the IX
🌺 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌺
၂၃.
၁ ။
လရိပ် ထူးသစ်ပိုင်ကို ကျောင်းတွင်နေ့တိုင်းတွေ့နေရသော်လည်း ညနေတိုင်းတွင် ဘောလုံးသွားကန်ပြီး ဆိုင်သို့ရောက်လာလေ့ရှိသောထူးသစ်ပိုင်က ယခုတလော ဘောလုံးလည်းသွားမကန် ဆိုင်သို့လည်းရောက်မလာသောကြောင့် ဆိုင်စောင့်ရင်း တစ်ယောက်ထဲအူလည်လည်ဖြစ်နေရသည် ။ ထိုစဉ် သတိရနေမိသော ထူးသစ်ပိုင်က ဆိုင်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသဖြင့်လှိုက်လှိုက်လှဲလှဲဝမ်းသာသွားပြီး
" ဘယ်ကမျက်စိလည်လာတာလဲ ထူးသစ်ပိုင် "
ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ ထူးသစ်ပိုင်က မျက်လုံးများပိတ်သည်အထိပြုံးပြပြီး
" စာကျက်ရင်းပျင်းလို့ထွက်လာတာ "
ဟု ပြောသည် ။ ထူးသစ်ပိုင်က စာကျက်နေကြောင်းပြောသော်လည်း ထူးသစ်ပိုင်၏ပုံစံက အိပ်မှုံစုံမွှားဖြစ်နေသောကြောင့် ပြုံးလိုက်ကာ
" စာလုပ်နေတာလား .... အိပ်နေတာလား ..... ပုံစံကညှင်းသိုးသိုးနဲ့ "
ဟု ပြောလိုက်သည် ။ ယခုတစ်ကြိမ်တွင်လည်း ထူးသစ်ပိုင်ကပြုံးပြီး
" လရိပ်တောင်ငါ့ကိုတော်တော်သိနေပြီပဲ ..... တကယ်တော့ ခေါင်းနည်းနည်းကိုက်နေလို့ မင်းဆီလာပြီး မင်းနဲ့လေလာပေါတာ "
ဟု အဖြေပေးသည် ။ ထို့ကြောင့် ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး
" ခဏစောင့်အုံး ..... ငါသံပုရာရည်ဖျော်တိုက်မယ် "
ဟု ပြောလိုက်သည် ။
၂ ။
လရိပ်အေးက သံပုရာရည်ဖျော်နေသောကြောင့် ထူးသစ် လရိပ်အေးပိတ်ထားသောစာအုပ်ကိုဖွင့်လိုက်ပြီး
" မိလေပြေတောင်နောက်သုံးရက်နေရင်စာမေးပွဲဖြေရတော့မယ် ..... ငါ့ကိုဘာမှလာမမေးပုံထောက်ရင်အေးဆေးပဲထင်တယ် "
ဟု ပြောလိုက်သည် ။ ဤစကားကို လရိပ်အေးက
" ဂုဏ်ထူးမထွက်လည်းကိစ္စမရှိဘူး ..... ရိုးရိုးအောင်ရင်ပဲရပါပြီကွာ "
ဟု တုံ့ပြန်သောကြောင့် လေပြေ့ကိုယ်စား နှာခေါင်းရှုံ့လိုက်ပြီး
" လရိပ်ကလည်း ကိုယ့်ညီမကိုအထင်သေးလိုက်တာကွာ "
ဟူ၍ ပြောလိုက်သည် ။ ဤစကားကို လရိပ်အေးက ပြန်မတုံ့ပြန်တော့ပဲ
" သူများကိုပဲပြောမနေနဲ့ ..... မင်းကရော ..... Roll 1 ယူဖို့အဆင်သင့်ပဲလား "
ဟု မိမိဘက်သို့ မြှားဦးလှည့်လာသည် ။
