Author's Profile Photo

ပြာလဲ့ရီဝေ

16/04/2025

မြန်မြန် ပိတောက်ဦး ထပ်ဖူးပါစေ

4 mins read
Novel
Fiction
Entertainment
မြန်မြန် ပိတောက်ဦး ထပ်ဖူးပါစေ's photo

၁။
"သင်္ကြန်လေညင်းလုလင်.... မြူးရွှင်တော့လေ ...
ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ ....."

ပျံ့လွှင့်လာသော သီချင်းသံကို နားဆင်ရင်း ရင်တွင်း၌ မငြိမ်မသက်လှုပ်ရှားနေသည်။ သည်သီချင်းတွေသည် သည်အချိန် သည်အခါ သည်အတာမှာ နှလုံးသားထဲကို စိမ့်စိမ့်လူးဝင်ရင်း အကြောင်းရင်းမရှိပင် လူကို မြူးရွှင်လှုပ်ခါစေစွမ်းသည်။ အကြောင်းရင်းအခံသာ ရှိလျှင်တော့ဖြင့်....။


၂၀၁၁ ခုနှစ်၊ မဟာသင်္ကြန်။

ကလေးငယ်တစ်သိုက် စည်ပိုင်းထဲမှ ရေကို အလျင်စလို ခပ်၊ ဖြတ်သန်းသွားသော သူတိုင်းကို အလွတ်မရှိစေရန် အပြေးပက်ဖြင့် ကလေးတွေရဲ့ မျက်နှာတစ်ဝိုင်းတွင် ပြုံးရွှင်မြူးနေကြသည်။ ပိတောက်ရိပ်အောက်မှ သူတို့လေးတွေကို လှမ်းကြည့်ရင်း အပျော်များ ကူးစက်ခံစားနေရသည်။ ဆိုင်ကယ်ရပ်သံကြားမှ ဖျတ်ခနဲ လှည့်ကြည့်ရာ ကျွန်မ ရင်ထဲတွင် ထိတ်ခနဲ တစ်ချက်ပြင်းပြင်း ခုန်လိုက်၏။ သူ...သူ...ဘယ်ကိစ္စဖြင့် ဒီကို ရောက်လာပါလိမ့်။ ကျွန်မက အံ့ဩစွာ မင်ကြည့်နေရင်းပင် သူသည် ကျွန်မအနီးသို့ တဖြည်းဖြည်း ရွေ့လာသည်။ မလှမ်းမကမ်းရောက်သော် သူသည် ခပ်ပြုံးပြုံးလေးဖြင့် သူ့လက်ထဲမှ အရာတွေကို ခဏ ငုံ့ကြည့်လိုက်သေးသည်။ ဟုတ်ပါ့။ ပိတောက်ပန်းတွေ သူ လက်ထဲတွင်။ အံ့ဩနေသဖြင့် ကျွန်မ သတိမထားမိခဲ့။ အံ့ဩရင်းပင် ကျွန်မ သူ့ကို နှုတ်ဆက်ပြုံး ပြန်ပြုံးပြလိုက်သည်။ ကျွန်မ ဘေးသို့ ရောက်ပြီး‌နောက် ခဏလေး သူ ကြည်နူးစွာ ပြုံးနေသည်။ ထို့နောက် ပိတောက်ပန်းခက်တွေ ကျွန်မကို ကမ်းပေးသည်။ ကျွန်မကလည်း အလိုက်သင့် လက်ခံယူလိုက်သည်။
"ပိတောက်ဦးကို အချစ်ဦးကို လာပေးတာပါ မော်"
နောက်တစ်ချက် ရင်ထဲ ဒိတ်ခနဲ ခုန်ကာ သူ့ကို ငဲ့ကြည့်မိသည်။
"အို...ကိုသစ္စာရယ်"
ကျွန်မစိတ်ထဲတွင် ရေရွတ်မိသည်။ လွန်ခဲ့သော သုံးလက ကျွန်မကို သူ ဖွင့်ပြောခဲ့သည်။
"အချစ်ရေး ကိစ္စကို ကျွန်မ မစဉ်းစားချင်သေးပါဘူး ကိုသစ္စာ"
"အချစ်ရေးကို မစဉ်းချင်တာဆိုတော့ ကျွန်တော့်ကို မစဉ်းစားနိုင်တဲ့ သဘောမပါဘူးပေါ့နော်"
ထိုစဉ်က ကျွန်မက ခေါင်းခါ ခေါင်းညိတ် မပြုခဲ့ပေ။ အမှန်တကယ်လည်း ကိုသစ္စာသည် အချစ်ရေးကို ကျွန်မ စဉ်းစားလျှင် တစ်ရေးတစ်ယူ ထည့်သွင်းစဉ်းစားမည့် သူ တစ်ယောက်ဖြစ်ခြင်းကို ဝန်ခံရလေမည်။ အခုပဲကြည့်လေ၊ သူ့မြို့မှ ကျွန်မနေထိုင်ရာမြို့သို့ တကူးတက လာရောက်၍ ပိတောက်ဦးကို ပေးသည်တဲ့။ အချစ်ဦးကို ပေးသည်တဲ့။

