Author's Profile Photo

the IX

2/05/2025

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 25

12 mins read
Novel

🌼 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌼

၂၅.

၁ ။

လရိပ်အေးတို့၏မိခင်က လရိပ်အေးတို့မောင်နှမကို ပဲခူးသို့အလည်ခေါ်ရန်ခွင့်ပြုသောကြောင့် ထူးသစ် ဝမ်းသာသွားပြီး လရိပ်အေး၏အနားသို့ထလာခဲ့လိုက်ကာ

" လရိပ် ..... မင်းအမေက မင်းတို့ကိုငါနဲ့လိုက်ဖို့ခွင့်ပြုလိုက်ပြီ "

ဟု ပြောလိုက်သည် ။ လရိပ်အေးက ဤစကားကို ပြုံးရုံသာပြုံး၍တုံ့ပြန်သောကြောင့် အားမလိုအားမရဖြစ်လာပြီး

" မပျော်ဘူးလားလို့ လရိပ်ရ ..... ငါတို့အကြာကြီးခွဲမနေရတော့ဘူးလေ "

ဟု ထပ်ပြောလိုက်သည် ။ ထိုအခါမှ လရိပ်အေးက မော့ကြည့်လာပြီး

" မင်းပြောနေပုံက မသိရင် ငါတို့ကသမီးရည်းစားတွေကျနေတာပဲ "

ဟု ပြောသည် ။ ထို့ကြောင့် အားရပါးရပြုံးလိုက်ပြီး

" ဟုတ်တယ်လေ ..... မင်းကငါ့မိန်းမပဲဟာကို "

ဟု စလိုက်သည် ။ ဤစကားအဆုံးတွင် လရိပ်အေးက မျက်လုံးပြူးပြီး

" အပြောအဆိုဆင်ခြင်စမ်းပါ ထူးသစ်ပိုင်ရ ..... လေပြေကြားသွားရင်မကောင်းဘူး "

ဟု ပြောသည် ။ လရိပ်အေးက လေပြေကြားသွားမည်ကိုစိုးရိမ်နေသော်လည်း မိမိကမူ ကြားလေကောင်းလေဖြစ်သောကြောင့် လရိပ်အေး၏ပခုံးကိုဖက်လိုက်ပြီး

" ဒါဆို ..... မိလေပြေနဲ့ငါကဘာတော်မှာလဲ ..... ယောင်းမလား "

ဟု ဆက်၍စဥ်းစားခန်းဖွင့်နေလိုက်သည် ။

၂ ။

တစ်ကိုယ်လုံးကိုက်ခဲကာ နေ၍မကောင်းဟုပြောလာသောထူးသစ်ပိုင်က တစ်နေကုန်နီးပါး မိမိတို့အိမ်တွင်အချိန်ဖြုန်းပြီး ညနေစောင်းသောအခါမှ ပြန်သွားသည် ။ ထို့ကြောင့် ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး ခြေဆန့်လက်ဆန့်အနားယူရန်စိတ်ကူးကာ မိမိအခန်းရှိရာဆီသို့သွားရန် နေရာမှထလိုက်သည် ။ ထိုစဉ်

" ကိုကြီး "

ဟူသော ခေါ်သံနှင့်အတူ လေပြေကအနားသို့ရောက်လာသည် ။ ဤသို့ရောက်လာသောလေပြေ့မျက်နှာက ခါတိုင်းကဲ့သို့ ကြည်လင်မနေပဲ အနည်းငယ်မှုန်ကုတ်နေသောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး

" ရုပ်က မှုန်တိမှုန်ကုတ်နဲ့ ..... ဘာဖြစ်နေတာလဲ "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကို လေပြေက ပြန်မဖြေပဲ

" ကိုကြီး ..... ကိုကြီးပိုင်အပေါ်မှာမရိုးသားတဲ့စိတ်ရှိနေတာလား "

ဟု မေးခွန်းထုတ်သည် ။ လေပြေ့မေးခွန်းကြောင့် မျက်နှာတင်သာမကပဲ တစ်ကိုယ်လုံးပူထူလာရသည် ။

သို့သော် .....
ဟန်ဆောင်၍

" ဘာပေါက်ကရတွေလာမေးနေတာလဲ လေပြေအေးရာ "

ဟု စကားလမ်းကြောင်းလွှဲလိုက်သည် ။ လေပြေက မိမိထံမှ အကြည့်မလွှဲပဲ

" ကိုကြီးပိုင်နဲ့တွေ့ရင် ကိုကြီးရဲ့ပုံစံကလုံးဝတခြားတစ်ယောက်လိုပြောင်းသွားတာ ကိုကြီးသိလား "

