Author's Profile Photo

Tawtawti

2/05/2025

ယောက်ခမရတဲ့နေ့

12 mins read
Art
Novel
Entertainment

-3-

"ယောက်ခမရတဲ့နေ့"
..........................

(၁)

ကိုယ်က ဘဝဆက်တိုင်း ယောက်ခမရမှာ။
ယောက်ခမတောင် ရှယ်ပလန်နဲ့ရမှာနော့။

ရ..ရမှာပေါ့။ တန်ခိုးကြီးတယ်ဆိုတဲ့ ကျိုက်ထီးရိုးစေတီမှာကို ရွှေကပ်လှူပြီး တကူးတက ဦးချ ဆုပန်ရွယ်ခဲ့တာကိုး။

ပြောရရင်...

ဘဝကစုံဖူးပါတယ်။

"ထောင်မကျခင်က ဘောစိပေါ့။

မြန်ပြည်အနှံ့မရောက်ဖူးတဲ့နေရာမရှိဘူး
ကိုယ်ကပေးခဲ့တာတွေရှိသလို
ကိုယ်ရခဲ့တာတွေလည်းများတယ်။

ကံကကိုယ့်ဘက်ပါတဲ့အခါ
ဘဏ်ဆိုတာလည်းမိတ်ဆွေပေါ့။

အိမ်တွေဟော်တယ်တွေလည်းပိုင်ဖူးတယ်
ဂျိုးဖြူပိုက်တို့လျှပ်စစ်ဆိုတာတောင်
ကိုယ့်လက်ထဲရောက်အောင်လုပ်လို့ရတယ်"

ဆိုတာမျိုးလေ။

တမျိုးမထင်ပါနဲ့ခင်ဗျား။
ငယ်ငယ်က မိုနိုပိုလီကစားခဲ့တုန်းကလေ။

တကယ်တမ်းတော့
ကဗျာယောင်ယောင်ကာတွန်းယောင်ယောင်
စာယောင်ယောင်ကောင်ဆိုတော့...ယောင်သုံးယောင်နဲ့ရေနစ်နေတာကများပါတယ်။ ခရီးကလည်းသိပ်မထွက်ဖြစ်လှပါဘူး။

ကျိုက်ထီးရိုးစေတီကိုလည်း pocket money မြန်မာငွေ တစ်ရာ့ငါးဆယ်ကျပ်တည်းနဲ့ ၂၀၁၈ ခုနှစ်လောက်ကရောက်သွားတာ။ ဒါတောင်..ငွေတရာက ကောက်ရလို့။

ပြောရဦးမယ်။ ဒီဇင်ဘာလမျိုးရောက်တဲ့အခါ လူငယ်တွေစုပြီး ကျိုက်ထီးရိုးဘုရားဖူးဆို ခရီးထွက်လေ့ရှိကြတယ်မလား။
ကိုယ်တွေ လူငယ်ဘဝမှာလည်း ရှိခဲ့တာပါပဲ။
အဲ့ဒီ့အခါ သူငယ်ချင်းတွေကသာ နှစ်တိုင်းရောက်တယ်။ ကိုယ်ကတော့...ပါမသွားဘူး။

ဘယ်ပါသွားမလဲ...။ အိမ်ကဘုရားတောင် ရှိခိုးတာနပ်မှမမှန်တာချည့်၊ အဝေးရောက်ဘုရားက...ငါ့လည်း ရှိခိုးချင်လို့ဟုတ်ချင်မှဟုတ်မှာ၊ အပျော်တော့လာမလည်နဲ့ကွာဆိုပြီး လက်မခံဘူးတူတယ်။
ကိုယ့်ခမျာ ဖွတ်ကျောပြာစု ခရုဆံကျွတ်နဲ့ဖြစ်ဖြစ်နေတော့ မကျည်းရွက်လောက် မျက်နှာငယ်နဲ့ လိုက်မသွားဖြစ်ဘူး။

တရက်လည်းကြကော...
ဒါကိုသိတဲ့ သူငယ်ချင်းတယောက်က

"သူငယ်ချင်းရာ၊ ဒီနှစ်တော့ မင်းလိုက်ခဲ့ပါ၊ မင်းစရိတ်ငါဒကာခံပါ့မယ်၊ ငါဆို ကျိုက်ထီးရိုးကို ရောက်တာ အခေါက်ပေါင်းမနည်းဘူး၊ မင်းမှ ငါ့သူငယ်ချင်းဖြစ်နေပြီး သေတဲ့အထိ ကျိုက်ထီးရိုးမရောက်ဖူးဘဲဖြစ်သွားရင် ငါစိတ်မကောင်းဖြစ်ရမယ်"တဲ့။

မသိရင်...ကိုယ်ကပဲ သုဿန်မှာ ရုပ်စံ ရတော့မယ့်အတိုင်း။
ဒါပေမယ့်....ငါသည် ကျိုက်ထီးရိုးရောက်ရမည်။
အချိန်ပိုင်းသာလိုတော့သည်။ အသေမဦးခင် ကျိုက်ထီးရိုးဦးအောင် သွားဖူးပါတော့မည် ဆိုပြီး ပြုံးတမြမြကြီးဖြစ်နေတော့တာပဲဗျ။
...........................................

(၂)

ဒါပေမယ့် ကိုယ့်ရဲ့ ကျိုက်ထီးရိုးသွားတောလား ပြန်ရေးပြရမယ့် အိပ်မက်လေးက လေထဲက ဆပ်ပြာပူဖောင်းလေးလို အချိန်မကြာလိုက်ပါဘူး။
မြန်မာပြည်ရဲ့တနေရာကိုရောက်ဖို့ခရီးက
မြန်မာပြည်ရဲ့တနေရာမှာပဲ ပြယ်လွင့်သွားပါတယ်။
ဘာလို့လဲလို့ စောဒကတက်မယ်ဆိုပါတော့။

ကျိုက်ထီးရိုးခေါ်မယ်လို့ ကတိကဝတ်ပြုထားတဲ့ သူငယ်ချင်းက သမီးရည်းစားတွေလို လုပ်ကွက်စိမ်းကားသွားတာမျိုးမဟုတ်ဘဲ ရုတ်တရက်တိမ်းပါးသွားလို့ပါပဲ။
ကိုယ်သေတဲ့အထိ ကျိုက်ထီးရိုးမရောက်ဖူးမှာစိုးလို့ ပို့ချင်သူက ပို့တောင်မပို့လိုက်ရဘဲ သူကအရင်သေပစ်လိုက်တာများ...
သြော်...
ကံကြမ္မာဆိုတာမျိုးကတော့ စောဒကတက်လို့မှမရတာ။