"ပိတောက်ဦးကို အချစ်ဦးသို့ ပေးတယ်ဆိုတော့ ပိတောက်နှောင်းတွေကို ချစ်ဖူးသူတွေကို ပေးမှာပေါ့နော်"
ရယ်သံနှောရင်း ကျွန်မကပြောသောအခါ သူကလည်း ခပ်တိုးတိုးရယ်သည်။

"ချစ်ဖူးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါဘူး မော်၊ အချစ်ဦးကိုသာ ချစ်နေဆဲ ချစ်နေလျက်ပဲ မော်"

ကျွန်မက လက်ထဲမှ ပိတောက်ပန်းခက်ထဲမှ အရွက်စိမ်းတွေကို နားထောင်ရင်း ခြွေနေမိသည်။

"ကံမခိုင် အကြောင်းမဆိုင်လို့ အချစ်ဦးနဲ့ လွဲခဲ့ရင်တော့ အချစ်ဦးကို ချစ်ဖူးသူအဖြစ် အတိတ်ဆန်ဆန် လွမ်းကြရတော့မှာပေါ့၊ ကိုသစ္စာတော့ ကံလည်း ခိုင်ချင်တယ်၊ အကြောင်းလည်း ဆိုင်ချင်တယ် မော်၊ ဘယ့်နှယ့်လဲ"
သူသည် ကျွန်မ မျက်နှာဆီသို့ လှည့်ကြည့်လာသဖြင့် မျက်လွှာချ၍ ရှောင်လိုက်သည်။ မသိမသာ ပင့်သက်ရှိုက်ရင်း
"မော် မသေချာသေးဘူး ကိုသစ္စာ" ဟု ပြောသောအခါ
"ဟုတ်ကဲ့ပါ မော်" ဟု သူက အေးဆေးစွာပင် ဖြေသည်။
ကျွန်မကသာ စကားစ ထပ်ရှာရင်း သူ့ကို မျက်လုံးကလေးပင့်ကြည့်ကာ မေးလိုက်သည်။
"ဒီပိတောက်ပန်း ပန်လို့ရပါတယ်နော်"

သူက ရယ်ရင်း ဖြေသည်။
"ပန်ပါ မော်၊ ပန်စေချင်လို့ ခူးပေးတာ‌ပဲ"

ထိုအဖြေကြားမှ ကျွန်မစိတ် ပြေပေါ့သွားကာ နောက်မှ ဆံပင်ကို ရှေ့ဘက်သို့ ဆွဲယူချ၍ ခေါင်းစီးကွင်းထဲသို့ ပိတောက်ခက်လေးများ ထိုးပန်ဆင်လိုက်၏။ ပိတောက်ဝါများသည် အနက်ရောင် ဆံပင်များနှင့်အတူ အလှဆင့်ကြတော့၏။


