Author's Profile Photo

Nicolette

22/03/2025

အာလ်သာမြို့က ကြောင်များ (H.P. Lovecraft-ဘာသာပြန်ဝတ္ထုတို)

5 mins read
Book Review
Art
Novel
အာလ်သာမြို့က ကြောင်များ (H.P. Lovecraft-ဘာသာပြန်ဝတ္ထုတို)'s photo


Audiobook အနေနဲ့ နားထောင်ချင်ရင် ဒီကိုနှိပ်ပါ - Nicolette Tells Tales


"ကြောင်တွေရဲ့ မာနကြီးမှုနဲ့ နက်ရှိုင်းမှုကို ဘယ်သူက သိနိုင်မှာလဲ။ ကြမ်းတမ်းတဲ့ ရှေးဟောင်းအီဂျစ်နတ်ဘုရားတွေဆီကနေ ဆင်းသက်လာပြီး ယဇ်ပူဇော်မှုရဲ့ သွေးအရသာကို မမေ့သေးတဲ့ သူတို့ရဲ့တိတ်ဆိတ်တဲ့အမူအရာကို ဘယ်သူကများ ခန့်မန်းနိုင်မှာလဲ"




စကိုင်းမြစ် (Skai River) ရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ အာလ်သာ (Ulthar) မြို့ငယ်လေးမှာ ဘယ်လူသားကမှ ကြောင်တွေကို မသတ်ရဘူးလို့ ဆိုကြတယ်။

ကျွန်တော့ဘေးက မီးဖိုရှေ့မှာ ဟောက်သံပေးပြီး အေးဆေးစွာအိပ်စက်နေတဲ့ ကြောင်တစ်ကောင်ကိုကြည့်ရင် ဒီစကားက အမှန်ဆိုတာကို ယုံကြည်ပါတယ်။

ကြောင်တွေက လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေဖြစ်ပြီး လူသားတွေ မမြင်နိုင်တဲ့ ထူးဆန်းသောအရာတွေနဲ့ နီးစပ်တယ်။

သူတို့တွေဟာ ရှေးဟောင်းအီဂျစ်ရဲ့ ဝိညာဉ်ဖြစ်ပြီး မေ့လျော့ခံထားရတဲ့ မရိုရီ (Meroe) နဲ့ အိုဖီယာ (Ophir) မြို့တွေက ပုံပြင်တွေကို သယ်ဆောင်လာကြသူတွေပါ။

တောတွင်းသခင်တွေရဲ့ မိတ်ဆွေတွေဖြစ်ကြပြီး ကြမ်းတမ်းတဲ့ အာဖရိကရဲ့ လျှို့ဝှက်ချက်တွေကို အမွေဆက်ခံသူတွေပေါ့။

လူဦးခေါင်းနဲ့ ခြင်္သေ့ခန္ဓာကိုယ်ရှိတဲ့ မှော်သတ္တဝါ စဖင့်ဇ် (Sphinx) နဲ့ ဝမ်းကွဲတော်စပ်သူတွေဖြစ်ပြီး စဖင့်ဇ် (Sphinx) ရဲ့ ဘာသာစကားကို ပြောတတ်ကြတယ်။

ဒါပေမယ့် ကြောင်တွေက စဖင့်ဇ် (Sphinx) ထက် ပိုရှေးကျပြီး စဖင့်ဇ် (Sphinx) မေ့သွားတဲ့ အကြောင်းအရာတွေကိုတောင် မှတ်မိနေကြတယ်လေ။

အာလ်သာ (Ulthar) မြို့ငယ်လေးမှာ ကြောင်တွေကို မသတ်ရဘူးလို့ တားမြစ်ချက်မထုတ်ခင်တုန်းက အဘိုးအိုတစ်ယောက်နဲ့ သူ့မိန်းမ အဘွားအို တစ်ယောက်ဟာ အိမ်နီးချင်းတွေရဲ့ ကြောင်တွေကို ထောင်ချောက်ဆင်ဖမ်းပြီး သတ်ပစ်လေ့ရှိတယ်။