ဘဝရဲ့ဆန္ဒဆိုတာကလည်း တော်တော်တည်ကောင်ကလေးကို ဇော်ဂျီတောင်ဝှေးလို လိုရာမှမပေးခဲ့။

သည်လိုနဲ့ ...ရာသီတွေက ကိုယ့်သက်တမ်းကို တိုးမြှင့်ပေးလို့ အရိုးတွေပိုရင့်လာ၊ အချိန်ကာလတခုဆီထပ်အရောက်...။

တနေ့မှာ ဖောင်ကြီးဒေသက ဦးလေးဖြစ်သူက ကိုယ့်မှော်ဘီအိမ်ကိုအလည်လာတယ်။
သူ့ဆီကိုအလည်လိုက်ခဲ့ဖို့ခေါ်တယ်။
တောမှာ နားအေးပါးအေးနဲ့ စာရေးလို့ရတယ်လို့လည်း အကြောင်းပြပါတယ်။

ဒါနဲ့ပဲ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေထဲ စိတ်အလှည့်အပြောင်းတခုရအောင်လို့ ကိုယ်လည်း အလည်ပြန်လိုက်သွားဖြစ်တယ်။

ဦးလေးက အသက်ကြီးမှအိမ်ထောင်ကျတာ။
ကျမယ့်ကျတော့လည်း သူ့အိမ်သူက သူနဲ့အသက်အတော်ကွာတယ်။ ဒါပေမယ့် အသက်ကွာတာထက် အသက်နဲ့မကွာချစ်ဖို့ကအရေးကြီးတယ်မလား။

အသက်ကွာတာကတော့ ကိုယ့်ထက်တောင် သူ့အိမ်သူက တနှစ်လောက် ငယ်သေးတယ်။

သူ့ကို ကိုယ့်ခမျာ ဒေါ်ဒေါ်ညီမလေးလို့ ခေါ်ရတော့တာပဲ။

ဖောင်ကြီးရောက်ပြီး တပတ်လောက်ကြာတဲ့အခါမှာတော့ ကိုယ်ဟာ ထင်မှတ်မထားပါဘဲ ကျိုက်ထီးရိုးကို နောက်ခရီးGo ဖို့ အခွင့်အလန်းထပ်ပေါ်လာပါရဲ့။

အဲ့ဒီ့နေ့က မိုးမရွာပါ။
မရွာဆို...မတ်လနွေဦးရဲ့နေရောင်ခြည်အောက်မှာ ကိုယ်တွေအသက်ရှူသံက လွင့်ပျံ့နေချိန်ကိုး။

............................................

(၃)

ကျိုက်ထီးရိုးသွားကြမလို့ လိုက်မလားလို့
ဦးလေးအိမ်သူကမေးတော့....လှိုက်ခနဲဖြစ်သွားတယ်။

ကိုယ့်ဆီမှာက
ငွေလေး...ငါးဆယ်ပဲရှိတယ်။
ဘယ်လိုလိုက်သွားရမယ်မသိဘူး။

ဖောင်ကြီးမှာကနေရတာအဆင်ပြေပါတယ်။
ဦးလေးအိမ်သူက ကုန်စုံဆိုင်ဖွင့်ထားတော့ လိုတာအကုန်"မ"လို့ရတယ်။
ဣစ္ဆာသယအဖြစ် ကြိုက်ရာယူသုံးခွင့်ပေးထားပါတယ်။

စာရေးမယ်သာပြောတာ၊ ဘာမှလည်းရေးဖြစ်တာရယ်မဟုတ်ပါဘူး၊ တနေ့ကို တကွက်ကာတွန်းငါးကွက်လောက်ရေးပြီး စားလိုက်အိပ်လိုက်လုပ်နေတာပါပဲ။ စာမရေးဖြစ်ဖူးဆိုတာကလည်း အကြောင်းအမျိုးမျိုးနဲ့ ဓာတ်ကမကျလှဘူးရယ်။ ခေါင်းထဲမှာ ကာတွန်းအိုင်ဒီယာတွေပဲ တွေးနေမိတဲ့ကာလပေါ့။

"ဘယ်တော့သွားမှာလဲ၊ ဘယ်သူတွေနဲ့လဲ...၊ ဘယ်လိုသွားမှာလဲ"

ကျိုက်ထီးရိုးခရီးစဥ်ကိုတော့ စိတ်ဝင်စားသွားမိတာနဲ့ ဘသုံးသုံးနဲ့မေးမိတယ်။

"ရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဦးဇင်းက ကားငှားပြီးလိုက်ပို့မှာ၊ ညကြရင်ထွက်မယ်ပြောတာပဲ၊ ရွာကို တဆင့်စကား တဆင့်နားနဲ့ အမှာပါးထားတာ၊ ဒီကလိုက်ချင်တဲ့သူတွေပါမှာပေါ့၊ လိုက်ချင်လိုက်ခဲ့လေ၊ ဘာပူစရာရှိတာမှတ်လို့"

ဒါနဲ့ ကိုယ်လည်း ဒီတခါတော့ ရောက်ရချည်ရဲ့လို့ အပျော်စိတ်နဲ့ ငမိုးရိပ်ဆည်ဘေးကလမ်းမှာ လမ်းပတ်လျှောက်မိတယ်။

အဲ့ဒီ့မှာ ငွေတရာကောက်ရတယ်။
ကိုယ့်မှာရှိတာငါးဆယ်နဲ့ဆိုတော့...တရာ့ငါးဆယ်ကျပ်ဖြစ်သွားကော။

တမျိုးလှနေတဲ့ နေဝင်ဖျိုးဖျ ညဦးဆည်းဆာရောက်တော့ ဘုန်းကြီးကျောင်းမှာသွားပြီး လူစုရတယ်။

ကျောင်းထဲကို...ရွာကနေလိုက်ပါကြမယ့် ဦးဦးဒေါ်ဒေါ်ကိုကိုမမ တွေ အသျှိုသျှိုဝင်လာလိုက်တာ မနည်းပါလား။

သွားကြမယ့်ကားကိုကြည့်လိုက်တော့...
Canter Truck ကုန်တင်ကားကြီး။

ကိုယ်နဲ့အတူ ဒေါ်ဒေါ်ညီမလေးရယ်၊ သူ့ကလေး သုံးယောက်ရယ် ပါလာတယ်။
အကြီးမက နဝမတန်း၊ အလတ်မက တတိယတန်းကိုယ်စီဖြေထားကြပြီး အငယ်မလေးကတော့ လေး...ငါးနှစ်အရွယ်။
ဦးလေးကတော့ သူခြံနဲ့မွေးမြူရေးလုပ်ငန်းကိစ္စတွေနဲ့မအားလပ်လို့ ပါမလာခဲ့ဘူး။

