Zin Zin
ဆေးရုံအခန်း (၃၀၇) ထဲက လေအေးပေးစက်သံက တိတ်ဆိတ်နေတယ်။ မိုးစက်ပေါက်လေးတွေ တွယ်ခိုနေတယ့် ညနေခင်းလေးတစ်ခု
လေပြည်လေးတွေ ပြတင်းပေါက်မှန်ကို တဖြက်ဖြက် ရိုက်တုန်း။
သံခုတင်ပေါ်မှာတော့ အဖြူရောင်အင်္ကျီနဲ့ အသက်(၅၅)နှစ်အရွယ် အမျိုးသမီး တစ်ယောက် ဓာတ်ပုံဟောင်းတစ်ပုံကို သူမရဲ့ ညိုမှိုင်းမှိုင်းလက်ချောင်းများထဲမှာ ထပ်ခါထပ်ခါ ထိတွေ့ကြည့်နေမိတယ်။
ဓာတ်ပုံထဲမှာ အသက်(၅)နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ရယ်နေတဲ့ သူမရဲ့ပုံ။ ဒါဟာ သူမရဲ့သမီးလေး နှင်းနုဖြစ်တယ်။
အနားက ဆေးစစ်ပြီး ပြန်ထွက်ဖို့ပြင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်အား
"ဆရာမ... နှင်းနု ဒီနေ့ကျောင်းကဘယ်တော့ပြန်လာမှာလဲ..."
ဘာကြောင့်မှန်းမသိ ညိုးငယ်နေတဲ့ ဆရာဝန်မလေးက လှည့်ကြည့်ပြီး အပြုံးနုလေးအား တပ်ဆင်ကာ သူမရဲ့လက်ကိုဖက်ပြီး
"အမေရေ... နှင်းနုက အခုမြို့ကြီးမှာ အလုပ်ကောင်းကောင်းရပြီး အရွယ်ရောက်နေပါပြီ စိတ်ချပါ" လို့ ပြုံးရယ်စွာ ပြန်ပြောရှာတယ်။
ကိုယ့်အမေ့ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့်ကို တန်းတနေတာကိုတွေ့ရတာ ဘယ်လောက် နာကျင်ရလည်း။ တုန်ယင်နေတယ့်အသံ၊ ပါးပြင်ပေါ်က မျက်ရည်စက်တွေ၊ နောင်တတရားတွေ ရင်ဘတ်ကြီးတစ်ခုလုံး မွန်ကျပ်နေတဲ့ ဝမ်းနည်းမှုတွေ ကို ခုမှနောင်တရနေလည်း ဘာလုပ်တော့မလည်း အချိန်လွန်သွားခဲ့ပြီလေ။
ဒီ သမီးမိုက်ကိုတော့ အမေဖြစ်သူဟာ ဘဝတစ်လျှောက်လုံး အပြစ်မမြင်ခဲ့
“အေး ဟုတ်လားကွယ့် ငါ့သမီးလေး…သမီးလေး”
ကျွန်မသမီးမိုက်ဟာ (၁၈)နှစ်ကတည်းက မိခင်နဲ့ဆက်ဆံရေးဖြတ်ပြီး မြို့ကြီးကိုထွက်သွားခဲ့တယ်။ ထိုအချိန်ဝယ် ကျွန်မတက်ချင်ခဲ့သည့် ဆေးကျောင်းအား အမေက ပိုက်ဆံမရှိ၍ သဘောမတူသည့်ခေါင်းစဉ်နဲ့ပင်။ ၁၀ တန်းစာမေးပွဲ အမှတ်စာရင်းထွက်ချိန် ဆေးကျောင်း အမှတ်မှီခဲ့သည့်အတွက် မြို့ကိုတက်ကာ ကျောင်းတက်ချင်ခဲ့မိသည်။ အမေတစ်ခုသမီးတစ်ခုဘဝဖြစ်သည့်အတွက် မေမေက စိတ်မချနိုင်။ငွေကြေးအင်အား ရော လူအင်အားပါ မတက်နိုင်ခဲ့တာကြောင့်အမေက ကျွန်မအား မလွှတ်စေချင်ခဲ့ပါ။
