Author's Profile Photo

ရွှေငါး

16/04/2025

မသန်စွမ်းကလေးဘဝကနေ အိုလံပစ်အပြေးချန်ပီယံဖြစ်လာသူ

3 mins read
Education
Entertainment
Motivation
မသန်စွမ်းကလေးဘဝကနေ အိုလံပစ်အပြေးချန်ပီယံဖြစ်လာသူ's photo

ဝေလ်မာဟာ သိပ်ကို တက်ကြွတဲ့ ကလေးမလေး။ အမြဲ အပြင်ထွက်ဆော့ချင်နေတာ။ ဒါပေမဲ့ ပြဿနာက သူက အမြဲ ချူချာနေတာပဲ။ မွေးကတည်းက ကိုယ်ပူတယ်။ ချောင်းဆိုးတယ်။ နှာစေးတယ်။ အစက်အပြောက်တွေ ထွက်တယ်။ သူ့ကလေးဘဝက နေမကောင်းနေတာပဲ များတယ်။

အဆုတ်ရောင်၊ ကြက်ညှာချောင်းဆိုး ဝက်သက်၊ ရေကျောက် ရောဂါတစ်ခုမဟုတ်တစ်ခုနဲ့ ဆေးရုံချည်း တက်နေရရှာတယ်။ နေမကောင်းတာသာ အားကစားတစ်ခုဆိုရင် ဝေလ်မာဟာ ချန်ပီယံဖြစ်မှာပဲ။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

သူ့အသက် ငါးနှစ်မှာ ပိုလီယိုရောဂါဖြစ်ပြန်တယ်။ အဲဒီတုန်းက ကာကွယ်ဆေးလည်း မပေါ်သေးဘူး။ အပြင်ထွက်ကစားချင်တဲ့ ဝေလ်မာလေးတစ်ယောက် ပိုလီယိုရောဂါကြောင့် ခြေထောက်လေးတွေ မသန်စွမ်းဖြစ်သွားပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။

သူများတွေ မူကြိုကျောင်းတက်ကြပြီး ပညာသင်နေကြချိန်မှာ ဝေလ်မာက အိမ်မှာ လမ်းလျှောက်ပြန်သင်နေရတယ်လေ။ သူများကလေးတွေ ကျောင်းသွားကြ ကစားကြတာမြင်ရင် ဝေလ်မာသိပ်ဝမ်းနည်းတာပဲ။

ကံကောင်းချင်တော့ ဝေလ်မာမှာ ညီအကို မောင်နှမက နှစ်ဆယ့်တစ်ယောက်တောင်ရှိတယ်။ သူတို့ထဲက တစ်ယောက်မဟုတ် တစ်ယောက်က ဝေလ်မာနဲ့ ကစားပေးကြတယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဝေလ်မာ့မိဘတွေက သူ့ကို အိမ်မှာပဲ စာလေ့လာစေတယ်။ ဆရာမတွေ ခေါ်သင်ပေးတယ်။ ပုံလေးတွေပါတဲ့ စာအုပ်တွေ ဖတ်ရတယ်။ သူအကြိုက်ဆုံးစာအုပ်လေးက အပြေးသမားလေးတစ်ယောက်အကြောင်းပါ။ သူလည်း တစ်နေ့နေ့ကျရင် အဲဒီအပြေးသမားလေးလို ဖြစ်ချင်လိုက်တာ။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

တစ်ပတ်ကို နှစ်ကြိမ် မိုင်ငါးဆယ် ဘတ်စ်ကားစီးရတဲ့ မက်ဟယ်ရီဆေးကောလိပ်ဆိုတဲ့ နေရာဆီ ဝေလ်မာက သူ့အမေနဲ့ သွားရလေ့ရှိတယ်။ သူတို့ ကလာ့စ်ဗေးလ်မြို့ကဆရာဝန်တွေက သူတို့လို အသားရောင်နဲ့ လူတွေကို ဆေးမကုပေးတာမို့ ဒီအထိ လာရတာလေ။ ဒါ မတရားဘူး။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ခုဆေးကောလိပ်က ကြင်နာတတ်တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေက ဝေလ်မာရဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာဖို့ လေ့ကျင့်ခန်းတွေ သေချာလုပ်ပေးကြတယ်။ ဝေလ်မာခြေထောက်ကို သံထောက်တပ်ပေးတယ်။ အဲဒီသံထောက်ကြောင့် ဝေလ်မာ ကိုယ့်ဘာကိုယ်လမ်းလျှောက်လို့ရတယ်။ အခြားကလေးတွေလို ကျောင်းသွားနိုင်ပြီ။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဒါပေမဲ့ သံထောက်ကြီးက သက်တောင့်သက်သာမဖြစ်ဘူး။ လေးလည်းလေးတယ်။
"တခြားသူငယ်ချင်းတွေက သမီးကို ဘာတွေပြောကြမလဲ မသိဘူးနော် မေမေ" လို့ ဝေလ်မာက သူ့အမေကို မေးမိတယ်။
"သမီး သူများတွေနဲ့ ကွဲထွက်ပြီး မထူးခြားနေချင်ဘူး" တဲ့။

