the IX
🌺 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌺
၂၂.
၁ ။
လရိပ် ထူးသစ်ပိုင်နှင့်ယခင်ကထက်ပို၍ရင်းနှီးလာပြီးသည့်နောက်တွင် ထူးသစ်ပိုင်က ညနေပိုင်းမိမိဆိုင်ထိုင်သည့်နေရာဆီသို့ ရံဖန်ရံခါတွင်လိုက်လာလေ့ရှိပြီး မိမိနှင့်အတူ စာလုပ်လေ့ရှိသောကြောင့် ယနေ့လည်း တုတ်ထိုးဆိုင်မှပြန်လာပြီး အိမ်သို့မပြန်တော့ပဲ ဆိုင်အထိပါလာသည် ။ ထို့ကြောင့် မိမိလည်း လုပ်စရာရှိသည်များကိုခပ်သွက်သွက်လုပ်ပြီး စာလုပ်နေသောထူးသစ်ပိုင်၏ဘေးတွင်ဝင်ထိုင်လိုက်သည် ။ ထိုစဉ် ထူးသစ်ပိုင်က
" နောက်ဆယ်ရက်နေရင် မိလေပြေတို့စာမေးပွဲဖြေရပြီနော် "
ဟု လေပြေ့အကြောင်းကို စကားစသဖြင့် ခေါင်းညိတ်လိုက်ပြီး
" အေး ..... လေပြေအေးတစ်ယောက်ကတော့ကျူရှင်ထားမိလို့သာတော်သေးတယ် ..... အားတာနဲ့ ဘာစာမှမလုပ်ပဲဝတ္ထုစာအုပ်ကိုအသည်းအသန်ဖတ်တာ ..... အခုမှစာအုပ်စာပေလူ့မိတ်ဆွေလုပ်နေတယ် ..... စာမေးပွဲဖြေရမှာကိုသတိတောင်ရသေးရဲ့လားမသိဘူး "
ဟူ၍ ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ထူးသစ်ပိုင်က ခပ်တိုးတိုးရယ်ကာ
" ငါကြည့်ရသလောက်ကတော့ မိလေပြေတစ်ယောက်အခုတလောကျူရှင်ကစစ်တဲ့စာမေးပွဲတွေမှာအမှတ်ကောင်းသားပဲ ..... Chemistry တောင် ဂုဏ်ထူးမှတ်ရနေပြီ "
ဟု ပြောသည် ။
ထူးသစ်ပိုင်က လေပြေ့ကိုချီးမွမ်းခန်းဖွင့်နေသော်လည်း လေပြေတစ်ယောက် ကျောင်းပိတ်ရက်မရခင်က ကျောင်းမှစစ်သောဓာတုဗေဒစာမေးပွဲ၌ အောင်မှတ်သာရသောကြောင့် လစဥ်အမှတ်ပေးကတ်ပြားအား မိမိတို့ကိုမပြပဲ ထူးသစ်ပိုင်ကိုသာပြပြီး ထူးသစ်ပိုင်ကို အုပ်ထိန်းသူနေရာမှလက်မှတ်ထိုးခိုင်းပြီးပြန်အပ်လိုက်သည့်ကိစ္စကို မမေ့သေးသောကြောင့်
" မင်းကသာချီးကျူးနေ ..... မင်းညီမက သူနောက်ဆုံးဖြေတဲ့ Chemistry ကို အောင်မှတ်ပဲကပ်ရထားတာကိုလည်းသတိရအုံး "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က ဤစကားကို
" မင်းကလည်း ကလေးကိုတအားတအားမဆူစမ်းပါနဲ့ကွ ..... သူတို့အရွယ်ကခြောက်ပြောရမဲ့အရွယ်မဟုတ်တော့ဘူး ..... ချော့ပြောရမဲ့အရွယ်ရောက်နေပြီကွ ..... ပြီးတော့ မင်းသတိမထားမိလို့ပါ ..... လေပြေကဥာဏ်ကောင်းပါတယ် ..... သူ့အတွက်ပူမနေနဲ့ ..... မင်းသာငါ့ကိုကျော်ပြီး Roll 1 ရအောင်ယူနိုင်ဖို့ကြိုးစား "
ဟု တုံ့ပြန်သောကြောင့် လက်ထဲမှဘောပင်နှင့် ထူးသစ်ပိုင်၏လက်ဖမိုးကို ခြစ်ချလိုက်သည် ။
၂ ။
ထူးသစ် လရိပ်အေး၏အဒေါ်ဖွင့်ထားသောထမင်းဆိုင်တွင် လရိပ်အေးနှင့်အတူ စာလုပ်နေစဥ်
" ကိုကြီးထူးရေ ..... ကိုကြီးထူး "