ဒီနေ့လိုပဲပေါ့ နွေမှာ မိုသည်းထန်စွာရွာနေခဲ့တယ်။ ပိတောက်ပန်းရာသီလည်း ဟုတ်ခဲ့တယ် အမေက ပိတောက်ဆို သိပ်ကြိုက်ခဲ့တာ။ အဲ့နေ့က အမေ့ဆီက ရခဲ့တဲ့ ပါးပြင်ပေါ်က ပူစပ်စပ် အရသာကို ခုထိတိုင် မမေ့နိုင်ခဲ့ပေ။ ဆယ်ကျော်သက်အရွယ် မာနလေးလည်းရှိနေတာတကြောင်း တစ်ခါမှ လက်မရွယ်ခဲ့သည့် မိခင်ကို ခုလိုတွေ့မြင်လိုက်ရသည့်အတွက်ကြောင့်လည်း မိုးရေထဲဝယ် အိမ်ပြန်လှမ်းကိုပင် မသိကျေးကျွန်ပြုကာ ရောက်မိရောက်ရာ သွားနေခဲ့သည်မှာ ယခုထိတိုင်ပင်…
ကျွန်မရဲ့ဖုန်းနံပါတ်ကိုလည်း ပြောင်းလိုက်ပြီး မိခင်ကို လုံးဝဆက်သွယ်မှုမရှိတော့ပင်။ တစ်အိမ်ဝင်တစ်အိမ်ထွက် အဝတ်လိုက်လျှော်ပေးရသည့် အမေသည် ထိုအချိန်ခါဝယ် အသက်၄၀နှစ်ပင် မတူတော့ချေ အိုစာနေလေပြီ။ နောက်ဆုံးမြင်ခဲ့ရသည့် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေသည် ဒီထက်ပင် စိတ်ရော ခန္ဓာကိုယ်ပါ အားထက်သန်ခဲ့ဖူးသည်။ ကျန်းအာရေးလိုက်စားလွန်းခဲ့သည်။
ယခုတော့ကား ကင်ဆာနောက်ဆုံးအဆင့်တဲ့လားအမေရယ် အမေ့ကို သမီးတောင်းပန်ရအုန်းမယ်လေ အမေ.. အမေ.. သမီးကို ထားသွားလို့မရသေးဘူး မသွားပါနဲ့လို့ ဆွဲထားချင်မိတယ် အမေ့ရဲ့ တစ်ဉီးတည်းသော သမီးကို တွယ်တာလွန်းလို့ နောက်ဆုံးအချိန်ထိ ဒီသမီးမျက်နှာလေးကိုပဲ မြင်ချင်နေခဲ့တာမဟုတ်လား ခုတော့ သမီးရောက်လာပြီလေ ဒါမယ့်အမေ့ကိုတော့ လက်မလွှတ်နိုင်ဘူး ဟင့်အင်း…
အမေလုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့ဖူးသည့် အသားမာတွေတက်ပြီး အရည်တွေတွန့်နေတဲ့ လက်လေးကို စုပ်ကိုင်ကာ လက်ရှိ ကမ္ဘာထဲမှာ ပိတ်ထားခဲ့မိတယ်
ညနေ(၆)နာရီမှာ ကျွန်မ တစ်ချိန်က မုန်းခဲ့မိသည့် ချစ်လှစွာသော အမေရဲ့အသက်ရှူသံတွေ တဖြည်းဖြည်းမှိန်လာခဲ့တယ်။ ဆရာဝန်ဖြစ်တဲ့ကျွန်မက သူမရဲ့လက်ကိုစမ်းကြည့်ပြီး မျက်ရည်တွေနဲ့
"အမေ... နှင်းနုက မနက်ဖြန် လာမှာပါ... ခုတော့ခဏအိပ်လိုက်ပါ" ဆိုကာ
အမေရဲ့မျက်လုံးတွေက ပျော်ရွှင်တဲ့အလင်းနဲ့ တောက်ပြောင်သွားတယ်။ "အင်း... ငါ့သမီးလေးကို မြင်ရမှာပေါ့..."
