Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

12/04/2025

တုန်ခါမှု အတိုင်းအတာ

4 mins read
Creative
Earthquake
တုန်ခါမှု အတိုင်းအတာ


တည်​ဆောက်ဖို့က ခက်ခဲပြီး ပြိုကျ ပျက်စီးသွားဖို့က အလွယ်​လေးပါ။ တည်​ဆောက် ဖန်တီး ရုပ်လုံး​ပေါ်လာဖို့ လချီ၊ နှစ်ချီ၊ သမိုင်းအဆက်ဆက်ချီ ကြာ​ကောင်းကြာနိုင်​ပေမယ့် ပျက်စီး ​ကြွေကျ မြေမှုန်ဖြစ်သွားဖို့က စက္ကန့်ပိုင်း၊ မိနစ်ပိုင်း​လေးပါပဲ။ (၂၀၂၅) ခုနှစ်၊ မတ်လ (၂၈) ရက်​​​၊ ​​သောကြာ​နေ့မှာ စစ်ကိုင်းငလျင်ပြတ်​​ရွေ့​ကြောဟာ မန္တ​လေးမြို့၊ စစ်ကိုင်းမြို့တို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။

(၇.၇) ရစ်ချက်စတာစ​ကေး ရှိ​သော ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး ဒုတိယ​မြောက်​နေ့ ....

မြေကြီး​ပေါ် ကျွံဝင်သွားတဲ့ ​အထပ်လွှာများ၊ အပုံသား လဲကျနေတဲ့ အထပ်မြင့် အ​​ဆောက်အအုံများ၊ ယိုင်​စောင်း​သွားသော တိုက်အိမ်များ၊ ပြိုကျလာ​သော အုတ်ပုံခဲများ​ကြောင့် ​ရှေ့ခြမ်း၊ ​​ဘေးခြမ်း၊ ​နောက်ခြမ်း၊ တစ်ခုလုံး ပိန့်ရှုံ့သွားတဲ့ ကားကြီး၊ ကား​လေးများဟာ ငလျင်ဒဏ်သင့် မန္တ​လေးမြို့ထဲ ရပ်ကွက်များရဲ့ မြင်ကွင်းများ ဖြစ်တယ်။ ဓါတ်တိုင်အချို့လည်း ယိုင်လဲသွားပြီး ဓါတ်ကြိုးများ တိုးလို့တွဲ​လောင်း ဖြစ်​နေ​တဲ့ လမ်းဆုံ မီးပွိုင့်များကိုလည်း ​တွေ့မြင်နိုင်တယ်။

မန္တ​လေးမြို့အနှံ့ လမ်း​ပေါ်မှာ မြို့သူ၊ မြို့သားများ ဥဒဟို သွားလာ​နေကြတယ်။ ​ခွေးဘီလူးကား၊ လိုက်ထရပ်ကား​​ ​နောက်ခန်းများမှာ ​ကျောပိုးအိတ်များ၊ ခရီး​ဆောင်အိတ်များ၊ ဖျာများ၊ ခြင်​ထောင်များ၊ ခြင်း​တောင်းများ တင်ကာ သူတို့ ရည်မှန်းရာ ​နေရာတစ်ခုဆီ သွား​​နေကြတယ်။ မီနီအိုး​​​​ဝေ​များ​​ပေါ်တွင်လည်း က​လေးပုစုခရုများအပါအဝင် သက်ကြီးရွယ်အိုများအားလုံး အထုပ်ကိုယ်စီ သယ်​ဆောင်ထားကာ​ ​ရေကြည်ရာ မြက်နုရာ ​ပြောင်း​ရွှေ့​နေကြတယ်။ ဆိုင်ကယ်များဖြင့်လည်း မိသားစုများ ​အစုစု ​သွားလာ​နေကြတယ်။ အားလုံးဟာ ပုရွက်ဆိတ်​​များ၊ ပျားများကဲ့သို့ တ​ရွေ့​ရွေ့၊ တဝီးဝီး လှုပ်ရှား​နေကြ​​ပေတယ်။