သူတို့ဘာလို့ ဒီလိုလုပ်ကြတာလဲဆိုတာတော့ ကျွန်တော်မသိဘူး။

တချို့လူတွေလိုမျိုး ညဘက်မှာ တ ညောင် ညောင် အော်တတ်တဲ့ကြောင်တွေရဲ့အသံကို မကြိုက်လို့လား။

ညနေခင်းတွေမှာ ဉယျာဉ်တွေ၊ ခြံဝင်းတွေထဲကို ဖြတ်ပြေးပြီး ကစားကြတဲ့ ကြောင်တွေရဲ့ အပြုအမူကို မကြိုက်ကြလို့လားပဲ။

အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ဒီအဘိုးအိုနဲ့ အဘွားအိုက သူတို့ရဲ့ အိမ်သေးသေးလေးနားကို ရောက်လာတဲ့ ကြောင်တိုင်းကို ဖမ်းပြီး သတ်ပစ်ရတာကို ဝါသနာပါကြတယ်။

ညဘက်တွေမှာ သူတို့အိမ်ဘက်ကနေ ကြားရတဲ့ ထူးဆန်းတဲ့အသံတွေကြောင့် သူတို့ဟာ ကြောင်တွေကို ရက်ရက်စက်စက်သတ်ကြတယ်လို့ မြို့သူမြို့သားတွေ ထင်ကြတယ်။

ဒါပေမယ့် မြို့ကလူတွေက အဘိုးအိုနဲ့ အဘွားအိုကို ဘာမှ သွားမပြောကြပါဘူး။

အဘိုးအိုနဲ့ အဘွားအိုရဲ့ အမြဲစူပုတ်ပြီး ဒေါသကြီးနေတဲ့ မျက်နှာထားကို ထိတ်လန့်ကြလို့လဲ ဖြစ်နိုင်သလို သူတို့ရဲ့အိမ်စုတ်လေးက မြို့က စွန့်ပစ်ထားတဲ့ ဝက်သစ်ချပင်တွေအုပ်ဆိုင်းနေတဲ့ မြေကွက်မှာ ရှိနေလို့လဲ ဖြစ်နိုင်တယ်။

ကြောင်ပိုင်ရှင်တွေက ထူးဆန်းတဲ့ အဘိုးအိုနဲ့ အဘွားအိုကို မုန်းလဲ မုန်းသလို ကြောက်လဲ ကြောက်နေကြတာလေ။

ဒါကြောင့် သူတို့ကို ရက်စက်တဲ့ သားသတ်သမားတွေလို့ ပြစ်တင်ရှုံချရမယ့်အစား ကြောင်ပိုင်ရှင်တွေက ချစ်ရတဲ့ ကြောင်လေးတွေကို သူတို့အိမ်နားမရောက်သွားဖို့ပဲ ဂရုစိုက်ကြတယ်။

မတော်တဆ ကြောင်လေးတွေ သူတို့အိမ်နားရောက်သွားလို့ အသတ်ခံရတဲ့အသံတွေကို ညဘက်မှာကြားရင်လဲ ညည်းတွား ဝမ်းနည်းရုံကလွဲပြီး ဘာမှမလုပ်ကြဘူး။

တခြားကြောင်ပိုင်ရှင်တွေကလဲ သူတို့အိမ်က ကြောင်လေးတွေမဟုတ်တာ ကံကောင်းတယ်လို့ပဲ တွေးကြတယ်။ 

အာလ်သာ (Ulthar) မြို့က လူတွေက ရိုးရှင်းတုံးအလွန်းတယ် ကြောင်တွေရဲ့ ဒေါသနဲ့ သမိုင်းကြောင်းကို သူတို့မသိကြဘူး။

