Author's Profile Photo

ကျော်ဇောအောင်

4/05/2025

မြေငလျင်လှုပ်ခြင်း၏ အကြောင်းအခြင်းအရာ (၈)ပါး။

2 mins read
General Knowledge
History
Earthquake
မြေငလျင်လှုပ်ခြင်း၏ အကြောင်းအခြင်းအရာ (၈)ပါး။'s photo

ငလျင်လှုပ်ခြင်းနဲ့ ပတ်သက်ပြီး ဖတ်ရှုခဲ့ရဖူးတဲ့ (တရား)ဗဟုသုတတစ်ခုကို မျှဝေပေးချင်တယ်။ [ဒီအကြောင်းအရာက (ဗုဒ္ဓ)ဘုရားရှင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ခုခေတ် လှုပ်တဲ့ ငလျင်တွေဟာ ဘာကြောင့် လှုပ်ကြတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။]

ကဲ ... ဗဟုသုတတိုးဖို့ ဖတ်ကြည့်လိုက်ကြရအောင်ပါ။

ဒီအဖြစ်အပျက်ဟာ ဂေါတမမြတ်စွာဘုရားရှင်် အာယုသင်္ခါရလွှတ်တော်မူတဲ့ အချိန်အတွင်းမှာ လှုပ်ခတ်တဲ့ မြေငလျင်ကို အကြောင်းပြုပြီးတော့ အသျှင်အာနန္ဒာက ဘုရားရှင်ကို မေးခွန်းမေးခဲ့ရာမှ ပေါ်ပေါက်လာတဲ့ ငလျင်ဆိုင်ရာ ဖြေရှင်းချက် ဖြစ်ပါတယ်။ (အဲ့ဒီ ဖြေရှင်းချက်ကို အောက်မှာ ဖော်ပြပေးခဲ့ပါမယ်။)

[ငလျင်လှုပ်ခြင်း အကြောင်းရှစ်ပါး

၁။ အာနန္ဒာ မြေ (ငလျင်) ပြင်းစွာလှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ်ရှစ်ပါးတို့နည်းဟူမူ-

အာနန္ဒာ ဤမဟာပထဝီမြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကိုလှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့ပေတည်း။ (၁)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါတုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၂)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက်ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၃)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ လေးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၄)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၅)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကိုဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၆)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန်ပြုပြင်မှု 'အာယုသင်္ခါရ' ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။ (၇)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ်အကြွင်းမရှိသော ငြိမ်းခြင်း သဘောအနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၈)

အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။]

အခု ဖော်ပြပေးခဲ့တာဟာ မြေငလျင်လှုပ်ခြင်းနဲ့ ပတ်သက်တဲ့ (တရား)ဗဟုသုတတွေပဲ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို သတိပြု မှတ်သားထားပြီး ကျွန်တော်တို့ (ပြည်ထောင်စု)မြန်မာနိုင်ငံတော်ထဲနောက်ထပ် ငလျင်တွေ မလှုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့ အကြောင်း အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

ဖတ်ရှုပေးသူများအား ကျေးဇူး အထူးတင်ရှိပါတယ်။

#ကျော်ဇောအောင်။
2025/05/04, တနင်္ဂနွေ။
Photo edit - Go Art.
ကိုးကား - သုတ်မဟာဝါ ပါဠိတော် မြန်မာပြန်၊ မဟာပရိနိဗ္ဗာနသုတ်။

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။