Lin Aung
အင်းစိန်ခြံကြီးမှာနေတုန်းက ခေါင်းရင်းအိမ် ကိုအာကာတို့ဆီက သင်္ကြန်သီချင်းကက်ဆက်ဖွင့်သံ ကြားရပြီဆိုရင် သင်္ကြန်နီးပြီပေါ့။
မေမေဝယ်ပေးထားတဲ့ စတီးရေပြွတ်ကို သိမ်းထားတဲ့နေရာကနေ ထုတ်ပြီး ဆေးကြောသန့်စင်၊ ဂါလံပုံးလေးတပုံးနဲ့ ကျောပိုးအိတ်တလုံးရှိပြီဆိုရင် သင်္ကြန်အတွက် အဆင်သင့်ဖြစ်ပါပြီ။ ကိုအာကာတို့အိမ်ရှေ့မှာပဲ ရေတိုင်ကီချ အုပ်စုဖွဲ့အထိုင်ချတဲ့နေ့တွေရှိသလို ကျူရှင်က သူငယ်ချင်းတွေ စစ်ကူလာခေါ်လို့ နံ့သာကုန်းတဝိုက် ရေပြွတ်တိုက်ပွဲ ဆင်နွဲကြတဲ့ရက်တွေလည်း ရှိခဲ့တာပေါ့။
သင်္ကြန်တွင်း ညီညီ ညလာအိပ်တဲ့ရက်တွေဆိုရင်တော့
ကိုအာကာတို့ ခြံရှေ့မှာပဲ ရေတိုင်ကီ၊ ရေပုံးတွေနဲ့
အထိုင်ချကြတာများပါတယ်။
အင်းစိန်ကနေ လှိုင်ဘက်ကို ပြောင်းလာခဲ့ပြီး နောက်
၈ တန်းနှစ် တခုသော သင်္ကြန်မှာ သာကေတဆေးခန်းအိမ်ကို လိုက်ခဲ့ဖို့ ဖေဖေလာခေါ်တာမှတ်မိနေပါသေးတယ်။
အဲဒီအချိန် ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တွေပိတ်လိုက်တော့ ဖေဖေက ဆိုင်ကယ်စီးလို့မရတော့ပါဘူး။
အဲဒီအရင်နှစ်တွေမှာတော့ အင်းစိန်ခြံကြီးထဲကို ဖေဖေဆိုင်ကယ်နဲ့လာခေါ်ပြီး သာကေတက ဖေဖေတို့သူငယ်ချင်းအိမ်တွေကို တအိမ်ဝင် တအိမ်ထွက် လျှောက်လည်ကြခဲ့ကြတာ။ အဲဒီနှစ်က သာကေတ ဆေးခန်းအဖွားအိမ်က အမ တွေရော၊ ဘေးအိမ်တွေက အကိုကြီးတွေ၊ အမချောချောလေးတွေနဲ့တူတူ မြင်တော်သာလမ်းမကြီးပေါ်က အုန်းလက် မဏ္ဍပ်လေးမှာ ရေပိုက်နဲ့ရေကစားခဲ့ကြတာ ရပ်ကွက်ထဲမှာမဟုတ်ပဲ လမ်းမကြီးပေါ်မှာ ပထမဆုံး ရေကစားဖူးခြင်းပါပဲ။ ကျွန်တော့အသက် ၁၄ နှစ်တုန်းက အမှတ်တရအတွေ့အကြုံလေးဟာ အခုဆိုရင်တော့ နှစ်ပေါင်း ၂၀ ကြာခဲ့ပါပြီ။ အဲဒီနှစ်က မှတ်မှတ်ရရ ကျီစားသလား သီချင်းကို နေရာတိုင်းမှာဖွင့်ခဲ့ကြတာမှတ်မိပါသေးတယ်။
၂၀၀၆ ဆယ်တန်းအပြီးမှာတော့ အင်းလျားလမ်း သင်္ကြန်နဲ့ စတင်မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ မိတ်ဆက်ပေးသူကတော့ ကျွန်တော်တို့ရဲ့ဘော်ဒါကြီး မောင်နန္ဒာပါ။ ဘော်ဒါကြီးလို့ပြောပေမယ့် တကယ်က မောင်နန္ဒာကြီးက ကျွန်တော်တို့ထက် ၂ နှစ်ငယ်ပါတယ်။ အဲဒီနှစ်မှာ သူ အင်းလျားလမ်းက မဏ္ဍပ်တခု မှာထိုင်ဖို့ အဖော်ခေါ်တော့ လိုက်သွားဖြစ်ခဲ့တာပါ။ သင်္ကြန် မဏ္ဍပ်မှာ လူအများကြီးနဲ့ ရေကစားကြရတာ ပထမဆုံးသော အတွေ့အကြုံပေါ့။