ကားထွက်မယ့်အချိန်ကိုစောင့်ရင်း ဓမ္မာရုံအတွင်းမှာ ဝင်နားကြတယ်။
အထဲမှာ တဖွဲဖွဲရောက်လာတဲ့ရွာကလူတွေစုရုံးစုရုံးဖြစ်နေတုန်း ကိုယ်လည်းကျောင်းဝန်းထဲက သစ်ရိပ်တပင်အောက် သွားထိုင်တယ်။

အပင်ကိုအောက်ခြေကနေ ထိုင်ခုံသဖွယ် အုတ်စီဝိုက်ကာထားတဲ့ဘောင်ပေါ်မှာ နေရာယူမိနေတုန်း အနားကို အသက်လေးဆယ်ကျော်အရွယ်လူတယောက်ရောက်လာတယ်။

သန်မာဖျတ်လတ်ဟန်ရှိတဲ့သူနဲ့ စကားစမြည်ပြောရင်း မိတ်ဆွေဖွဲ့ဖြစ်သွားတယ်။
သူကတော့ သူ့အိမ်သူနဲ့လိုက်လာတာပါ။ အိမ်သူကတော့ ဓမ္မာရုံထဲမှာနေရစ်ခဲ့တယ်လို့ဆိုပါတယ်။

အခုအသက်အရွယ်အထိ ကျိုက်ထီးရိုးစေတီကို မရောက်ဖူးသေးတဲ့အပြင် ကိုယ့်ရွာက ဒီဘုန်းကြီးကျောင်းကိုတောင် မရောက်ဖူးပါဘူးတဲ့။
စားဝတ်နေရေးအရ ပိုက်ချငါးဖမ်း ကုန်ထမ်းရင်း ဘဝကို ကျင်လည်နေခဲ့ရတယ်တဲ့။ အခုတောင်သတင်းကြားလို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ဘုရားဖူးထွက်လာကြတယ်ဆိုပါစို့။ လူကတော့ ရည်မွန်ပါတယ်။

တဖြည်းဖြည်းညဥ့်ကသာနက်လာတယ်။
ဘုရားဖူးကားက စတင်မထွက်သေးဘူး။
ကိုယ်တို့နှစ်ယောက်လည်း ခင်မင်ဖြစ်သွားပြီး သက်တမ်းရှည်ပင်တွေအပါအဝင် ပင်မျိုးစုံနဲ့ ညှို့စိုင်းနေတဲ့ ကျောင်းဝန်းထဲကို အပျင်းလည်းပြေ ဒေသန္တာရဗဟုသုတလည်းရအောင် လရောင်အားကိုးနဲ့
လမ်းလျှောက်ရင်းပတ်ကြည့်ကြသေးတယ်။

ဒီကြားထဲ သူက ရေအိမ်ဝင်သွားလို့ အမှောင်ထဲမှာ တယောက်တည်းစောင့်နေရသေးတယ်။

နောက်...ကားထွက်မယ်ဟေ့ ဆိုတော့ နံနက် နှစ်နာရီနီးပါးတောင်ရှိပြီ။

ဟိုလူပါရဲ့လား၊ ဒီလူကျန်သေးလား၊ သက်ကြီးရွယ်အိုတွေ..အမျိုးသမီးတွေ..ကလေးငယ်တွေကို ဦးစားပေးထိုင်ခိုင်းပါ စသဖြင့်...စနောက်ရယ်မော အတည်ပြောရင်း ဆူညံစီနေတဲ့အသံတွေ သက်ဝင်ခဲ့ပြီးနောက် ဘုရားဖူးခရီးစဥ်စတင်ထွက်ခွာလာခဲ့ပါတယ်။
သူများတွေက ဆောင်းတွင်းကို ဘုရားဖူးသွားတာများကြတယ်နော်။
ကိုယ်တို့ကတော့ မတ်လရဲ့ လရောင်ခြည်အောက်မှာ ဘုရားသွားဖူးတာ။

လူက... ဘယ်လောက်များသလဲဆို
(၂၁)ပေ (၈)ပေါက်တန်း (၇)တန်တင်နိုင်တဲ့ အမိုးဖွင့်ကုန်တင်ကားထဲ ထိုင်လျက်အပြည့်ပါပဲ။

ကိုယ်ဆို...စလင်းဘော်ဒီလေးကိုတောင် ဒူးကွေးပြီးကျုံ့ထားရတယ်။
တခြားသူတွေ လိုက်ရသက်သာအောင် နေရာချောင်ဖို့လုပ်ပေးရင်း ပါလာတယ်ဆိုရုံပဲရှိတော့တယ်။
ခြေတောင်ဆန့်မရတော့ဘူး။

ငွေသော်တာအရိပ်အောက်ကနေ ကားက ရွာလမ်းကထွက်တော့ စိတ်ပေါက်မှ လိပ်လောက်သွားတယ်ထင်ရပေမယ့် ကားလမ်းမကြီးပေါ်ရောက်တော့ မောင်းချက်က ဥသျှစ်သီးပြုတ်ကျသံကြားတဲ့ယုန်လို စွပ်ပြေးပါတယ်။
ထိုင်ရညောင်းတာနဲ့မတ်တပ်ထရပ်တာတောင် မျက်နှာလေတအားတိုးလို့ ကြာကြာမနေနိုင်ပါဘူး။

ဖြတ်သန်းခဲ့ရာတလျှောက်မှာတော့ ...ဝေါမြို့နယ်နဲ့စစ်တောင်းတံတားတို့ပါဝင်တာကို မှတ်မိနေမိတယ်။

လမ်းရှင်းကားပြတ်ချိန် တောက်လျှောက်သွန်မောင်းလာခဲ့လို့လား မသိပါဘူး။
ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းစခန်းကိုရောက်တော့ မနက်လေးနာရီကျော်မျှသာရှိပါသေးတယ်။

ဒါနဲ့....မိုးလင်းတဲ့အထိ ခတ္တခဏ ကားရပ်နားနေကြတာပေါ့။

လိုက်ပါလာတဲ့သူတွေကလည်း သူ့အစုနဲ့သူ ကျိုက်ထီးရိုးတောင်ပေါ်တက်ဖို့ လူစုခွဲ အစီအစဥ်ဆွဲကြပါတယ်။

.............................................