၂။
၂၀၁၄ ခုနှစ်၊ မဟာသင်္ကြန်

မနက်က ဟိုဘက်လမ်းမှ အန်တီအေးတို့က သူတို့ အိမ်မှ ပိတောက်ပင်ကြီး ပွင့်သောကြောင့် အနီးအနားအိမ်များကို ပန်းတွေ မျှဝေပေးရာ ကျွန်မတို့အိမ်သို့လည်း ရောက်၏။ ထိုပိတောက်တွေကြည့်ရင်း ကိုသစ္စာဟူသော အတွေးက တရိပ်ရိပ် စိုးမိုးနေသည်။ သည်နှစ်ရော သူလာဦးမည်လား။ လွန်ခဲ့သော နှစ်နှစ်စလုံး သူ ရောက်ဖြစ်အောင် ရောက်လာခဲ့သည်။ နှစ်နှစ်စလုံး၌ "ပိတောက်ဦးကို အချစ်ဦးသို့ ပေးတာပါ" ဟူသော စကားကို ပြောမြဲပြောသည်။
"ဒီပန်းကိုတော့ ပန်လို့ရပါတယ်နော်"
"ပန်ပါ‌ မော်၊ ပန်ပါ၊ ပန်စေချင်လို့ ခူးခဲ့တာပါဆို"
ဤအမေးနှင့် အားနာစွာ ဆုတ်ဆိုင်းရင်း ဤအဖြေနှင့်ပင် သူကလည်း ဇွဲကောင်းမြဲ။ ရုံးမှာ အတူ အလုပ်လုပ်ကြသည့်အခါ သူ့အချစ်ရိပ် မပြယ်ကြောင်းကို ဖော်ပြတတ်သည်။ ထမင်းစားနားချိန်များတွင် ကျွန်မတို့နဲ့ ထမင်းအတူစားဖို့ ဂရုတစိုက် လာစောင့်သည်။ တချို့ သူငယ်ချင်းများက ကျွန်မက အဖြေပေးပြီးပြီဟုပင် ထင်မိကြသည်။ အဖြေပြောင်းနိုး စောင့်ဆိုင်းနေသည့် သူ့အကြည့်များကို တစ်ချက် တစ်ချက် သနားစိတ်ဖြစ်မိရ‌သည်။ ဤနှစ်ရော သူ ရောက်လာဦးမည်လား။ သုံးနှစ်သုံးမိုး ပြီးသည့်နောက်တော့ သူ ဒီပိတောက်ကို လက်လျှော့တော့မည်ဟု ထင်မိသည်။ မျက်မှောင်ကုတ်ရင်း အတွေးထူနေစဉ် ဝူးခနဲ ဆိုင်ကယ်သံ ကြားလိုက်ရသည်။ ကျွန်မ ဝမ်းသာစိတ်ဖြင့် လှည့်ကြည့်ရာ သူ ပိတောက်ခက်တွေ ပွေ့လျက် ကျွန်မဆီ ပြေးလာနေ၏။ ပြီးမှ သတိဝင်ကာ ပင့်သက်ရှိုက်မိသည်။
နာမည်နှင့် လိုက်အောင် ဘာလို့များ သစ္စာခိုင်နေရသလဲ။ သူကမ်းပေးသော ပိတောက်ပန်းများကို မကြွေစေဘဲ ဆော့ကစားထိတို့နေမိရင်း ပြောရခက်နေ၏။

"ပန်ပါ မော်၊ ပန်ပါ၊ ပန်စေချင်လို့ ခူးပေးတာပါဆို၊ နောက်နှစ်လည်း ကိုသစ္စာ လာပေးနေဦးမှာပဲ"

မော့အကြည့်တွင် သူ့ မျက်လုံးနှင့်ဆုံသည်။ မလွှဲပစ်မိဘဲ ဆက်ငေးကြည့်နေမိသည်။ ပင့်သက်အချနှင့်အတူ ကျွန်မကသာ အရင် မျက်နှာလွှဲလိုက်မိသည်။ ပိတောက် တစ်ခက်ကိုတော့ ‌ဦးခေါင်းမှာ ပန်ဆင်လိုက်၏။

