Author's Profile Photo

အဂ္ဂဇော်

10/03/2025

ဆေးရုံပေါ်က လက်ပြတ်ကြီး (ဖြစ်ရပ်မှန်)

6 mins read
Novel
Fiction
Entertainment
ဆေးရုံပေါ်က လက်ပြတ်ကြီး (ဖြစ်ရပ်မှန်)'s photo

ကိုစိုးတို့နေသည့်မြို့ကလေးသည် အတော်ခေါင်သည့်မြို့ကလေးဖြစ်သည်။ သူတို့မြို့ကလေးတွင် တိုက်နယ်ဆေးရုံတစ်ခုသာရှိသည်။ ဆေးရုံကလဲ ခပ်သေးသေးဖြစ်ပြီး ဆေးရုံတက်သူမှာ နည်းပါးလှသည်။ တစ်ရက်တော့ ကိုစိုးအဖေ ဆိုင်ကယ်မှောက်သည်။ ဆိုင်ကယ်မှောက်သည်ကလဲ ညနေဘက်မို့ တိုက်နယ်ဆေးရုံသို့ ပြေးပို့ကြသည်။ ခြေထောက်တစ်ဖက်ကျိုးသွားသည်။ တစ်ဖက်ကတော့ အရိုးအက်သွားသည်မို့ ဆေးရုံတွင် ကျောက်ပတ်တီးစည်းပေးပြီးနောက် ထိုဆေးရုံတွင်ပင် တက်လိုက်ရတော့သည်။

အမှန်က အိမ်ပြန်ရန်ဖြစ်သော်လည်း ဆရာဝန်နှင့်မတွေ့ရသေး၍ဖြစ်သည်။ ဆရာဝန်က နောက်တစ်နေ့ရုံးတက်မှလာမည်ဖြစ်ရာ ဆေးရုံတွင်ပင် တက်လိုက်ရသည်။ ရုတ်တရက်မို့ ဆေးရုံတက်ရတာ ကပျာကယာနိုင်လှသည်။ တိုက်နယ်ဆေးရုံကလဲ သံကုတင်တစ်လုံးတွင် အထပ်သားပြားများခင်းထားသည်မို့ အိပ်ရာလိပ်ပြင်ရသည်။ ခြင်ကိုက်တတ်သည်မို့ ခြင်ထောင်ယူရသည်။ အဝတ်အစား၊ စားဖို့သောက်ဖို့ အားလုံးကို ဆွေမျိုးများက စီစဉ်ရသည်။

ဆေးရုံခန်းက အကျယ်ကြီးဖြစ်သည်။ နှစ်ထပ်ဆောက်လုပ်ထားသည့် အဆောင်ကြီး၏ အောက်ဖက်တွင်တော့ ဆေးပေးခန်း၊ ဆရာဝန်ခန်းနှင့် ရုံးခန်းသဘောမျိုးပြင်ဆင်ထားပြီး အပေါ်ထပ်ကတော့ ဟောတိုက်ကြီးဖြစ်ကာ ကုတင်များကို တန်းစီချထားသည်။ သို့သော် ဆေးရုံတက်သည့်လူနာက မှတ်မှတ်ရရ ငါးဦးသာရှိသည်မို့ ကုတင်များက လွတ်နေကြသည်။ လူနာများမှာ ဘေးချင်းကပ်မနေကြဘဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာကုတင်များတွင်နေထိုင်သည်။ အိမ်တွင် လူခွဲကလဲ မရှိသည်မို့ ကိုစိုးသာဆေးရုံစောင့်တာဝန်ကျသည်။

ညနေ၇နာရီထိုးတော့မည်၊ ညနေစာလဲမစားရသေးသည်မို့ ဗိုက်ကဆာနေသည်။ ထိုစဉ် သူ့ဖုန်းကအသံမြည်လာသည်။

"ရှင့်သမီး ညစာလာပို့ပေးလိမ့်မယ်၊ ဆေးရုံရှေ့ကထွက်စောင့်နေလိုက်ပေါ့"

ကိုစိုးလဲပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် အဖေ့ကို ထမင်းသွားယူမည်ဟုပြောပြီးနောက် ဆေးရုံပေါ်မှဆင်းခဲ့သည်။ ဆေးရုံကြီးက အဆောက်အဦးအသစ်ကြီးဖြစ်ကာ မီးချောင်းတွေထွန်းထားသဖြင့် လင်းနေသည်။ ကိုစိုးအဆောင်ပေါ်မှဆင်းပြီး ဆေးရုံရှေ့အလံတိုင်နှင့် မြေကွက်လပ်ကိုဖြတ်လာခဲ့ပြီးနောက် ဆေးရုံဝင်ပေါက်ဝနားသို့ ထွက်ကာလမ်းဘေးတွင် ရပ်နေလိုက်သည်။ သမီးဖြစ်သူမလာသေးသဖြင့် ထိုနေရာတွင် ရပ်ကာစောင့်နေမိသည်။ ဆေးရုံဝင်ပေါက်တစ်ဖက်တွင် ညောင်ပင်ကြီးတစ်ပင်လမ်းဘေးတွင်ပေါက်နေသည်။ မိုးချုပ်နေပြီမို့ ထိုညောင်ပင်ကြီးက မှောင်နေလေသည်။ ကိုစိုးစောင့်နေရင်း ကျောချမ်းသလိုလိုဖြစ်လာသည်။ ကိုစိုးက ကြောက်တတ်သူမဟုတ်ပေ။ ထိုစဉ် ထိုညောင်ပင်ကြီးနောက်မှ မိန်းကလေးတစ်ယောက်ထွက်လာသည်။ ကိုစိုးလဲထူးဆန်းနေမိသည်။ မိန်းကလေးက ညောင်ပင်အနောက်တွင် ဘာသွားလုပ်သနည်းဟု တွေးနေမိသည်။

ထိုမိန်းကလေးက ညောင်ပင်အောက်တွင် မတ်တပ်ရပ်နေသည်။ ကိုစိုးလဲ တစ်စုံတစ်ယောက်ကို စောင့်နေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။ သို့သော် မီးလင်းနေသည့်ဆေးရုံအဝင်ဝနားတွင် မစောင့်နေဘဲ အဘယ့်ကြောင့် ညောင်ပင်အောက် အမှောင်ထဲတွင် ရပ်စောင့်နေသနည်း။

မကြာခင် ဆိုင်ကယ်သံကိုကြားလိုက်ရသည်။ သမီးဖြစ်သူက ထမင်းလာပို့ခြင်းဖြစ်သည်။ စတီးလေးဆင့်ချိုင့်ကိုဆွဲလာပြီး သူ့ကိုလှမ်းပေးလိုက်သည်။ ရေဘူးနှင့် ဓါတ်ဘူးတစ်လုံးကိုတော့ လက်ဆွဲခြင်းအသေးလေးထဲတွင် ထည့်ထားသည်။ သမီးဆီက ထမင်းချိုင့််လှမ်းယူပြီးသောအခါတွင် ထိုမိန်းကလေးမရှိတော့ပေ။ တစ်ယောက်ယောက်လာခေါ်သွားရအောင်ကလဲ မျက်စိတစ်မှိတ်အတွင်း ခဏလေးပင်ဖြစ်သည်။ ကိုစိုးလဲ ဆက်မတွေးတော့ဘဲ ဆေးရုံထဲသို့ဝင်လိုက်သည်။