(၄)

ကျောက်ထီးရိုးစေတီရင်ပြင်ပေါ်အထိ မတက်ရောက်ရသေးခင်အချိန်ထဲ နံနက်ခင်းအလင်းရောင်အောက်မှာ ပထမဆုံး ကိုယ်နဲ့ခင်သွားခဲ့တဲ့ သူက ရေချိုးဖို့ နေရှာကြရအောင် လို့ ပြောတယ်။ သူ့ကိုကိုယ်က အကိုလို့ပဲခေါ်ပါတယ်။

ဒါနဲ့... ထမင်းဆိုင်တဆိုင်ဘက်မှာ
ရေဝင်ချိုးလို့ရမယ်လို့ သိရတယ်။ ရေချိုးခတော့ပေးရတယ်၊ သန့်စင်ခန်းလည်းဝင်လို့ရတယ်။
အမျိုးသား/အမျိုးသမီးခွဲခြားထားတယ်။

ကျန်တဲ့သူတွေကတော့ သူတို့ဘာသာ စီစဥ်ကြပေါ့လေ။

ရေချိုးရတဲ့အခန်းထဲမှာတော့ လူရှင်းနေတယ်။ ရေလုံလုံလောက်လောက်ထည့်ထားတဲ့ အုတ်ကန်ကြီးတကန်ရှိတယ်။
ရေလဲပုဆိုးတို့ ရေသုတ်သဘက်တို့ တင်လို့ရမယ့် ကြိုးတန်းတတန်းလည်းရှိတယ်။

ဒါနဲ့ ရေလဲမယ့်ပုဆိုးနဲ့ သဘက်ကလေးကို ကြိုးတန်းပေါ်တင်၊ ရေချိုးတော့တာပေါ့။ ရေချိုးကြရင်း နှစ်ယောက်သား အတူတူလောက် ရေချိုး ပြီးသွားကြတယ်။
ရေချိုးပြီးသွားချိန်မှာ ရေလဲပုဆိုးကိုယူလဲလိုက်တယ်။
ဒါပေမယ့် ကိုယ်က ဆက်ပြီး ခေါင်းလျှော်ချင်သေးတယ်။ ဒါနဲ့ ကိုယ်ကိုကိုင်း၊ ခေါင်းကို ငုံ့ပြီး ရှေ့ကိုဝဲကျလာတဲ့ ဆံပင်ရှည်တွေကို ရေလောင်းချလိုက်တယ်။
ဒီတော့ လည်ပင်းကစပြီး ခန္ဓာကိုယ်ကို ရေပြန် ထိစရာမလိုတော့ဘူးပေါ့။

အဲ့ဒီ့အချိန်မှာပဲ ရေချိုးခန်းထဲကို သုံးလေးယောက်ရှိတဲ့ တခြား ဧည့်သည်တဖွဲ့က ဝင်လာတယ်။ သူတို့လည်း ယူလာတဲ့ ပုဆိုးတွေ မျက်နှာသုတ်ပဝါ၊ရေသုတ်သဘက်တွေ တန်းမှာတင်ပြီး ရေချိုးကြတော့တာပဲ။ လူများလာတာနဲ့ အကိုကလည်း ရပ်ထားတဲ့ကားဆီကပဲ စောင့်နေတော့မယ်ဆိုပြီး ထွက်သွားတယ်။

ကိုယ်လည်း ဆက်ပြီး ခေါင်းလျှော်နေမိတယ်။
ဝင်လာတဲ့အဖွဲ့က ရေချိုးမြန်ကြတယ်။ သူတို့ပြီးသွားကြတဲ့အထိ ကိုယ်ကတော့ ကိုယ့်အပိုင်ရေချိုးခန်းလို ရေချိုးခပေးရတာနဲ့တန်အောင်မှတ်ရတယ်၊ စိမ်ပြေနပြေနဲ့ ခေါင်းလျှော်နေတာ မပြီးသေးဘူး။
သူတို့အဖွဲ့ထွက်သွားမှ လက်စသတ်မိတော့တယ်။

ပြီးမှ တန်းကနေ ခေါင်းသုတ်ဖို့ သဘက်ကိုကြည့်လို့တော့ မရှိတော့ဘူး။
အဲ့ဒီ့အဖွဲ့နဲ့ပါသွားပြီလို့ထင်လိုက်မိတယ်။
ဒါမှ မဟုတ် အကိုများယူသွားသလားလို့လည်းတွေးမိလိုက်တယ်။ ဒါနဲ့ ခေါင်းရေစိုနဲ့ပဲ အပြင်ကိုထွက်လာရတော့ရဲ့။

ကားတွေရပ်ထားတဲ့ ကင်မွန်းစခန်းက ဝန်းထဲရောက်တော့လည်း ဟိုအဖွဲ့ကိုက မတွေ့တော့ပါဘူး။ ဒါနဲ့ ကိုယ်ပါလာတဲ့ကားဆီကို ပြန်လျှောက်သွားရတယ်။

ကားဆီရောက်တော့ အကိုနဲ့အတွေ့။

"သဘက်ပျောက်သွားလို့ အကိုရာ၊ အကိုများယူသွားသေးသလားလို့"

"သဘက်က မင်းလည်ပင်းမှာပတ်ထားတာလေ"

ဟိုက်စ်...။အခုမှသတိထားမိတော့တယ်။
ကျွန်တော့်အဖြစ်က ယောင်းမခါးကြားထိုးပြီးရှာနေတာထက်ဆိုးနေတာ။

ပြန်တွေးမိတော့...
ဟိုအဖွဲ့တွေဝင်လာချိန်မှာ သူတို့အထည်တွေနဲ့ရောသွားမှာစိုးပြီး ကိုယ့်သဘက်ကို ခေါင်းလျှော်လက်စနဲ့ဆွဲယူလိုက်ပြီး လည်ပင်းမှာ ပတ်ထားလိုက်မိတာ။

ဒီတခဏလေးကိုပဲ ကိုယ့်မှာ သတိလက်လွတ်မေ့သွားမိတာရယ်။ အိပ်ရေးမဝတာကြောင့် အာရုံတွေမလန်းတာနေမယ်။ ဒါကိုပဲ ယုန်ထင်ကြောင်ထင်တွေဖြစ်လို့။
အဟက်...။

.............................................