မဏ္ဍပ်နေရာက ခု ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်နောက်ကြောဘက်နား စိမ်းလန်းစိုပြေ ဝင်ပေါက်နားလောက် ကျမှာပါ။ အဲဒီအချိန်တုန်းက စိမ်းလမ်းစိုပြေဆိုတာ မပေါ်သေးပါဘူး။ မဏ္ဍပ် အသီးသီး
ပေါ်မှာ ဆောင်းဘောက်ကြီးနဲ့ သီချင်းတွေဖွင့်၊ မဏ္ဍပ်အောက်က အင်လျားလမ်းလျောက်မှာလည်း လူတွေမှ တိုးမပေါက်အောင် ကခုန်နေကြတဲ့မြင်ကွင်းကို ခုထိအမှတ်ရနေပါသေးတယ်။ မှတ်မှတ်ရရကတော့ အဲဒီ နှစ်မှာပဲ ကျွန်တော်တို့ မဏ္ဍပ်ရဲ့ နှစ်ခုကျော်လောက်မှာ မဏ္ဍပ်ပြိုပါတယ်။ လူတွေတော့ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘူးလို့တော့ ထင်ပါတယ်။
လူတွေ ရာချီပြီး မဏ္ဍပ်ပေါ်မှာ ကခုန် အော်ဟစ်နေကြတော့ ဒီမဏ္ဍပ်မပြိုပဲ ရှိတော့မလား။ အဲဒီနှစ်တွေတုန်းက အင်းလျားလမ်းတလျောက်နဲ့ တက္ကသိုလ် ရိပ်သာလမ်းတလျောက်မှာ မဏ္ဍပ်တွေအပြည့်ပါပဲ။ ပြည်လမ်းပေါ်မှာ မဏ္ဍပ်နဲနဲပဲ ရှိသေးပါတယ်။ ကန်တော်ကြီးပတ်လမ်းဘက်မှာ မဏ္ဍပ်မရှိသေးပါဘူး။ မဏ္ဍပ်ကတ်တွေဆွဲပြီး မြောက်ကြွမြောက်ကြွနဲ့ အင်းလျားလမ်းစဆုံး လျောက်ဖို့ဆိုရင် အသွားအပြန် ၁ နာရီခွဲ လောက်ကြာပါတယ်။ လူတွေနဲ့ တိုးမပေါက်ဘူးလေ။ မဏ္ဍပ်ပေါ်မှာ ထမင်းကြော်ကျွေးပါတယ်။ အအေးကတော့ လိုသလောက် ခတ်သောက်လို့ရပါတယ်။ Punch ကြိုက်တတ်တဲ့သူတွေအတွက်လည်း အိုးလိုက်ကြီးကို ဖျော်ပေးထားပါတယ်။
အကင်တို့ ရေ၊ ဘီယာ တို့၊ Snack တွေဝယ်ချင်ရင်လည်း မဏ္ဍပ်တွေအောက်မှာ ရောင်းတဲ့ စျေးသည်တွေမှအများကြီးပါ။ အဲဒီကာလနှစ်တွေတုန်းက ဆေးကိစ္စတို့၊ မဏ္ဍပ်အောက်က Private Room တွေကိစ္စတို့က ရှားပါသေးတယ်။ ရှိချင်လည်း ရှိမှာပါ ကျွန်တော်တို့မသိခဲ့ကြတာလည်းနေပါမယ်။ ၂၀၀၈ နောက်ပိုင်းမှ ဒီကိစ္စတွေပေါလာတာပါ။ ဒါပေမယ့် မူးရူးကြပြီး ရန်ဖြစ်ကြတာတွေကတော့ အမြဲပါပဲ။
နောက်ရက်တွေမှာတော့ ကျွန်တော် မဏ္ဍပ်မသွားဖြစ်တော့ပါဘူး။ ရေကစားရတာကို သဘောကျပေမယ့်
ဆူညံနေတာတွေရော၊ မူးနေကြတာကို မနေတတ်တာနဲ့
