ရိန်ဇော်
အဖြူရောင်ထက်က ဆေးစက်
(၁)
တောင်တန်းတွေရဲ့ အဖော်ဟာ တိမ်တိုက်တွေဆိုရင် အသည်းကွဲသူရဲ့ အဖော်ဟာ ဂစ်တာဖြစ်မယ်လို့ သူတွေးမိတယ်။ ဒီဂစ်တာသာ စကားပြောတတ်ရင် ဒီလိုအခန်းကျဉ်းလေးထဲမှာ ဆေးလိပ်ငွေ့တွေနဲ့ အသက်ရှူကျပ်နေပြီလို့ သူ့ကို ပြောမှာ သေချာတယ်။
"ဟာ"
သူ အံ့ဩမိသွားတယ်။ မှန်မကြည့်ဖြစ်တာ အတော်ကြာသွားခဲ့ပြီပဲ။ မျက်တွင်းကျကျ၊ ဆံပင်ဖုတ်သိုက်၊ ရီဝေဝေမျက်လုံးများ။ တစ်လဆိုတဲ့ အချိန်ကာလက လူတစ်ယောက်ရဲ့ ရုပ်ကို အများကြီး တိုက်စားပြောင်းလဲပစ်နိုင်ပါ့လားလို့ သူ သဘောပေါက်လိုက်တယ်။ "ဒီပုံစံအတိုင်းဆို ကေကေ ငါ့ကို အရမ်းစိတ်ပျက်သွားမှာပဲ"လို့ တွေးမိတော့ သူ ဆံပင်ညှပ်တယ်။ ရေမိုးချိုးတယ်။ မီးပူတိုက်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ် ဝတ်တယ်။ Code ခေါင်းလိမ်းဆီလူးတယ်။ ခေါင်းလိမ်းဆီနံ့ကို တဝကြီးရှူလိုက်တယ်။ ဒီအနံ့ကို သူကြိုက်တယ်။ လူက လန်းဆန်းသွားသလို ရှိပေမဲ့ စိတ်တွေက မလန်းဆန်း။
"ကေကေနဲ့ တွေ့ချင်လို့ပါ"
ပိန်ပိန်ပါးပါး၊ ခပ်သွက်သွက် အဆောင်မှူးကို ခွင့်တောင်းလိုက်တယ်။ အဆောင်မှူး စိတ်ကြည်နေပါစေလို့လည်း သူ့စိတ်ထဲ ကျိတ်ဆုတောင်းလိုက်တယ်။ အရင်အခေါက်တွေတုန်းက လာတွေ့ရင် "ကေကေကျော့ရှင်းကို ပြောတာလား"လို့ အဆောင်မှူးက မေးနေကျ။ အခုတော့ ကေကေလို့ ပြောလိုက်လည်း သိနေပြီ။ သူ့စိတ်ထဲ ခေါ်ချင်တဲ့ နာမည်က "ကေ"လို့ တစ်လုံးတည်းပဲ။
"လာမယ်၊ ခဏစောင့်ပါတဲ့"ဆိုပြီး စကားပြန်ရတော့ သူ့ရင်ထဲ တဒိန်းဒိန်း ခုန်နေတယ်။ မတွေ့ရတာ တစ်လလောက်ရှိပြီဖြစ်တဲ့ ကေကေရဲ့ မေးစေ့ထက်က မှဲ့လေးကိုလည်း သူ လွမ်းနေတယ်။ ပျော့ပျောင်းတဲ့ ဆံနွယ်လေးတွေကိုလည်း လွမ်းတယ်။ ထိတွေ့ကိုင်တွယ်ခွင့် မရဖူးပါ။ ခန့်မှန်းရုံသာ သူတတ်နိုင်တယ်။ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးတွေကို သူ ကြားချင်တယ်။ ခဏကြာတော့ ကေကေ ထွက်လာတယ်။ နှုတ်ခမ်းကို အနည်းငယ် မဲ့ထားပေမဲ့ ပြန်တွေ့တဲ့အခါ ပျော်နေတဲ့ အမူအရာကိုတော့ ကေကေတစ်ယောက် သိုဝှက်မထားနိုင်ခဲ့ပါ။
လွမ်းဆွတ်မှု မြစ်ဖျားခံရာ အေးမြမိုးရေစက်လေးကို ငေးမော မှင်တက်မိနေတုန်း၊ ဘယ်ကစ စကားပြောရမယ်မှန်း မသိသေးချိန်၊ "ငါ မိတ္တူကူးချင်လို့ လိုက်ပို့ပါလား" လို့ ကေကေက ပြောလိုက်တော့ သူ့ စိတ် ပျော်လာတယ်။