"သမီး ဒါကြီးကို တသက်လုံး မဝတ်ရပါဘူး သမီးရဲ့။ သမီးသာ လေ့ကျင့်ခန်းတွေကို ဆရာမတွေ စကားသေချာနားထောင်ပြီးသာလုပ်။ ဒါဆို ခြေထောက်တွေ ပြန်သန်မာလာမှာ" လို့ ဝေလ်မာ့မေမေက အားပေးတယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

မေမေ့စကားကို နားထောင်ပြီး ဝေလ်မာက ပြန်လည်သန်စွမ်းမယ့် လေ့ကျင့်ခန်းတွေ သေချာလုပ်ဖြစ်တယ်။ လေ့ကျင့်ခန်းတွေလုပ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဝေလ်မာက ဒီသံထောက်တွေ မပါဘဲ ကျောင်းသွားတက်ချင်တယ်လေ။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဝေလ်မာ့ကြိုးစားမှုက အရာထင်လာပါပြီ။ သူ့အသက် ဆယ့်နှစ်နှစ်မှာ ဆရာဝန်တွေက ဝေလ်မာဟာ သံထောက်မလိုဘဲ လမ်းလျှောက်နိုင်ပြီလို့ ဆုံးဖြတ်လိုက်ကြတယ်။

သံထောက်ကြီးဖြုတ်ပြီး ပထမဆုံး လမ်းလျှောက်ရတဲ့ ခံစားချက်ကလေ သိပ်ကို လွတ်လပ်ပြီး ကျန်းမာသွားသလို ခံစားရတယ်။ ဒီလို ပျော်ရွှင်တဲ့ခံစားချက်မျိုးကို ဝေလ်မာ့ဘဝမှာ ပထမဆုံးရဖူးတာပဲ။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဝေလ်မာ ပြောင်းလဲလာတာကို လူတွေသတိထားမိလာကြတယ်။ သူက သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ရမှာလည်း အရင်သံထောက်တပ်ထားတုန်းကလို ရှက်ကြောက်မနေတော့ဘူး။ မလုပ်ဖူးတာတွေ စမ်းလုပ်ကြည့်ဖို့လည်း ယုံကြည်ချက်ရှိလာတယ်။

ဝေလ်မာက ကျောင်းရဲ့ ဘက်စကတ်ဘောအသင်းထဲတောင် ဝင်လိုက်သေးတယ်။ သူက ကျောင်းကို ပြေးပြီးလာတယ်။ အိမ်ကို ပြေးပြီးပြန်တယ်။ ကျောင်းနေ့လည်စာစားချိန်မှာလည်း ကျောင်းအားကစားကွင်းထဲ ပတ်ပြေးနေလေ့ရှိတယ်။ သူအားကုန်ပြေးနိုင်နေတဲ့အချိန်တွေဟာ သူ့အတွက် အပျော်ဆုံးအချိန်တွေပဲ။ ဝေလ်မာအပြေးကောင်းတာ သတိထားမိသွားကြတော့ ကျောင်းကိုယ်စားပြုပြီး အပြေးပြိုင်ခွင့်ရခဲ့တယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ပထမတော့ ဝေလ်မာက အနိုင်အရှုံးတွေ စိတ်မဝင်စားဘူး။ သူပြေးနေရရင်ကို ကျေနပ်နေပြီ။ ပြေးရင်း ပြေးရင်း ဝေလ်မာက ပိုပိုပြီး သန်မာလာ၊ ပိုပိုပြီး အပြေးမြန်လာတော့ သူက သူ့ကိုယ်သူ ဘယ်လောက်ပြေးနိုင်လဲဆိုတာ စမ်းသပ်ချင်လာပြီး အပြေးပြိုင်ပွဲတွေမှာ ဆုတွေရဖို့ အားထုတ်တော့တယ်။

ဝေလ်မာလေး အပြေးသန်တာ လူတွေ သတိထားမိလာကြတယ်။ တန်နစီးပြည်နယ်တက္ကသိုလ်အသင်း တိုက်ဂါးဘယ်လေစ်ဆိုတဲ့အသင်းနည်းပြ အက်ဒ်တန်ပယ်က ဆယ့်လေးနှစ်သမီး ဝေလ်မာလေးရဲ့ အရည်အချင်းကို တွေ့သွားတယ်။ ပြီးတော့ အသင်းရဲ့ နွေရာသီလေ့ကျင့်ရေးဆီ လာလေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အခြားအသင်းသားတွေနဲ့အတူ လေ့ကျင့်ပေးခဲ့တယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