ရပ်ကွက် ထဲက P2 ဆိုင်မှာပဲ တနေကုန် အချိန်ဖြုန်းနေဖြစ်ခဲ့တယ်။ မဏ္ဍပ်ပြိုတာတွေ့ပြီး လန့်သွားတာလည်းပါပါတယ်။ နောက်ဆုံးရက် အတက်နေ့ကိုတော့ မောင်နန္ဒကြီးတို့ အိမ်က စီစဉ်ပေးမှုနဲ့ပဲ ဟိုင်းလတ်ကားတစ်စီးနဲ့ ရေပက်ခံထွက်ကြပါတယ်။ မောင်နန္ဒာကြီးတို့မိသားစုရဲ့ ဖော်ရွေပြူငှာမှု ကျေးဇူးနဲ့ ကျွန်တော်ဘဝမှာ ပထမဦးဆုံးသော ကားနဲ့ရေပက်ခံထွက်ဖူးခြင်းပေါ့။
၂၀၀၇ ခုမှာတော့ တက္ကသိုလ် ပထမနှစ်ရော KMD မှာပါတက်နေကြပြီဆိုတော့ ဘော်ဒါတွေတော်တော်ထပ်ရနေပါပြီ။ ကိုဇေယျာကြီးတို့က YGN မှာပါ။ အင်းလျားလမ်းပေါ်က Yangon Board Club ရှေ့မှာ ခွဆောက်ထားတဲ့ YGN မဏ္ဍပ်ပေါ်မှာ သင်္ကြန်မင်းသားကြီး ကိုဇေယျာ Rapper ဦးထုပ်ကြီးဆောင်းပြီး အမြဲထိုင်နေတတ်ပါတယ်။ ၂၀၀၇ မှာလည်း မောင်နန္ဒာကြီးတို့ မိသားစုနဲ့ပဲ သင်္ကြန် ထွက်လည်ဖြစ်ခဲ့ပြန်ပါတယ်။
မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ် ကို မနက်စောစော စဝင်ပြီး မြို့နယ် အသီးသီးက မဏ္ဍပ်တွေ ရေပက်ခံထွက်ခဲ့ကြတာလည်း မမေ့နိုင်တဲ့အမှတ်တရတခုပါပဲ။
အင်းလျားလမ်းဝင်မယ့်နေ့ကိုတော့ မနက်စောစော ၇ နာရီလောက်ထဲက အရောက်သွားတန်းစီထားကြရပါတယ်။ မဏ္ဍပ်တွေမှာ ရေတောင်မဖွင့်ကြသေးပါဘူး။
ယခု အမေရိကန်သံရုံးရှေ့နား တက္ကသိုလ် ရိပ်သာလမ်း ပေါ်ကမနက်စောစော စပြီးတန်းစီထားကြရင် အင်းလျားလမ်းထဲက ၁၀ နာရီလောက်မှာရောက်ပါတယ်။ အင်းလျားလမ်းထဲကနေ ပြည်လမ်း ကန်ဘောင်ဘက်
ပြန်ထွက်ဖို့ဆိုရင် အနဲဆုံး ၃ နာရီလောက်ထပ်ကြာပါသေးတယ်။ ကျွန်တော်နဲ့ မောင်နန္ဒာကြီးကတော့ ကားအောက်ဆင်း မဏ္ဍပ်တွေလျောက်လည် နဲ့ တကယ်ကိုပျော်စရာကြီးပါ။ YGN ရှေ့ရောက်ရင်တော့ ကိုဇေယျာကြီးကို နှုတ်ဆက်ဖို့မမေ့ကြဘူးပေါ့။ သော်ထူးကြီးတို့အဖွဲ့တွေကတော့ Road Runner မှာပါ။
အဲဒီခေတ်က မဏ္ဍပ်နာမည်တွေကို မှတ်မိသလောက်ပြန်ပြောရရင်
Alexander Christie က စပွန်ဆာပေးတဲ့ ရဲလေး မဏ္ဍပ်
Alpine စိုင်းစိုင်း မဏ္ဍပ်
Black Jack
X2O
Max
Road Runner
Channel V
အစရှိတဲ့နာမည်တွေနဲ့ပါ။ မမှတ်မိတော့တဲ့ မဏ္ဍပ်နာမည်တွေ တပုံကြီးကျန်ပါသေးတယ်။ မှတ်မိတာလေးတွေဝင်ရောက် ဆွေးနွေးသွားလို့လည်းရပါတယ်။
ပြန်ဆက်ရရင် အဲဒီခေတ်တွေတုန်းက မူးကြပြီး ရန်ဖြစ်ကြတာကလွဲရင် သိပ်ပြီး မရှုပ်ထွေးကြသေးပါဘူး။ ဆန်းပြားတဲ့ကိစ္စတွေလည်း သိပ်မရှိကြသေးပါဘူး။