(၅)

ဒီလိုနဲ့ ကင်မွန်းစခန်းကနေမှ စေတီရင်ပြင်တော်ပေါ်အထိကို ရောက်ရှိဖို့ ပုံမှန် ပြေးဆွဲနေကျ ကားတွေထဲက တစီးနဲ့ဆက်လက်တက်ရောက်ရတယ်။

စည်းကမ်းအရ ရပ်ဝေးကနေ ကိုယ်စီ စီးလာခဲ့သမျှကားတွေဟာ ကင်မွန်းစခန်းမှာပဲ ရပ်နားထားကြရတာရယ်။ တောင်ပေါ်အတက်အဆင်းမှာ အန္တရာယ်မရှိနိုင်အောင်လို့ 'ဒေသခံဂေါပက'က စီစဥ်ပေးထားတဲ့ ကားတွေနဲ့ပဲ တက်ခွင့်ရတာဖြစ်ပါတယ်။

ဝေဟင်က သွားချင်ရင်လည်း ကေဗယ်တွေရှိပေမယ့် အတူပါလာတဲ့သူတွေ ရွေးချယ်မှုအရ ကားနဲ့ပဲတက်ခဲ့ရတာပေါ့။

ကားစီးခွင့်ရဖို့ကလည်း စုပြုံတိုးပြီး တန်းစီနေရသေးတယ်။
ဒေါ်ဒေါ်ညီမလေးကလည်း အစားအသောက်ထည့်လာတဲ့ ခြင်းတဖက်ကို ဆွဲလာတာဆိုတော့ ကိုယ်က သူ့ကလေး အငယ်မလေးကို ချီထားပေးရတယ်။ ကလေးပီပီအငြိမ်မနေတဲ့အရွယ်ဖြစ်တာရယ်၊ လူကလည်းများနေတော့ လွှတ်ထားလို့မရဘူး။

ကိုယ်ကသာ အသက်သုံးဆယ်ကျော်အထိ လူပျိုလုပ်နေတာ။ ဆွေမျိုးတွေနဲ့က ကလေးထိန်းရတာနဲ့ကိုမလွတ်ဘူး။ ကိုယ့်အိမ်မှာလည်း တူမထိန်းရ၊ အမျိုးတွေဆီအလည်သွားရင်လည်း သူတို့ကလေးတွေထိန်းရတာချည်းပဲ။
ကလေးတွေဆို အလိုလိုက်၊ ရှိတာကျွေးတတ်လို့လားမသိဘူး၊ ကလေးမှန်သမျှကလည်း ခင်လွယ်ချစ်လွယ်ရဲ့။

ကားက တောင်ပတ်လမ်းအတိုင်းထွက်ခွာလာတယ်။
ရင်ခုန်စရာရှုမျှော်ခင်းတွေကို ငေးရင်း ကျိုက်ထီးရိုးတောင်ပေါ်ကို ယခင်ခေတ်က ခြေလျင်တက်ခဲ့ရတဲ့
မြင်ကွင်းတွေကို ပြန်လည်ရေးသားထားတဲ့ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဘဝသရုပ်ဖော်ဝတ္တုတိုတပုဒ်ကို ပြန်အမှတ်ရမိနေတယ်။

ဝတ္တုအမည်က ' ခင်စိုး..ကင်မွန်းစခန်းမှာ နေသည် ' တဲ့။

ခရီးသည်တွေရဲ့ အထုတ်အပိုးတွေယူပြီး စေတီရင်ပြင်အထိ အခကြေးငွေနဲ့ လိုက်ပို့ရတဲ့ အထမ်းသမားကလေးငယ်တွေအကြောင်း စာနာစရာ ရင်နင့်စဖွယ် ဖွဲ့ပြထားတာပါ။

ကျိုက်ထီးရိုးကို လက်တွေ့မရောက်ဖူးခင်မှာ ကိုယ်ဟာ မြိုင်ရာဇာတွတ်ပီရဲ့ ကျိုက်ထီးရိုးဘုရားဖူး ရုပ်ပြဇာတ်လမ်းနဲ့လည်း လိုက်ပါခဲ့ဖူးတယ်။

ကြားထဲမှာ ကျိုက်ထီးရိုးသမိုင်းတွေတော့ ဖတ်ဖူးတာပေါ့လေ။

စာတွေ့မှသည် ငါတွေ့ဆီသို့တော့ ယခုအမှန်ရောက်ရှိလာပါပြီ။

ကျိုက်ထီးရိုးစေတီတော်ရှိတဲ့ ရင်ပြင်အောက်ခြေမှာ ကားဆိုက်တယ်။
ရင်ပြင်တော် အပေါ်အထိက ခြေလျင်တက်ရမယ်။
စောင်းတန်းတလျှောက် လှေကားထစ်တွေကတဆင့် ကလေးကိုချီပိုးပြီးတက်လာရပြန်တယ်။
အတက်အဆင်းလူတွေနဲ့ သက်ဝင် စည်ကားနေတဲ့ ကျိပုံရိပ်တွေက မျက်စိပသာဒဖြစ်စဖွယ် ကြည်နူးစရာပါပဲ။

ကောင်မလေးလှလှလေးတွေလည်း မြင်ရပါရဲ့။
ကလေးကြီးတကားကားနဲ့ ကိုယ့်ခမျာမှာတော့ လိပ်ဥတူးဖို့တောင် အချိန်မရပါဘူးဗျာ။ ဘုရားဖူးဖို့သာ အာရုံထားရတာပါ။

ရင်ပြင်တော်ပေါ်ရောက်တော့ နံနက်ဆယ်နာရီလောက်ရှိမှာပေါ့။ စေတီတော်ကိုဖူးမြော်ပြီးရင် ကင်မွန်းစခန်းက တည်းခိုစရာနေရာတခုခုမှာပဲ ညပြန်အိပ်ကြမယ်လို့ ဒေါ်ဒေါ်ညီမလေးကပြောတယ်။

ကိုယ်က ဘယ်ဦးလေး၊ ဘယ်အဒေါ်ရဲ့ အိမ်ထောင်ဖက်နဲ့မဆို တည့်တာများပါတယ် ။
တည်တည်ကြည်ကြည်အေးဆေးလေးဟဲ့ဆိုပြီး ခင်သွားကြတာချည်းပဲ။
တကယ်က လူကသာ တော်တော်တည်၊ ရင်ထဲမှာက စပ်စလူးထနေတာ သူတို့မှမသိတာ။

ရင်ပြင်တော်ပေါ်မှာ ကိုယ်သုံးဖို့ဆိုပြီး ငွေသုံးထောင်ထုတ်ပေးတယ်။ ပြီးတော့ သူ့အတွက် ရွှေကပ်လှူပေးပါဆိုပြီး ရွှေပြားလေးတွေဝယ်ဖို့ သီးသန့်ငွေထုတ်ပေးပါတယ်။ ကိုယ်လည်း ရွှေပြားလေးတွေရောင်းချတဲ့ဆိုင်မှာ သွားဝယ်ပါတယ်။

