Tawtawti
-5-
"ရဟန်းတန်မဲ့လန့်ခဲ့သည်"
(၁)
ဒုလ္လဘရဟန်းတလ ဝတ်ဖူးသည်။ သွားရောက် ဝတ်သော ဘုန်းကြီးကျောင်းမှာ ကိုယ့်မြို့နယ်ထဲတွင်သာ ရှိသော်လည်း နေအိမ်နှင့်အလှမ်းဝေးသည်။ ကိုယ့်အတွက် နယ်ပယ်အသစ်ဖြစ်သည်။
ထိုကျောင်းမှာ မကျွတ်မလွတ်သော ဝေမာနိကဘုံသားများရှိကြောင်း သတင်းကြီးသည်။ ဖြစ်ချင်တော့ ဝတ်ပြီးတရက်ပဲကြာသည်။ ဗိုက်ကရစ်ရစ်ပြီးနာကာ ဝမ်းလျှောသည်။ လျှောတာမှ ည ဆယ့်တနာရီလောက်မှ မနက်သုံးနာရီလောက်အထိ ခဏခဏ ကုဋီ ထသွားရသည်။ ရေတံခွန်လို တောင်နှစ်လုံးကြားက အရှိန်အဟုန်သည် တန့်မသွား။ တမံတုတ်ထားလို့မရသလို စိတ်မရှည်လို့ဆို ငါနဲ့ကိုင်တုတ်လို့လည်းမရချေ။ ကိုယ်က ရဟန်းကိုး။ ဒါနဲ့ ဗိုက်ပြဿနာကို မာန်ဖီမရ ညည်းရန်မရနှင့် ခန္တီစ သည်းခံရရင်း ကုဋီကို ပြိုင်ဖက်မရှိ ကန်ထရိုက်ဆွဲ ထားရသည်။
လောကတွင် နာမည်ကသာ တလုံးတည်း။ တော်တော်ပြဿနာရှာတတ်သော ဗိုက်ဖြစ်သည်။
ဗိုက်ဆာလည်း ဒုက္ခ၊ ဗိုက်နာလည်းဒုက္ခ။
ဗိုက်ကြီးလည်း ဒုက္ခတွေ့သည်။
ဗိုက်မရှိလို့လည်း မဖြစ်ပြန်ချေ။
ရဟန်းဝတ်ခါစမို့ ...နေရသော ခန်းဆောင်ထဲတွင် အသိက မရှိ။ အားလုံးကျိန်းစက်ကောင်းချိန်မို့ အဖော်လိုက်ပေးဖို့ တပါးပါးကို နှိုးလည်းမနှိုးရက်။
ကိုယ့်ဘာသာ တပါးတည်း ကြွရသည် ။ ဓာတ်မီးကလည်းမရှိ။
သို့သော်..ဦးဇင်းပဲလေဆိုပြီး.. နဂိုကလည်း အလွန်အကျွံမလန့်တတ်သည်
ကြောင့် မည်သူ့ကိုမှ အကူအညီမတောင်းဘဲ ဝမ်းနာတာနှင့် ထသွားသည်။ ခန်းဆောင်နှင့် ကုဋီ တန်းများကလည်း ဝေးလှသည်တော့မဟုတ်ပါ။
သို့သော် တိတ်ဆိတ်နေသော ညအကာလသမယတွင်..ကျောင်းတွင်းရှိ သစ်ရိပ်များ၊ ကျောင်းဘေးတဖက်က အုတ်တံတိုင်းမကာရံထားသဖြင့် မြင်နေရသည့် ကွင်းပြင်တွေက ကိုယ့်စိတ်ကိုတော့....