"လာ၊ လာ။ ငါ လိုက်ပို့မယ်" လို့ သူ ပြောရင်း ဆိုင်ကယ်ကို ချက်ချင်းစက်နှိုးတော့တယ်။ ကိုယ်ဖွင့်ပြောထားတဲ့ ကောင်မလေးက စိတ်မဆိုးတော့ဘဲ စကားပြန်ပြောခြင်း၊ မီးစိမ်းပြခြင်းကို သူ သဘောမပေါက်ဘဲ မနေပါ။ ဖွင့်ပြောပြီးပြီးချင်း အငြင်းခံရ၍ ပေတေလေလွင့်နေခဲ့တဲ့ အချိန်များ၊ ထပ်မံစိတ်ဆိုးသွားမှာစိုးလို့ တွေ့ချင်ပေမဲ့ ရှောင်နေခဲ့ရတဲ့ နေ့ရက်များ၊ ကေကေသူငယ်ချင်းများထံမှ "စိတ်မဆိုးတော့ဘူး၊ မေးနေတယ်"လို့ တစ်ဆင့်စကားပါးမှ အခုလို သူ လာတွေ့ရဲခြင်း မဟုတ်လား။
ဆိုင်ကယ်ပေါ်တွင် ကေကေ လိုက်လာသော်လည်း သူနဲ့ ခပ်ခွာခွာ စီးတယ်။ ကေကေရဲ့ သွယ်လျတဲ့ လက်ချောင်းလေးများသာ သူ့ခါးကို လာဖက်ခဲ့ရင်၊ ကေကေရဲ့ ကိုယ်သင်းရနံ့လေးများကို အနီးကပ် နမ်းရှိုက်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးထဲက တွေးပျော်နေတယ်။ အားမလို၊ အားမရဖြစ်ပြီးမှ သူ အသိ ဝင်လာတယ်။
"အင်း၊ ဟုတ်သားပဲ၊ အခုထိ ငါတို့ နှစ်ယောက်က သူငယ်ချင်းပဲ ရှိသေးတာလေ" ဆိုပြီး။
မိတ္တူဆိုင်ကအပြန် သူ ကေကေကို အအေးဆိုင်ဘက် ခေါ်လာတယ်။ ကေကေကတော့ မှာနေကျ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်။ သူလည်း စတော်ဘယ်ရီဖျော်ရည် လိုက်သောက်တယ်။ ချောင်းဆိုးနေလို့ ရေခဲမထည့်ခိုင်းဘူး။ စိတ်လှုပ်ရှားပြီး လက်နည်းနည်းတုန်နေလို့ နီကိုတင်းလေးနဲ့ ငြိမ်သက်စေချင်တဲ့အတွက် သူ ဆေးလိပ်မှာလိုက်တယ်။
"မားဗီးရပ် တစ်ပွဲ ညီလေး" ဆိုပြီး စားပွဲထိုးလေးကို လှမ်းခေါ်လိုက်တော့ ကေကေ နှုတ်ခမ်း စူပြတယ်။ လက်ကလည်း နှာခေါင်းရှေ့ ယမ်းရင်း အနံ့မခံနိုင်တဲ့ အမူအရာပြတယ်။ သူ ဆေးလိပ် သောက်ချင်စိတ်ကို မျိုသိပ်လိုက်တယ်။ စားပွဲထိုးကောင်လေးကို "ဘရိတ်"လို့ လက်အမူအရာနဲ့ တားလိုက်တယ်။
အဲဒီအခါမှ ကေကေက ကျေနပ်တဲ့ အမူအရာပြတယ်။ "ဟုတ်သားပဲ၊ မူးယစ်ရီဝေစေတဲ့ အရာတွေ ကေကေ မကြိုက်ဘူးလေ"လို့ သူတွေးမိတယ်။
"အဟွတ်၊ အဟွတ်"
သူ တစ်ရှူးနဲ့ ပါးစပ်ကိုအုပ်ပြီး ချောင်းဆိုးတယ်။
"နင် ဆေးလိပ်တွေ မသောက်ပါနဲ့ဟာ။ ဆေးခန်းပြသင့်ရင် ပြလေဟာ"တဲ့။
ကေကေ ဒီလို ဂရုစိုက်တော့ သူ ကျေနပ်မိတယ်။ ကေကေ သူ့အပေါ် မစိမ်းကား။