" ငယ်ငယ်ကတည်းက သမီးကိုတောင်စိတ်မရှည်တဲ့လူက ဘာဖြစ်လို့အချိန်ခဏလေးအတွင်းမှာသိလိုက်တဲ့လူတစ်ယောက်ကို ဒီလောက်တောင်စိတ်ရှည်လက်ရှည်နဲ့ချော့နေတာလဲ "

ဟူ၍ ထပ်မေးသည် ။ လေပြေ့ကို ထပ်လိမ်၍လည်းရမည်မဟုတ်သလို လိမ်လည်းမလိမ်လိုသောကြောင့် သက်ပြင်းရှိုက်လိုက်ပြီး

" ငါလည်းမသိဘူး "

" ဘာဖြစ်လို့ ထူးသစ်ပိုင်ကိုမှ ဒီလောက်အထိစိတ်ရှည်သည်းခံပြီး အလိုလိုက်မိနေတာလဲဆိုတာကိုမသိဘူး "

ဟု အဖြေပေးလိုက်သည် ။ ထို့နောက် လှေကားရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည် ။ ထိုအခါမှ လေပြေက

" အဲ့ဒါ ..... ကိုကြီးချစ်မိနေလို့ ..... ကိုကြီးပိုင်ကို,ကိုကြီးစိတ်ဝင်စားနေလို့ "

ဟု လှမ်းအော်သည် ။ လေပြေမပြောခင်ကတည်းက မိမိခံစားချက်တို့၏အဓိပ္ပါယ်ကို သိပြီးပြီဖြစ်သော်လည်း ထူးသစ်ပိုင်သည် ယောက်ျားတစ်ဦးဖြစ်သလို မိမိသည်လည်း ယောက်ျားတစ်ဦးဖြစ်သည် ။ ထို့အပြင် ယောက်ျားတစ်ဦးနှင့်တစ်ဦးကြားမှ ချစ်ခြင်းမေတ္တာကို ထောင့်ငါးရာမေတ္တာဟု အမည်မတပ်လို ။ ဖြူစင်ရိုးသားသော ငါးရာနှစ်ဆယ့်ရှစ်မေတ္တာနှင့်သာချစ်သော သူငယ်ချင်းအချစ်အဖြစ်သာ သတ်မှတ်လိုသည် ။ ထို့ကြောင့် လေပြေ့ကိုလှည့်ကြည့်လိုက်ပြီး

" ငါထူးသစ်ပိုင်အပေါ်မှာထားတဲ့မေတ္တာက ၅၂၈ မေတ္တာပဲ လေပြေအေး ..... နင့်လိုအရောင်တွေရှိတဲ့ ၁၅၀၀ မေတ္တာမဟုတ်ဘူး "

ဟု ပြောလိုက်သည် ။

၃ ။

လရိပ်အေးတို့မောင်နှမကို လရိပ်အေးတို့၏မိခင်ဖြစ်သူက မိမိနှင့်အတူ ပဲခူးသို့လိုက်လည်ရန်ခွင့်ပြုလိုက်သောကြောင့် ထူးသစ်တစ်ယောက် အပျော်ကြီးပျော်ကာ နေမကောင်းဖြစ်နေသည်ကိုပင် သတိမရတော့ ။ ထိုအစား အဒေါ်အကြီးဆုံးဖြစ်သူကို

" သားတို့ဘယ်နေ့ပဲခူးပြန်မှာလဲ ကြီးကြီး "

ဟု မေးလိုက်သည် ။ အဒေါ်အကြီးဆုံးဖြစ်သူက

" လာမဲ့အပတ်လေ သားလေးရဲ့ "

ဟု ပြန်ဖြေပြီး

" အမယ် ..... ရုပ်ကပြုံးဖြီးလာတယ်ဆိုတော့ ကြည့်ရတာ ဟိုမောင်နှမလည်းလိုက်လာဖို့သေချာပြီထင်တယ် "

ဟူ၍ စကားနှိုက်သည် ။ ထို့ကြောင့် အားရပါးရပြုံးလိုက်ပြီး

" ဟုတ်တယ် ကြီးကြီး "

ဟု အဖြေပေးလိုက်သည် ။ ပြီးမှ

" သူတို့ကချည်းပဲသားကိုအနစ်နာခံနေရတာ ..... ဒီတစ်ခါသားကအနစ်နာခံမလို့ "