လရိပ်အေးနှင့်မတွေ့ဖြစ်သည့်ဤတစ်ပတ်ဆယ်ရက်အတွင်း၌ မိမိ၏ဦးဏှောက်စွမ်းဆောင်ရည်က သိသိသာသာကျဆင်းလာသောကြောင့် နားထင်ကိုလက်ဖနောင့်နှင့်ဖိလိုက်ပြီး
" ဒီအတိုင်းဆိုပျင်းစရာကြီး ..... လောင်းရအောင်လေ ..... ငါ Roll 1 ရရင် ကျောင်းမှာငါဘာဝယ်စားစားမင်းရှင်း ..... အကယ်၍ မင်းရရင်ငါရှင်းမယ် "
ဟု ပြောလိုက်သည် ။ လရိပ်အေးက မငြင်းဆန်ပဲ
" ကောင်းပြီလေ ..... စိန်လိုက် "
ဟူ၍ လက်ခံသောကြောင့်
" ဒါဆို ကတိနော် ..... နောက်မှကတိမဖျက်နဲ့ "
ဟု ပြောလိုက်သည် ။
၃ ။
ထူးသစ်ပိုင်က ဆိုင်သိမ်းသည်အထိဆိုင်တွင်နေပြီး ဆိုင်သိမ်းသောအခါမှ လရိပ်နှင့်အတူအိမ်ပြန်ရန်ပြန်လိုက်လာသောကြောင့် နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာနှင့် ထူးသစ်ပိုင်တို့အိမ်ဘက်သို့လျှောက်လာခဲ့လိုက်သည် ။ ထိုစဉ်
" ကိုကြီးထူး "
" ကိုကြီးထူး "
ဟူသော အော်သံနှင့်အတူ လေပြေတို့အရွယ်သာရှိသေးသည့်ကလေးနှစ်ယောက်က ပြေးလာကြသည် ။ ထူးသစ်ပိုင်က ထိုကလေးနှစ်ယောက်ကိုကြည့်ပြီး
" ဒီကလေးတွေကတော့မိုးချုပ်နေပြီကို အိမ်မှာမနေပဲဘာလုပ်နေကြတာလဲမသိဘူး "
ဟု ရေရွတ်သည် ။ ထူးသစ်ပိုင် ဤသို့ရေရွတ်နေစဥ်မှာပင် ယခင်တစ်ခေါက်က ကားအတိုက်ခံလိုက်ရသောကလေးက ထိုကလေးနှစ်ယောက်၏အနောက်မှပြေးလာသည် ။ ထိုကလေးကိုမြင်သောအခါ ထူးသစ်ပိုင်က ထိုကလေးများအနားသို့လျှောက်သွားပြီး
" နောက်သုံးရက်နေရင်စာမေးပွဲဖြေရမဲ့လူတွေက အပြင်မှာဘာလုပ်နေကြတာလဲ "
ဟု ဆီး၍ဆူသည် ။ ထိုသို့ဆူလိုက်သော ထူးသစ်ပိုင်၏အသံက ဒေါသသံမပါသော်လည်း အေးစက်ကာသိသိသာသာမာနေသောကြောင့် မိမိပင်ကြက်သီးထသွားကာ ထူးသစ်ပိုင်၏အနောက်တွင်ကပ်၍ရပ်လိုက်သည် ။
၄ ။
ထူးသစ် လရိပ်အေးနှင့်အတူ အိမ်ဘက်သို့ပြန်လာစဥ်
" ကိုကြီးထူး "
" ကိုကြီးထူး "
ဟူသော အော်သံနှင့်အတူ မိမိနှင့်ဘောလုံးကန်ဖော်ကန်ဖက်ဆယ်တန်းကလေးနှစ်ယောက်က အနားသို့ပြေးလာသည် ။ ထို့ကြောင့်
" ဒီကလေးတွေကတော့မိုးချုပ်နေပြီကို အိမ်မှာမနေပဲဘာလုပ်နေကြတာလဲမသိဘူး "
ဟု ရေရွတ်ကာ ထိုကလေးများအနားသို့လျှောက်သွားလိုက်ပြီး
" နောက်သုံးရက်နေရင်စာမေးပွဲဖြေရမဲ့လူတွေက အပြင်မှာဘာလုပ်နေကြတာလဲ "