"ဘယ်နေရာကဘွားခနဲ ပေါ်လာမည်လဲ..၊ ကုဋီတံခါးများလာခေါက်အသံပေးမလဲ "
ဟု တွေးလန့်စရာရှိသည်။
ပြီးတော့ ဘုန်းကြီးတစ္ဆေဆိုတာ ကမ္မဝါတောင် ကိုယ့်ပြန်ဖတ်သွားနိုင်သည် ဟု ကြံဖန်ပြောတတ်ကြသေးမဟုတ်လား။ တခု နေသာသည်က ထိုညမှာ လျှပ်စစ်မီးကလုံးဝမပြတ်ချေ။ သို့နှင့် အေးအေးဆေးဆေးအဆင်ပြေသွားသည် ။ ကိုယ့်ဗိုက်နာကိုယ်သာသိနှင့် သွားရဖန်များတော့ ရိုးသွားသည်။ မနက်မှဆေးဝယ်သောက်ရသည်။
(၂)
သည်လိုနှင့်...နေလာလိုက်သည်မှာ..ဆယ့်ငါးရက်ခန့်ရှိချေပြီ။ သင်္ကြန် နီးသဖြင့် ဒုလ္လဘကိုယ်တော်တွေ လာဝတ်တာများလာသည်။ ယခင်က ပထမဦးဆုံးရောက်သည်မှာ ကိုယ်တပါးတည်းဖြစ်သည်။ ထို့နောက်.များများလာသဖြင့် ခန်းဆောင်မှသည် နှစ်ထပ်ဆောင် ကျောင်းသစ်အပေါ်သို့ တစ်ဖွဲ့ပြောင်းရသည်။ ကိုယ်လည်းပဲပါသွားသည်ပေါ့။ ဒုတိယထပ်တွင် သတင်းသုံးရသည်။
ထိုအထဲတွင် ကိုယ်နှင့် ဦးဇင်း နှစ်ပါး ခင်မင်သွားသည်။ တပါးကအနေအေးသည်။ အတူတူစာကြည့်တိုက်သွားသည် ။ ပဋိစ္စသမုပ္ပာဒ် သင်တန်းတက်သည်။ ဆယ်ရက်တရားစခန်းဝင်သည်။
တပါးကတော့ လူရှုပ်မို့ သူ့အဖေနှင့်အစ်ကိုက ရဟန်းအတူလိုက်ဝတ်ခိုင်းလို့လာဝတ်ရတာဖြစ်သည်။ ရန်ဖြစ်လိုက် လျော်ရလိုက် ၊ ရည်းစားပွေလိုက်မို့ မကောင်းကျောင်းပို့တာဖြစ်သည်။
သူကိုယ်တိုင်ပင် ကိုယ့်အား ကြံရည်တိုက်ပြီးကို ပြောပြတာဖြစ်သည်။
သို့သော် ခင်မင်အောင် နေတတ်သည် ။ ရက်ရောသည်။ပေါင်းသင်းတတ်သည်။ ဥပဓိရုပ်ကတော့ လူချော။ အသားကဖြူဖြူ အရပ်ကရှည်ရှည် ခန္ဓာကိုယ်က တောင့်တောင့်။
သူနှင့်လုံးဝဆန့်ကျင်ဘက်က သူ့အကို။
တမိဘတည်းကမွေးလာတာဟုတ်ရဲ့လားဟုတောင် DNAစစ်ကြည့်ရလောက်အောင် မတူချေ။
ရုပ်ရည်ကော အကျင့်စရိုက်ပါ ကွာခြားသည်။
ထို နောင်တော်ဦးဇင်းသည် စကားလည်းမပြော ။ ကိုယ်တွေနဲ့လည်း မတွဲ၊ ကျောင်းပေါ်မှာသာ ထိုင်နေတာများသည် ။ မျက်မှန်းတန်းမိရုံသာ..။
ညီကတော့..သူ့အဖေ့ဗီတိုအာဏာကြောင့်သာ လာဝတ်ရဟန်ပါ။ ပေါ့ပေါ့ပါးပါးပဲနေသည်။ သူစိတ်ပါလျှင် တခါတလေ သင်တန်း လိုက်တတ်သည်။ တရားထိုင်ဖို့တော့ ခေါ်၍မရချေ။
(၃)
တညသားတွင် ရုတ်တရက် ကိုယ် ကုဋီသွားချင်သည်။ အချိန်ကိုကြည့်တော့ ညနှစ်နာရီမျှ..။အားလုံး..ကျိန်းစက်ကောင်းချိန် ။
ဒုတိယထပ်မှ အပြင်သို့ထုတ်ထားသော လှေကားကနေ ကိုယ် ဆင်းလာခဲ့သည်။
လျှပ်စစ်မီးကလင်းနေသည်။ ကျောင်းသစ်သည် အဝင်ဝမုဒ်ဦးနားတွင်ရှိသည်။ လှေကားအမြင့်မှမိုးပြီး ဘေးဘီကို့ဝေ့သီကြည့်လိုက်လျှင် ဝန်းကျင်ကို စီးမြင်နေရသည်။ အပင်အိုတို့ကြားမှာ လရောင်ကသဲ့သဲ့...။
ထိုစပ်ကြား..ထုလုပ်ထားသော ဘီလူး..နဂါးဘာညာ စုံလင်ရုပ်တုတွေကလည်း နေ့ဘက်မှာ ဘာသိဘာသာပေမယ့် ယခုအချိန်မှာတော့ ကိုယ့်ကိုပဲ စူးစိုက်ကြည့်နေကြသယောင်ယောင်။
ဆိတ်ငြိမ်သော ဝန်းကျင်ထဲပတ်လျှောက်လာပြီး ကုဋီတန်းရှိရာသို့ လာခဲ့သည် ။ ယခင်နေခဲ့သည့် အဆောင်ထက် သွားရတာ အနည်းငယ်လှမ်းသည်။ ဝမ်းကနာသဖြင့် မနှေးမစိုင်း အပြေးတပိုင်း ခပ်သွက်သွက်လျှောက်သည်။ အရင်ကလည်း ကိုယ့်ဘာကိုယ်သွားနေကျပဲလေဟု တွေးကာ မကြောက်မိ။
သို့သော်...
ဗိုက်ကရစ်ရစ်နှင့် အစွန်ဆုံးကုဋီခန်းကို တံခါးအမြန်ဆွဲဖွင့်လိုက်သည့်အချိန်မှာတော့...
"အမလေး.."
