ရွှေငါး
မှော်ပ်တစ်ခါက အပျင်းထူပြီး ဂျစ်ကန်ကန်နိုင်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
"မင်းကို ယဉ်ကျေးပြီး မိဘတွေ ဝိုင်းကူလာအောင် ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး" လို့ သူ့အမေက အမြဲညည်းတယ်။ ဒါပေမဲ့ ကောင်လေးက မသိချင်ယောင်ဆောင်ပြီး အပျင်းထူဆဲ မခန့်လေးစား နေဆဲပါပဲ။
သူ့အသက် ဆယ့်ခြောက်နှစ်ပြည့်တော့ သူ့မိဘတွေက ကောင်လေးကို ခေါ်ပြောတယ်။
"သား မင်းလည်း အရွယ်ရောက်ပြီ။ အိမ်မှာ ဆက်နေပြီး အပျင်းထူဖို့ မသင့်တော့ဘူး။ အပြင်လောကကို သွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်တော့"
ကောင်လေးက အလုပ်မလုပ်ချင်သေးဘူး။ ဒါပေမဲ့ သူ့ရဲ့ မခန့်လေးစားပုံစံအတိုင်း မိဘတွေကိုကြည့်ပြီး
"ရတယ်လေ။ မကျွေးချင်တော့လည်း သွားရုံပေါ့။ ကျွန်တော့်အတွက် မခက်လောက်ပါဘူး။ အဖေနဲ့ အမေ့ကိုတောင် ပြန်ကျွေးထားလိုက်ဦးမယ်" လို့ ပြောပြီး ထွက်လာခဲ့တယ်။
ဒီလိုနဲ့ ခြေဦးတည့်ရာသွားရင်း ရက်တွေကြာလာတယ်။ ဘာအလုပ်မှလည်း မယ်မယ်ရရ မလုပ်ရသေးဘူး။ ရောက်တဲ့အရပ်မှာ အလုပ်တောင်းပြီး လုပ်ကြည့်တော့လည်း သူက လက်ကျောမတင်းလို့ အလုပ်ရှင်တွေက သူ့ကို တစ်ရက်နဲ့ ဆက်မလုပ်ခိုင်းကြတော့ပြန်ဘူး။ အမေတို့ဆီက ယူလာတဲ့ ပိုက်ဆံလည်း ကုန်ပြီ။ ဗိုက်ကလည်း ဆာတော့ စိတ်လည်း ပိုတိုနေတယ်။ ဒီအတိုင်း အိမ်ကိုပြန်လို့လည်း မဖြစ်ဘူးလေ။
တစ်နေရာရောက်တော့ တံတားတစ်ခုကို သူဖြတ်ပြီး ဟိုဘက်ကမ်းကို သွားမလို့လုပ်တယ်။ တံတားက သိပ်ကျဉ်းတာ လူတစ်ယောက်လျှောက်စာပဲရှိတယ်။ သူ့ရှေ့မှာ မုတ်ဆိတ်ဖြူကြီးနဲ့ အဘိုးအိုတစ်ယောက်။ အဘိုးအိုကို ကျော်ပြီး သွားချင်ပေမဲ့ တစ်ယောက်စာပဲ သွားလို့ရတာမို့ နောက်ကပဲကပ်လိုက်နေရတော့ လိုရာကို မြန်မြန်မရောက်နိုင်ဘူးဖြစ်နေတယ်။
" ဒီနေ့ ဟိုဘက်ကို ကူးနိုင်ပါ့မလား မသိပါဘူးကွာ။ ကံကလည်း ဆိုးလိုက်တာ ဘယ်လိုနှေးကွေးတဲ့ အဘိုးကြီးနဲ့ မှ လာတိုးလဲ မသိပါဘူး" လို့ ညည်းလိုက်တယ်။ အဘိုးအိုက ကြားပြီး သူ့ကို ပြောတယ်။
" မောင်ရင့်ကြည့်ရတာ အလျင်လိုနေပုံပဲ။ အလုပ်ကိစ္စလား"
" အလုပ်ရှာရမှာဆိုတော့ အလုပ်ကိစ္စပဲ ဆိုပါတော့။ အလုပ်လုပ်မှ ထမင်းစားရမှာကိုး"
" ဒါဆို ငါ့အိမ်မှာ သန့်ရှင်းရေး လိုတယ်ဟေ့။ နေစားငြိမ်း တစ်ပတ်ကို ငွေဒင်္ဂါး တစ်ပြားကွာ"
ကောင်လေးလည်း တခြားအလုပ်မရှိတော့ အဘိုးအိုဆီမှာလုပ်ဖို့ သဘောတူပြီး လိုက်သွားလိုက်တယ်။
အဘိုးအိုရဲ့ အိမ်က သိပ်ကို ထူးဆန်းတာပဲ။ ဒီလောက်ကြီးပြီး ရှေးကျတဲ့အိမ်မျိုး သူမတွေ့ဖူးဘူး။ အဘိုးအိုက ကြောင်အိမ်လှေကားတွေနဲ့ တက်ရတဲ့ သူ့အိမ်ဆီ ရှေ့က ဦးဆောင်ခေါ်သွားတယ်။ အခန်းထဲမှာ အလှဆင်ထားတာတွေကလည်း ရှေးဟောင်း တန်ဖိုးကြီးပစ္စည်းတွေလိုပဲ။
" မင်း ဒီအိမ်ကို နေ့တိုင်း သန့်ရှင်းအောင် လုပ်ပေးရမယ်။ ဒါပေမဲ့..."