"နင် ငါ့ကို ဘာလို့ လာမတွေ့တာလဲ"လို့ မျက်ရည်လဲ့တဲ့ မျက်ဝန်းတွေနဲ့ ကေကေ မေးတော့
"နင် စိတ်ဆိုးနေမှာ စိုးလို့ပါ"လို့ သူ ဖြေတယ်။ "နင် နေနိုင်တယ်နော်"လို့ ကေကေက စကားနာထိုးလိုက်တော့ စားပွဲခုံပေါ်တင်ထားတဲ့ ကေ့လက်ကလေးကို သူ မဝံ့မရဲ ကောက်ကိုင်လိုက်တယ်။ ချစ်ခွင့်ပန်ထားတဲ့ သူငယ်ချင်းရဲ့ လက်ကို ရုန်းမယ်ဆိုလည်း ကေကေ့အပေါ် စိတ်ဆိုးစရာ မရှိပါ။ ကေကေ လက်ကို ရုန်းမထွက်ပါ။ နှစ်ဦးစလုံးရဲ့ လက်များ ရေခဲတမျှ အေးစက်နေကြတယ်။ ကေကေရော သူ့လို ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ ဆိုနိုင်မလား။
"ကေ၊ ငါ့ကို အဖြေပေးတော့လေကွာ"
"ခဏစောင့်"တဲ့။
မိုးမမြင်၊ လေမမြင် ထခုန်မိမတတ် သူ ပျော်သွားတယ်။ လတ်တလောကမှ ဆက်စပ်ဖတ်မိသွားတဲ့ Euphoria ဆိုတဲ့ စကားလုံးကို သူ သတိရသွားတယ်။ Euphoria ဆိုတာ ဒီလိုပျော်ရွှင်မှုကို ခေါ်တာပဲ ဖြစ်နေမလား။ ကိုယ် မျှော်မှန်းထားတဲ့ ဆုလာဘ်ရတဲ့အခါ ထွက်ပေါ်လာတတ်တဲ့ ဒိုပါမင်းဆိုတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်မယ်လို့ သူထင်တယ်။ ဒီပျော်ရွှင်မှုဟာ အစစ်လား၊ အတုလား တွေးမိရင်း ဒါကတော့ မေတ္တာတရားက ပေးတဲ့ ပျော်ရွှင်မှုမို့ စစ်မှန်တယ်လို့ သူယူဆတယ်။ ထို့အတူ ပျော်ရွှင်မှုအတုတွေကို သူ ရွံမုန်းလာတယ်။ ဒီအတုတွေဟာလည်း အစစ်လိုပဲ အယောင်ဆောင်ခဲ့ကြတာ။ အယောင်ဆောင်ကောင်းခဲ့ကြတာ။ အမှန်မမြင်နိုင်လောက်အောင်ပါပဲ။ ကေကေနဲ့ မေတ္တာမျှခဲ့ရင် လှပတဲ့ အိမ်လေး ဖြစ်စေချင်ခဲ့တာ သူရဲ့ သစ္စာတရား။ ဒါပေမဲ့...ဖြစ်နိုင်ပါဦးမလား။
(၂)
လွန်ခဲ့တဲ့ တစ်လက သူ အသည်းကွဲနေခဲ့တယ်။ ကေကေ့ကြောင့်။ သူနဲ့ ကေကေဆိုတာ နယ်မြို့လေးကတည်းက ငယ်သူငယ်ချင်း။ တက္ကသိုလ်ရောက်တော့လည်း မေဂျာတူ။ သူငယ်ချင်းတွေကလည်း သူတို့ကို အတွဲဖြစ်စေချင်ကြတယ်။ ကေကေ့အနားမှာ ပိုးပန်းသူတွေ များလာတော့ သူ ဖွင့်မပြောဘဲ မနေနိုင်တော့ဘူး။ စာမေးပွဲ မဖြေခင် တစ်ပတ်က။ လူတကာ စာကျက်နေချိန် သူက ကေကေ အဆောင်ရှေ့ ပန်းစည်းသွားပို့ခဲ့တယ်။ လူကိုယ်တိုင် မျက်နှာချင်းဆိုင် ဖွင့်မပြောရဲသူတို့ ထုံးစံအတိုင်း အဆောင်ရှေ့ ပန်းစည်းသွားချိတ်ရုံ သူ သွားတယ်။ ရောင်နီမလာသေးတဲ့ မနက်ခင်းအစောကြီး သူ ဆိုင်ကယ်စက်နှိုးလိုက်တယ်။ လမ်းမီးတိုင်နဲ့ ကြယ်လေးတွေရဲ့ အလင်းကလွဲရင် အမှောင်ထုကသာ ကြီးစိုးဆဲ။ လမ်းလျှောက်သူတစ်ယောက်နှစ်ယောက်ကလွဲရင် လမ်းမဟာ တိတ်ဆိတ်လွန်းတယ်။ ဆိုင်ကယ်အင်ဂျင်စက်သံရယ်၊ ရင်ခုန်သံရယ်ကသာ အကျယ်လောင်ဆုံး ဖြစ်နေတယ်။ ဆောင်းဆန်နေဆဲ နေ့ရက်တွေမို့ အနွေးအင်္ကျီက လွတ်နေတဲ့ သူ့လက်ချောင်းတွေဟာ အေးစက်ကိုက်ခဲနေတယ်။ ကေကေတို့ အဆောင်ရှေ့ ရောက်တော့
"အား၊ ကျွတ်၊ကျွတ်"
ဆူးက သူ့လက်ကို စူးတယ်။ နှင်းဆီပန်းစည်းကို လက်နဲ့ အားပါးတရ ဆုပ်မိသွားတာ။ ကေကေနဲ့ သူ့ ဇာတ်လမ်းဟာ နာကျင်မှုနဲ့ စတင်တာလား စိတ်ထင့်မိသေးတယ်။ ပန်းစည်းမှာ ပွင့်အာနေပြီးသား မဟုတ်တဲ့ ငုံနေတဲ့ ပန်းကိုးပွင့် ပါတယ်။ ဘာကို ဆိုလိုတာလဲလို့ ကေကေ မေးခဲ့ရင် ဖြေဖို့ အသင့်။ "ထာဝရမြတ်နိုးခြင်း"လို့ သူပြောမယ်။ ကေ့အတွက်ဆိုတဲ့ ပို့စ်ကတ်လေးပါတယ်။ အလှဆုံးကဗျာစာသားတွေနဲ့ ရေးဖွဲ့ထားတဲ့ ရေမွှေးစက္ကူမွှေးပျံ့ပျံ့ စာအိတ်လေးလည်းပါတယ်။ ပေးတဲ့သူ နာမည်ကိုတော့ သူ ရေးမထားခဲ့ဘူး။ "ကေကေ သိမှာပါ"လို့ သူ ထင်တယ်။ ဒီလို စိတ်ကူးယဉ်ဆန်ဆန်တွေနဲ့ လူငယ်တစ်ယောက်လို့ စွပ်စွဲရင်လည်း သူ ခံယူဖို့ အသင့်။ ချစ်ခြင်းမေတ္တာကို သစ္စာထားသူဆိုတဲ့ ဘွဲ့ထူးကိုတော့ သူ လုံးဝ မပြောင်းလဲချင်ပါ။
မနက်ပန်းစည်းပို့ပြီး ညနေခင်းကျ သူ ကေကေ့ကို သွားတွေ့တယ်။
"သူငယ်ချင်းမို့ စကားပြောတာ နင် အခွင့်အရေး မယူနဲ့။ ဒီလို မရိုးသားရင် ငါ ထွက်မတွေ့တော့ဘူး"လို့ စိတ်ဆိုးမာန်ဆိုးနဲ့ ကေကေ ပြောလွှတ်လိုက်တယ်။ သူ အသည်းကွဲတယ်။
ထို့နောက် စာမေးပွဲဖြေရတယ်။ အသည်းကွဲနေ့ရက်များကို ဖြတ်သန်းကျော်လွှားရန် သူ့အတွက် ခက်ခဲခဲ့တယ်။ ဒဏ်ရာ သက်သာလို၊ သက်သာငြား ဘီယာဆိုင်သို့ သူ ရောက်ခဲ့တယ်။ လေးထောင့်စားပွဲမှာ လူငယ်၅ယောက်။
"မင်းရဲ့ အသည်းကွဲ ဇာတ်လမ်းလေး ပြောပါဦး။ ဟားဟား"
သူငယ်ချင်းတွေက သူ့ကို ဝိုင်းလှောင်ကြတယ်။
"ဘယ်လိုကောင်တွေလည်း မသိ၊ စိတ်ညစ်ပါတယ်ဆို လာစနေသေးတယ်"လို့ သူ့စိတ်ထဲက တွေးနေတယ်။
"ဟား၊ ဟား ဒီတစ်ယောက်မရလည်း နောက်တစ်ယောက်ပေါ့ကွာ"လို့