ဟူသော ခေါ်သံနှင့်အတူ မိမိနှင့်အတူဘောလုံးကန်နေကျဆယ်တန်းကျောင်းသားအုပ်စုက အနားသို့ရောက်လာသည် ။ ထိုကလေးများကိုရင်းရင်းနှီးနှီးသိသော်လည်း မေ့လွယ်နေသည့်ဦးဏှောက်က နာမည်များကိုမမှတ်မိသောကြောင့်
" အလန့်တကြားနဲ့ ..... ဘာဖြစ်လာကြတာလဲ "
ဟူ၍သာ မေးလိုက်သည် ။ ဤမေးခွန်းကို မိမိနှင့်အနီးဆုံးနေရာတွင်ရပ်နေသည့်ကောင်လေးက
" သားတို့သူငယ်ချင်းစိုးလွင်ကို ကားတစ်စီးကတိုက်ပြီးထွက်ပြေးသွားလို့ "
ဟု ဖြေသည် ။ ထိုကောင်လေး၏စကားကြောင့် မျက်လုံးပြူးသွားပြီး
" အဲ့ဒါ ဆေးရုံမပို့ပဲဘာဖြစ်လို့ဒီကိုလာကြတာလဲ ..... မတော်လို့တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ "
ဟု မေးကာ မတ်တပ်ထရပ်လိုက်သည် ။
" ရပ်ကွက်ထဲကလူတွေက သူတို့အမှုပတ်မှာစိုးလို့မပို့ရဲဘူးပြောနေကြလို့ ကိုကြီးထူးကိုပဲလာခေါ်လိုက်တာ ..... ကိုကြီးထူး ..... သားတို့သူငယ်ချင်းကိုကယ်ပါအုံး "
ဟူသော စကားအဆုံးတွင် ရင်ထဲ၌စို့သွားရသည် ။ ထို့ကြောင့် မိမိတို့အားမျက်လုံးအဝိုင်းသားနှင့်ကြည့်နေသောလရိပ်ကို
" ငါလိုက်သွားလိုက်အုံးမယ်နော် လရိပ် ..... ငါ့အဒေါ်တွေကို မင်းပဲအကျိုးအကြောင်းပြောပြလိုက်တော့ကွာ "
ဟု ပြောလိုက်သည် ။ ထို့နောက်
" လူကဘယ်မှာလဲ "
ဟု မေးကာ ဆိုင်ထဲမှထွက်လာခဲ့လိုက်သည် ။
၃ ။
ကားနှင့်အတိုက်ခံရသောစိုးလွင်ကို ရပ်ကွက်ထဲမှလူများကမကူညီရဲကြသော်လည်း ဝိုင်းအုံ၍မူကြည့်ရဲကြသဖြင့် ထူးသစ် စိတ်ပူရသည့်ကြားထဲက စိတ်ဆိုးရပြန်သည် ။
သို့သော် .....
ထိုလူများကိုရန်မလုပ်နိုင် ။ တွေ့သည့်ဆိုက်ကားသမားတစ်ဦးကို မတန်တဆစျေးပေး၍ သွေးအိုင်ထဲတွင်လဲကာ မြော့မြော့သာရှိတော့သောစိုးလွင်ကို မိမိကပွေ့ပြီးဆိုက်ကားပေါ်တက်ရသည် ။
စိုးလွင်ကို ဤအတိုင်းထားလျှင် ဆေးရုံမရောက်ခင်မှာပင် သွေးထွက်လွန်ကာအသက်အန္တရာယ်ရှိနိုင်သောကြောင့် ဒေသန္တရဆေးပေးခန်းဆီသို့ အရင်ဝင်ပြီး စိုးလွင်အား ယာယီကုသမှုခံယူခိုင်းရသည် ။ ပြီးမှ ဒေသန္တရဆေးပေးခန်း၏စီစဥ်ပေးမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီသို့ ဆက်လက်ထွက်ခွာလာခဲ့လိုက်သည် ။
၄ ။
အလောသုံးဆယ်နှင့် လာခေါ်သည့်ကလေးများအနောက်သို့လိုက်သွားသောထူးသစ်ပိုင်က လွယ်အိတ်ပင်ပါမသွားသောကြောင့် ပိုက်ဆံလည်းပါသွားမည်မဟုတ်ဟု လရိပ်ယူဆလိုက်မိသည် ။ ထို့ကြောင့် ထူးသစ်ပိုင်နှင့်မိမိ၏စာအုပ်များကိုအလောတကြီးသိမ်းဆည်းလိုက်ပြီး မိမိတို့ဆိုင်ဘေးကပ်ရပ်မှအကြော်စုံဆိုင်မှဆိုင်ပိုင်ရှင်အမျိုးသမီးကို
" ကြီးမေ ..... ကျွန်တော်အိမ်ခဏပြန်လိုက်အုံးမယ် ..... ဆိုင်လေးကြည့်ထားပေးပါအုံးဗျာ "
ဟူ၍ ပြောကာ စက်ဘီးကိုယူ၍ ထူးသစ်ပိုင်တို့အိမ်ဆီသို့ထွက်လာခဲ့လိုက်သည် ။
သို့သော် .....