" ဒါပေမဲ့... ဘာဖြစ်လဲ"
" မင်း ငါ့အခန်းထဲကို လုံး၀ မဝင်ရဘူး"
ကောင်လေးလည်း သဘောတူလိုက်တယ်။ ဒါပေမဲ့ ဘာလို့ သူ့အခန်းထဲ မဝင်ခိုင်းရတာလဲဆိုတာ သိပ်သိချင်သွားတာပေါ့။
အပျင်းထူတဲ့ ကောင်လေးကတော့ အဘိုးအိုအိမ်မှာ သန့်ရှင်းရေးလုပ်နေရပြီလေ။ သူ သိပ်တော့ အပါးမခိုရဲဘူး။ အပြောအဆိုပြတ်သားတဲ့ အဘိုးအိုကို နည်းနည်းလန့်တာရော၊ တနေ့ ထမင်း သုံးနပ် ကောင်းကောင်းစားရတဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာ စိုးလို့ရောပေါ့။
တစ်နေ့တော့ အဘိုးအိုက ပြောလာတယ်။
" ငါ ဒီနေ့ အပြင်သွားမယ်။ ကြာမယ်။ မင်းကို ထပ်သတိပေးမယ်။ ငါ့အခန်းထဲ လုံးဝမဝင်နဲ့။ ဒါပဲ" တဲ့။
ကောင်လေးက ကတိပေးလိုက်တယ်။ ဒါပေမဲ့ အဘိုးအိုသွားပြီး မကြာပါဘူး။ သူ့ရဲ့ သိချင်စိတ်က သူ့ကို အနိုင်ယူသွားတယ်။ မဝင်ရဘူးပြောလေ ဝင်ချင်လေပဲကိုး။ အဘိုးအိုရဲ့ အခန်းကို အသာလေး ဖွင့်လိုက်တယ်။
" ကျွီ " တံခါးသံကြီးက ခါတိုင်းထက် ကျယ်နေတယ်။ အဘိုးအို ပြန်မလာခင် ဝင်ကြည့်ပြီး ဟန်မပျက်ပြန်နေမယ်လို့ စိတ်ကူးထားတယ်။ အခန်းထဲရောက်တော့ ပါးစပ်တောင် မပိတ်နိုင်အောင် အံ့သြသွားတယ်။
သူ့ဘာသာသူ ဆေးဖော်နေကြတဲ့ ရောင်စုံဖန်ပုလင်းတွေ၊ သူ့ဘာသာသူ လှည်းနေတဲ့ တံမြက်စည်းတွေ၊ အသက်ဝင်နေတယ်လို့ ထင်ရတဲ့ ပန်းချီကားတွေ အများကြီးပဲ။ အားလုံးထဲမှာမှ သူ့အာရုံကို ဖမ်းစားလိုက်တာကတော့ စားပွဲခုံပေါ်က အလင်းရောင်တွေ ထွက်နေတဲ့ စာအုပ်ပဲ။ သူက စာအုပ်ကို ဖတ်ကြည့်ပြီး တဖြည်းဖြည်းပြုံးလာတယ်။
"ငါ့မိဘတွေကို ငါ့အစွမ်းပြရတော့မယ့် အချိန်ပဲ" လို့ ရေရွတ်လိုက်တယ်။ ပြီးတော့ အဲဒီစာအုပ်ကို ယူပြီး အိမ်ရှိရာ အရပ်ဆီ ပြေးသွားလိုက်တော့တယ်။
တလမ်းလုံး အဘိုးအိုလိုက်လာလားလို့ သတိထားရင်းနဲ့ သူယူလာတဲ့ အဘိုးအိုရဲ့ မှော်စာအုပ်ထဲက မှော်ဂါထာတွေကို ကျက်မှတ်နေတယ်။ နောက်ဆုံး အိမ်ပြန်ရောက်လာပြီ။ အဖေနဲ့ အမေက
" မင်း အလုပ်မလုပ်ဘဲ ပြန်လာတာလား။ ငါတို့ အသက်ကြီးပြီ။ အလုပ်မလုပ်တဲ့မင်းကို ဆက်ကျွေးဖို့ မလွယ်ဘူးနော်" လို့ ပြောတယ်။
ကောင်လေးက အားရပါးရရယ်လိုက်တယ်။
"ဒီမှာ အဖေ။ နက်ဖြန် အိပ်ရာနိုးရင် ခြံထဲမှာ အမဲလိုက်ခွေးတစ်ကောင်တွေ့လိမ့်မယ်။ အဲဒါကို ဈေးမှာ ငွေဒင်္ဂါးဆယ်ပြားနဲ့ သွားရောင်းပြီး လိုတာသုံးပါ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ခွေးလည်ပတ်ကို ပြန်ယူလာဖို့ လုံးဝမမေ့ပါနဲ့"