သူငယ်ချင်းတွေက ထပ်စကြတော့ "ငါက ကေကေ့ကိုပဲ သစ္စာရှိမှာ"လို့ သူက ဘီယာခွက်ကိုကိုင်ရင်း အမှန်အကန် ကြေကွဲနေတယ်။ သူငယ်ချင်းတွေလည်း မျက်ခုံးပင့်ပြကြရင်း အသံမထွက်ဘဲ ကျိတ်ရယ်နေကြတယ်။ စားပွဲပေါ်မှာ ဘီယာခွက်တွေနဲ့ ပြည့်ကျပ်နေပြီ။ နောက်တစ်ခွက်တင်လိုက်တာနဲ့ ကျကွဲကုန်တော့မှာ။"ပလန် ဘီ သွားကြမယ်ဟေ့" လို့ သူငယ်ချင်း ၅ယောက် ညှိကြတယ်။ ဘဝသာ လိုသလို ရပ်တန့်လို့ရတဲ့ နာရီတစ်လုံးဆိုရင် ဒီပလန်ဘီမရောက်ခင် အချိန်မှာပဲ စက်ကို ခဏပိတ်လိုက်ချင်တယ်လို့ သူတွေးနေတယ်။
(၃)
မကြာခင် ကေကေ သူ့ကို အဖြေပေးတော့မယ်။ ဒါပေမဲ့ အတွေးတွေ သူ့ခေါင်းထဲမှာ တူနဲ့ ဆက်တိုက် ထုနေသလို။ ကေကေဆီက ရမည့် မေတ္တာနဲ့ ဖြူစင်မှုကို သူ မြတ်နိုးတယ်။ ထိုမြတ်နိုးတဲ့ မေတ္တာအတွက် ထိုက်သင့်တဲ့ ဖြူစင်မှုတစ်ခုကိုတော့ သူက ပြန်ပေးရမယ်။ ဒါမှ တရားမယ်ဆိုတဲ့ အတွေး။
"ချက်၊ ချက်၊ ချက်"
စားပွဲတင်နာရီစက်သံက ကျယ်လောင်လာတယ်။ အရိပ်မိုးထားတဲ့ ညဟာ အေးစက် ခြောက်ခြားနေဆဲ။ အရင်ညတွေကလို သူ ဆေးလိပ် သောက်ချင်လာတယ်။ ခံတွင်းချဉ်လာတယ်။
"အင်း၊ မဖြစ်ပါဘူး။ ကေကေ မသောက်စေချင်ဘူးလေ"လို့
သူ သတိရသွားတော့ အသင့်ရှိနေတဲ့ ဆေးလိပ်ဘူးကို ဝေးဝေးထားလိုက်တယ်။ ခဏနေတော့ သောက်ချင်စိတ်က ထပ်ပေါ်လာတယ်။
"အရင် ၁၀လိပ်သောက်ရင် အခုက ၁လိပ်တည်း သောက်မှာပါ၊ ကေကေ"လို့
သူ့စိတ်ထဲက ခွင့်တောင်းရင်း သက်ပြင်းချမိတယ်။
"ကေကေ မသောက်စေချင်တဲ့ ဒီဆေးလိပ်ဆိုတဲ့ အသေးအဖွဲလေးကတောင် ဖြတ်ဖို့ ခက်လိုက်တာ။ မလွယ်ပါ့လား"လို့ သူ သဘောပေါက်လာတယ်။
"မူလတန်းကတည်းက အတူတက်ခဲ့တဲ့ ငါ့ကို စာရိတ္တကောင်းတယ်လို့ မင်း ထင်နေတယ်ဆိုတာ ငါသိပါတယ်။ ငါကလည်း မင်း မျက်ကွယ်အရပ်မှာတောင် မညာချင်တဲ့သူပါ။ ငါ ဆက်လက် မမှားဖို့၊ ချောက်ကမ်းပါးထဲကို ဆက်လက်မကျအောင် ငါ ရပ်တန့်ပစ်ချင်တယ် ကေကေ"လို့ သူ ဆန္ဒပြုတယ်။ "အဟွတ်၊ အဟွတ်"
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ ချောင်းဆိုးသံ။ အခန်းထဲမှာ တစ်ယောက်တည်း ရှိနေတုန်း ဒီလိုအကျည်းတန်လှတဲ့ အသံကို သတိပြုမိတော့ "ငါ လည်ချောင်းနာနေတာ ဖြစ်မှာပါ၊ ရိုးရိုးဖြစ်လေ့ရှိတဲ့ နှာစေးချောင်းဆိုးပဲ ဖြစ်မှာပါ၊ ကေကေက ငါ့ကို ဆေးခန်း သွားပြခိုင်းထားတာပဲ"လို့ သူ သတိရမိတယ်။ ဂစ်တာကို ပေါင်ပေါ်တင်ထားပေမဲ့ လက်တွေက ဖလက်တံပေါ်မှာ ပြေးလွှားမနေတော့၊ ကြိုးတွေအပေါ်မှာ ရိုက်ချက်အဖြစ်လည်း ထွက်ပေါ်မလာတော့။ ရင်ခွင်နဲ့ အနီးစပ်ဆုံးမှာ ရှိနေတဲ့ သက်မဲ့ဂစ်တာတစ်လက်ကို သူပြောချင်နေတာက သူ မရပ်တန့်နိုင်ခဲ့တဲ့ နာရီတစ်လုံးအကြောင်း။