ဟု ပြောလိုက်သည် ။ အဒေါ်အကြီးဆုံးဖြစ်သူက

" ဟုတ်ပါပြီတော် "

ဟု ဆိုကာ ခေါင်းကိုလာဆွဲဖွသောကြောင့် အဒေါ်အကြီးဆုံးဖြစ်သူ၏ရင်ခွင်ထဲသို့ တမင်တိုးဝင်လိုက်သည် ။

၄ ။

လေပြေက မိမိခံစားချက်ကိုသိသွားပြီးသည့်နောက်တွင် လရိပ် လေပြေနှင့်စကားမပြောဖြစ်သလို မျက်နှာချင်းလည်းမဆိုင်ဖြစ် ။ ထို့အတူ အတူတွဲကာမုန့်ဟင်းခါးဆိုင်ကိုဦးစီးကြသော်လည်း သူစိမ်းများကဲ့သို့ဖြစ်နေသည် ။ ထို့အပြင် ထူးသစ်ပိုင်ကလည်း ရောက်မလာသဖြင့် စိတ်အားပင်ငယ်လာမိသည် ။

သို့သော် .....
မိခင်ဖြစ်သူက မိမိတို့ကိစ္စကိုသိဟန်မတူ ။

" လရိပ်အေး မင်းနဲ့အငယ်မရန်ဖြစ်ထားတာလား ..... မင်းဟာလေ အငယ်ကိုဘယ်တော့မှမလျော့ပေးဘူး "

ဟု ဆူသည် ။ ထို့ကြောင့် မိခင်ဖြစ်သူကို

" အမေ့သမီးကျွန်တော့်ကိုတစ်ဖက်သတ်စွပ်စွဲတာကျတော့ အမေမမြင်ပဲနဲ့ကို "

ဟု ပြန်ပြောမိသည် ။

" ကလေးက အခုမှကလေးပဲရှိသေးတာ ..... ဒီလောက်လေးတော့မင်းကသည်းခံရမှာပေါ့ ..... ပြီးတော့ မောင်နှမချင်းမှမတည့်ရင်တခြားဘယ်သူနဲ့တည့်အုံးမှာလဲ "

ဟု တုံ့ပြန်စကားကိုပြန်ရသောကြောင့် ခွန်းတုံ့မပြန်တော့ပဲ နေရာမှသာထွက်လာခဲ့လိုက်သည် ။

၅ ။

ထူးသစ်တို့က လာမည့်အပတ်တွင်ပဲခူးသို့ပြန်မည်ဖြစ်သောကြောင့် အဒေါ်သုံးယောက်စလုံးက ရန်ကုန်မြို့ရှိ စျေးတကာကိုပတ်ကာ ရန်ကုန်ပြန်လက်ဆောင်ဝယ်ရင်း ယခုရက်ပိုင်းအတွင်း၌ အလုပ်ရှုပ်နေကြသည် ။ အလုပ်ရှုပ်နေကြသော်လည်း မိမိကိုမူ မပင်ပန်းစေပဲ အိမ်တွင်သာသက်တောင့်သက်သာနေစေသည် ။ ဤသို့နေစေသည့်ကြားက မိမိတစ်ယောက်သည် ယခင်နေ့ကအပူရှပ်ထားသောအရှိန်ဖြင့် ဖျားတော့သည် ။

စိုးရိမ်ရလောက်သည်အထိဖျားခြင်းမဟုတ်သော်လည်း ချောင်းကတဟွတ်ဟွတ်ဆိုးကာ လည်ပင်းနာနေသောကြောင့် လေပြေတို့မုန့်ဟင်းခါးဆိုင်ဘက်သို့မသွားနိုင်သေးပဲ အိပ်ရာထဲတွင်ကွေးကာ လူမမာလုပ်နေရသည် ။ ဤသို့ သုံးရက်တိတိလူမမာလုပ်ပြီးသောအခါ နေကသိသိသာသာကောင်းလာပြီး လူကလန်းဆန်းလာကာ အိပ်ရာထဲတွင်ကွေးနေရခြင်းကို ပျင်းရိလာသည် ။ ထို့ကြောင့် မိမိအားအချစ်ဆုံးဖြစ်သည့် အဒေါ်အလတ်ဖြစ်သူကို မျက်နှာငယ်နှင့်ဂျီကျကာ ထမင်းစားချိန်အမှီအိမ်ပြန်ရောက်ရမည်ဟူသော သဘောတူညီချက်နှင့် မနက်စောစောစီးစီး ဘောလုံးကွင်းသို့ ထွက်လာခဲ့လိုက်သည် ။ မိမိဘောလုံးကွင်းသို့ရောက်သည့်အချိန်က မနက်ပိုင်းသာရှိသေးသည့်အပြင် ကလေးများကလည်း စာမေးပွဲပြီး၍ နွေရာသီအားလပ်ရက်ရနေချိန်ဖြစ်သောကြောင့် မိမိနှင့်နေ့စဥ်တွေ့နေသော်ငြား