မောင်ထိပ်တို့ ဆရာကြီးတို့ အဖွဲ့တွေကတော့ သင်္ကြန်မတိုင်ခင်ထဲက ဆံပင်တွေကို ဟိုက်လိုက်ဖောက်ထားပြီးကြပါပြီ။ အဲဒီခေတ်က မဏ္ဍပ်တွေပေါ်မှာ ဖွင့်တဲ့သီချင်းတွေကလည်း ခုခေတ်ကို EDM သီချင်းတွေ မဟုတ်သေးပါဘူး။ Vengaboys သီချင်းတွေ၊ Snoop Dogg၊ 50 Cents၊ Eminem သီချင်းတွေ ၊ R ဇာနည်၊ ဇော်ပိုင်၊ ရင်ဂို၊ Big Bag ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ယုဇန၊ ရတနာမိုင် သီချင်းတွေ ဖွင့်ကြတာများပါတယ်။ အမဲလိုက်အက ကတော့ မပါမဖြစ်ပေါ့။ မျိုးကျော့မြိုင်နဲ့ ထရေစီတို့ရဲ့ အမှတ်တရ သင်္ကြန် သီချင်းကလည်း တော်တော်ကို ပေါက်ခဲ့တာ။ အဲဒီခေတ်ထဲက Electro ပုံစံတီးထားတာ။ ရဲလေး၊ ဂျေမီ၊ ကြက်ဖ အရေထုတ်သီချင်းထွက်လာတော့ အရေထုတ်ကြတော့တာပေါ့ဗျာ။
၂၀၀၈ မှာတော့ American Centre က သူငယ်ချင်းအဖွဲ့တွေကတော့ တက္ကသိုလ် ရိပ်သာလမ်းပေါ်က
ရဲလေးရဲ့ AC မဏ္ဍပ်မှာထိုင်ကြတယ်။ AC အဖွဲ့ မို့လို့လည်း AC မဏ္ဍပ်မှာ ထိုင်ကြတာလားမပြောတတ်ပါဘူး။
၂၀၀၈ မှာတော့ ကျွန်တော်တို့အဖွဲ့တွေက နဲနဲလည်သွားပါပြီ။ မဏ္ဍပ် ကတ်တွေမဝယ်တော့ပါဘူး။ ရက်အလိုက်လည်း မဝယ်သလို All Day လည်းမဝယ်ပါဘူး။ မဏ္ဍပ်ကတ်တွေရဲ့သဘောတရားက All Day ဝယ်ရင်ပိုတန်ပါတယ်။ ရက်အလိုက်ကတော့
အကြိုနေ့က စသက်သာပြီး အတက်နေ့စျေးအကြီးဆုံးပါ။ VIP Card တွေ သိပ်ခေတ်မစားသေးပါဘူး။
မဏ္ဍပ်တိုင်းလိုလိုက Standard တမျိုးထဲ ကတ်တွေပဲ ရှိသေးတာပါ။ မဏ္ဍပ်ကတ်တွေ မဝယ်ပဲ သူငယ်ချင်း တွေ ရှိတဲ့ မဏ္ဍပ်တွေ အောက်ကိုသွား မဏ္ဍပ်ကတ်တွေချပေးရင် ခဏအပေါ်တက်လည် ပြီးရင်ပြန်ဆင်းနဲ့ မဏ္ဍပ်တခုပြီးတခု တက်လည်ကြပါတော့တယ်။ အဲဒီခေတ်တည်းက လမ်းလျှောက်သင်္ကြန် စခဲ့ကြတာပေါ့။ အင်းလျားလမ်း မဏ္ဍပ်တွေက အိမ်ကနေဆို
လမ်းလျှောက်သွားလို့ရပါတယ်။ သံလမ်းထဲက သူငယ်ချင်းတွေနဲ့ တအုပ်ကြီး စံပါယ်ခြံ၊ ရွှေဟင်္သာနဲ့ ဓမ္မာရုံလမ်းတွေကနေ ဖြတ်ပြီး အင်းလျားကို ချီတက်ခဲ့ကြတာပေါ့။
၂၀၁၀ ကတော့ နေပြည်တော် သင်္ကြန်မှာပါ။ အဖေ၊ ညီလေးကျော်ဇင်နဲ့တူတူ အဖေ့ညီဝမ်းကွဲ ဦးအေးကိုတို့ရှိတဲ့ နေပြည်တော်ကို သွားလည်ခဲ့ကြတာပါ။ ဦးအေးကို တို့မိသားစု စီစဉ်ပေးမှုနဲ့ နေပြည်တော် သင်္ကြန်ကို လည်ခွင့်ရခဲ့ပါတယ်။ တခုသတိထားမိခဲ့တာက နေပြည်တော်သင်္ကြန်က ရန်ကုန်သင်္ကြန် မဏ္ဍပ်တွေလောက်