ရွှေကပ်လှူဖို့အတွက်က စေတီတည်ထားတဲ့ကျောက်တုံးအနီး ဧရိယာထဲ ယဥ်ကျေးမှုအစဥ်အလာအရ အမျိုးသမီးတွေ ခြေချခွင့်မှမရှိတာကိုး။ ကိုယ်ကပဲဝင်ရောက်ပြီး ရွှေကပ်လှူပေးရပါတယ်။ အဝင်ဝမှာလည်း မီးခြစ်တောင်ယူလို့မရနိုင်အောင် လုံခြုံရေးအစစ်အဆေးလည်းရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးသာ တောင်းဆိုနေကြတာပါ။ သူတို့လွန်ဆန်မရနိုင်တဲ့ အခြေအနေတွေကို သူတို့ကိုယ်တိုင် လက်ခံနေကြရတုန်းပါပဲ။

ကိုယ့်ငွေသုံးထောင်က ရွှေပြားဝယ်ဖို့ မလောက်ပါဘူး။ ကိစ္စမရှိပါဘူး၊ သူလည်း သူ့သတ်မှတ်မှု၊ သူ့အတိုင်းအတာနဲ့သူ နိုင်သလောက် ပေးတာပဲလို့ ခံယူပြီး ကိုယ်ကလည်း အလှူ့ရွှေပြားနဲ့ပဲ မျက်နှာလုပ်လိုက်ပါတယ်။ ရွှေပြားကပ်လှူသူတွေက မျက်မြင်အများကြီးမို့ ကိုယ်တယောက်တည်း မကပ်လို့လည်း ဘုရားက ဆင်းရဲသွားမှာ ၊ စိတ်ဆိုးသွားမှာမှမဟုတ်တာ။ သာသနာလည်းကွယ်သွားမှာမဟုတ်ဘူးလေ။

ကပ်လှူပြီး သူဌေးကြီးဖြစ်ပါစေဘာညာလည်း ဆုမတောင်းခဲ့ပါဘူး။ ကုသိုလ်တပဲ ဆုတောင်းတပိဿာဖြစ်နေမှာစိုးလို့ပေါ့။ ကံ ကံ၏အကျိုးဆိုတာ ဆုမတောင်းပေမယ့် ရပါတယ်မလား။
ကိုယ်လုပ်မယ့်အလုပ်အပေါ် သံဓိဌာန်ချပြီး ဆုပန်တာဆိုရင်တော့တမျိုးပေါ့။

တကယ်တော့ စေတီတော်ကို ကပ်ခွင့်ရတာတော့မဟုတ်ပါဘူး။ စေတီတော်အထိတက်ရောက်လို့မှမရတာ။ ကျောက်တုံးကိုပဲ ဘုရားကိုပူဇော်တဲ့အနေနဲ့ အာရုံပြုရည်မှန်းပြီးကပ်လှူရတာပါပဲ။

ရွှေပြားဆိုတာကလည်း
ရွှေမှင်စက္ကူလေးတွေအပေါ်မှာ ရွှေမှုန်ရွှေစလေးတွေကို ကပ်ထားတာမျိုးမဟုတ်လား။
ဒါကိုမှ စက္ကူကိုခွာပြီး ရွှေသားကို ကျောက်တုံးမှာ ကပ်ရတာ။ စက္ကူကို အခွာမတတ်ရင် တဖက်ကရွှေသားလေးတွေက ကျောက်တုံးမှာမကပ်ဘဲ တိုက်ခတ်နေတဲ့ တောင်ပေါ်လေနဲ့အတူ ရွှေမှုန်ကြဲသလို လွင့်စင်သွားတာပါပဲ။ တစက်မှ လေလွင့်မှုမရှိအောင် ဂရုတစိုက် ခွာပြီးကပ်ရပါတယ်။

ရွှေကပ်ပြီးတဲ့အခါ ရင်ပြင်တော်ပေါ်မှာ ထိုင်နေတုန်း ဟိုအကိုနဲ့သူ့အိမ်သူကိုတွေ့တယ်။ ကျိုက်ထီးရိုးမှာကျီးကန်းပါးစပ်လှိုဏ်ဂူဆိုတာရှိတယ် ကြားဖူးတယ်၊ သွားကြရအောင်ဆို အဖော်ဆွယ်ပါတယ်။

ဆွယ်သာဆွယ်တာပါ။ သူကလည်း ကျိုက်ထီးရိုးကို တခါမှမရောက်ဖူးလို့ ကျီးကပ်ပါးစပ်ကဘယ်အနားရှိမှန်းသေချာမသိပါဘူး။ သူမေးစမ်းထားတယ်တဲ့။
ဘုရားရင်ပြင်တော်အရှေ့ဘက်မှာ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ညွှန်းတဲ့အတိုင်းအဝင်ဝမုဒ်ဦးဆီကို ပြန်သွားပြီးလှေကားထစ်တွေကနေ ဆင်းလာခဲ့ပါတယ်။

ဒေါ်ဒေါ်ညီမလေးနဲ့ သူ့အငယ်ဆုံးသမီးလေးကတော့ ရင်ပြင်တော်ပေါ်မှာ နားနားနေနေကျန်ခဲ့တယ်။
အကြီးမနဲ့အလတ်မကတော့ ကိုယ်နဲ့ပါလာတယ်။
သူတို့အမေပေးလိုက်တဲ့ငွေကို ကလေးတွေကိုပဲ စောင်းတန်းမှာရှိတဲ့အသည်တွေဆီက မုန့်ဝယ်ကျွေးဖြစ်တယ်။ ကလေးတွေရဲ့စားလိုစိတ်ကို ဖြည့်စည်းပေးနိုင်မှုအတွက်တော့ ဘုရားက သူ့ကိုရွှေမကပ်လည်း ကျေနပ်တော်မူနေမယ်ထင်ပါတယ်။ ရွှေကျောက် (ကျောက်တုံး)ပြောင်ပြောင် ဝမ်းခေါင်ခေါင်မဖြစ်ဘူးမလား။ သာသနာအတွက် အနာဂတ်ကလေးတွေလည်းပျော်လို့ပေါ့။

...........................................