" ကိုကြီးထူး "

" ကိုကြီးထူးနဲ့ဘောလုံးကန်မယ် "

ဟု ဝိုင်းပူဆာကြသည် ။ ထို့ကြောင့် ကလေးများ၏ဆန္ဒအတိုင်း ဘောလုံးကန်ခြင်းဖြင့် မနက်ပိုင်းသွေးပူလေ့ကျင့်ခန်းကို စတင်လိုက်သည် ။

၆ ။

မုန့်ဟင်းခါးဆိုင်ပိတ်သည့်ပိတ်ရက်တွင် လရိပ် နေရင်းထိုင်ရင်းနှင့် အဆူခံလိုက်ရသောကြောင့် စိတ်ညစ်ညစ်နှင့် အိမ်မှထွက်လာခဲ့လိုက်သည် ။

သို့သော် .....
တစ်သက်လုံး စာကိုသာအာရုံစိုက်၍နေခဲ့သောကြောင့် မည်သည့်နေရာသို့သွားရမည်မှန်းမသိ ။ ထို့ကြောင့် ထူးသစ်ပိုင်ဘောလုံးကန်နေကျဘောလုံးကွင်းဆီသို့သာ ထွက်လာခဲ့လိုက်သည် ။

မိမိဘောလုံးကွင်းသို့ရောက်သည့်အချိန်က မနက်ပိုင်းသာရှိသေးသည့်အပြင် ကလေးများကလည်း စာမေးပွဲပြီး၍ နွေရာသီအားလပ်ရက်ရနေချိန်ဖြစ်သောကြောင့် ဘောလုံးကွင်းထဲတွင် စည်ကားနေသည် ။ ထို့အပြင် သုံးရက်ဆက်တိုက်ပေါ်မလာသောထူးသစ်ပိုင်က ကလေးများနှင့်အတူ ဘောလုံးဝင်ကန်နေသည်ကိုပါ တွေ့လိုက်ရသောကြောင့် ထူးသစ်ပိုင်တို့နှင့်အနီးဆုံးနေရာတွင် ဖိနပ်ခု၍ထိုင်ကာ ထူးသစ်ပိုင်တို့ကိုကြည့်နေလိုက်သည် ။

၇ ။

ထူးသစ် ကလေးတစ်အုပ်နှင့်ဘောလုံးကန်နေစဥ် မည်သည့်နေရာက မည်သို့မျက်စိလည်လမ်းမှားကာရောက်လာမှန်းမသိသည့် လရိပ်အေးက ခြောက်သွေ့နေသောမြက်ခင်းပေါ်တွင်ထိုင်ကာ မိမိတို့အား ငေးကြည့်နေသည်ကို မမျှော်လင့်ပဲတွေ့လိုက်ရသောကြောင့် အယောင်ယောင်အမှားမှားဖြစ်ကုန်သည် ။ ထို့ကြောင့် ကလေးများကို

" ခဏနားကြမယ်ဟေ့ "

ဟု ပြောကာ လရိပ်အေးရှိရာဆီသို့ ပြေးလာခဲ့လိုက်ပြီး လရိပ်အေး၏ဘေးတွင် ပစ်လှဲလိုက်သည် ။ ဤသည်ကို လရိပ်အေးက မျက်တောင်မခတ်ပဲကြည့်နေပြီးမှ

" တွေ့ရာနေရာလျှောက်အိပ်ရအောင် မင်းကခွေးလား ထူးသစ်ပိုင် ..... ဟမ် "

ဟု ပြောသည် ။ ထို့ကြောင့် လရိပ်အေးကို ပြုံးပြလိုက်ပြီး

" မိန်းမကလည်း ငါ့ကိုတွေ့တာနဲ့ဆူဖို့ပဲ ..... မောလို့ပါကွ ..... ခဏလေးလှဲတာပါ "

ဟု ပြောလိုက်သည် ။ လရိပ်အေးက မှုန်ကုတ်ကုတ်မျက်နှာပေးနှင့် မိမိအားကြည့်ပြီး

" မြင်လိုက်တာနဲ့ပြောစရာချည်းပဲ "