အဖြူရောင်မုသားဆိုပြီးနောက် တစ်စေ့စေ့ မျက်နှာလေးကိုငေးနေမိတယ်။ အမေ့မျက်နှာကိုတော့ မေ့လောက်မှာ မဟုတ်ပေမယ့် အငွေ့အသက်ကိုတော့ တစ်သက်လုံးအမှတ်ရနေစေချင်တယ်။
“အို… ကိုယ့်အမေတစ်ယောက်လုံး သေဆုံးအံ့ဆဲဆဲအခြေအနေမှာ အမေ့အာရုံထဲ တွယ်ကပ်နေသေးတဲ့ သမီးမိုက်ကို အမေခွင့်မလွှတ်ပါနဲ့ ဒီသမီးမိုက်က အမေ့သမီးပါလို့ မဆိုချင်လို့ပါအမေရယ် အမေဒီထပ်ပိုကောင်းတဲ့ သမီးနဲ့ ထိုက်တန်ပါတယ်။ သမီးနောက်ဆို တစ်သက်လုံး ဒီအမှားကို မလုပ်တော့ပါဘူး တောင်းပန်ပါတယ် အမေရယ် ဘဝမှာ နောက်ကျတယ်ဆိုတာ တကယ်ရှိတာပဲ ဆိုတာကို အမေသင်ပေးခဲ့တာပဲ တော……တောင်းးး………ပ…..ပန်….ပါ……..တယ် အမေ နောက်ဆို သမီးမှာ အမေခေါ်စရာမရှိတော့ဘူး သမီးကို နောက်ကွယ်ကနေ အန္တရာယ်တွေ တားဆီးပေမယ့် အမေ အမေ မရှိတော့ဘူး သမီး ဘာလို့ဒီအမှားကြီး ကျူးလွန်ခဲ့မိပါလိမ့်”
သမီးအတွက်တော့ ဒီလက်ဖဝါးလေးတွေဟာ နုနုလေးတွေပဲ တမြတ်တနိုး ကိုင်ကာ အမေ့ကို တောင်းပန်နေပေမယ့်လည်း မေမေကတော့ ကြားသည်မထင် နာကျင်မှုကြောင့် သတိရတစ်ချက်မရတစ်ချက်အခြေအနေမှာ လဲလျောင်းနေသည်ဟူထင်မိသည်။
ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့သမီးမိုက် အိုး… ခုမှပြောလည်း ဘာလုပ်လို့ရတော့မှာလည်း မျက်ရည်ကျရုံကလွှဲ ဒီနောင်တ တရားကြီးကို တစ်သက်လုံးသယ်ပိုးသွားမှာပါ အမေရယ် ဘယ်လိုရှင်သန်ရပါ့မလည်း
သက်ပြင်းရှည်တစ်ခုကို မျက်ရည်တွေနဲ့အတူ စီးမျောလိုက်ရင်း အတွေးကမ္ဘာကို ဆက်လက်နယ်ချဲ့နေမိပြန်တယ်။
ခုချိန်ထိ ရပ်တည်နိုင်နေသည်မှာ အမေ့ရဲ့ဆုတောင်းတွေ နောက်ကွယ်က မမြင်ရတဲ့ မေတ္တာတွေကြောင့်ပင်။ တစ်ဉီးတည်းမိခင်ကို သမီးမိုက်က ထားခဲ့သည်မဟုတ်ဘဲ ဘဝရဲ့ အခက်အခဲကို ကာကွယ်မယ့် ဒိုင်းကို စွန့်ပစ်ခဲ့သည်ပင်……
ည(၈)နာရီ(၄၅)မိနစ်...
ဆေးရုံအခန်းထဲမှာ EKG စက်က အတည့်သံတစ်ချက်နဲ့ အေးစက်သွားတယ်။ မိုးသံတို့ကြားမှာ သူမရဲ့အသက်ရှူသံများ တဖြည်းဖြည်း မှိန်လာသည်။ သူမရဲ့လက်ထဲမှာ နှင်းနုရဲ့ကလေးဘဝဓာတ်ပုံနဲ့အတူ အပြုံးလေးဟာလည်း နှုတ်ခမ်းစပ်နားမှာ ပန်ဆင်နေလျက်။ တစ်ချိန်က သဘောကျခဲ့သည့် ဆေးရုံစားပွဲခုံပေါ်က ပိတောက်ပန်းလေး ညိုးကျသွားသည်နှင့် တစ်ပြိုင်နက် အမေ ပျောက်ကွယ်သွားချေပြီ။…………….
Keep Reading