ထူးသစ်ပိုင်၏အဒေါ်များစိတ်ပူမည်စိုးသောကြောင့် စာအုပ်ဆိုင်အပေါက်ဝမှနေ၍
" ကြီးမေ "
ဟု ခေါ်လိုက်သည် ။ ထူးသစ်ပိုင်၏အဒေါ်ဖြစ်သူက ပြုံးပြပြီး
" ဪ ..... လရိပ်လေး ..... ထူးသစ်ကိုလာရှာတာလား ..... သားသူငယ်ချင်းကဘောလုံးသွားကန်တာပြန်မရောက်သေးဘူး "
ဟု ပြောသည် ။ မိမိတို့ထူးသစ်နှင့်ဘောလုံးသွားကန်စဥ်က ယခုမိမိနှင့်စကားပြောနေသည့်ထူးသစ်ပိုင်၏အဒေါ်မရှိသောကြောင့် ထူးသစ်နှင့်မိမိတို့အတူထွက်သွားသည်ကိုမသိရှာ ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး
" မဟုတ်ဘူး ကြီးမေ ..... ထူးသစ်ကကျွန်တော်နဲ့အတူဆိုင်မှာရှိတယ် ..... သူနဲ့ဘောလုံးအတူကန်တဲ့ကလေးတစ်ယောက် ကားနဲ့အတိုက်ခံရတယ်ဆိုလို့သွားကြည့်တယ် ..... အဲ့ဒါသူအိမ်ပြန်နောက်ကျရင် ကြီးမေတို့စိတ်ပူနေမှာစိုးလို့ကျွန်တော့်ကိုပြောခိုင်းလိုက်တာ "
ဟု ဖြစ်စဥ်ကို ချုံ့၍ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်၏အဒေါ်ဖြစ်သူက
" ဟယ် ..... ဘယ်လိုဖြစ်တာတဲ့လဲ ..... စိုးရိမ်ရလား "
ဟု မေးသည် ။ အခြေအနေကို မိမိလည်းမသိသေးသောကြောင့်
" ကျွန်တော်လည်းအခုမှသွားကြည့်မှာ ကြီးမေ ..... ဆေးရုံသွားမယ်ပြောပေမဲ့ ထူးသစ်ပိုင်ကပိုက်ဆံပါမသွားဘူးထင်လို့အိမ်ပြန်ယူမလို့ "
ဟု အဖြေပေးလိုက်သည် ။ ဤစကားကို ထူးသစ်ပိုင်၏အဒေါ်ဖြစ်သူက
" နေနေ ..... မယူနဲ့တော့ သား ..... ကြီးလတ်ဆီကပဲယူသွားပြီး ကားငှားသွားလိုက် ..... အိမ်ကကြီးကြီးကိုပါထည့်ပေးလိုက်မယ် ..... သားအိမ်ကိုလည်းကြီးလတ်ပဲအကြောင်းကြားထားလိုက်မယ် "
ဟု ပြောပြီး
" မကြီးရေ ...... ပိုက်ဆံအိတ်ယူပြီး အရှေ့ကိုလာခဲ့ပါအုံး "
ဟူ၍ လှမ်းအော်သည် ။
၅ ။
ဒေသန္တရဆေးပေးခန်းမှ သူနာပြုဆရာမတစ်ဦးပါလာသဖြင့် ထူးသစ်တို့ စိုးလွင်ကိုအခက်အခဲမရှိပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနိုင်အောင်ဖန်တီးပေးနိုင်ခဲ့သည် ။ ဆရာဝန်က
" သားတို့အချိန်မှီရောက်လာလို့တော်သေးတယ် ..... မဟုတ်ရင် သွေးထွက်လွန်ပြီးအသက်အန္တရာယ်ရှိနိုင်တယ် "