ကိုယ့်အသံက တုန်ရီစွာပေါ်ထွက်သွားသည်။
တွေ့လိုက်ရသည့် မြင်ကွင်းက ခေါင်းမွေးတင်မက ခန္ဓာကိုယ်မှ ရှိသမျှ အမွှေးတောင်ထောင်မိသွားသည်။
ဘုန်းကြီးတစ္ဆေ ဆိုတာ ဒါမျိုးလားဟုပင် လျှပ်တပြက်တွေးမိသွား၏။
ဟုတ်သည်။
အထဲမှာကိုယ်တွေ့လိုက်ရသည်က သင်္ကန်းခေါင်းခြုံရက်ကြီးနှင့် ဆောင့်ကြောင့်ထိုင်နေသူလေ။
ရုတ်ချည်းပင်
သူကလည်းကိုယ့်ကို ပြူးကြည့်ကာ အလန့်တကြားနှင့် ပြန်ပြီး... အမလေး တဲ့ ။
"အမလေးနဲ့အမလေး"
လေလှိုင်းထဲတွင် အမလေးချင်း မိတ်ဖွဲ့သွားသည်။
(၄)
ကုဋီထဲက အမလေးပိုင်ရှင်က ထိတ်ရွံ့သွားသည့်ပုံနှင့် ချက်ချင်းမတ်တပ်ထရပ်သည် ။
သည်တွင်...
"ဟ..ဘုန်းကြီးတစ္ဆေဆိုရင် အမလေးတော့တပြီး ကိုယ့်တော့ ပြန်မကြောက်နိုင် "ဟုအလျင်စလိုတွေးမိလိုက်ပြီး မီးရောင်မှာသေချာကြည့်မိတော့မှ ဘယ်ဟုတ်မတုန်း..။
ကိုယ်သိနေသော ဦးဇင်းတပါး။
"ဦးဇင်းရယ်..တံခါးလေး ဂျက်ထိုးထားပါလားဘုရား"
ပြောရင်း တဖက် ကုဋီအခန်းထဲဖွင့်ဝင်လိုက်ရသည် ။
ကုဋီမှအထွက်..... ထိုဦးဇင်းကစောင့်နေသည်။
မျက်နှာပူနေသလိုလို၊ ရှက်နေသလိုလို ဟန်တွေ့ရသည်။ ဒါကိုတော့ နှစ်ဦးကြားပြောပြချင်ဟန်။
"တပည့်တော်လည်း...ဗိုက်နာတာနဲ့ ထလပြီး..တက်နေတာဘုရား..ဒီအချိန်သူများလည်းနှိုးရမှာ အားနာ... ၊ကုဋီရောက်တော့ လန့်လည်းလန့်တာနဲ့ တံခါးကိုစေ့ရုံစေ့ထားတာ၊ ဦးဇင်း ခြေသံလည်းမကြားမိလို့ဘုရား...."ဆိုပဲ။
ကိုယ့်မှာက..အကျင့်နှစ်ခုရှိသည်။ အစာစားရင်အသံမမြည်တတ်ခြင်းနှင့် လမ်းလျှောက်လျှင်ခြေသံလုံခြင်းဖြစ်သည်။
ဟုတ်ကဲ့..ထိုဦးဇင်းသည် ဟို ဥပဓိရုပ်ဖြောင့်သော ဦးဇင်း၏ အကိုသာပင်။
(၅)
ပြောခဲ့ပါကောလား...ဆန့်ကျင်ဘက်ရုပ်သွင်ပိုင်ရှင်ပါကိုးလို့..။ ထိုသည်ကို သင်္ကန်းခေါင်းခြုံနှင့်ဆောင့်ကြောင့်ထိုင်ပြီး ထင်မှတ်မထားသောနေရာတွင် ညနက်သန်းခေါင် တပ်အပ်မြင်လိုက်ရသည့်ခဏ။
သည်ကလည်း..ပုထုဇဉ်ပဲဟာ...ရဟန်းတန်မယ့်လန့်တော့သည်လေ။
"အရှင်ဘုရား၊အခုကိစ္စကို တပည့်တော် ညီနဲ့ လူသူအများကိုလည်းပြန်မပြောပြနဲ့နော်ဘုရား၊လူသိရှင်ကြားဆိုသလိုဖြစ်ရင် လူရယ်စရာရဟန်းရယ်စရာဖြစ်နေပါဦးမယ်ဘုရား..."
သူက ဒါပြောချင်လို့စောင့်နေတာဖြစ်သည်။
သူနှုတ်ပိတ်ခဲ့သည့်အတိုင်း ကိုယ်လည်း မည်သူ့ကိုမှ ဝိနည်းလွတ်ပင် လှည့်ပတ်ပြီးဖောက်သည်ချ ပြန်မပြောပြဖြစ်ခဲ့ပါ။
စားသံလုံ၊ ခြေသံလုံသလောက် ဗိုက်မလုံလည်း နှုတ်လုံခဲ့ပါသည်။
အခုမှ... စာလေးပြန်ပြီး ရေးပြတာရယ်။
-တော်တော်တည်
Youtubeတွင်လည်း အသံနဲ့နားဆင်နိုင်ဖို့ linkပါ။https://youtu.be/EmGuTkzPa9U
Keep Reading