(၄)
အသည်းကွဲနေ့ရက်ရဲ့ အဆက် ပလန်ဘီ
"ဒီဂျေ၊ ဒီဂျေ"လို့ ပြောနေကြတဲ့ သူငယ်ချင်းတွေကြားမှာ သူ ပါသွားတယ်။
သူငယ်ချင်း၅ယောက်၊ ဆိုင်ကယ် ၃စီး။
"ဟူး၊ ဟူး၊ ဟူး"
ဆိုင်ကယ်လီဗာသံတွေက လူတွေလို ရေချိန်မြင့်လာတယ်။ သီချင်းအကျယ်ကြီး အော်ဆိုကြတယ်။ ထို့နောက်....ခေတ်ကာလအရလား၊ လူငယ်တစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ဟာ လမ်းပွင့်သွားတာလား၊ ပျော်ရွှင်မှုမှာ ယစ်မူးတတ်တဲ့ လူသားဗီဇကြောင့်လား သူ မသိတော့ပါ။ Night club တစ်ခုမှာ ဒီဂျေသံနဲ့အတူ သူနဲ့ သူ့ သူငယ်ချင်းတွေ ကနေတယ်။ သူ အထီးကျန် မဆန်တော့ဘူး။ တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖို့ အိမ်ကပို့ထားတဲ့ တစ်လစာငွေလေးတွေက လက်ထဲ ရှိနေသေးတော့ အများသူငှာလို တစ်ခွက်မှာ သောက်လိုက်တယ်။ ဘီယာ မဟုတ်။ ဒီကလပ်မှာသာ ရတဲ့ အထူးရေတစ်ခွက်။ တစ်သိန်းမကျော်တဲ့ ငွေနဲ့ ဝယ်ယူရနိုင်တဲ့ Happy water တစ်ခွက်။ မီးမှိန်မှိန်အောက်မှာ ပန်းကန်ပြားချပ်ပေါ် တင်ပြီး နှာခေါင်းနဲ့ တေ့ရှူရတဲ့ အမှုန့်လေးတွေကိုတော့ သူ ကြည့်ရုံသာ ကြည့်ခဲ့တယ်။ ဟိုင်းခန်းထဲမှာ သူနဲ့ ရွယ်တူ မိန်းကလေးတွေပါမကျန် သောက်နေတဲ့ ဝိုင်ခွက်ထဲက ပျော်ရွှင်စေတဲ့ ရေဆိုလား။
သူ လှုပ်ရှားမှုတွေ နှေးလာတယ်။ ခံစားချက်တွေ ထင်ရှားလာတယ်။ ဘေ့စ်ဂီတသံတွေကို နားဆင်ချင်သူအတွက် ဘေ့စ်နုတ်စ်တစ်ခုချင်းစီဟာ တပ်မက်စရာ။ အဆိုတော်ရဲ့ အသံဟာ ခံစားမှု အနက်ရှိုင်းဆုံးနေရာသို့ ဆွဲခေါ်သွားတယ်လို့ သူခံစားရတယ်။ ထို့နောက် လေပေါ်မှာ လွင့်နေသလို ဖြစ်ခဲ့ရတဲ့ ပျော်ရွှင်မှု၊ အတိုင်းအဆမဲ့တဲ့ ပျော်ရွှင်မှု၊ ဟိုးငယ်ငယ်က ဖိုင်နယ်စာမေးပွဲအောင်လို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတဲ့ ကျောင်းသားရဲ့ မြူးထူးမှုနဲ့ ဆင်တူတဲ့ အပျော်၊ သူ ခံစားရတယ်။ ဒါကို Euphoria လို့ သုံးနှုန်းကြောင်း အဲဒီတုန်းက မသိခဲ့ဘူး။ မကြာခင်ကမှ စာထဲမှာ သူ ဖတ်လိုက်ရတယ်။ဓါတုဗေဒပစ္စည်းတွေက ဖော်ဆောင်ပေးတဲ့ ပျော်စရာ အတုတွေ။ ဒီဂျေသံ၊ ပေါက်ကွဲတဲ့ ဘေ့စ်သံတွေနဲ့အတူ သူ ကနေတယ်။ သူ့မှာ ဘယ်က အားအင်တွေ ရောက်လာမှန်း မသိဘူး။ မောပန်းခြင်းမရှိ။