လှမ်းလျှောက်နေရင်း ဖိနပ်ကို အနောက်မှ တစ်ယောက်ယောက်က ဆောင့်နင်းလိုက်သလိုဖြစ်သွားသည်။ ကိုစိုး ဟန်ချက်ထိမ်းနိုင်သဖြင့် မလဲကျသွားခြင်းဖြစ်သည်။ အနောက်သို့ဒေါသနှင့်လှည့်ကြည့်ရာတွင် မည်သူမျှမတွေ့ရပေ။ သို့နှင့်ဆက်လျှောက်လာခဲ့ရာ သုံးလှမ်းအရောက်တွင် ထုံးစံအတိုင်းဖိနပ်ကိုဆက်နင်းပြန်သည်။ ကိုစိုး၏ ကတ္တီပါဖိနပ်ကိုတစ်ယောက်ယောက်က အနောက်မှလိုက်နင်းနေသလိုဖြစ်သည်။ ဆေးရုံဝင်းအတွင်း သူမှလွဲ၍မည်သူမှမရှိပေ။ ကိုစိုးစိတ်ထဲ စနိုးစနောင့်ဖြစ်လာသည်။

ပိုဆိုးသည်က အရှေ့ကိုလှမ်းလိုက်တိုင်း ဘယ်ကော၊ ညာပါ လိုက်နင်းခံနေရခြင်းဖြစ်သည်။ ဆေးရုံဝင်ပေါက်နှင့် အဆောင်မှာ ပေ ၂၀၀ ခန့်သာဝေးသော်လည်း ကိုစိုးတော်တော်လျှောက်ယူနေရသည်။ နောက်ကလဲ ဖိနပ်ကိုတအားလိုက်နင်းသဖြင့် ခြေထောက်ကို မပြီးမလျှောက်တော့ဘဲ ဖိနပ်တရွတ်တိုက်ဆွဲကာ လျှောက်လိုက်သည်။ ထိုအခါ အနင်းမခံရတော့ပေ။ ကိုစိုးလဲ ရယ်လိုက်မိသည်။

"ဟေ့ကောင်၊ နင်းမရတော့ဘူးမဟုတ်လားကွ၊ ငါ့ကိုလာမခြောက်နဲ့ ငါက သရဲမကြောက်တတ်ဘူးကွ"

ထိုသို့ပြောပြီးဆက်လျှောက်လာရင် ဆေးရုံဝင်ပေါက်နားအရောက်တွင် တောက်ခနဲတစ်ချက်ခေါက်သံကို အနောက်မှကြားလိုက်ရသည်။ ကိုစိုးလဲ လှည့်မကြည့်ဘဲနေလိုက်သည်။

"အောင်မာ၊ မင်းကများ တောက်ခေါက်ရသေးတယ်"

ကိုစိုးက ထိုသို့ပြောလိုက်ပြီးနောက် သုံးလေးခွန်းခန့် ဆဲဆိုလိုက်သည်။ ထို့နောက် အဆောင်ထဲဝင်ခဲ့သည်။ အဆောင်ပေါ်ရောက်တော့ အဖေ့ကိုထမင်းပြင်ကျွေးလိုက်သည်။ အခြားဆေးရုံတက်နေသူများနှင့်လဲ မိတ်ဆွေဖွဲ့လိုက်မိသည်။ အဖေက ဒဏ်ရာကြောင့်ထင်သည် ထမင်းကို ကုန်အောင်မစားနိုင်ရှာ။

"ကျန်တာချန်ထားလိုက်သားရေ၊ ညကျတော့ ဗိုက်ဆာရင်ထစားရအောင်"

သို့နှင့်ထမင်းချိုင့်အတွင်း ထမင်းနှင့် ဟင်းများကိုပြန်ထည့်ကာ ကုတင်အောက်ခေါင်းရင်းဘက်တွင် လက်ဆွဲခြင်းနှင့်ထည့်ထားလိုက်သည်။ အောက်ထပ်တွင် ဆေးရုံတာဝန်ကျ သူနာပြုများစကားပြောနေကြသည်။ ညကိုးနာရီခန့်တွင် အဖေက အိပ်သွားရာ ကိုစိုးလဲ ဘေးကုတင်အလွတ်ပေါ်တွင် တက်ပြီး အိပ်လိုက်မိသည်။ အဖေက ခြင်ထောင်နှင့်ဖြစ်သော်လည်း ကိုစိုးကတော့ ခြင်ထောင်မပါပေ၊ ဆေးရုံဖြစ်သော်လည်း ခြင်တွေကပေါများသဖြင့် နားအနားတွင် တဝီဝီပျံသန်းနေသည်။ ကိုစိုးလဲ ပုဆိုးကိုခေါင်းလုံအောင်ခြုံလိုက်ပြီး ကွေးကွေးလေးအိပ်နေမိသည်။