(၆)

ရင်ပြင်တော်အောက်ခြေကိုရောက်လာတဲ့အခါ ကျီးကန်းပါးစပ်လှိုင်ဂူရဲ့တည်နေရာကို ထပ်မေးကြည့်ကြတယ်။

ဒီတော့မှ ရောက်ရှိလာတဲ့ပတ်ဝန်းကျင်အနီးအနားမှာ မဟုတ်မှန်းသိရတော့တယ်။
ဘုရားရင်ပြင်တော်ရဲ့ ဘေးတဖက်က စောင်းတန်းကဆင်းပြီးသွားရမှာပါတဲ့။ ဒါနဲ့ ရင်ပြင်တော်ထက်ကို ပြန်တက်ရပြန်တယ်။

ဒီလိုနဲ့ပဲ ကျီးကန်းပါးစပ်လှိုဏ်ဂူကို သွားလိုက်ကြတာ အခုတခါတော့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ကရောဆိုပါတော့။ အကွေ့အကောက် အတက်အဆင်းတွေရှိတဲ့ ဂူထဲကို လှေကားထစ်လေးတွေကနေဆင်းပြီးဝင်လာရတယ်။
အိပ်ရေးပျက်ထားတဲ့အရှိန်နဲ့ဆိုတော့ အတော်ပင်ပန်းတယ်။ ခြေချော်မကျရအောင် ထိန်းရတယ်။
ဂူထဲဝင်ရာလှေကားထစ်လေးတွေကလည်း ကျဥ်းတယ်။ ဒါပေမယ့် လှေကားထစ်လမ်းဘေးနားမှာပဲကပ်ပြီး ဖွင့်ထားတဲ့ထားဆိုင်လေးတွေကတော့ တောက်လျှောက်ကို ပြည့်နေတာပါပဲ။

ဒီကြားထဲ လူနားကပ်ပြီး ဘာဆေးမြစ်ဆိုလားဝယ်ဖို့လာဆွယ်တဲ့သူကရှိသေးသဗျား။
ကိုယ့်ခမျာ လူပျိုစင်စစ်ဂုဏ်ကိုစောင့်ထိန်းလာတာများ တသက်ရှိပြီဆိုပါမှ....။
ဘာမှမဘာပါဘူးဆိုငြင်းလွှတ်ရသေးရဲ့။
ဘုရားကိုအမှီပြုလို့ ပွဲစျေးထက်စည်ကားပြီး အစုံအလင်ရနိုင်အောင် အပ်ကအစ ဆတ်သားအဆုံး စျေးရောင်းဝယ်ကြတယ်ဆိုပေမယ့် မအပ်စပ်တာတွေပါ ရောင်းချကြတာကတော့ မသင့်တော်ဘူးထင်တာပဲ။
လူ့အလိုကို ကျိုက်ထီးရိုး ဘိုးဘိုးကြီးလည်း လိုက်နိုင်ဟန်မတူပါဘူး။

ဂူအပြင် တဖက်ဆီကိုရောက်ဖို့ကလည်း အတော်လေးအလှမ်းဝေးလှပါတယ်။

နတ်ရေကန် လို့ အမည်ပညတ်ထားတဲ့ဘက်ရောက်မှ ရေအိုးမှာ ရေသောက်ရတယ်။ လူက မောလျလွန်းလို့လား၊ သဘာဝတွင်းရေ ဖြစ်နေလို့လားမသိပါဘူး။
ကိုယ့်ဘဝတလျှောက် သောက်ဖူးတဲ့ရေထဲမှာ အရသာရှိရှိနဲ့အအေးမြဆုံးပါပဲ။
အလှူခံဘုံးလေးထဲတောင်မှ ငွေလှူခဲ့သေးတယ်။
ဒါကတော့ ရေဖြည့်ပေးထားသူကို ကျေးဇူးတုံ့ပြန်တဲ့မေတ္တာပါ။
လိုအပ်ချိန်မှာ သောက်သုံးခွင့်ရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။
ပြီးတော့ ငွေဆိုတာ ကြားခံနယ်ဆိုပေမယ့် တချို့မေတ္တာတွေက ငွေနဲ့မှ မေတ္တာကိုလက်တွေ့ပြခွင့်ရတာမျိုးမလား။ နေမကောင်းတဲ့သူကို ဆေးဖိုးမကူညီဘဲ ကျန်းမာပါစေ လို့ထိုင်ရွတ်ပေးချည်းနေလို့ရတဲ့ခေတ်မဟုတ်ဘူးလေ။ ဘုန်းကြီးတွေကိုပဲ ကြည့်ပါလား၊ တခုခုဆို နိုင်ငံခြား ကြွပြီးကုသကြတော့တာပဲ။

အချစ်ရေးမှာတောင် ချစ်တယ်လို့ပြောတာထက် လက်တွေ့လက်ဆောင်လေးမှမပေးနိုင်ရင် အထားခံကြရမှာပဲ။

.............................................

(၇)

ကျိုက်ထီးရိုးစေတီရင်ပြင်တော်ပေါ် ပြန်ရောက်တဲ့အခါ အကို့ရဲ့အိမ်သူက သူလည်း ဘုရားကိုရွှေမကပ်ရသေးကြောင်းပြောတယ်၊ ဒါပေမယ့် အကိုက သူစနစ်တကျ မကပ်လှူတတ်ကြောင်း ဆိုပါတယ်။ ဒီတော့ ကျွန်တော်က ကူညီတဲ့အနေနဲ့ သေချာကပ်လှူပေးဖို့ အာမခံလိုက်တယ်။

ရွှေပြားကို ဆိုင်ကသွားဝယ်၊ စေတီတော်ကျောက်တုံးရှိတဲ့ သတ်မှတ်ရပ်ဝန်းအတွင်းကို ဝင်ပြီး ကပ်လှူလိုက်ပါတယ်။ လှူပြီး ပြန်ထွက်အလာမှာတော့...လုံခြုံရေးနှစ်ယောက်ကြားက ဖြတ်လျှောက်ဖို့ပြင်လိုက်ပါတယ်။

အဲ့ဒီ့အခိုက်အတန့်လေးအတွင်းမှာပဲ...

"သားလေး...သား"

လှမ်းခေါ်လိုက်သံကြောင့် ကြည့်မိလိုက်တယ်။
လုံခြုံရေးတွေအနားမှာ အမျိုးသမီးကြီးတဦးကို ကြည်လင်တဲ့ မျက်နှာဟန်ပန်နဲ့တွေ့လိုက်ရတယ်။ အန်တီအရွယ်ဆိုပေမယ့် ခန့်ပြီးနုနယ်နေတုန်းပါပဲ။ သူ့နံဘေးမှာလည်း ကိုယ့်ထက် ငယ်ဟန်ရှိတဲ့ ချောပေ့ လှပေ့ ယဥ်နိုင်ပေုဆိုတဲ့ မိန်းမပျိုလေးတဦး မတ်တပ်ရပ်နေတယ်။

"အန်တီ့ကို ရွှေပြားလေးကပ်လှူပေးပါလားကွယ်၊ အန်တီတို့သားအမိ ဝင်မရဖြစ်နေလို့"

သူတို့မှာလည်း ဝင်လှူပေးမယ့် ယောကျ်ားသားပါလာဟန်မရှိဘူး ထင်တယ်။

ကိုယ်ကလည်း လိုလိုလားလားပါပဲ...