ဟူ၍ မေးလိုက်သည် ။ ထို့နောက် မည်သည့်အချိန်က ဆေးရုံကဆင်းလာမှန်းမသိသည့်စိုးလွင်ကိုကြည့်လိုက်ပြီး
" စိုးလွင် ..... မင်းကရောဘာဖြစ်လို့ပါလာတာလဲ ..... နေကကောင်းပြီမို့လို့လား "
ဟု မေးလိုက်သည် ။ စိုးလွင်က
" သားတို့ကမနက်ဖြန်ဆိုကျူရှင်မှာကျောင်းအိပ်ကျောင်းစားသွားနေရတော့မှာ ..... အဲ့ဒါမသွားခင် ကိုကြီးထူးကိုကျေးဇူးတင်စကားပြောပြီး ကန်တော့ချင်လို့ "
ဟု ပြန်ဖြေသောကြောင့် စိတ်ထဲတွင်နွေးထွေးသွားရသည် ။ ထို့ကြောင့် မိမိအရှေ့တွင်ရပ်နေသောစိုးလွင်တို့ကိုပြုံးပြလိုက်ပြီး
" ကန်တော့တာတွေဘာတွေမလိုဘူး ..... လိမ်လိမ်မာမာနဲ့ကျူရှင်မှာစာလိုက်လုပ်ပြီး စာမေးပွဲကောင်းကောင်းဖြေလာကြရင်ပဲရပြီ "
ဟူ၍ ပြောလိုက်သည် ။
၅ ။
လရိပ် ထူးသစ်ပိုင်စိတ်ဆိုးသည်ကိုမမြင်ဖူးသော်လည်း စောစောပိုင်းကမမျှော်လင့်ပဲတွေ့လိုက်ရသည့် ထူးသစ်ပိုင်၏ပုံစံသည် ထူးသစ်ပိုင်၏စိတ်ဆိုးခြင်းကိုပြသည့်အပြုအမူဖြစ်ပေလိမ့်မည်ဟုတွေးမိသောကြောင့်
" ကိုကြီးကို ကန်တော့ရအောင်အထိ မင်းတို့အပေါ်မှာကိုကြီးကျေးဇူးဘာမှမရှိတာမို့လို့ကန်တော့ဖို့မလိုဘူး "
ဟူသော ထူးသစ်ပိုင်၏စကားကိုနားမထောင်ပဲ လမ်းပေါ်တွင်ပင်ထူးသစ်ပိုင်အားကန်တော့နေကြသော စိုးလွင်တို့ကလေးသုံးယောက်ကို ထူးသစ်ပိုင်စိတ်ဆိုးပေလိမ့်မည်ဟုထင်မိသည် ။ ထို့ကြောင့် ရင်တထိတ်ထိတ်နှင့် ထူးသစ်ပိုင်၏မျက်နှာကိုသာကြည့်နေမိသည် ။
သို့သော် .....
ထူးသစ်ပိုင်က မိမိထင်ထားသလို စိတ်မဆိုး ။ နူးညံ့စွာပြုံး၍
" မင်းတို့လုပ်ပုံကြောင့် ကိုကြီးကကိုယ့်ကိုယ်ကိုယ်အဖိုးကြီးဖြစ်နေပြီလို့ထင်နေမိပြီ "
ဟု စနောက်သည် ။ ပြီးမှ
" ကဲ ..... အခုဒီမှာရှိနေတဲ့မင်းတို့သုံးယောက်တင်မကဘူး ..... တစ်နိုင်ငံလုံးမှာရှိတဲ့ဆယ်တန်းဖြေရမဲ့ကလေးတွေကိုပါ ကိုကြီးက ကျန်းကျန်းမာမာနဲ့စာမေးပွဲကိုအခက်အခက်မရှိပဲဖြေနိုင်ပါစေလို့ ဆုပေးလိုက်မယ်ဟုတ်ပြီလား "
ဟု ပြောသည် ။ ကလေးသုံးယောက်က ညီညီညွတ်ညွတ်နှင့်
" ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကိုကြီးထူး "
ဟု ထူးသစ်ပိုင်၏စကားကို ပြန်တုံ့ပြန်သောအခါမှ ထူးသစ်ပိုင်က