ဟု ရေရွတ်သောကြောင့် လှဲနေရာမှထထိုင်လိုက်ကာ

" မလာစဖူးဒီအထိရောက်လာတယ်ဆိုတော့ ဘာများအရေးကြီးတဲ့ကိစ္စရှိလို့လဲ "

ဟူ၍ လိုရင်းကိုမေးလိုက်သည် ။

" ငါကကိစ္စရှိမှမင်းဆီလာရမှာလား "

ဟူသော စကားသံနှင့်အတူ မျက်စောင်းတစ်ခုက ဒိုင်းကနဲရောက်လာသောကြောင့် တံတွေးမြိုချလိုက်ပြီး

" ဟုတ်ကဲ့ပါခင်ဗျာ ..... ကျွန်တော်မျိုးမှားသွားပါတယ်ခင်ဗျာ "

ဟု စနောက်လိုက်သည် ။

၈ ။

တစ်ကိုယ်လုံးချွေးများနှင့်စိုရွှဲကာ ဆံပင်များကပါ ချွေးများစိုကာကပ်စေးနေသော်လည်း ထူးသစ်ပိုင်၏ကြည့်ကောင်းနေမှုက လျော့နည်းမသွားသောကြောင့် လရိပ် ထူးသစ်ပိုင်ကို သတိလက်လွတ်ငေးကြည့်နေမိသည် ။ ဤသည်ကို ထူးသစ်ပိုင်က သတိထားမိသွားပြီး

" ဟော ကြည့်ပြန်ပြီ ..... မင်းဒီလောက်တောင်ငါ့ကိုကြည့်နေတာ ငါအရမ်းချောနေလို့လား "

ဟု မေးလာသည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး

" ငါ့ ..... "

ဟု စကားစလိုက်သည် ။ ထူးသစ်ပိုင်က မိမိထက်အရင်

" ငါ့အကြောင်းနဲ့ငါကြည့်တာ "

ဟု ဖြတ်ပြောသောကြောင့် ပြုံးလိုက်မိပြီး

" သိရင်ပြီးရောကွာ "

ဟူ၍ ပြောလိုက်သည် ။ ပြီးမှ

" မင်းဘောလုံးကန်လို့ပြီးပြီလား ..... ပြီးရင်ငါနဲ့ခဏအဖော်လုပ်ပေးကွာ "

ဟူ၍ ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က မျက်မှောင်ကြုတ်၍

" ထူးထူးဆန်းဆန်းကြီးပါလားကွ ..... ဘာဖြစ်လာလို့လဲ "

ဟု မေးသည် ။ ထူးသစ်ပိုင်နှင့်ဆိုလျှင် မည်သည့်အရာကိုမှ လိမ်ညာလိုစိတ်မရှိသောကြောင့်

" အမေနဲ့ရန်ဖြစ်လာတာ "

ဟု အမှန်အတိုင်းပင်ပြောလိုက်သည် ။ ဤစကားကို ထူးသစ်ပိုင်က

" လရိပ်ကလည်း ဒီအမေတစ်ယောက်လေးရှိတာကိုဘာဖြစ်လို့ရန်ဖြစ်ရတာလဲ "

ဟု တုံ့ပြန်သည် ။ လေပြေနှင့်ပတ်သတ်၍ရန်ဖြစ်ခြင်းဖြစ်ကြောင်းပြောပြလိုက်လျှင် ထူးသစ်ပိုင်ထံမှ တရားချသည့်စကားများကို ထပ်ကြားရပေအုံးမည်ဖြစ်သောကြောင့်

" စကားမရှည်နဲ့ကွာ ..... လိုက်မှာလား မလိုက်ဘူးလား "

ဟု ပြောလိုက်သည် ။

၉ ။

" ငါ့ကိုအဖော်ခဏလုပ်ပေးကွာ "

ဟူသော လရိပ်အေးက အင်းယားကန်သို့မိမိအားခေါ်လာသောကြောင့် ထူးသစ် အူလည်လည်နှင့် လရိပ်အေး၏အနောက်သို့ ပါလာရသည် ။

လရိပ်အေးက အင်းယားကန်သို့လာသော်လည်း သမီးရည်းစားစုံတွဲများသာလာသောအင်းယားကန်ဘောင်၌ မိမိတို့နှစ်ယောက်သာ ရည်းစားမရှိပဲအူလည်လည်ဖြစ်နေရသည့်အပြင် နေကလည်းပူနေပြီဖြစ်သည် ။ ထို့ကြောင့် လရိပ်အေးကို