ဟု ပြောသဖြင့် အတူလိုက်လာသည့်ကလေးများနှင့် ဒေသန္တရဆေးပေးခန်းမှသူနာပြုဆရာမကို
" အကုန်လုံးကိုကျေးဇူးတင်ပါတယ်ဗျာ "
ဟူ၍ ပြောလိုက်သည် ။ ဒေသန္တရဆေးပေးခန်းမှသူနာပြုဆရာမက ပြုံး၍
" သားတို့လိုလူကောင်းသူကောင်းတွေရှိနေလို့ ဒီကမ္ဘာမြေကြီးကသာယာလှပနေတာပေါ့ကွယ် "
ဟု ချီးကျူးစကားဆိုသောကြောင့် ရှက်ရယ်,ရယ်လိုက်ပြီး
" မမြှောက်လည်း အမောပြေလက်ဖက်ရည်ဝယ်တိုက်မှာပါဗျ "
ဟူ၍ ပြောလိုက်သည် ။ ပြီးမှ စိုးလွင်အနားတွင်အုံနေကြသောကလေးများကို
" ကလေးတွေ ..... ကိုကြီး ဆရာမကိုလက်ဖက်ရည်လိုက်တိုက်လိုက်အုံးမယ် "
ဟု ပြောကာ ဒေသန္တရဆေးပေးခန်းမှသူနာပြုဆရာမအား
" ကြွပါ ဆရာမ "
ဟူ၍ ပြောလိုက်သည် ။
၆ ။
လရိပ်တို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်သည်နှင့် ထူးသစ်ပိုင်၏အဒေါ်က ဧည့်ကြိုဌာနမှသူနာပြုဆရာမလေးကို
" ဆရာမ ..... စောစောကကားတိုက်ခံရတဲ့ကလေးကိုလာရှာတာပါ ..... ရှိလားမသိဘူးရှင့် "
ဟု တန်းမေးသည် ။ သူနာပြုဆရာမလေးက
" စိုးလွင်ဆိုတဲ့ကလေးလားမသိဘူးရှင့် "
ဟု မေးသဖြင့် မိမိကပင် သွက်လက်စွာနှင့်
" ဟုတ်ပါတယ်ခင်ဗျာ "
ဟူ၍ ဝင်ဖြေပေးလိုက်သည် ။ ထိုအခါမှ
" စိုးလွင်က ဒီကနေတည့်တည့်သွားပြီးညာဘက်ချိုးလိုက်ရင်ရောက်တဲ့အခန်းမှာပါ "
ဟူသော အဖြေစကားကို ပြန်ရသည် ။ ထို့ကြောင့်
" ကျေးဇူးပါဗျ "
ဟု ပြောပြီး သူနာပြုဆရာမလေးညွှန်သည့်လမ်းအတိုင်း ထွက်လာခဲ့လိုက်သည် ။
၇ ။
လရိပ်တို့ စိုးလွင်ရှိရာဆီသို့ရောက်သောအခါ ထူးသစ်ပိုင်ကမရှိပဲ
" ကိုကြီးထူးက ဒေသန္တရဆေးပေးခန်းမှသူနာပြုဆရာမကို လက်ဖက်ရည်ဝယ်တိုက်ဖို့သွားတယ် "
ဟူသော စကားကိုသာ ကြားရသဖြင့် ထူးသစ်ပိုင်၏အဒေါ်နှင့်အတူ လွတ်နေသောခုံတွင် ဝင်ထိုင်လိုက်ကာ မိမိတို့အားဧည့်ခံကြသည့်ကလေးများနှင့် စကားပြောနေလိုက်သည် ။
အချိန်အနည်းငယ်ကြာအောင် စကားပြောပြီးနောက် ထူးသစ်ပိုင်ကပြန်ရောက်လာသည် ။
သို့သော် .....