" ကဲ ..... ထကြတော့ ..... ထပြီးအိမ်ပြန်ကြတော့ ..... မင်းတို့မိဘတွေစိတ်ပူနေမယ် "
ဟူ၍ ပြောကာ ထိုကလေးသုံးယောက်စလုံး၏လက်မောင်းများကိုညင်သာစွာကိုင်ပြီး ဆွဲထူပေးသည် ။
၆ ။
စိုးလွင်တို့ကလေးသုံးယောက် နေရာမှထွက်သွားသောအခါမှ ထူးသစ်ပိုင်က လရိပ်ကိုကြည့်ပြီး
" ငါတို့လည်းပြန်ရအောင် လရိပ် ..... လေပြေစောင့်နေလောက်ပြီထင်တယ် "
ဟု ပြောလာသောကြောင့် ထူးသစ်ပိုင်ကိုကြည့်လိုက်ကာ
" ငါအစက လေပြေမင်းကိုဘာဖြစ်လို့ဒီလောက်တောင်သဘောကျရတာလဲဆိုတာကိုသိချင်လို့ အဖြေရှာခဲ့ပေမဲ့ငါလည်းမသိရဘူး ..... ဒါပေမဲ့ အခုသိလိုက်ရပြီ "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်၏နားရွက်ဖျားများက သိသိသာသာနီလာပြီး
" ငါ့အဖေကဆရာဆိုတော့ ငါကလည်းဆရာလုပ်ရတာနည်းနည်းလေးဝါသနာပါတယ် "
ဟု ဖြေရှင်းချက်ပေးသည် ။
ထူးသစ်ပိုင်၏ ယခုလိုဆရာလုပ်သည့်ပုံစံက ဘောလုံးကန်သည့်ပုံစံထက် ပို၍ကြည့်ကောင်းသောကြောင့်
" မင်းကဘောလုံးသမားပုံစံထက် ဆရာပုံစံနဲ့ပိုလိုက်တယ် "
ဟု မိမိအမြင်ကို အမှန်အတိုင်းပြောပြလိုက်သည် ။ ထူးသစ်ပိုင်က ဤစကားကိုမတုံ့ပြန်ပဲ ပြုံးရုံသာပြုံးပြပြီး မျက်နှာပြန်လွှဲသွားသောကြောင့် မိမိလည်း ထူးသစ်ပိုင်ထံမှ အကြည့်လွှဲလိုက်သည် ။
၇ ။
ထူးသစ် လေပြေတို့မုန့်ဟင်းခါးဆိုင်သို့မရောက်ဖြစ်သည်မှာကြာပြီဖြစ်သည့်အပြင် လေပြေကသန်ဘက်ခါဆိုလျှင်စာမေးပွဲဖြေရတော့မည်ဖြစ်သောကြောင့် လေပြေ့စာအခြေအနေကိုလေ့လာရန် ယနေ့မနက်တွင် လေပြေတို့ဆိုင်သို့ထွက်လါခဲ့လိုက်သည် ။
လေပြေက စာမေးပွဲနီးပြီဖြစ်သောကြောင့် ဆိုင်သို့မလာပဲ အိမ်တွင်သာစာကျက်နေကြောင်းသိထားသော်လည်း အိမ်သို့မသွားလိုသောကြောင့် ဆိုင်သို့သာထွက်လာခဲ့လိုက်ခြင်းဖြစ်သည် ။ ဆိုင်သို့ရောက်သောအခါ ကံကောင်းထောက်မစွာဖြင့် လေပြေကမုန့်ဟင်းခါးထိုင်စားနေသည် ။ ဤသို့စားနေရင်းက မိမိကိုမြင်သည်နှင့်
" ကိုကြီးပိုင် "
ဟု ခေါ်ကာ အနားသို့ပြေးလာသည် ။ လရိပ်အေးက မိမိထံသို့ပြေးလာသောလေပြေ့ကိုလှမ်းကြည့်ပြီး
" ဖြည်းဖြည်းသွားစမ်းပါ လေပြေရယ် ..... ထူးသစ်ပိုင်ကဘယ်မှထွက်မပြေးပါဘူး "
ဟု လှမ်းအော်သည် ။
သို့သော် .....