"အသက်ကို လွတ်လွတ်လပ်လပ်ရှူထုတ်။ ပုံမှန်အတိုင်း အေးဆေးရှူ၊ ခြေတွေလက်တွေကို တောင်ပံလေးလို ပေ့ါ့ပါးတယ်လို့ တွေး" လို့ အော်ဟစ်ပြောပေးတယ်။ ဝေလ်မာက နည်းပြရဲ့လမ်းစဉ်ကို အထင်ကြီးလေးစားတယ်။ သေချာလိုက်နာတယ်။ အသင်းနဲ့ တသားတည်းဖြစ်လာတယ်။ ပြေးရတာ မြေကြီးနဲ့ မထိသလိုတောင် ခံစားရတယ်။

လေ့ကျင့်ရေးပြီးတော့ နည်းပြက သူ့ကို သဘက်လှမ်းပေးရင်းနဲ့ အားပါးတရပြုံးရင်းပြောတယ်။
"ငါတို့ ဒီထက် ပိုပြေးကြည့်ရအောင်" တဲ့။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဝေလ်မာလေး ဘာဆက်ဖြစ်သွားလဲ

ဝေလ်မာရူးဒေါ့ဟာ အထက်တန်းကျောင်းတက်နေရင်းနဲ့တင် သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ ၁၉၅၆ အိုလံပစ်ကို ဝင်ပြိုင်ခွင့်ရခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်နဲ့ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမှာ ကြေးတံဆိပ်ဆွတ်ခူးခဲ့တယ်။

၁၉၅၈ ခုနှစ်မှာ တိုက်ဂါးဘယ်လေစ် အသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာပြီး အမေရိကန်အပြေးသမားတွေရဲ့ စံချိန်ဟောင်းတွေကို ရိုက်ချိုးနိုင်ခဲ့တယ်။ ၁၉၆၀ ရောမအိုလံပစ်မှာ မီတာ ၁၀၀၊ မီတာ ၂၀၀ နဲ့ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲသုံးခုစလုံးမှာ ရွှေတံဆိပ်ဆုတွေ ရရှိခဲ့တယ်။ အိုလံပစ်ပြိုင်ပွဲတစ်ခုတည်းမှာ ရွှေတံဆိပ်သုံးခုကို တပြိုင်တည်းရရှိတဲ့ ပထမဆုံး အမေရိကန် ကစားသမားအဖြစ်နဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

သူ့လို လူမဲမိန်းကလေးမျိုးကို ဆေးမကုပေးချင်ခဲ့တဲ့ ကလာ့စ်ဗေးလ်မြို့ဟာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ၁၉၆၀ အောက်တိုဘာလ ၄ ရက်နေ့ကို ဝေလ်မာ့ကို ကြိုဆိုတဲ့နေ့လို့ သတ်မှတ်ခဲ့ကြတယ်။ ဝေလ်မာဟာ ပညာဆက်သင်ဖို့ တက္ကသိုလ်တက်ခဲ့ပြီးနောက် ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့ပြီး ချစ်ကြည်ရေးသံတမန်တစ်ဦးဖြစ်လာခဲ့တယ်။ မတရားမှုကို မနှစ်သက်တဲ့ ဝေလ်မာဟာ ဒေသတွင်း စားသောက်ဆိုင်တစ်ဆိုင်ကို ခွဲခြားဆက်ဆံတဲ့ကိစ္စမှာ ကူညီခဲ့ပြီးနောက် ပြည်သူ့အခွင့်အရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ဝေလ်မာဟာ ငယ်ရွယ်တဲ့ အားကစားသမားလေးတွေကို ကူညီဖို့ ဝေလ်မာရူးဒေါ့ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ခဲ့ပြီး အားကစားဝေဖန်သူအဖြစ်လည်း လုပ်ကိုင်ခဲ့တယ်။ သူ့ရဲ့အောင်မြင်မှုတွေကို မီဒီယာတွေကနေ ဂုဏ်ပြုခဲ့ကြပြီး ၁၉၇၇ ခုနှစ်မှာ သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားခဲ့ပါတယ်။ အကြောသေရောဂါကြောင့် လမ်းမလျှောက်နိုင်ခဲ့တဲ့ ကလေးငယ်လေး၊ နေမကောင်းတာမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ လက်မလျှော့ခဲ့တဲ့ ဇွဲနဲ့ စိတ်ဓာတ်ကြောင့် ကမ္ဘာကျော် အားကစားသမား ချန်ပီယံတစ်ယောက် တကယ်ဖြစ်လာခဲ့ပါတယ်။
🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️🏃🏽‍♀️

ရွှေငါး ရေးသားတင်ဆက်သည်။

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