Rose(Mal Nu)
ငလျင်ဒဏ်ကြုံရခြင်းက လူတိုင်းအတွက် ကြောက်စရာဖြစ်ရပ်တစ်ခုပါ။ အထူးသဖြင့် ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ ဒီကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တွေက ကြိုတင်ကာကွယ်လို့လည်း မရသလို ကြိုတင်ပြီးလည်း မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ မိမိနဲ့ မိမိမိသားစုက ငလျင်အန္တရာယ်များတဲ့နေရာမှာ နေထိုင်ပါက တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ကလေးတွေအတွက်လည်း အကျိုးရှိသလို မိမိအိမ်မှာရှိတဲ့ လူကြီးတွေအတွက်လည်း အကျိုးရှိပါတယ်။
ငလျင်ဆိုတာ နေရာတိုင်းမှာ လှုပ်ခတ်နိုင်ပေမယ့်အချို့သောနေရာတွေတော့ ပိုပြီးလှုပ်နိုင်ခြေများပါတယ်။ ကိုယ်နေထိုင်တဲ့ဒေသမှာ ငလျင်လှုပ်နိုင်ခြေပိုများလားဆိုတာ သိအောင်လုပ်ပါ။ တကယ်လို့ အဲ့ဒီ ဒေသတွေမှာနေထိုင်တယ်ဆိုရင် ဒေသခံတာဝန်ရှိသူတွေရဲ့ အကြံပြုချက်တွေကို လေ့လာပါ။ အကယ်၍ မိမိက ကမ်းရိုးတန်းဒေသမှာ နေထိုင်တယ်ဆိုရင် ငလျင်လှုပ်ပြီးနောက် ဆူနာမီဖြစ်နိုင်ခြေအန္တရာယ်ကို လေ့လာပြီး မိသားစုအစီအစဉ်တစ်ခု ဆွဲထားပါ။
အကယ်၍ မိမိက ပိုပြီးအန္တရာယ်များတဲ့ဒေသမှာ နေထိုင်ပါက ကလေးတွေရဲ့ အသက်အရွယ်အလိုက် နားလည်မယ့်အသုံးအနှုန်းတွေနဲ့ ငလျင်အကြောင်း (ငလျင်ဆိုတာ ဘာလဲ၊ ဘာကြောင့် ငလျင်ဖြစ်တာလဲ၊ ဘေးကင်းအောင် ဘယ်လိုနေမလဲ) ဆိုတာတွေကို ဆွေးနွေးပါ။ မိမိရဲ့ နံပါတ်တစ် ဦးစားပေးက ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးဆိုတာ အသိပေးပါ။
မိသားစုတစ်ခုလုံးအတွက် ငလျင်အရေးပေါ်အစီအစဉ်တစ်ခု ပြုလုပ်ပါ။
ဘေးလွတ်ရာရွှေ့ပြောင်းရေး အစီအစဉ်တစ်ခုနဲ့ ဆုံရပ်များကို သတ်မှတ်ပါ၊ အထူးသဖြင့် မိသားစုဝင်တွေက တစ်ယောက်တစ်နေရာစီမှာရှိနေကြပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပြတ်တောက်သွားခဲ့ပါက အချင်းချင်း မဆက်သွယ်နိုင်ကြရင် ဖြစ်ပါတယ်။
မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ လိပ်စာတွေ၊ဖုန်းနံပါတ်တွေကို အချိန်နှင့်တပြေးညီ update ထားရှိပါ။ အရေးပေါ်ဖြစ်လာရင် ဘယ်လိုဆက်သွယ်ရမလဲဆိုတာ လေ့လာထားပါ။
ငလျင်လှုပ်လာခဲ့ရင် မိမိကလေးရဲ့ ကျောင်းက ဘယ်လိုစီစဉ်ထားလဲဆိုတာ လေ့လာပါ။
မိမိနေထိုင်တဲ့ အဆောက်အအုံအကြောင်း လေ့လာပါ။ မခိုင်ခံ့သော သို့မဟုတ် သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီသော အဆောက်အဦများဟာ ငလျင်လှုပ်ချိန်တွင် အလွန်အန္တရာယ်များနိုင်ပါသည်။ ဒီလိုအဆောက်အဦတွေမှာ နေထိုင်ပါက ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရှိစေဖို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ပါ။