တစ်နေ့မှာတော့ တောင်ပိုင်းကနေလာတဲ့ ထူးဆန်းတဲ့ခရီးသွားတစ်စုဟာ အာလ်သာ (Ulthar) မြို့ရဲ့ ကျဉ်းမြောင်းတဲ့ ကျောက်သားလမ်းတွေဆီ ရောက်လာခဲ့ကြတယ်။

သူတို့တွေက အာလ်သာ (Ulthar) ကို အရင်က ဖြတ်သွားဖူးတဲ့သူတွေနဲ့ မတူကြဘူး။

ပြောင်လက်နေတဲ့ အညိုရောင်အသားအရေနဲ့ ခရီးသွားတွေဟာ ဈေးထဲမှာ ဗေဒင်ဟောပြီး ကုန်သည်တွေဆီက ရောင်စုံပုတီးတွေကို ငွေထည်နဲ့ လဲလှယ်ကြတယ်။

သူတို့တွေ ဘယ်တိုင်းပြည်ကနေ လာကြတာလဲဆိုတာ ဘယ်သူမှ အတိအကျမသိဘူး။

ခရီးသွားတစ်စုဟာ ထူးဆန်းတဲ့ ဆုတောင်းပွဲတွေကိုလုပ်ကြပြီး သူတို့ရဲ့ စီးတဲ့ လှည်းတွေဘေးမှာ လူခန္ဓာကိုယ်နဲ့ ကြောင်ပုံစံ၊ သိမ်းငှက်၊ သိုး၊ ခြင်္သေ့ခေါင်း စတဲ့ ဆန်းဆန်းပြားပြားပုံတွေကို ရေးဆွဲထားကြတယ်။  

ခရီးသွားအဖွဲ့ရဲ့ခေါင်းဆောင်ဟာ ဦးချိုနှစ်ချောင်းပါတဲ့ ခေါင်းဆောင်းတစ်ခုကို ဆောင်းထားတယ်။

ခရီးသွားအဖွဲ့ထဲမှာ မီနစ် (Menes) လို့ခေါ်တဲ့ မိဘမဲ့ကောင်လေးတစ်ယောက်ပါတယ်။ မီနစ် (Menes)မှာ ချစ်စရာကောင်းတဲ့ အနက်ရောင်ကြောင်လေးတစ်ကောင် ရှိတယ်။

ကပ်ရောဂါက မီနစ် (Menes) ရဲ့ မိဘတွေကို ခေါ်သွားကြလို့ ဒီအနက်ရောင်ကြောင်လေးကိုပဲ သူ့ခမျာအဖော်ပြုပြီး နေရရှာတယ်။

ကြောင်နက်လေးရဲ့ တက်ကြွတဲ့အမူအရာတွေက မီနစ် (Menes) ကို ဖြေသိမ့်နိုင်စေတယ်။

မီနစ် (Menes) နဲ့ ကြောင်နက်လေးက ဆန်းပြားတဲ့ အရုပ်တွေဆွဲထားတဲ့ ရောင်စုံလှည်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း ခရီးကို အတူတူ လိုက်ပါလာကြတယ်။

ခရီးသွားတွေ အာလ်သာ (Ulthar) မြို့ကို ရောက်ပြီး တတိယမြောက်နေ့မှာတော့ မီနစ် (Menes) က သူ့ကြောင်နက်လေးကို ရှာမတွေ့တော့ဘူး။

ဈေးထဲမှာ ငိုကြွေးရင်း ကြောင်နက်လေးကို မီနစ် (Menes) လိုက်ရှာနေတာ မြို့သူမြို့သားတွေ မြင်တော့ ကြောင်သတ်သမား အဘိုးအိုနဲ့ အဘွားအိုအကြောင်းကို ခရီးသွားတွေဆီ ပြောပြကြတယ်။

မီနစ် (Menes) က သူ့ကြောင်နက်လေး အသတ်ခံရတာကို ခန့်မှန်းမိတဲ့အခါ ငိုကြွေးရင်းနဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မြို့သူမြို့သားတွေ နားမလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့ ဆုတောင်းနေတော့တယ်။