ဒီ့ထက်ပိုတဲ့ ပုံရိပ်တွေကတော့ သူ့ မှတ်ဉာဏ်ထဲမှာ မထင်ရှားတော့ဘူး။ ဝေဝေဝါးဝါး။ ဖြစ်နိုင်တာက သူ ဖက်ထားခဲ့တာက မိန်းကလေးတစ်ယောက်ရဲ့ ခါးသွယ်သွယ်လေးတစ်ခု။ ကေရဲ့ ကိုယ်စား ခဏရောက်လာသူအဖြစ် သူ မြင်ခဲ့တယ်။ မိတ်ကပ်ပါးပါးခြယ်မှုန်းထားတဲ့ ပါးပြင်က မွှေးပျံ့တယ်။ လက်သည်းအလှဖော်ထားတဲ့ လက်များ၊ ရေမွှေးနံ့ ပြင်းရှရှ၊ ဣတ္ထိယတစ်ယောက်ရဲ့ နှစ်သိမ့်ပေးခြင်း စတာတွေမှာ သူ ပျော်ဝင်နစ်မြုပ်သွားတယ်။ အထိအတွေ့တို့ရဲ့ ရုန်းမထွက်နိုင်အောင် ရစ်ပတ်မှု၊ ဓါတုဗေဒပစ္စည်းတွေရဲ့ လွှမ်းမိုးမှု၊ အခြေအနေများရဲ့ အံဝင်ခွင်ကျ ဖြစ်မှုကြောင့် သူ့စိတ်တွေ အထိန်းအကွပ်မဲ့ခဲ့တယ်။ အာသာရမ္မက်ပြင်းရှရှတစ်ခုဟာ စေခိုင်းခံနေရတဲ့ ကိုယ်မှာ နိုးထလာတယ်။ အယောင်ယောင် အမှားမှားနဲ့ သူ မှားခဲ့တယ်။ ဦးထုပ်ဆောင်းခွင့်ပင် မရခဲ့ပါ။ ဘဝဆိုတဲ့ အဖြူရောင်ကင်းဗတ်စပေါ်မှာ ဆေးစက်စွန်းခဲ့တယ်။
(၅)
အဖြူရောင် ကင်းဗတ်စပေါ်ကို ဆေးစက် ပက်ဖျန်းခဲ့တဲ့ည။ အခြားလူငယ်တစ်ယောက်အတွက် မထူးဆန်းတဲ့ ညတစ်ညလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းသစ္စာကို အလေးအနက်ထားတဲ့ သူ့အတွက်တော့ မှားယွင်းမှု တစ်ခုလို့ သူ ခံယူတယ်။
"ငါ တောင်းပန်ပါတယ် ကေ။ ငါ့ရဲ့ ဖြူစင်မှု သစ္စာဟာ ဒီအချက်ကြောင့် ပျက်သုဉ်းသွားခဲ့ပြီ ထင်ပါတယ်။ ဒါဟာ ငါကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပြဇာတ်တစ်ပုဒ်။ သေချာတာက ဇာတ်ညွှန်းကို ငါ မရေးခဲ့ဘူး။ ဒီလိုပြောလိုက်တာက ငါ့ကိုယ်ငါ အပြစ်ကနေ ပုန်းကွယ်ခြင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ ဇာတ်လမ်းရဲ့ အစမှ အဆုံးတိုင် ငါ မသိခဲ့ဘူး။ အခုလည်း ဇာတ်လမ်းက ပြီးသွားတာလား၊ အစပြုနေတာလား ငါ မခွဲခြားနိုင်ဘူး။ နောက်မှ သိရတာ ငါ့ညကို ဘယ်သူက ဇာတ်ညွှန်းရေးခဲ့သလဲပေါ့။ ဘာလို့ အဲဒီလောက် မထိန်းနိုင်ခဲ့လည်းပေါ့။ စိတ်ဝင်စားစရာပဲ ကေ။ ကိုယ်သောက်ခဲ့တဲ့ Happy water မှာ မင်းနာမည်နဲ့ တူတဲ့ ကေဆိုတဲ့ စကားလုံးလေး ရောစပ်ဖျော်ထားတာ။ "ကေ"တဲ့။ ငါ သိပ်ချစ်ရတဲ့ မင်းနဲ့ ငါ့ကြား ရှင်ခွဲ ခွဲခြားမည့် ကေလည်း ဖြစ်သွားနိုင်တယ်။ ကတ်တမင်း(Ketamine)ရဲ့ အတိုကောက် အခေါ်ပေါ့။ လူငယ်ပညာပေး ဆောင်းပါးတွေ ငါ ဖတ်ကြည့်ပြီးမှ သိခဲ့ရတာပါ။ ငါ နောက်ကျသွားခဲ့ပါပြီ။ ဒိုပါမင်း ဟော်မုန်းတွေ ကခဲ့တဲ့ ညပေါ့။ Euphoria ဖြစ်ခဲ့တဲ့ ညပေါ့။ ပျော်ရွှင်မှုအတုတွေရဲ့ည၊ ယစ်မူးဖို့ ကောင်းတယ်။ ကေနဲ့အတူ နောက်ထပ်လည်း ပါနိုင်သေးသတဲ့။ ငွေဖြုန်းနိုင်တဲ့အပေါ် မူတည်လို့ပေါ့။ ဆေးလိပ်သောက်တာကိုတောင် တားတဲ့ မင်းကို ငါ တောင်းပန်ပါတယ်။ အဲဒီတစ်ညရဲ့ အပြစ်ဒဏ်ဟာ ဒီမှာ ပြီးပါ့မလား၊ မသိသေးပါဘူး ကေ။ ငါ ဆရာဝန်ဆီ သွားရဦးမယ်။ အခု ချောင်းဆိုးနေတာကရော သွေးရိုးသားရိုးပဲလား။ အိတ်ချ်အိုင်ဗွီပိုး ရှိနေမလား၊ စီပိုးရှိနေမလား၊ ငါ မသိတော့ဘူး ။ ငါ့ရဲ့ အဖြူရောင် ကင်းဗတ်စမှာ စွန်းခဲ့တဲ့ ဆေးစက်ဟာ ဘာအရောင်မှန်း ငါမသိတော့ပါဘူး။ ရောဂါပိုးတွေ ငါ လက်ခံမရလိုက်ရင်တော့ အဖြူရောင်ဆေးစက်အဖြစ် မှတ်ယူနိုင်မလားပေါ့။ အဖြူရောင်ကင်းဗတ်စပေါ်မှာ အဖြူရောင်ဆေးစက်ပဲ တင်ခဲ့ရင်တော့ ငါ ကံကောင်းပြီပေါ့။ ငါ ဖြစ်စေချင်တာပါ။ ငါ့မှာ ပြောင်းလဲပိုင်ခွင့် မရှိတော့ပါဘူး"လို့ သူစိတ်ထဲမှာ ကေကေ့ကို ဖြေရှင်းချက် ပေးနေတယ်။ တဆတ်ဆတ်တုန်နေတဲ့ စိတ်တွေနဲ့ သူ ခုညလည်း အိပ်စက် မရပြန်ဘူး။ နောက်ရက်တွေကိုလည်း စောင့်ဆိုင်းနေရုံသာ ရှိတော့တယ်။
(၆)
ကေကေ ဒီနေ့ အဖြေပေးမည့် နေ့။
သူ မသွားတော့ပါလို့ စဉ်းစားမိသေးတယ်။ မဖြစ်ပါ။ အဖြေတောင်းသူ ယောက်ျားလေးက အဖြေပေးမည့်နေ့တွင် ရောက်မလာခဲ့ရင် မိန်းကလေးတစ်ယောက်ရဲ့စိတ် ဒဏ်ရာရနာကျင်သွားလိမ့်မယ်။ ထို့အတူ အမှောင်ခြမ်းကို လှစ်ဟပြနိုင်လောက်အောင် သူ့မှာ သတ္တိမရှိပါ။ ကေကေ နှလုံးသားနဲ့ နားဆင်ဝံ့မှာ မဟုတ်တဲ့ စကားလုံးများကို သူ မပြောရက်ပါ။ ကေကေ မုန်းသွားခဲ့ရင် အမုန်းဒဏ်ကို မခံနိုင်ဘူးဆိုတာ သူ့ကိုယ်သူ သိတယ်။ စွန်းပေသွားတဲ့ အဖြူရောင်ကြောင့်လည်း ကေကေရဲ့ မေတ္တာကို ခံယူဖို့ သူ မဝံ့ရဲပြန်ဘူး။ လိမ်ညာတဲ့ ပရိယာယ်ကိုလည်း သူ မသုံးချင်ဘူး။ ကေကေနဲ့ ထာဝရ ဝေးရမှာလည်း သူ စိုးတယ်။
ဘာလုပ်သင့်သလဲ.....ဘာလုပ်သင့်သလဲ.....
သူ အထပ်ထပ် စဉ်းစားတယ်။
ကမ္ဘာပေါ်တွင် လုပ်ရပ်တစ်ခုအတွက် တာဝန်ခံရမည်မှာ လုပ်ဆောင်ခဲ့သူကိုယ်တိုင် မဟုတ်လား။
" ကေ၊ ကိုယ် ဖွင့်ပြောစရာ ရှိတယ်"
" ပြောပြလေ၊ ကေ နားထောင်မယ်"
ကမ္ဘာကြီးကို ဘယ်သူမှ မခန့်မှန်းနိုင်တော့ပါ။။
ရိန်ဇော်
Keep Reading