ကောင်လေးအဖေလည်း သူ့သားကို မယုံပေမဲ့ အိပ်ရာနိုးတော့ တကယ့်အမဲလိုက်ခွေးတစ်ကောင် ခြံထဲ ရောက်နေတာတွေ့လို့ မှာထားတဲ့အတိုင်း သွားရောင်းလိုက်တယ်။
ကောင်လေးက နောက်ညကျတော့ ထပ်ပြောတယ်။
"အဖေ နက်ဖြန် အိပ်ရာနိုးရင် ခြံထဲမှာ နွားတစ်ကောင်တွေ့လိမ့်မယ်။ အဲဒါကို ဈေးမှာ ငွေဒင်္ဂါး တစ်ရာနဲ့ သွားရောင်းပြီး လိုတာသုံးပါ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ နွားနားရွက်က တံဆိပ်ကို ပြန်ယူလာဖို့ လုံးဝမမေ့ပါနဲ့"
ကောင်လေးအဖေလည်း အိပ်ရာနိုးတော့ နွားကောင်းနွားလှကြီးတစ်ကောင် ခြံထဲ ရောက်နေတာတွေ့လို့ မှာထားတဲ့အတိုင်း သွားရောင်းလိုက်တယ်။
ကောင်လေးက နောက်ညကျတော့ ထပ်ပြောတယ်။
"အဖေ နက်ဖြန် အိပ်ရာနိုးရင် ခြံထဲမှာ မြင်းတစ်ကောင်တွေ့လိမ့်မယ်။ အဲဒါကို ဈေးမှာ ငွေဒင်္ဂါး တစ်ထောင်နဲ့ သွားရောင်းပြီး လိုတာသုံးပါ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ မြင်းဇက်ကြိုးကို ပြန်ယူလာဖို့ လုံးဝမမေ့ပါနဲ့"
ကောင်လေးအဖေလည်း အိပ်ရာနိုးတော့ သိပ်လှပြီး ပြီးပြည့်စုံတဲ့ မြင်းကြီးတစ်ကောင် ခြံထဲ ရောက်နေတာတွေ့လို့ မှာထားတဲ့အတိုင်း သွားရောင်းလိုက်တယ်။
ဒီတစ်ခါ ဝယ်တဲ့လူက မြင်းဇက်ကြိုးကိုပါ လိုချင်တယ်။ ကောင်လေးအဖေက ငြင်းတယ်။ ဒါပေမဲ့ နောက်ထပ် ငွေဒင်္ဂါး တစ်ထောင်ထပ်ပေးမယ်ဆိုတော့ ကောင်လေးအဖေလည်း သဘောတူပြီး ရောင်းခဲ့မိတယ်။
ဝယ်တဲ့သူက ကောင်လေးရဲ့အလုပ်ရှင် အဘိုးအိုဖြစ်နေတယ်။ အဘိုးအိုက မြင်းဖိုးပေးပြီးတာနဲ့ မြင်းပေါ်တက်ပြီး တောထဲထွက်သွားတယ်။
"ဟိတ်ကောင်လေး မင်း မြင်းဟန်ဆောင်ထားတာ ငါမသိဘူးများထင်နေလား။ ငါ့မှော်ဂါထာစာအုပ်ကိုခိုးတဲ့ သူခိုး" လို့ မြင်းစီးနေရင်း ပြောလိုက်တယ်။
" မင်းကို အပြစ်ပေးတဲ့အနေနဲ့ မင်းကို မြင်းဘဝမှာပဲ ထားမယ်။ ဇက်ကြိုးလုံးဝမဖြုတ်ပေးဘူး"
ကောင်လေးလည်း ကျက်ထားတဲ့ ဂါထာတွေရွတ်ကြည့်ပေမဲ့ ဇက်ကြိုးမပြုတ်တဲ့အတွက် သူပြောင်းချင်တဲ့ တိရစ္ဆာန်အဖြစ် ပြောင်းလို့မရဘူးဖြစ်နေတာပေါ့။