မိမိအနားသို့မလာပဲ အဒေါ်ဖြစ်သူနှင့်မတ်တပ်ရပ်ကာ စကားပြောနေသည် ။ ပြီးမှ အနားသို့ရောက်လာပြီး ခုံတွင်ဝင်ထိုင်ကာ
" ဆရာဝန်က စိတ်ချရပြီလို့ပြောပေမဲ့ သတိရမလာသေးလို့စိတ်ပူနေတာ "
ဟူသော စကားကိုပြောသည် ။ ထိုစဉ်
" အမယ်လေး ..... ငါ့သားလေးရယ် ..... ဘယ်လိုဖြစ်ရတာလဲ "
ဟူသော ငိုသံနှင့်အတူ အသက်ခပ်ကြီးကြီးမိန်းမကြီးတစ်ဦးက မိမိတို့ထံသို့ပြေးလာသည် ။ အနားတွင်ရှိနေသောကလေးများက ဖြစ်စဥ်ကိုဝိုင်း၍ရှင်းပြကြသော်လည်း ထူးသစ်ပိုင်ကမူ ဖြူရော်နေသောမျက်နှာဖြင့် အဒေါ်ဖြစ်သူကိုကြည့်သည် ။ အဒေါ်ဖြစ်သူက ထူးသစ်ပိုင်၏နားနှစ်ဖက်ကိုလက်နှင့်ပိတ်ပေးပြီး တစ်စုံတစ်ရာကိုပြောသည် ။ ထူးသစ်ပိုင်က ခေါင်းညိတ်၍ အဒေါ်ဖြစ်သူ၏လက်ကိုကိုင်ပြီး နေရာမှပြေးထွက်သွားသဖြင့် ထူးသစ်ပိုင်ထံတွင် ပြသနာရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည် ။ ထို့ကြောင့် အနားမှကလေးများကိုပင်ဂရုမစိုက်နိုင်တော့ပဲ ထူးသစ်ပိုင်အနောက်သို့ ပြေးလိုက်လာခဲ့လိုက်သည် ။
၈ ။
ထူးသစ် ဒေသန္တရဆေးပေးခန်းမှသူနာပြုဆရာမအား ညစာဝယ်ကျွေးပြီးနောက် ကျေးဇူးတင်စကားပြောကာ ကားငှား၍ဒေသန္တရဆေးပေးခန်းသို့ ပြန်ပို့ပေးပြီးမှ စိုးလွင်ရှိရာဆီသို့ ပြန်လာခဲ့လိုက်သည် ။
ထိုအခါ စိုးလွင်၏ဘေးတွင်ထိုင်ကာ မိမိနှင့်အဖော်လိုက်လာပေးသော ကလေးများနှင့်စကားပြောနေသောလရိပ်အေးကို တွေ့လိုက်ရသည် ။ ထို့အပြင် မိမိ၏အဒေါ်အကြီးဆုံးဖြစ်သူကိုပါတွေ့လိုက်ရသောကြောင့် အံ့သြသွားပြီး
" ကြီးကြီးတို့က ဘယ်လိုဖြစ်လို့ရောက်လာကြတာလဲ "
ဟု မေးလိုက်သည် ။ ဤမေးခွန်းကို မိမိ၏အဒေါ်အကြီးဆုံးဖြစ်သူက
" သူများကိုကူညီရင်း မပြောကောင်းမဆိုကောင်း သားတစ်ခုခုဖြစ်သွားမှာစိုးလို့ကွယ် "
ဟု ပြန်ဖြေသောကြောင့် ပြုံးလိုက်ပြီး
" သားဘာမှမဖြစ်ပါဘူး ကြီးမေရ "
ဟူ၍ ပြောကာ လွတ်နေသောခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည် ။ ပြီးမှ
" ဆရာဝန်က စိတ်ချရပြီလို့ပြောပေမဲ့ သတိရမလာသေးလို့စိတ်ပူနေတာ "
ဟု ဆက်ပြောလိုက်သည် ။ မိမိ၏အဒေါ်အကြီးဆုံးဖြစ်သူက ဤစကားကို
" သားသူငယ်ချင်းကို ကြီးမေတို့ဆက်ဂရုစိုက်လိုက်မယ် ..... သားက လရိပ်လေးနဲ့အိမ်ပြန်နားလိုက်တော့ "
ဟု ပြောသဖြင့် လရိပ်အေးကိုလှမ်းကြည့်လိုက်မိသည် ။ ထိုစဉ်
" အမယ်လေး ..... ငါ့သားလေးရယ် ..... ဘယ်လိုဖြစ်ရတာလဲ "
ဟူသော ငိုသံနှင့်အတူ အသက်ခပ်ကြီးကြီးမိန်းမကြီးတစ်ဦးက မိမိတို့ထံသို့ပြေးလာသည် ။ ထိုမိန်းမကြီး၏ငိုသံက နားထဲတွင်စူးကနဲဖြစ်သွားပြီး ချက်ချင်းဆိုသလို နှလုံးခုန်နှုန်းများကမြန်လာသောကြောင့် ဘေးတွင်ရပ်နေသော အဒေါ်အကြီးဆုံးဖြစ်သူကို အထိတ်တလန့်ဖြင့် ကြည့်လိုက်မိသည် ။ အဒေါ်အကြီးဆုံးဖြစ်သူက မိမိ၏နားများကို လက်နှစ်ဖက်နှင့်အုပ်ပေးပြီး