"ဟုတ်ကဲ့ခင်ဗျ"

သူကမ်းပေးလာတဲ့ ရွှေပြားလေးတွေကို လှမ်းယူရင်း အပြုံးနဲ့တုံ့လှယ်လိုက်တယ်။

နောက်တခေါက် စေတီတော်အောက်ခြေက ကျောက်တုံးဆီကို ပြန်ဝင်လာခဲ့လိုက်ရင်း သေချာကပ်လှူပေးဖြစ်တယ်။
ဒီတခါတော့ ဆုပန်မိတယ်ဗျာ။

"ယခုကောင်းမှုကြောင့် ထို အန်တီကို သံသရာ ဘဝဆက်တိုင်း ယောက်ခမတော်ခွင့် ရပါစေသား အရှင်ဘုရား"

ဟုတ်တယ်လေ။ သူ့ကို အကဲခတ်ရတာလည်း သဘောတူ မနောဖြူ မယ့်ဥပဓိရုပ်နဲ့ ရွှေယောက်ခမမျိုးလေ။ လေသံကလည်းချိုလို့ဗျား။ သူ့သမီးလေးဖြစ်ပုံရသူကလည်း အမေ့ခြေရာနင်းနိုင်သူပဲ။ သမီးလိုချင် အမေကိုကြည့် မှတ်လား။
ဒါမျိုးမှ ရင်မခုန်ရင် နတ်သမီးဆင်းလာဖို့ပဲရှိတော့တယ်။ ကုသိုလ်တခုအရင်းပြုလို့ ဆုပန်မိတဲ့အထိကို စွဲဆောင်နိုင်တာရယ်။

သူတို့ကတော့သိဟန်မတူပါဘူး။
ကိုယ်ကတော့ တဖက်သတ်ကိုဆုပန်လိုက်တာ။
သံသရာတဆုံးပါပဲ။
ဆုပန်မိပြီဆိုတော့ ကိုယ်ကလည်း အားထုတ်ရတော့မှာပေါ့။ ထိုင်နေလို့က ဘာမှဖြစ်မလာဘူးလေ။
ဆုပန်တယ်ဆိုတာက ဖြစ်အောင်လုပ်မယ်လို့ ရည်မှန်းချက်ချပြီး ကိုယ်ယုံကြည်ရာဆီ တိုင်တည်လိုက်တာမျိုးပဲ။

ဒါနဲ့ပဲ ရွှေကပ်လှူပြီးတော့ သူတို့သားအမိဆီသွားပြီးစကားစတင်ပြောဖို့ကြံလိုက်တယ်။
ဒါပေမယ့် အတွင်းပုရဝဏ်ထဲကနေထွက်လာပြီးတဲ့အခါ ရှာလို့ကိုမတွေ့တော့ဘူး။

ရှာလို့မတွေ့တော့တာမှ အခုစာရေးနေတဲအထိပါပဲ။
ဒါပေမယ့် အခုဘဝကမဆုံးသေးဘူးမလား။
ယောက်ခမတော်ရမယ့်နေ့ကို မျှော်လို့ရသေးတာပေါ့။

ဒါမှမဟုတ် ကိုယ်တွေ့ကတည်းက သူ့သမီးလေးမှာ အိမ်ထောင်ကျထားနှင့်ပြီးလို့များ ကိုယ်နဲ့အခုဘဝကိုတော့ လွဲစေထားလေသလား။

ကိုယ့်မှာတော့ သူနဲ့မှယောက်ခမတော်ခွင့်ရမယ်လို့ အခုဘဝကတည်းက သတ်မှတ်ခံလိုက်ရလို့လား မသိဘူး။ ကြားထဲမှာထပ်တွေ့ခဲ့ရတဲ့ အချစ်ရေးမှန်သမျှလည်း တခုမှ မကောင်းခဲ့ပါဘူး။ တခြားကောင်မလေးတွေကိုတော့ ဆုပန်မှားခဲ့လေသလား အချစ်တို့ရယ် ပြောရလေမလားပေါ့။

သံသရာ ဘဝဆက်တိုင်းဆိုတာ...
အခုဘဝက စတင်လို့ရသလို
နောင်ဘဝမှစတင်စရာလို့လည်း ယူဆလို့ရတယ်မလား။

ဘာပဲဖြစ်ဖြစ်...ရေစက်ဆိုတာ ကုသိုလ်အတူပြုဖူးမှဆုံကြတာတဲ့။
အခုဘဝမှာ သူက ပစ္စည်းအား၊ ကိုယ်က ကာယအားဖြင့် ကုသိုလ်အတူပြုဖူးခဲ့ပြီ။

ထိုကုသလအကျိုးဖြင့် ရေစက်ဆုံရန် ရှိပေဦးမည်။

ရေစက်အရ တွေ့ကြရဖိုလည်း
လည်ပင်းတွင်ပတ်ထားပြီး သဘက်ပျောက်ရှာမိသလို မဖြစ်ဖို့လည်း အနီးအနားမှာကအစ သတိထားပြီး ကြည့်ရမည်။

ရေစက်မှသည် ယောက်ခမဖြစ်လာဖို့တော့ ကိုယ့်ဘက်က ရွှေကပ်လှူသလို ဂရုတစိုက်အားထုတ်ရပေမည်။

တန်ခိုးကြီးသည်ဆိုသော ကျိက်ထီးရိုးစေတီတော်က ကိုယ့်ကို ဗျာဒိတ်မပေးသော်လည်း ပေးသကဲ့သို့ မှတ်ယူပါမည်။

ဒီဘဝမှာ ယောက်ခမနဲ့အတူတူ မဆုံရရင်လည်း ဘာဖြစ်သေးသတုန်း၊ နောင်ဘဝအဆက်ဆက်တွင် သံသရာအဆုံးထိတိုင်ဟူသော ရှယ်ပလန်နဲ့ကို ယောက်ခမ ရပေလိမ့်ဦးမည်။

ယောက်ခမရတဲ့နေ့တွင်
နတ်ရေကန်မှ ရေလို ရင်ကိုအေးမြပါစေသတည်း။

-တော်တော်တည်

Youtubeတွင်လည်း အသံနဲ့နားဆင်နိုင်ဖို့ linkပါ။
https://youtu.be/ZcRgO7g0TAQ

Keep Reading

ကိုယ်ပိုင်ဝေဒနာရဟန်းတန်မဲ့ လန့်ခဲ့သည်မျက်နှာကို တော်တော်တည် ထားသည်စုံစမ်းမေးမြန်းခြင်း သည်းခံပါစမ်းရေငယ်ကျောက်စာတိုင် ပမာယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )