နွယ်ငြိမ်းလင်းပွင့်
တစ်ကျွန်းကျနေသူ ...
ကျွန်းတစ်ကျွန်းပေါ်တွင် သက်ရှိဟူ၍ သင် နှင့် အုန်းပင် တစ်ပင်ရယ်၊ ခရုသေးသေးလေး တစ်ကောင်ရယ်၊ လိပ်သေးသေးလေး တစ်ကောင်ရယ်သာ ရှိမည် ဆိုကြပါစို့။ သင်သည် မည်သည့် အရာများကို တွေးတောပြီး သင်၏ စိတ်တွင် မည်သို့သော ခြေရာများ တင်ရှိနေမည်နည်း။
ကိုယ့်အတွက်တော့ ထိုသို့သော အခိုက်အတန့်လေးကို တစ်နာရီမျှသာ ရသည် ဆိုဦးတော့ ထိုအချိန်လေးတွင် မွေ့လျော်မိပြီး မြတ်နိုးမိမည်မှာ အသေအချာပင်။
အသံဗလံအားလုံး တိတ်ဆိတ် ငြိမ်သက်နေပြီး တစ်ခါတရံ လေပြည် လေအေးလေး တိုးဝေ့မှသာ အုန်းလက်အချင်းချင်း ထိခတ် ပွတ်တိုက်သံကို ကြားရသည်။ ကားဟွန်းသံ၊ ဈေးခေါ်သံ၊ ရေမော်တာ ခုတ်သံ၊ အဝတ်လျှော်စက် မြည်သံ၊ ကျယ်လောင်သော သီချင်းသံများကို မကြားရ။ ဆူညံသော အသံများကို ဝင်ခွင့်မပြုထားသော နားအေးပါးအေး ဆိတ်ငြိမ်လက်ငြိမ် နေရာလေးပေါ့။
ဆူညံမှုများ ဝန်းရံနေပါလျက်နှင့် ရုတ်ချည်း တိတ်ဆိတ်သွားမှုကို တွေ့ ကြုံဖူးလား။ ကော်ရစ်ဒါ အကွေ့ မှာ မမျှော်လင့်ဘဲ၊ ညကလည်း အိပ်မက်ထဲ ပါမလာဘဲနှင့်၊ မသိစိတ်က အမြဲ တွေ့ချင်နေသော သူ့ကို တွေ့လိုက်ရချိန်တွင် ဆူညံသံများ အားလုံး ရပ်ဆိုင်းသွားပြီး ကမ္ဘာတစ်ခုလုံးတွင် သူနှင့် ကိုယ်ပဲ ရှိတော့သည့်အလား၊ ဆူညံသံများ ကင်းမဲ့ဇုန်သို့ သူက ခေါ်ဆောင်သွားသည်။ ထားပါတော့။ ကျွန်းပေါ်တွင် သူ ရှိမနေပေမင့် သူ ပါဝင်ပတ်သက်နေသော အမှတ်တမဲ့ အမှတ်တရများကို စားမြုံ့ပြန် တွေးမည်။
အုန်းပင် တစ်ပင်က လူတစ်ကိုယ်စာအတွက် လုံလောက်သော အရိပ်အာဝါသကို ပေးစွမ်းနိုင်သလား။ မပေးနိုင်လည်း သိပ်တော့ ကိစ္စမရှိပါ။ နေပူဆာလှုံချင်လျှင် အိမ်ရှေ့ ပလက်ဖောင်းပေါ် ထွက် ထွက် နေရသည်မှာ ပင်ပန်းပါသည်။ ဖေဖေ ပြောဖူးသလို ကျွန်းပေါ်တွင် အားရပါးရ နေစိမ်ပစ်မည်။
မိုးစက်လေးများ တဖွဲဖွဲ ကျဆင်းလာသည်။ တိမ်ညို တိမ်စွယ်များက ကောင်းကင်မှာ သဏ္ဌာန်အမျိုးမျိုး ပြောင်းကာ လူးလာ ရွေ့လျားနေသည်။ မိုးရေများ တစ်ကိုယ်လုံး စိုရွှဲစေကာ ပျော်ရွှင်မြူးတူးမည်။ ဘယ်လောက်များ ကဗျာဆန်လိုက်သလဲ။ ကျွန်းပေါ်မှာ ကိုယ်တစ်ယောက်တည်း။ ကိုယ့်အတွေးများကို တစ်ကျွန်းလုံးပဲ ကြားအောင် အော်မလား။ တစ်ကိုယ်စာ ကြားရုံပဲ တီးတိုးပြောမလား၊ အခြားသူ တစ်ယောက်ယောက် ကြားသွားမလားဆိုပြီး မစိုးရိမ်ရ။ ထို့ပြင် မိုးရေစိုရွှဲနေသော ကိုယ့်ကို ဆူပူမာန်မဲမည့် ကိုယ့်မေမေလည်း အနားမှာ မရှိ။ ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်ရှိသော နေရာလေး။ တဒင်္ဂပင် ဖြစ်စေဦးတော့၊ ဒီခဏမှာ တစ်ကျွန်းလုံးကို ကိုယ် ပိုင်တယ်ကွယ်။