" စိတ်ကိုငြိမ်ငြိမ်ထား သား ..... အသက်ကိုမှန်မှန်ရှု ..... ပြီးတာနဲ့အပြင်ကိုထွက်တော့ "
ဟု ပြောသည် ။ ထို့ကြောင့် အဒေါ်အကြီးဆုံးဖြစ်သူ၏လက်ကို အားကိုးတကြီးကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည် ။
၉ ။
ထူးသစ်ပိုင်က အရေးပေါ်ဌာန၏အပြင်ဘက်အထိ မရပ်မနားပဲဒုန်းစိုင်း၍ပြေးသွားသောကြောင့် လရိပ်လည်း ထူးသစ်ပိုင်၏အနောက်မှ မျက်ခြည်မပြတ်ပြေးလိုက်လာခဲ့လိုက်သည် ။
ဤသို့ ပြေးလိုက်လာခဲ့ရာ ထူးသစ်ပိုင်က ဝင်ပေါက်နှင့်ဆန့်ကျင်ဘက်တွင်ရှိသော ပိတောက်ပင်၏အောက်တွင် ခေါင်းငုံ့၍ ဆောင့်ကြောင့်ထိုင်နေသည်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသည် ။ ထို့ကြောင့် အနားသို့လျှောက်သွားလိုက်ပြီး
" ထူးသစ်ပိုင် ..... မင်းအဆင်ပြေရဲ့လား "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က မိမိမေးခွန်းကို ပြန်မဖြေပဲ မော့ကြည့်လာသောကြောင့် ထူးသစ်ပိုင်၏ဘေးတွင်အတူထိုင်လိုက်ပြီး
" ဘာဖြစ်လို့လဲ ..... နေမကောင်းဘူးလား "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က ခေါင်းခါ၍
" ငါ့ကိုအိမ်ပြန်ပို့ပေးပါ လရိပ် "
ဟု တောင်းဆိုလာသောကြောင့် နောက်ထပ်မေးခွန်းထပ်မမေးတော့ပဲ ခေါင်းညိတ်လိုက်ပြီး
" အင်း ..... ပြန်ကြမယ်လေ "
ဟူသော စကားကိုသာပြောလိုက်သည် ။
၁၀ ။
ထူးသစ်ပိုင်က အိမ်ပြန်ရန်ပြောလာသောကြောင့် လရိပ် ထူးသစ်ပိုင်နှင့်ဆေးရုံအပြင်ဘက်သို့ထွက်လာခဲ့သော်လည်း ဘောလုံးကန်ထားသည့်အပြင် စိုးလွင်ကိုဆေးရုံသို့ပို့ပေးထားရသဖြင့် တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသောထူးသစ်ပိုင်ကိုကြည့်ကာ မည်သည့်ကားအငှားသမားကမှကားငှားသည်ကိုလက်မခံ ။ ထို့ကြောင့် ထူးသစ်ပိုင်ကိုကြည့်လိုက်ပြီး
" ငါတို့လိုင်းကားပဲစီးရမယ်ထင်တယ် ထူးသစ်ပိုင် "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က ခေါင်းညိတ်၍
" ငါ့အနားမှာပဲရှိနေပေးမယ်မဟုတ်လား "
ဟု မေးလာသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထူးသစ်ပိုင်၏လက်မောင်းကို ဖွဖွဆုပ်ကိုင်ကာ ကားမှတ်တိုင်ဆီသို့ နှစ်ယောက်အတူထွက်လာခဲ့လိုက်သည် ။
⭕
၁ ။
ထူးသစ်ပိုင်က အိမ်သို့ပြန်သည့်လမ်းတစ်လျှောက်လုံးတွင် မည်သည့်စကားမှမဆိုပဲ မိမိလက်ကောက်ဝတ်ကိုသာ အားကိုးတကြီးနှင့်ဆုပ်ကိုင်ထားသောကြောင့် ထူးသစ်ပိုင်တွင် မိမိမသိသေးသည့်ပြသနာတစ်ခုခုရှိပေလိမ့်မည်ဖြစ်ကြောင်း လရိပ်တွက်ဆမိသည် ။
သို့သော် .....
မိမိတစ်သက်နှင့်တစ်ကိုယ်တွင် အခြားလူ၏အတွင်းရေးကိစ္စကိုမစပ်စုဖူးသလို မေးလည်းမမေးဖူးသောကြောင့် ထူးသစ်ပိုင်၏ပုံစံအတိုင်းပင် နှုတ်ဆိတ်၍ ထူးသစ်ပိုင်၏ဘေးမှလိုက်ပါလာခဲ့ရသည် ။
ဤသို့လိုက်လာခဲ့ရာ ထူးသစ်ပိုင်တို့အိမ်ရှေ့အထိပင်ရောက်လာပြီဖြစ်သောကြောင့် ထူးသစ်ပိုင်ကို
" အိမ်ပြန်ရောက်ပြီဆိုတော့ ငါဒီလောက်နဲ့ပဲအိမ်ပြန်လိုက်တော့မယ် "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင် မိမိစကားကိုပြန်မတုံ့ပြန်ရသေးခင်မှာပင်
" ဟော ..... သားတို့တောင်ပြန်လာပြီ ..... ကြီးလတ်က သားတို့ကိုစိတ်ပူနေတာ "
ဟူသော စကားနှင့်အတူ ထူးသစ်ပိုင်၏အဒေါ်က စာအုပ်ဆိုင်ထဲမှထွက်လာသည် ။ ထူးသစ်ပိုင်က အဒေါ်ဖြစ်သူကို တုံ့ပြန်စကားမဆိုပဲ အိမ်ထဲသို့အတင်းဝင်သွားသဖြင့် မိမိကပင်အားနာစွာနှင့်
" ဟို ..... ထူးသစ်ပိုင်ကအလုပ်ရှုပ်သွားလို့ စိတ်ရှုပ်နေတယ်ထင်တယ် "
ဟု ဖြေရှင်းစကားဆိုလိုက်သည် ။ ဤစကားကို ထူးသစ်ပိုင်၏အဒေါ်ဖြစ်သူကမတုံ့ပြန်သေးပဲ
" မကြီးကလည်း ကလေးကိုဘာဖြစ်လို့ဒီအတိုင်းပြန်လွှတ်လိုက်တာလဲမသိဘူး "
ဟု ရေရွတ်သည် ။ ပြီးမှ မိမိအား
" မောင်ထူးသစ်မှာ ဆေးရုံနဲ့ပတ်သတ်ပြီးမကောင်းတဲ့မှတ်ဥာဏ်တွေပဲရှိဖူးလို့ အခု ရုတ်တရက်သတိရပြီးဝမ်းနည်းသွားတယ်ထင်တယ် ..... ကြီးလတ်လိုက်သွားရင် ပိုစိတ်ထိခိုက်နေမှာစိုးလို့ လရိပ်လေးကပဲနှစ်သိမ့်ပေးဖို့ကြီးလတ်တောင်းဆိုပါတယ်ကွယ် ..... ကူညီပေးပါအုံး "
ဟု ပြောသည် ။ ထို့ကြောင့် အူလည်လည်နှင့် ခေါင်းညိတ်၍ ထူးသစ်ပိုင်၏အနောက်သို့လိုက်လာခဲ့လိုက်သည် ။
၂ ။
ခေါင်းကတရိပ်ရိပ်မူးကာ ပျို့အန်ချင်သလိုခံစားနေရသည့်ခံစားချက်ကို ထူးသစ် ဆေးရုံတွင်ရှိနေစဥ်ကမခံစားရပဲ အိမ်ပြန်ရောက်သောအခါမှခံစားရသောကြောင့် လရိပ်အေးနှင့်မိမိအားထွက်ကြိုသော အဒေါ်အလတ်ဖြစ်သူကိုပင် ဂရုမစိုက်နိုင်တော့ပဲ အိမ်ထဲသို့ပြေးဝင်လာပြီး မိမိအခန်းထဲမှရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။
အန်ချင်နေသည့်စိတ်က ကြီးစိုးနေသဖြင့် စိတ်ကိုလွှတ်ပေးလိုက်သော်လည်း သောက်ထားသည့်လက်ဖက်ရည်အနည်းငယ်ကသာပြန်အန်ထွက်လာသဖြင့် ရေချိုးခန်းကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည် ။ ထိုစဉ်