မြို့သူမြို့သားတွေက မီနစ် (Menes) ဘာတွေပြောနေတာလဲဆိုတာ နားလည်ဖို့လဲ မကြိုးစားကြပါဘူး။

သူတို့တွေရဲ့ အာရုံက ကောင်းကင်ပေါ်ကိုပဲ ရောက်နေခဲ့တယ်။

မီနစ် (Menes) ရဲ့ ဆုတောင်းသံကြောင့် တိမ်တွေက ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်လာတယ်လေ။

ဦးချိုအကြီးကြီးတွေနဲ့ သတ္တဝါပုံလိုလို အရိပ်ကြီးတွေ ကောင်းကင်မှာ ပေါ်လာတယ်။

သဘာဝတရားဟာ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတာပဲ။

အဲ့ဒီညမှာတော့ ခရီးသွားတွေ အာလ်သာ (Ulthar) မြို့ကနေ ထွက်သွားပြီး နောက်ထပ် ဘယ်တော့မှ ပြန်မလာကြတော့ဘူး။

မြို့က ကြောင်တွေလဲ အကုန်ပျောက်ကုန်တယ်။

မြို့ကလူတွေဟာ သူတို့အိမ်က ကြောင်တွေ ပျောက်ကုန်လို့ စိတ်ပူပြီး ယောက်ယက်ခတ်ကုန်ကြတယ်။

ညနေဘက်ဆိုရင် အိမ်တွေက မီးလင်းဖိုတွေရှေ့မှာ အိပ်စက်နေကျ ကြောင်အကြီးကြီးတွေ၊ ကြောင်ပေါက်စတွေ ၊ အနက်ရောင်၊ မီးခိုးရောင်၊ အစင်းကျား၊ လိမ္မော်ရောင် ၊ အဖြူရောင် ကြောင်တွေ အကုန်ပျောက်သွားကြတာ။

မြို့တော်ဝန် အဘိုးကြီး ခရာနွန် (Kranon) က အသားညိုညို ခရီးသွားတွေဟာ မိဘမဲ့ကောင်လေး မီနစ် (Menes) ရဲ့ ကြောင်နက်လေး ပျောက်သွားလို့ မြို့က ကြောင်တွေကို အကုန်ခေါ်သွားကြတာဆိုပြီး စွတ်စွဲတယ်။

ခရီးသွားတွေနဲ့ မီနစ် (Menes) ကို ထိုင် ကျိန်ဆဲနေတယ်။

ပိန်ပိန်ပါးပါး ရုံးစာရေး နစ်သ် (Nith) ကတော့ ကြောင်သတ်သမား အဘိုးအိုနဲ့ အဘွားအိုလက်ချက်ပဲ ဖြစ်ရမယ်လို့ပြောတယ်။

သူတို့တွေ ကြောင်မုန်းတာကို မြို့ကလူတွေသိနေပြီဖြစ်လို့ ပိုရဲတင်းလာတာလို့ ယူဆတယ်။

ဒါပေမယ့် ဘယ်သူကမှ ဒီမကောင်းဆိုးဝါး ဇနီးမောင်နှံကို သွားမတွေ့ချင်ကြဘူး။

တည်းခိုခန်းပိုင်ရှင်ရဲ့ သားလေး အထော (Atal) ဟာ ညနေဆည်းဆာအချိန်မှာ မြို့ကကြောင်တွေအားလုံး ဝက်သစ်ချပင်တွေရဲ့ အနောက်က အဘိုးအိုနဲ့ အဘွားအိုရဲ့ အိမ်ဆီ သွားနေကြတာကို မြင်ခဲ့တယ်။

ကြောင်တွေက နှစ်ကောင်တစ်တွဲဆီ ဖြည်းဖြည်းချင်းလျှောက်သွားပြီး အိမ်ကို စက်ဝိုင်းပုံစံ ဝိုင်းပတ်နေကြတာတဲ့။