" နေပူတယ် လရိပ်ရ ..... အင်းယားပန်းခြံထဲပဲသွားထိုင်ရအောင်ကွာ "

ဟု ပြောလိုက်သည် ။ လရိပ်အေးက ခေါင်းညိတ်၍ မိမိစကားကိုတုံ့ပြန်သဖြင့် နှစ်ယောက်အတူ အင်းယားပန်းခြံဘက်သို့ စက်ဘီးစီးလာခဲ့လိုက်သည် ။

၁၀ ။

လရိပ်တို့ အင်းယားပန်းခြံထဲသို့ရောက်သောအခါ ထူးသစ်ပိုင်ကို

" ထူးသစ် ..... ရေစပ်သွားထိုင်ရအောင်ကွာ "

ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က ခေါင်းညိတ်၍ အနောက်မှလိုက်လာသောကြောင့် ရေစပ်အအနားတွင်ထိုင်ချလိုက်သည် ။ ထူးသစ်ပိုင်ကလည်း မိမိဘေးတွင် လာဝင်ထိုင်ကာ အကြောဆန့်ပြီး

" အား .....အခုမှပဲလေကောင်းလေသန့်လေးရှုရတော့တယ် "

ဟု ပြောသည် ။ ထို့ကြောင့် ထူးသစ်ပိုင်ကိုစောင်းကြည့်လိုက်ပြီး

" မင်းကိုကြည့်ရတာ အမြဲပျော်နေတာပဲနော် ..... ငါလည်းမင်းလိုပျော်ပျော်နေတတ်ရင်တော်တော်ကောင်းမှာပဲ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ထူးသစ်ပိုင်က မူပိုင်ဟန်အတိုင်း အေးချမ်းစွာပြုံး၍

" ငါလည်းလူပဲကွာ ..... ဘယ်လိုလုပ်အမြဲပျော်နေနိုင်ပါ့မလဲ လရိပ်ရ "

ဟု ပြောသည် ။ ပြီးမှ

" စိတ်ညစ်ညစ် ၊ စိတ်ပျော်ပျော် မင်းရင်ဆိုင်ရမဲ့အရာကိုရင်ဆိုင်ရမှာပဲ လရိပ်ရ ...... ပုန်းရှောင်နေလို့မှမရတာ "

ဟု ပြောသည် ။

မိမိယခုရင်ဆိုင်နေရသည့်ကိစ္စက မိမိကိုယ်တိုင်ပင်သေချာသောအဖြေမရှာရသေးခင်မှာပင် လေပြေက မိမိသည်ထူးသစ်ပိုင်အားချစ်နေခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းဖြစ်သည် ။ လေပြေပြောသလို မိမိသည်ထူးသစ်ပိုင်အားချစ်မိနေပါက မိမိထက်အရင် ထူးသစ်ပိုင်အားစိတ်ဝင်စားခဲ့သော လေပြေ့ကိုအားနာသောကြောင့် မိမိခံစားချက်အား ထူးသစ်ပိုင်ကိုထုတ်ပြမည်မဟုတ် ။

သို့သော် .....
တစ်အူတုံဆင်းညီမဖြစ်သည့် လေပြေက မိမိစိတ်ကိုနားလည်ဟန်မတူ ။ တစ်ဖက်သတ်အထင်လွဲနေသည် ။ ထို့ကြောင့် လေပြေ့ကိုအရွဲ့တိုက်ရန် စိတ်ဆုံးဖြတ်လိုက်သည် ။

⭕

၁ ။

လရိပ်အေးက အချိန်အတော်ကြာအောင် မည်သည့်စကားမှမဆိုပဲ ငြိမ်

တစ်ကျွန်းစံ၏အပြန်လမ်းချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 25ဘဝမှာနောင်တမရစေဖို့ ရွေးချယ်ရမယ့် အရာများမပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေမိစ္ဆာကျွန်းEnglish Speakingတိုးတက်ချင်ရင် ဒီအချက်တွေ လုပ်ဆောင်ပေးပါ🩷 𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚ကိုယ်ပိုင်ဝေဒနာရဟန်းတန်မဲ့ လန့်ခဲ့သည်စိတ်ဒေါသဖစ်နေတဲ့အခါ ဒေါသထွက်နေတဲ့ အချိန်မှာ စကားမပြောပဲ နေလိုက်တာဟာ ...

Unlock to read this premium article with 10 points.