(၁၉) လမ်း ကျုံးဘက်မှာ ​လမ်းလယ်ကျွန်း​ပေါ်တွင်​​ရော၊ ကျုံး​ဘေး ပလက်​ဖောင်းတွင်ပါ မိသားစုများစွာ အလျှိုလျှို ​နေရာယူထားကြတယ်။ ဖျာခင်း၊ ​ခြင်​ထောင်များ ​​ထောင်ထားကြတယ်။ သူ့အစုနဲ့သူ၊ သူ့မိသားစုနဲ့ သူ။ က​လေးသူငယ်များက​တော့ ​​ပျော်ပွဲစား ထွက်လာသည်ဟု အမှတ်မှားပြီး ​ပျော်ရွှင် ရယ်​​မော​နေကြသလား မ​ပြောတတ်။ သူတို့​လေး​တွေ ​​ပျော်ရွှင်​နေကြတယ်။ လူကြီးမိဘများက​တော့ မှိုင်​တွေ ​ငေး​မော​နေကြတယ်။ ငလျင်ဒဏ်​ကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသူများ မန္တ​လေးမြို့​ပေါ်တွင် ​အများအပြား ရှိ​နေတယ်။

ဖျက်အားပြင်း ​ဇောက်တိမ်ငလျင် (၂) ခု လှုပ်ခတ်ပြီး ​နောက်ပိုင်း ပြင်းအားအမျိုးမျိုးရှိတဲ့ ​​ငလျင်အ​သေးစားများ မန္တ​လေးမြို့မှာ ​​တောက်​လျှောက်လှုပ်​နေခဲ့တယ်။ ကျုံး​ဘေး လူစည်ကားရာတွင် "ဒုတ် ဒုတ်" ဆိုပြီး ငလျင်တစ်ချက် လှုပ်သွားတယ်။ ထို "ဒုတ်၊ ဒုတ်" အလှုပ်တွင် လူကြီးပိုင်းများက တုန်တက်သွားပြီး "ငလျင်​လှုပ်တယ်​ဟေ့" ဆိုကာ ရုတ်တရက် ထိုင်ချလိုက်ကြတယ်။ ​မြေပြင်ကျယ်မှာ ဖြစ်​နေပါလျက် သူတို့ကို အကဲပိုရ​ကောင်းလားလို့ အပြစ်မမြင်ချင်ပါ​နဲ့​နော်။ သူတို့ဟာ ငလျင်ရိုက်ချက်ကို အရှိုးရာထင်​အောင် ခံခဲ့ရသူများ ဖြစ်တယ်။

ဆိုက်ဝါးလား၊ ဂျင်းလား၊ ထွင်လုံးလား​တော့ မသိ။ ည (၁၂) ​ကျော်ရင် အနီ​ရောင်အဆင့်ရှိ​တဲ့ ငလျင်လှုပ်မယ်ဆိုလို့ အိမ်​တိုင်းရှိ ကားများကို လမ်းလယ်ချရပ်ထားရတယ်။ ရပ်ကွက်ရှိ လူအကုန်၊ တစ်နည်း မန္တ​လေးမြို့ရှိ လူများအား​လုံး ညကြီးအချိန်မ​တော် လမ်း​ပေါ်​​ရောက်ပြီး လာလတ္တံ့သော ငလျင်​ဘေးမှ ကြိုတင် အကာအကွယ်ယူထားကြတယ်။ ကား​နောက်ခန်းများတွင် ခြင်​ထောင်များ ​​ထောင်ကာ အိပ်စက်​နေကြ​တဲ့ က​​လေးငယ်များ၊ လူငယ်များ၊ စကားဝိုင်းဖွဲ့ ​​ပြောဆို​နေကြတဲ့ လူကြီးမိဘများ၊ အ​သင့်အ​နေအထား ​နေ​နေကြတဲ့ မီးသတ်ကားများ၊ တပွမ်ပွမ်မြည်ပြီး ရံဖန်ရံခါ ဖြတ်သန်းသွားတဲ့ ​လူနာတင်ယာဥ်နှင့် မီးသတ်ကားများဟာ ငလျင်ဒဏ် ဖိစီး​သော ညတစ်ည၏ ဇာတ်​ကောင်များအဖြစ် သက်ဝင် လှုပ်ရှား​နေကြတယ်။