ကြောင်တွေ တစ်ခုခုလုပ်ကြတော့မယ်လို့ အထော (Atal) က မြို့သူမြို့သားတွေကို ပြောတယ်။

အထော (Atal) ရဲ့စကားကို ဘယ်သူမှ အရေးမလုပ်ကြပါဘူး။ အဘိုးအိုနဲ့ အဘွားအိုက ကြောင်တွေ သတ်နေတာ သိကြပေမယ့် လက်ပူးလက်ကြပ်မမိမချင်း ဘယ်သူကမှ ရင်မဆိုင်ရဲကြဘူးလေ။

ဒီလိုနဲ့ အာလ်သာ (Ulthar) မြို့ဟာ ဝေခွဲမရတဲ့ သံသယ၊ ဒေါသတွေနဲ့ အိပ်မောကျသွားတယ်။

မနက်မိုးလင်းတဲ့အခါမှာတော့ အိမ်တိုင်း အိမ်တိုင်းက မီးလင်းဖိုတွေရှေ့မှာ ကြောင်တွေ ပြန်ရောက်နေပြီ။

ကြောင်အကြီးကြီးတွေ၊ ကြောင်ပေါက်စတွေ ၊ အနက်ရောင်၊ မီးခိုးရောင်၊ အစင်းကျား၊ လိမ္မော်ရောင် ၊ အဖြူရောင် ကြောင်တွေ အားလုံး ပြန်ရောက်နေကြပြီ။

တစ်ကောင်မှ မပျောက်ဘူး။

ကြောင်တွေဟာ ဝဝ ဖြိုးဖြိုးနဲ့ စိတ်ချလက်ချ ဟောက်သံပေးပြီး အိပ်ပျော်နေကြတယ်။

မြို့သူ မြို့သားတွေလဲ ဒီအကြောင်းကို တစ်ယောက်နဲ့ တစ်ယောက် အံအားသင့်စွာပြောဆိုနေကြတယ်။

မြို့တော်ဝန်အဖိုးကြီးကတော့ ကြောင်တွေကို ညက အသားညိုညို ခရီးသွားတွေ ခေါ်သွားတာဆိုပြီး ထပ်ပြောနေပြန်တယ်။

အဘိုးအိုနဲ့ အဘွားအို အိမ်ကိုသာ ရောက်သွားခဲ့ရင် အသက်ရှင်ရက်ပြန်လာမှမဟုတ်ဘူး ဆိုပြီး သူပြောတယ်။

ကြောင်တွေက ပြန်ရောက်ပြီး နှစ်ရက်ကြာတဲ့အထိ ဘာမှ မစားကြဘူး။ သူတို့ရဲ့ နွားနို့ပန်းကန်တွေကိုလဲ မသောက်ကြသလို အသားတွေကျွေးထားတာလဲ မစားကြဘူး။

နေရောင်ခြည်အောက်မှာ တရွေ့ရွေ့နေရောင်ခံတာ နဲ့ မီးလင်းဖိုနားမှာ အိပ်ငိုက်တာက လွဲရင် ဘာမှကိုမလုပ်ကြဘူး။

မြို့သူမြို့သားတွေဟာ တစ်ပတ်လောက်ကြတော့မှ ဝက်သစ်ချပင်တွေအနောက်က အဘိုးအိုနဲ့ အဘွားအိုရဲ့အိမ်ပြတင်းပေါ်တွေ ညဘက်တွေမှာ မီးရောင်မမြင်ရတာကို သတိထားမိကြတယ်။

ပိန်ပိန်ပါးပါး ရုံးစာရေး နစ်သ် (Nith)က ကြောင်တွေ ပျောက်သွားတဲ့ ညကတည်းက အဘိုးအိုနဲ့ အဘွားအိုလဲ ပျောက်နေတာလို့ ပြောတယ်။