ဒီလိုနဲ့ အဘိုးအိုက မြင်းဖြစ်နေတဲ့ကောင်လေးနဲ့ သွားလာရင်း ချောင်းတစ်ခုနားမှာ နားကြတယ်။ သူတရေးမှေးချင်လို့ အနားက လူတစ်ယောက်ကို ငွေပေးပြီး မြင်းကို ရေတိုက်ခိုင်း၊ ကြည့်ခိုင်းထားတယ်။ ဇက်ကြိုးကိုလည်း လုံးဝမလွှတ်ဖို့ မှာထားတယ်။
မြင်းဟာ ချောင်းစပ်မှာ ရေသောက်ရင်း ဇက်ကြိုးထိန်းထားတဲ့လူကို တိုးတိုးလေးပြောတယ်။
"ကြိုးလေး လွှတ်ပေးပါလားဗျာ။ နာလွန်းလို့ပါ" တဲ့။ မြင်းက လူစကားပြောလို့ မြင်းစောင့်ခိုင်းထားတဲ့လူလည်း လန့်ပြီး လွှတ်ပေးလိုက်မိတယ်။ အဲဒါနဲ့ ကောင်လေးဟာ ဂါထာသုံးပြီး ခိုဖြူလေးအဖြစ် ပြောင်းပြီး ပျံပြေးသွားပါတော့တယ်။
"ငါ ဒီလောက် မြင်းဘဝနဲ့ထားတာတောင် ဒီကောင်လေး နောင်တမရသေးဘူးပဲ" ဆိုပြီး အဘိုးအိုဟာ လင်းတငှက်ကြီးအဖြစ်ပြောင်းပြီး လိုက်ပြန်ပါရော။
ကောင်လေးက ကြောက်ကြောက်နဲ့ ပျံပြေးရင်း နန်းတော်ဥယျာဉ်ဘက်ရောက်သွားတယ်။ မင်းသမီးလေးက ခိုဖြူလေးကိုမြင်လို့ ဖမ်းခိုင်းပြီး လှောင်အိမ်ထဲမှာ အလှထားထားပါလေရော။
ခိုဖြူလေးဘဝနဲ့ ကောင်လေးဟာ လှောင်အိမ်ကျဉ်းကျဉ်းထဲမှာ အစေ့အဆံလောက်စားပြီး အိမ်ပြန်ချင်လာတယ်။ လွတ်လပ်ချင်လာတယ်။ မင်းသမီးလေးလစ်တာနဲ့ လက်သည်းနဲ့လာကုတ်လေ့ရှိတဲ့ ကြောင်ကြီးရဲ့ ရန်ကလည်း လွတ်ချင်ပြီ။
နေ့တိုင်း ခိုဖြူလေးအဖြစ် လှောင်အိမ်ကျဉ်လေးထဲမှာနေရင်း သူ့ကိုယ်သူဆင်ခြင်ကြည့်မိတော့ သူအလုပ်လုပ်ရမှာ အပျင်းထူမိကြောင်း၊ အဘိုးအိုရဲ့ စာအုပ်ကို ခိုးမိကြောင်း၊ မိဘတွေကို ရိုးရိုးသားသားရှာမကျွေးဘဲ မှော်ဂါထာအားကိုးနဲ့ အချောင်ရဖို့ ကြံမိကြောင်းတွေ နောင်တရလာတယ်။ ဒါ့ကြောင်း ခဏခဏ ညည်းနေမိတော့တယ်။
ခိုညည်းသံကိုကြားလို့ ကောင်လေးနောင်တရကြောင်း သိတဲ့ အဘိုးအိုရောက်လာပြီး ကောင်လေးကို နောင် သူများပစ္စည်းမခိုးဖို့နဲ့ အချောင်မလိုချင်ဖို့ ကတိတောင်းတယ်။ ကတိမတည်ရင် ခုလို ခိုဘဝမှာ တသက်လုံးနေရမယ်လို့လည်းပြောရော ကောင်လေးက
" နောင် သူတပါးပစ္စည်းလည်း မခိုးတော့ပါဘူး။ အပျင်းလည်းမထူ အချောင်လည်း လိုချင်တော့ပါဘူး။ သားလိမ္မာလေး လုပ်ပါ့မယ်" လို့ ကတိပေးလိုက်တော့မှ လူအဖြစ် ပြန်ပြောင်းပေးလိုက်တော့တယ်။
အဲဒီနေ့ကစပြီး တကယ်လည်း ကောင်လေးဟာ ဂါထာတွေကို ဘယ်တော့မှ အသုံးမချတော့ပဲ ကိုယ်တိုင် တကယ်ကြိုးစားတဲ့ လူတစ်ယောက် မိဘတွေ အားကိုးရတဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်သွားပါတော့တယ်တဲ့ကွယ်။
Keep Reading