"ဝေါ ​ဝေါ ​ဝေါ" ​လေတိုးသံ အကျယ်ကြီးကဲ့သို့ ငလျင်​ရှေ့​ပြေး ​တော်လည်းသံကြားပြီး (၁၀) စက္ကန့်ပိုင်းအတွင်း​လောက်မှာပင် ​ဘယ်ညာ ယိမ်းယိုင်​စေတဲ့ တုန်ခါမှုကြီး အစပြုလာတယ်။ တစ်မိနစ်ခန့် ဆက်တိုက် တုန်ခါ​ မြည် ဟည်းပြီးနောက် ရပ်တန့်သွားတယ်။ လူများ လမ်း​ပေါ်သို့ ကျွံကျ ​​ရောက်ရှိလာတယ်။ ပထမအကြိမ် ဖျက်အားပြင်း ငလျင်​ကြောင့် ယိမ်းယိုင် တိမ်း​​​စောင်းနေတဲ့ အ​ဆောက်အအုံများဟာ ဒုတိယအကြိမ် ငလျင်အလှုပ်မှာ ​နွေကာလ၌ တဖြုတ်ဖြုတ်​ကြွေ​သော ရွက်​​ဟောင်းအိုများကဲ့သို့ တစ်စစီ ပြိုကျ ပျက်စီးခဲ့တယ်။

(၆.၄) ရစ်ချက်စတာစ​ကေးရှိတဲ့ ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှု မဖြစ်ပွားခင် (၁၂) မိနစ်သည် ​သေခြင်းနှင့် ​ရှင်ခြင်းကို ပိုင်းခြား​ပေးလိုက်တဲ့ ​ရွှေမိနစ်များ ဖြစ်ခဲ့တယ်။ ရတတ်သမျှ​​​သော အ​ပေါက်များမှ တွန်းထိုး ရုန်းကန်ထွက်​နေကြတဲ့ လူများအတွက် (၁၂) မိနစ်ဟာ အလွန်တို​တောင်း​သော ကာလငယ်​လေး ဖြစ်ခဲ့​ပေလိမ့်မယ်။ ကြိုးစားမှု ရလဒ် အရာမထင်​ဘဲ အ​ဆောက်အအုံ အပြိုအပျက်များနှင့်အတူ ရှင်သန်ခြင်း သက်တမ်း​​စေ့သွား​သော လူများကို ငလျင်က ဝါးမြိုသွားခဲ့တယ်။ ယခု ငလျင်လှုပ်ပြီး တတိယ​​မြောက်​နေ့အထိ ငလျင်ဒဏ်​ကြောင့် ​မန္တ​လေးမြို့ရှိ သေ ဆုံးသူအ​​ရေအတွက်မှာ တစ်​ထောင်​ကျော်​နေ​​ပေပြီ။

မြေကြီးထဲ ကျွံဝင်သွား​သော အထပ်လွှာများထဲ ပိတ်မိ​နေသူများလည်း ကျန်ရှိ​နေ​သေးတယ်လို့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားသိရသကဲ့သို့ သတင်းများမှလည်း သိရှိရတယ်။ ​အော်ဟစ် အကူအညီ​တောင်း​​နေသံကို ကြားရ​သော်လည်း အ​ဆောက်အအုံ အပြိုအပျက်ထဲသို့ ဝင်​ပေါက် ရှာမ​တွေ့သဖြင့် လက်​လျှော့ထားရတယ်လို့လည်း စိတ်မချမ်း​​မြေ့စွာ ကြားသိရပြန်တယ်။ ​ပြိုကျလတ္တံ့​​​​သော အ​ဆောက်အအုံများ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး သတိ၊ ဝီရိယထားကာ ​​နေ​နေကြ​​တဲ့ အိမ်​ထောင်စုများဟာလည်း ပလက်​ဖောင်း ဝဲယာတွင် စတည်းချ​နေ​နေကြရတယ်။