အထီးကျန်မှုလား။ ဆက်သွယ် စကားပြောစရာ တစ်စုံတရာ ရှိမနေ၍ ဤကျွန်းက နေပျော်ဖွယ် မကောင်းတော့ဘူးလား။ သူငယ်ချင်း စကားဝိုင်း၊ ဆွေမျိုး တွေ့ဆုံပွဲများတွင်ပင် စကားပြောစရာ လူအများ ခြံရံနေပါလျက်၊ ခေါင်းစဥ် မအပ်စပ်၍ ပြောစရာ စကားမရှိဘဲ ငုတ်တုတ် အထီးကျန်ခဲ့ဖူးသည်။
ကိုယ့်အမြင်မှာမူ ကမ္ဘာပေါ်မှာ သစ္စာအရှိဆုံးက သဘာဝတရားကြီးပဲ။ သစ်ပင်များနှင့် စကားပြောဖူးသည်။ တိမ်တိုက်ကားချပ်က စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ရုပ်ရှင်ရုံ။ အကျည်းတန်များပင် လှပါသည်ဆိုသော နေဝင်ချိန်တွင် တိမ်တိုက် ရွေ့လျားမှုနောက် လွင့်ပါပြီး အတွေးများ ခြေဆန့်မည်။
တစ်ယောက်တည်း ရှိနေချိန်တွင် အတွေးများကို ထိန်းချုပ်ရမည်တဲ့။ ဟုတ်သည်။ လေလွင့်နေသော စိတ်သည် သူနှင့် သူ့မမ ဆိုသော နံရံတံတိုင်းကို တိုက်မိပြီး ကြွေကျကာ တစ်စစီ ဖြစ်သွားသည်။ မျက်ရည်များက မိုးရေများနှင့် ရောနှောသွားသည်။ သည်လို မိုးသည်းသော တစ်နေ့ပါပဲ။ ကိုယ့်ကို ပြုံးစေ၊ ငိုစေ၊ ရယ်စေ၊ လွမ်းစေ တတ်နိုင်လှသော သူသည် သူ့မမ လက်ကို ဖွဖွလေး ကိုင်ပြီး တစ်မိုးအောက် နှစ်ယောက်သား ကိုယ့်ရှေ့ကနေ ဖြတ်သွားဖူးသည်။ မိုးရေထဲတွင် မတ်တတ် သေဆုံးခဲ့ရသည်။
အလွတ်ရရုံမက ခလုတ်တိုက်ရင်တောင် ရော်ရမ်း ရွတ်ဆိုမိသော သူ့နာမည်လေးကို သဲပြင်ပေါ်တွင် ရေးသားပြီး ဆော့ကစားမည်။ သဲပြင် ပူနွေးနွေးပေါ်တွင် တစ်ရေးတစ်မော အိပ်ပြီး အိပ်မက်ထဲသို့ သူ့ကို အလည်ခေါ်ဦးမည်။
ကြည့်ပါလား။ ကိုယ် ဘယ်သွားသွား သူက စိုးမိုးနိုင်လွန်းသည်။ တော်ပြီ။ ဟိုဘက်ကမ္ဘာအစစ်ရှိရာသို့ပဲ ပြန်တော့မည်။ စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ တစ်နေ့တာ ဝေယျာဝစ္စများကို လုပ်ရင်း၊ အခြားသူများကို အားကျရင်း၊ မနာလို ဝန်တိုရင်း၊ စာများ လေ့လာရင်း၊ ဝါသနာ ပါသည်ဟု ယုံကြည်သော အချို့ကိစ္စများနှင့် အချိန်ဖြုန်းရင်း ဆူညံသော လောကအစစ်တွင် ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားမှ အလွမ်းဒဏ် သက်သာလိမ့်မည်။ သို့သော် မခံ
မရပ်နိုင်အောင် ပင်ပန်းလွန်းသော အခါမျိုးတွင်မူ ထိုကျွန်းလေးသို့ အလည်တစ်ခေါက် သွားပါဦးမည်။
နွယ်ငြိမ်းလင်းပွင့်
16.2.22 (Wed)
Keep Reading