လေပြေက လရိပ်အေး၏စကားကိုနားမထောင် ။ မိမိထံသို့ဆက်ပြေးလာပြီး
" ကိုကြီးပိုင် ..... သမီးဆီလာတာလား "
ဟု မေးသည် ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး
" စာတွေလိုက်နိုင်ရဲ့လား ..... အဆင်သင့်ဖြစ်နေပြီလား ...... လာကြည့်တာ "
ဟု အဖြေပေးလိုက်သည် ။ လေပြေကပြုံး၍
" အကုန် Ready ပဲ ..... ဖြေဖို့ပဲကျန်တော့တာ "
ဟု ပြန်ဖြေသောကြောင့် လေပြေနှင့်အတူ ဆိုင်ရှိရာဆီသို့လျှောက်လာခဲ့လိုက်ပြီး
" ဂုဏ်ထူးကရော ...... ဘယ်နှစ်ခုပါမှာလဲ "
ဟူသော မေးခွန်းကို ထပ်မေးလိုက်သည် ။ လေပြေက လက်လေးချောင်းထောင်ပြသောကြောင့် လေပြေ့ခေါင်းကို ဖွဖွပုတ်လိုက်ပြီး
" ကြည့်ရသေးတာပေါ့ကွာ "
ဟု ပြောလိုက်သည် ။
၈ ။
လရိပ် ယခုတလော ထူးသစ်ပိုင်နှင့်ယခင်ကလောက်နီးနီးကပ်ကပ်မနေဖြစ်သောကြောင့် ယခုမနက် ထူးသစ်ပိုင်ရောက်လာသောအခါတွင် အလွန်ဝမ်းသာသွားမိသည် ။
သို့သော် ......
လေပြေက မိမိထက်အရင် ထူးသစ်ပိုင်၏အနားသို့ပြေးသွားသောကြောင့် စိတ်ထဲတွင် လေပြေ့ကိုအနည်းငယ်အမြင်ကတ်မိသွားသည် ။ ထို့ကြောင့်
" ဖြည်းဖြည်းသွားစမ်းပါ လေပြေရယ် ..... ထူးသစ်ပိုင်ကဘယ်မှထွက်မပြေးပါဘူး "
ဟု လေပြေ့ကိုလှမ်းအော်လိုက်ပြီး မိခင်ဖြစ်သူကို ကူညီပေးစရာရှိသည်များကို ကူညီပေးနေလိုက်သည် ။ ထိုစဉ် လေပြေနှင့်ထူးသစ်ပိုင်က စကားတပြောပြောနှင့်ဆိုင်ထဲတွင်ဝင်ထိုင်သည် ။ ဆိုင်ထဲသို့ရောက်သည်နှင့် လေပြေက ထူးသစ်ပိုင်ကို
" ကိုကြီးပိုင်ကိုသမီးပူဆာစရာရှိတယ် "
ဟု ပြောသည် ။ တားဆီးရန်ပါးစပ်ပြင်လိုက်သော်လည်း လေပြေက
" သမီးမြန်မာစာဖြေတဲ့နေ့ရောက်ရင် ကိုကြီးပိုင်ကျောင်းကိုလိုက်ပို့ပါလား "
ဟူသော စကားကို သွက်လက်စွာပြောသည် ။ ထို့ကြောင့် ထူးသစ်ပိုင်ထံမှ စကားထွက်မလာသေးခင်
" ထူးသစ်ပိုင် ...... မုန့်ဟင်းခါးစားမလား ..... ထည့်လိုက်မယ် "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က
" နေနေ ...... မစားတော့ဘူး ..... အိမ်မှာထမင်းကြော်တယ် "
ဟု ပြန်ဖြေသော်လည်း လက်ကစကားထပ်ပိုမြန်သောကြောင့် ထူးသစ်ပိုင်အတွက် မုန့်ဟင်းခါးတစ်ပွဲကိုထည့်ပေးပြီး ထူးသစ်ပိုင်၏အရှေ့တွင်ချပေးလိုက်သည် ။
၉ ။
ထူးသစ်ငြင်းနေသည့်ကြားက လရိပ်အေးက မိမိအတွက်မုန့်ဟင်းခါးထည်ံပေးလာသောကြောင့် မုန့်ဟင်းခါးပန်းကန်ကိုလှမ်းယူလိုက်ပြီး ငရုတ်သီးမှုန့်တစ်ဇွန်းကို ပန်းကန်ထဲထည့်ရန်ပြင်လိုက်သည် ။ ထိုစဉ် လရိပ်အေးက မိမိ၏လက်ကိုဆုပ်ကိုင်လာပြီး
" စောစောစီးစီးကိုအစာမရှိပဲငရုတ်သီးစားရင် ဗိုက်နာလိမ့်မယ် "
ဟု ပြောသည် ။ လရိပ်အေး၏စကားကြောင့် လေပြေ့မျက်နှာက ကွက်ကနဲပျက်သွားသော်လည်း လရိပ်အေးကမူ သိဟန်မတူ ။
" တော်ရုံပဲစား "
ဟု ပြောကာ ငရုတ်သီးနည်းနည်းကိုပန်းကန်ထဲထည့်ပေးသည် ။ ထို့ကြောင့် လေပြေ့ထံမှအကြည့်လွှဲလိုက်ပြီး
" ခဏနေကျောင်းသွားရင်အတူသွားရအောင် လရိပ် ..... ငါအိမ်ရှေ့မှာစောင့်နေမယ် "
ဟု ပြောလိုက်သည် ။ လရိပ်အေးက
" အင်း ..... စောင့်နေလိုက် ..... ခဏနေငါလာခဲ့မယ် "
ဟု ပြန်ဖြေသောကြောင့် လေပြေ့ကိုကြည့်လိုက်ပြီး
" ဒါဆို ..... စာမေးပွဲနေ့မှတွေ့မယ်နော် ..... ကလေးမ "
ဟူ၍ ပြောလိုက်သည် ။
၁၀ ။
ထူးသစ်ပိုင်က လေပြေ့ကိုစာမေးပွဲဖြေသည့်နေ့တွင် ကျောင်းသို့လိုက်ပို့ပေးမည်ဟုပြောသွားသောကြောင့် လရိပ် ဆူပုတ်ပုတ်နှင့်ထိုင်နေသောလေပြေ့ကိုကြည့်လိုက်ပြီး
" လေပြေအေး "
ဟု ခေါ်လိုက်သည် ။ ထို့နောက်
" သူများက အားမှန်းမသိ ၊ မအားမှန်းမသိဟာကို ဘာဖြစ်လို့ အရိပ်အကဲမသိလျှောက်ပူဆာရတာလဲ "
ဟု မေးလိုက်သည် ။ လေပြေကဤစကားကို
" ကိုကြီးကဘာလဲ ..... ကိုကြီးပိုင်ကို,ကိုကြီးတစ်ယောက်ထဲအပိုင်ယူထားချင်နေတာလား "
ဟု တုံ့ပြန်လာသောကြောင် မလုံမလဲဖြစ်သွားရပြီး
" လေပြေအေး "
ဟူ၍ ခေါ်လိုက်သည် ။ လေပြေကဆက်၍
" ကိုကြီးတောင်ကိုကြီးပိုင်ရဲ့သူငယ်ချင်းဖြစ်ပြီးကျောင်းအတူတူသွားသေးတာကို ..... သမီးကိုကြီးပိုင်ဂရုစိုက်ပေးတာကိုခံချင်တာအပြစ်လား "
ဟု ထပ်ပြောသဖြင့် စိတ်မောစွာနှင့် သက်ပြင်းချလိုက်မိသည် ။
⭕
၁ ။
ထူးသစ်ပိုင်က ကျောင်းအတူသွားရန် အချိန်အတော်ကြာသောအခါမှတောင်းဆိုလာသောကြောင့် လရိပ် ထူးသစ်ပိုင်ပြန်သွားပြီးအချိန်အနည်းငယ်ကြာသောအခါတွင် အိမ်သို့ပြန်ပြေးလာကာ ကျောင်းတက်ရန်ပြင်ဆင်ပြီး ထူးသစ်ပိုင်တို့အိမ်ဘက်သို့ထွက်လာခဲ့လိုက်သည် ။
ထူးသစ်ပိုင်က စကားအတိုင်း ခြံရှေ့တွင်ရပ်စောင့်နေသောကြောင့် စက်ဘီးကိုထူးသစ်ပိုင်၏အရှေ့တွင်ရပ်လိုက်ပြီး
" ဘာစိတ်ကူးပေါက်လို့ ငါနဲ့အတူကျောင်းသွားချင်ရတာလဲ "
ဟု မေးလိုက်သည် ။ ဤမေးခွန်းကို ထူးသစ်ပိုင်က မှင်သေသေနှင့်
" ပြောစရာရှိလို့ "
ဟု တုံ့ပြန်သောကြောင့် ထူးသစ်ပိုင်၏မျက်နှာကို ကြည့်လိုက်မိသည် ။ ထူးသစ်ပိုင်က
" မိလေပြေကစာမေးပွဲနီးနေပြီမို့လို့သူစိတ်မဆင်းရဲရအောင် ငါကတမင်အလိုလိုက်ပေးတာအပြ
Unlock to read this premium article with 10 points.