၃။
၂၀၁၅ ခုနှစ်၊ မဟာသင်္ကြန်။

ပိတောက်ပင်ကြီးသည် ပိတောက်ပွင့်တို့ဖြင့် ရွှေရည်လူးကာ မြစိမ်းရွက်ခြယ်နေသဖြင့် ဝင်းသထက်ဝင်း တင့်သထက် တင့်နေသည်။ မနက်က ‌ကလေးများ လာရောက် ဆွတ်ချူသွားကြသဖြင့် မြေပြင်ပေါ်တွင် ပွင့်ရွှေဝါဖတ်တို့ ခပ်ကြဲကြဲ ပြန့်လူးကာ အလှဆင်ထားကြသည်။ အပင်အောက်မှာ ရပ်ရင်း ကိုသစ္စာကို ကျွန်မ မျှော်နေသည်။ သည်နှစ်သင်္ကြန်တော့ ကျွန်မ သေချာ စိတ်ပိုင်းဖြတ်ပြီးပြီ။ မေမေနဲ့ ကျွန်မရဲ့ကြားမှာ ကိုသစ္စာရဲ့ မေတ္တာနဲ့သစ္စာတွေဟာ အလှည့်စားခံနေရသလို ဖြစ်နေသည်။ သူ့အတွက် ကျွန်မ ပြတ်ပြတ်သားသား ပြောမှသာ သူ့ မေတ္တာကို လေးစားရာ ရောက်မည်။ မေတ္တာကို ပြန်မပေးနိုင်ဘဲ မေတ္တာ မက်မောနေမိခြင်းသည် တရားမျှတမှု မရှိ။ ထို့ကြောင့် သည်ကနေ့ ကိုသစ္စာကို အပြတ်ပြောရန် ကျွန်မ စိတ်အားတင်းကာ မျှော်‌နေသည်။ ဟော... လာပြီ။ ကျွန်မက ကြိုတင် ပြုံးနှုတ်ဆက်လိုက်သည်။ သူကလည်း ပုံမှန်အတိုင်း ခပ်အေးအေး ပြုံးရင်း ပိတောက်ခက်တွေနဲ့ လျှောက်လာသည်။ သူ အနီးသို့ တိုးတိုးလာတိုင်း ကျွန်မအပြုံးကလည်း ဝမ်းနည်းလာသလို သူ့ အပြုံးသည်လည်း ပြယ်ပြယ်လျော့လာသည်။ ကျွန်မ၏ ခေါင်းနောက်ဘက်တွင် အပြည့်ပန်ဆင်ထားနှင့်သော ပိတောက်ပန်းတို့မှ ပိတောက်ပန်းတချို့သည် ဘေးသို့ကားထွက် အရိပ်ပြနေသောကြောင့် သူ ကြိုတင်သိရှိသွားလေပြီ။ ကျွန်မဘေးသို့ ရောက်၍ ရပ်နေသည့်တိုင် သူ့လက်ထဲမှ ပိတောက်ပန်းတို့ကို ကမ်းမပေးတော့။ ကျွန်မပြောစရာမလိုဘဲနှင့်ကို သူ သိသွားပါပြီ။

"ပိတောက်ပန်းတွေ မပေးတော့ဘူးလား ကိုသစ္စာ"
သူက အဖြေမပေး။ မျက်နှာရိပ်သာ ညှိုးရိပ်ဆင်နေသည်။

"ချစ်ခဲ့ဖူးသူတစ်ယောက်အဖြစ်နဲ့ကို မပေးနိုင်တော့ဘူးလား ကိုသစ္စာ"

သူက သူ့ လက်ထဲမှ ပိတောက်ပန်းတွေကိုသာ ကြည့်နေသည်။ ကြည့်ရင်း ငေးငေးတွေးတွေး ပြန်ပြောသည်။