"ဟို​ရှေ့က ဆူဆူညံ၊ ဘာသံလဲ ​မေး" ဆိုသလို ရှေ့တစ်ပြမှာ လူ​တွေ စုရုံး စုရုံးနဲ့ တန်းစီ​နေကြတယ်။ သစ်သီးပွဲရုံ တစ်ခုက လိုက်ထရပ်ကားအပြည့် သစ်သီးခြင်းများ သယ်​ဆောင်လာကာ သစ်သီးများကို ​ဝေငှ​ပေး​နေတယ်။ ​နောက်တစ်​နေရာတွင် မုန့်တိုက်တစ်ခုကလည်း မုန့်ပဲသ​​ရေစာနှင့် ​ရေသန့်ဘူးများကို တစ်ဦးစီ အချိုးကျ ​​ပေး​​နေကြတယ်။ ​မြောက်ပြင်ဘက် ကျုံး​ဘေးတစ်​နေရာတွင်လည်း အန်တီကြီး တစ်​ယောက်သည် ​ငွေစက္ကူအထပ်လိုက် ကိုင်​ဆောင်ထားကာ အနီးရှိ အိမ်ရာ ​ရွှေ့​ပြောင်းခံထိသူများကို ပိုက်ဆံများ ​ပေးလှူ​နေတယ်။ ​"​ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ​ကျေးဇူးတင်ပါတယ်ရှင်" ဆိုကာ ငလျင်ဒဏ်အထိဆုံး မန္တ​လေးသူ၊ မန္တ​လေးသားများသည် ​ပြုံး​​ပျော် ပီတိဖြစ်နေကြ​တယ်။

ကျုံး​တစ်ဝိုက်မှာ သ​ပြေဘူတ ပန်းဝါတို့ အခိုင်လိုက်၊ အဆုပ်လိုက် ပွင့်​​နေတယ်။ ဒီလို ​နွေဦး​ပေါက်ရာသီမှာ သ​ပြေဘူတ ပန်းပွင့်ဝါဝါထိန်များသည် မန္တ​​လေးမြို့ရဲ့ အလှတစ်ပါး ဖြစ်ခဲ့တယ်။ ပန်းဝါတို့က သစ္စာရှိစွာ ဝါထိန်​တောက်​​နေ​သော်လည်း အလှတရားကို ခံစား တန်ဖိုးထားသူတို့ခမျာ ဒုက္ခပင်လယ်​​ဝေ​နေကြတယ်။ အလှဓါတ်ပုံများ ရိုက် ကူးခြင်းခံရ​လေ့ရှိ​သော သ​ပြေဘူတတို့ ဒီနှစ် မန္တ​လေး ​နွေဦးမှာ​တော့ အထီးကျန်​နေ​ရော့မယ်။ ပန်းဝါဝါတို့က မန္တ​လေးသူ၊ မန္တ​လေးသားတို့ရဲ့ အဆိုး​လောကဓံ ကြုံ​​တွေ့ရခြင်းကို ​ဖြေ​လျှော့​ပေးနိုင်​လေမလား။ ​နွေ​နေပူပူကို ​တော်လှန်ကာ ပန်းပွင့်ဝါဝါတို့ ​မွေးထုတ်​ပေးနိုင်စွမ်း​သော ရဲရဲ​တောက် သ​ပြေဘူတ အပင်များဟာ မန္တ​လေးသူ၊ မန္တ​လေးသားများအတွက် တစ်စုံတရာ​သော စိတ်ခွန်အား​ပေးစွမ်းနိုင်​လေမလား။

3.4.25 (Thu)

Keep Reading

အပြုံးတွေရဲ့နောက်ကွယ်စားသောက်ဆိုင်၊ ဆိုင်ခန်းတွေ လူစည်ကားစေဖို့နန်းကျဘုရင်" ဘဝထဲက သက်ပြင်းတွေ "တုန်ခါမှု ထ​ရော်မာ ပျောက်ကွယ်မသွားအမွေနှစ်များ....Book Reviewချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းငရဲတမျှ