ရေဖောဖောသီသီမသုံးနိုင်တာပါပဲ။ ရန်ကုန်က မဏ္ဍပ်တွေက အင်းလျားကန်၊ ကန်တော်ကြီး အစရှိတဲ့ကန်ကြီးတွေ၊ အိမ်တွေကနေ ရေယူကြလို့ရပေမယ့် နေပြည်တော်မှာက ရေကားနဲ့ ရေပေးရတာပါ။
၂၀၁၀ နောက်ပိုင်းမှာတော့ သင်္ကြန်နဲ့ တဖြေးဖြေးဝေးကွာလာခဲ့ပါတော့တယ်။ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်းဝတ်တဲ့
နှစ်တွေရှိသလို အိမ်မှာပဲ စာဖတ် နေတဲ့နှစ်တွေလည်း ရှိပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာ မဏ္ဍပ်တွေက ကန်တော်ကြီးဘက်ပြောင်းသွားလို့ သွားရဝေးတာလည်းပါသလို
အသက်နည်းနည်းရလာတော့ အိမ်မှာပဲ နေရတာကို ပိုသဘောကျလာတာလည်းပါပါတယ်။
ကန်တော်ကြီး ဘက်ပြောင်းသွားပြီးနောက်ပိုင်းမှာ
X2O မဏ္ဍပ် ဗုံးပေါက်ပါတယ်။
၂၀၁၆ နောက်ပိုင်း လမ်းလျှောက်သင်္ကြန်တွေ စပေါ်လာတော့ သင်္ကြန်ကို ပြန်စိတ်ဝင်စားလာပြန်တော့တယ်။ သင်္ကြန်တွင်း အနည်းဆုံးတစ်ရက် လောက်တော့ သူငယ်ချင်းတွေနဲ့ လမ်းလျှောက် သင်္ကြန်သွားဖြစ်ခဲ့ပြန်ပါတယ်။ ၂၀၁၉ ခုကတော့ သူငယ်ချင်းတွေနဲ့
နောက်ဆုံး သွားဖြစ်ခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ပါ။
သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင် မကြည့်လိုက်ရရင် တမျိုးလိုနေတတ်ပါတယ်။ သင်္ကြန်မိုးရုပ်ရှင်
ကြည့်ပြီးတိုင်းလည်း အနုသုခုမတွေနဲ့ ပြည့်စုံနေတဲ့ မန္တလေးသင်္ကြန်ကို သွားချင်စိတ်အမြဲ ဖြစ်မိပါတယ်။
ညီညီနဲ့တောင် ပြောဖြစ်ပါသေးတယ်၊ သင်္ကြန်ဆို မန္တလေးကို တနှစ်လောက်တော့ သွားကြရအောင်ဆိုပြီးတော့ပေါ့။
တကယ်တော့ ကြီးလာရင် သင်္ကြန်ဆို
အုန်းလက်မဏ္ဍပ်လေး တခုဆောက်၊ သူငယ်ချင်းတွေနဲ့ ရေကစားကြမယ်လို့ စိတ်ကူးရှိခဲ့ဖူးပါတယ်။
သူငယ်ချင်းတွေ ကလေးတွေကြီးလာမှပဲ ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ဖြစ်တော့မယ် ထင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ သင်္ကြန် အမှတ်တရ လေးတွေလည်း Comment မှာ ဝေမျှပေးသွားကြဖို့ ဖိတ်ခေါ်ပါတယ်။
မောင်လူအေး
Keep Reading