" ထူးသစ်ပိုင် "
ဟူသော ခေါ်သံနှင့်အတူ လရိပ်အေးက ရေချိုးခန်းထဲသို့ရောက်လာသည် ။ ဆောင့်ကြောင့်ထိုင်နေသောမိမိကိုတွေ့သောအခါ
" ဘယ်လိုဖြစ်တာလဲ ..... နေလို့မကောင်းဘူးလား ...... အန်ချင်လို့လား "
စသည့်မေးခွန်းများကို တရစပ်မေးသည် ။ လရိပ်အေး၏မေးခွန်းကို ပြန်မဖြေရသေးခင်မှာပင် ဒုတိယအကြိမ်အဖြစ် ရေများကပြန်အန်ထွက်လာသည် ။ လရိပ်အေးက အလိုက်တသိပင် ကျောကုန်းကိုဖိပေးသဖြင့်
" ကျေးဇူးပဲ လရိပ် "
ဟု ခပ်တိုးတိုးပြောလိုက်သည် ။
၃ ။
ထူးသစ်ပိုင်က အဖျားသွေးမရှိသော်ငြား သောက်ထားသည့်ရေများကိုပြန်အန်ထုတ်နေသဖြင့် လရိပ် ထူးသစ်ပိုင်ကို
" ကြည့်ရတာမင်းဖျားချင်နေပြီထင်တယ် ..... ရေချိုးခန်းထဲမှာအကြာကြီးမနေနဲ့ ..... အအေးမိလိမ့်မယ် "
ဟု ပြောကာ ရေချိုးခန်းထဲမှ ပြန်ခေါ်ထုတ်လာလိုက်သည် ။ ထူးသစ်ပိုင်က မငြင်းဆန်ပဲ လိုက်လာသောကြောင့်
" အဝတ်အစားအရင်လဲလိုက် ..... ပြီးရင် ဆေးသောက်ပြီးနားလိုက်တော့ "
ဟု ထပ်ပြောကာ ထူးသစ်ပိုင်ကို ကုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည် ။ ပြီးမှ ဗီရိုထဲမှ သက်တောင့်သက်သာဖြစ်မည့်အဝတ်အစားများကိုရွေးကာ ထူးသစ်ပိုင်ကိုပေးလိုက်ပြီး
" ဒါလဲဝတ်လိုက် "
ဟု ပြောလိုက်သည် ။ ယခုအချိန်အထိလည်း ထူးသစ်ပိုင်က တုတ်တုတ်မလှုပ်သောကြောင့် စိတ်မရှည်တော့ ။
" ငါလဲပေးရမှာလား "
ဟု မေးလိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်က ဒယိမ်းဒယိုင်နှင့်မတ်တပ်ထရပ်သောကြောင့် ထူးသစ်ပိုင်ကိုကျောခိုင်းလိုက်ပြီး
" ချောင်းမကြည့်မှာမို့လို့ ဒီမှာပဲလဲလိုက် "
ဟု ပြောလိုက်သည် ။
၄ ။
လေပြေ့ကိုပင်အသေးစိတ်ဂရုစိုက်မပေးဖူးသောလရိပ်တစ်ယောက် မည်သည့်ဘဝကဝဋ်ကြွေးများကြောင့် ထူးသစ်ပိုင်အဝတ်အစားလဲသည်ကိုကူညီပေးပြီး ထူးသစ်ပိုင်ကို အိပ်ရာထဲတွင်အကျအနနေရာချပေးနေမိသည်ကိုမသိသော်လည်း ထူးသစ်ပိုင်အား ဤသို့လုပ်ပေးရသည်ကိုစိတ်မညစ်ပဲ ကျေနပ်နေမိသည် ။ ထို့ကြောင့် အိပ်ရာထဲတွင်လှဲပြီး ရင်ဘတ်အထိစ
Unlock to read this premium article with 10 points.