နောက်တစ်ပတ်ကြာတော့မှ မြို့တော်ဝန်ဟာ ကြောက်စိတ်ကို ကျော်လွှားပြီး တိတ်ဆိတ်နေတဲ့ အိမ်ကို တာဝန်အရသွားကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ပန်းပဲဖိုက ရှန်း (Shang) နဲ့ ကျောက်ဖြတ်သမား သောလ် (Thul) ကိုလဲ သက်သေအဖြစ်လိုက်ခဲ့ဖို့ ခေါ်သွားသေးတယ်။

ယိုင်နဲ့နဲ့တံခါးတွေကို ရိုက်ဖွင့်ပြီး သုံးယောက်သား အိမ်ထဲ ရောက်သွားတဲ့အခါမှာတော့ ကြမ်းပြင်ပေါ်မှာ အသားလုံးဝမကျန်အောင် အစားခံထားရတဲ့ လူအရိုးစုနှစ်ခုနဲ့ ရွံစရာ ပိုးကောင်တွေ တွားသွားနေတာကို တွေ့ခဲ့ကြတယ်။

အဲ့ဒီ့နောက်မှာတော့ အာလ်သာ (Ulthar) မြို့က လူတွေအားလုံး စုဝေးပြီး အစည်းအဝေးလုပ်ကြတယ်။

စုံစမ်းရေးမှုး ဇတ်သ် (Zath) နဲ့ ရုံးစာရေး နစ်သ် (Nith) တို့ဟာ မြို့တော်ဝန် ခရာနွန် (Kranon) ၊ ပန်းပဲဖိုက ရှန်း (Shang) နဲ့ ကျောက်ဖြတ်သမား သောလ် (Thul) တို့ကို မေးခွန်းတွေ အများကြီးမေးကြတယ်။

တည်းခိုခန်းပိုင်ရှင်ရဲ့ သားလေး အထော (Atal) ကိုလဲ သေချာမေးမြန်းပြီး ဆုချီးမြှင့်တဲ့အနေနဲ့ သကြားလုံးတစ်လုံးတောင် ပေးလိုက်သေးတယ်။

အသားညိုညိုခရီးသွားတွေနဲ့ မီနစ် (Menes) ရဲ့ ကြောင်နက်လေး၊ မီနစ် (Menes) လက်နှစ်ဖက်ဆန့်တန်းပြီး ဆုတောင်းတဲ့အခါမှာ ပေါ်လာတဲ့ ကောင်းကင်ပေါ်က အရိပ်နဲ့ တိမ်တွေ၊ ကြောင်သတ်သမား အဘိုးအိုနဲ့ အဘွားအိုရဲ့ အိမ်ကို တန်းစီပြီး သွားခဲ့ကြတဲ့ မြို့က ကြောင်တွေ၊ ဝက်သစ်ချပင်တွေအနောက်က မကောင်းဆိုးရွားအိမ်ထဲမှာ တွေ့ခဲ့ရတဲ့ အရိုးစုနှစ်ခု ဒါတွေအားလုံးကို မြို့ကလူတွေ အကြေအလည်ဆွေးနွေးခဲ့ကြတယ်။

အဆုံးသတ်မှာတော့ ဟာသတ် (Hatheg) က ကုန်သည်တွေနဲ့ နီယာ (Nir) က ခရီးသွားတွေအပါအဝင် အာလ်သာ (Ulthar) မြို့မှာ ဘယ်သူကမှ ကြောင်တွေကို သတ်ခွင့်မရှိ ဆိုတဲ့ ဉပဒေကို ထုတ်ပြန်လိုက်ပါတော့တယ်။

[အိပ်ချ် ပီ လပ်ခရက်ဖ် (H. P. Lovecraft) ရဲ့ အာလ်သာမြို့က ကြောင်များ ပြီးပါပြီ။]

ဘာသာပြန်ဆိုသူ Nicolette 💚

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်