြေလှမ်းတွေ တုံ့ကနဲရပ်တန့်သွားတယ်။သူကိုပြန်ကြည့်လိုက်တော့ ခက်ခနကကောက်ထားတဲ့ လက်ကိုင်ပုဝါအဖြူလေးထဲက ခရေပန်းလေးတွေကို လက်ညိုးထိုးပြတယ်။ခက်သွားကောက်ပြီး ပြန်လှည့်အကြည့်အဲချိန်အခိုက်အတန့်မှာ သူရဲ့စူးရှတဲ့ မျက်၀န်းတွေထဲက နွေးထွေးတဲ့ အရိပ်ယောင်လေးတွေကို ခံစားမိခဲ့တယ်။
လက်ကနာရီကို ငုံကြည့်လိုက်တော့ တစ်နာရီတောင်ထိုးတော့မယ်။ကိုနဲ့ချိန်းထားတာကဆယ့်တစ်ခွဲကတည်းကလေ။ကိုကအမြဲတမ်းဒီလိုပါပဲ။ဒါပေမယ့် ဒီလိုနောက်ကျတဲ့ကိစ္စနဲ့ ပြဿနာမရှာချင်တော့ဘူး။ရှာလို့လည်း ကိုအပြစ်မဟုတ်ပဲ ခက်ဖက်ကို ပြန်လှည့်လာမှာသိတယ်။ကိုကအဲလိုတွေအရမ်းကျွမ်းတာ။သူအပြစ်ကနေ သူများအပြစ်ဖြစ်အောင်ပြောတတ်တယ်။မိုးတွေက တဖြည်းဖြည်းနဲ့အုံလာပြီ။၀တ်စုံရွေးဖို့ ခက်တစ်ယောက်တည်းပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ဘယ်သတို့သမီးလောင်းက မင်္ဂလာဆောင်၀တ်စုံ တစ်ယောက်တည်းရွေးချင်မှာလဲ။ခက်ငယ်ငယ်ကအမြဲစိတ်ကူးယဉ်ခဲ့တာရှိတယ်။သတို့သမီးက ပြုံးပြုံးရွှင်ရွှင် ၀တ်စုံတွေတစ်စုံပြီး တစ်စုံလဲပြမယ်။သတို့သားက မျက်စိမခွာနိုင်အောင် စိုက်ကြည့်ပြီး သတို့သမီးလေး ဘယ်လောက်လှကြောင်း ချီးကျူးမယ်။ဒီလိုအချိန်လေးကို အမြဲစိတိကူးယဉ်ခဲ့ပေမယ့် ကိုနဲ့သာဆို အဲလိုဖြစ်မလာနိုင်မှန်း တဖြည်းဖြည်းနဲ့ပိုသိလာတယ်။လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထိ ခက်ဒီမင်္ဂလာပွဲကို အရမ်းတောင့်တခဲ့တယ်။ကိုနဲ့အတူ မင်္ဂလာဆောင်မယ်။ပြီးတော့ ကိုနဲ့အတူ မိသားစုဘ၀လေးတည်ဆောက်မယ်။ခက်တို့ရဲ့ အိမ်လေးကိုလည်း ကိုအကြိုက်ဆုံး မိုးပြာရောင်လေးသုတ်မယ်။ကိုကြိုက်တဲ့ ဆိတ်သားလုံးချက်ကို သေချာချက်ကျွေးမယ်။မေတ္တာတွေနဲ့ ခက်တို့ရဲ့ မိသားစုဘ၀လေးကို ကိုနဲ့အတူတည်ဆောက်ချင်ခဲ့တယ်။ဒီဆုတောင်းတွေက တကယ်ဖြစ်လာတော့မယ် အချိန်ကျမှ ခက်မလိုချင်တော့ဘူး။ခက်ရဲ့ခံစားချက်တွေပြောင်းကုန်ပြီ။ခက်ရဲ့ အချစ်တွေလည်း ပြောင်းကုန်ပြီ။အချိန်တွေက လူကိုပြောင်းလဲပြစ်တာလား။လူတစ်ယောက်ကြောင့်ပဲ အရာအားလုံးဟာပြောင်းလဲသွားတာလားတော့မသိတော့ဘူး။ဒီအချိန် ခက်ရှေ့ကို လူတစ်ယောက်လာရပ်တယ်။ကိုလို့ထင်ပြီး ၀မ်းသာစွာနဲ့မော့ကြည့်လိုက်ပေမယ့် ကိုဟုတ်မနေဘူး။သူပဲ......။သူကိုမြင်လိုက်ရတဲ့အချိန် ခက်မျက်လုံးတွေက မျက်ရည်လေးတွေ လိမ့်ပြီးစီးဆင်းလာတယ်။
မျက်ရည်တွေဆိုတာ ကိုယ်စိတ်လုံခြုံမှုရှိတဲ့သူရဲ့အရှေ့မှာပဲ ကျတတ်တယ်တဲ့။အခုမှသတိရသွားတယ်။ကိုရဲ့အရှေ့မှာ ခက်တစ်ခါမှ မငိုခဲ့ဖူးဘူးလေ.....
𝄞⋆ #SandiCho
♬• #တွယ်ညှိခြင်းရဲ့အစနှောင်ဖွဲ့ခြင်းရဲ့အဆုံး
Keep Reading