အိမ်ထဲက အခန်းတိုင်းမှာ ငလျင်လှုပ်လာရင် ခိုလှုံနိုင်မယ့် နေရာတွေကို ရှာထားပါ။ ဖြစ်နိုင်ရင် ပြတင်းပေါက်မရှိတဲ့ အိမ်အလယ်ပိုင်းက အခန်းတွေမှာ နေပြီး စားပွဲလို ခိုင်ခံ့တဲ့ပစ္စည်းတွေအောက်မှာ ပုန်းခိုပါ။
အရေးပေါ်အိတ်တစ်လုံး ပြင်ဆင်ထားပါ။ အနည်းဆုံး သုံးရက်စာ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ထားပြီး လိုအပ်ရင် သယ်ဆောင်နိုင်အောင် လုပ်ထားပါ။ အစားအသောက်၊ ရေ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီးနဲ့ ဘက်ထရီတွေ ထည့်ထားဖို့ မမေ့ပါနဲ့။
ငွေသားနဲ့ ခရီးသွားစာရွက်စာတမ်းတွေကို လွယ်လွယ်ကူကူ ယူသွားနိုင်အောင် ထားပါ။
မိမိကလေးတွေ ဘာလုပ်ရမလဲဆိုတာကို နားလည်အောင် အရေးပေါ်အစီအစဉ်ကို အတူတူလေ့ကျင့်ပါ။ သူတို့မေးချင်တဲ့မေးခွန်းတွေကို အချိန်ယူဖြေပေးပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားပါ။
တစ်နှစ်ကို နှစ်ကြိမ်သုံးကြိမ်လောက် မိသားစုနဲ့အတူ အရေးပေါ်အစီအစဉ်ကို အတူတူလေ့ကျင့်ထားပါ၊ ဒါမှ လိုအပ်တဲ့အခါ အမြန်ဆုံး အလိုအလျောက်လှုပ်ရှားတတ်မှာ ဖြစ်ပါတယ်။
ငလျင်လှုပ်ပြီးနောက် ကလေးတွေကို စိတ်သက်သာရာရအောင် ဘယ်လိုလုပ်ပေးရမလဲ
ပွင့်ပွင့်လင်းလင်းစကားစပြောပါ။ ကလေးတွေကို ငလျင်ကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။ သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။
စိတ်သက်သာရာရအောင် လုပ်ပေးပါ။ ငလျင်နဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း ပြောပြပါ၊ ငလျင်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ အတူတူအချိန်ဖြုန်းပြီး ပွေ့ဖက်ထားပေးခြင်းဖြင့် ကလေးတွေကို နှစ်သိမ့်မှုပေးပါ။
စိတ်ပိုင်းဆိုင်ရာဖိစီးမှုလက္ခဏာတွေကိုစောင့်ကြည့်ပါ။ ကလေးအတော်များများက ဘေးအန္တရာယ်တစ်ခုဖြစ်ပြီးနောက် တစ်လလောက်အထိ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အန္တရာယ်ပြုချင်တဲ့ ဆန္ဒတွေလို ပိုဆိုးတဲ့လက္ခဏာတွေ ပြလာရင်မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။
စိတ်တည်ငြိမ်စေမယ့်လေ့ကျင့်ခန်းတွေကိုအတူတူလေ့ကျင့်ပါ။ဝမ်းဗိုက်နဲ့အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ အသက်အရွယ်ကြီးတဲ့ကလေးတွေနဲ့ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။
လုပ်နေကျလုပ်ငန်းစဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါ။ တော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ငလျင်မတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။
Credit
https://www.unicef.org/myanmar/my/earthquake-safety-information-my
Keep Reading