" ချစ်ခဲ့ဖူးသူတစ်ဦးလို့ အတိတ်ဆန်ဆန် ပြောဖို့က နောက်ထပ် ပိတောက်ဦး ထပ်ဖူးမှပါ မော်။ ကိုယ့်ရဲ့ ပိတောက်ဦးဟာ တစ်ဦးတစ်ယောက်အတွက် ကံကောင်းလှစွာ ထပ်များ ဖူးခဲ့မယ်ဆိုရင်တော့ မော့်ကို ချစ်ခဲ့ဖူးသူအဖြစ် ပိတောက်တွေ လာပေးလှည့်ပါ့မယ်။ သည့်မတိုင်ခင်တော့ မော့်အတွက် ဖူးမြဲဖူးနေတဲ့ ကိုယ့်ပိတောက်ဦးကို ရင်မှာပဲ ပျိုးပြီး ညိုးခွင့်ပေးပါရစေ"

"မော်...‌မော်... အားနာပါတယ် ကိုသစ္စာ"

"ပြန်ပါဦးမယ် မော်"
ကိုသစ္စာသည် ပိတောက်ပန်းများကို ပွေ့ပိုက်ရင်း နှုတ်ဆက်ကာ တစ်လှမ်းချင်း ကျွန်မကို ကျောပေးထွက်ခွာသွားတော့သည်။

"နောက်ထပ် ပိ‌တောက်ဦး မြန်မြန် ထပ်ဖူးနိုင်ပါစေ ကိုသစ္စာ"
ကျွန်မက လှမ်းအော်လိုက်သည်။ သူ လေးတွဲစွာ ပြန်လှည့်ကြည့်ပြီး နားမလည်နိုင်သော အပြုံး‌ကို ပြုံးပြသည်။

" ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောမထွက်နိုင်တဲ့ ဆုတောင်းစကားကိုမှ ပြောရက်တယ် မော်ရယ်"
သူ ဆက်ပြီး တစ်လှမ်းချင်း ထွက်ခွာသွားတော့သည်။

ကျွန်မ ရင်ထဲတွင် ‌ဝေဒနာတစ်မျိုး ခံစားလိုက်ရသည်။
"မြန်မြန် ပိတောက်ဦး ထပ်ဖူးပါစေ ကိုသစ္စာ"
"မြန်မြန် ပိတောက်ဦး ထပ်ဖူးပါစေ ကိုသစ္စာ"
ကိုသစ္စာအတွက် ရင်ထဲတွင် ထပ်ခါ ထပ်ခါ ဆုတောင်းနေမိရင်း ရင်ထဲတွင် ပူပြင်းလာ၏။ ကိုသစ္စာသည် ပို၍ ပို၍ ဝေးသွားသည်။ ရင်ထဲတွင် ပလုံးပထွေးနှင့် ရှုပ်ထွေးပြည့်တင်းလာသည်။ မွန်းကျပ်စွာဖြင့် ခေါင်းကို ခါခါယမ်း၍
"မေမေ သမီး တောင်းပန်ပါတယ်" ဟု ရေရွတ်ကာ ခေါင်းမှ ပိတောက်ပန်းများကို ဆွဲဖြုတ်ပစ်ချလိုက်သည်။

"ကိုသစ္စာ" ဟု အားကုန် အော်ခေါ်ရင်း ‌ပြေးသွားလိုက်သည်။ သူက လှည့်အကြည့်တွင် ပုခုံးနှင့်ခါးကို သိုင်း၍ ပွေ့ဖက်ပစ်လိုက်၏။ မြင်လိုက်ရသော သူ့အပြုံး လျှပ်တပြတ်နှင့်အတူ ပိတောက်ရနံ့ သင်းသင်းတို့သည် ရင်တစ်ခုလုံးသို့ နူးညံ့စွာ ပြည့်မိုးအေးငြိမ်းသွားတော့၏။

ပိ‌တောက်ဖူး‌တွေ ပွင့်ပါလေ။ ပိတောက်ဦးတွေ ပျော်ပါစေ။

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"