"ချွတ် . . ချွတ်"

အိပ်နေရင်း ပလတ်စတစ်အိတ်ကို ဆွဲနေသံကြားသဖြင့် ကိုစိုးလဲ လန့်နိုးလာသည်။ အဖေညစာစာ၍ ထမင်းထစားခြင်းဖြစ်မည်ဟုတွေးလိုက်ပြီး ပုဆိုးခေါင်းမြီးခြုံကိုဖြုတ်လိုက်သည်။ ထိုစဉ် အလွန်ကြောက်စရာကောင်းသောအရာကို တွေ့မြင်လိုက်ရသည်။

လက်မဲမဲကြီးတစ်ဖက်ဖြစ်သည်။ လက်ကြီးက လူကြီးလက်များထက်အတန်ငယ်ကြီးများသည်။ လက်တစ်ခုလုံးတွင်လဲ အမွှေးနက်ကြီးများထောင်ထနေကာ ပင့်ကူကြီးတစ်ကောင်နှင့်ပင်တူနေသည်။ ထိုလက်ကြီးမှာ လက်ကောက်ဝတ်ခန့်အထိသာပါသည်။ ဟိုစမ်း ဒီစမ်းနှင့် လက်ဆွဲခြင်းကိုဆွဲနေခြင်းဖြစ်သည်။ လက်ဆွဲခြင်းထဲတွင် ရေဘူးကို ကြွပ်ကြွပ်အိတ်နှင့်ပတ်ထားရာ ထိုကြွပ်ကြွပ်အိတ်ကို တိုးနေခြင်းကြောင့် အသံကြားရခြင်းဖြစ်သည်။

ကိုစိုးက သရဲဟုမထင်မိသေး၊ သူမြင်နေတာ ဟုတ်မှဟုတ်ပ့ါမလားဟုတွေးကာ မျက်လုံးများကိုပင် လက်ဖြင့်ပွတ်မိသည်။ သေချာပြန်ကြည့်တော့မှ လက်ကြီးမှ လူလက်ပြတ်ကြီးအစစ်ဖြစ်သည်။ ကိုစိုးလန့်သွားသော်လည်း ဒေါသက ထောင်းခနဲထွက်လာသည်။ ကုတင်ပေါ်မှခုန်ဆင်းလိုက်ပြီးနောက် ထိုလက်ကြီးကို ခြေထောက်နှင့်ပြေးကန်လိုက်သည်။

"ဝုန်း . . . ချွင် . .ကလွင်"

လက်ကြီးရော လက်ဆွဲခြင်းပါလွင့်ထွက်သွားသည်။ လက်ဆွဲခြင်းအတွင်းမှ စတီးချိုင့်နှင့် ရေဘူးမှာမှောက်သွားတော့သည်။ လက်ကြီးမှာ ခေါင်းရင်းဘက် ငါးပေခန့်လွင့်သွားသည့်အခါ ကိုစိုးက ထိုလက်ကြီးဆီသို့ပြေးလိုက်သွားပြီး ခြေထောက်နှင့် နင်းလိုက်တော့သည်။ အထိအတွေ့မှာ အိအိကြီးဖြစ်သည်။ ကားတာယာအတွင်းမှ ကျွတ်လို၊ စက်ဘီးကျွတ်ကြီးကိုတက်နင်းရသလို ပျော့စိစိကြီးဖြစ်သည်။ ကိုစိုးနောက်ထပ်နင်းရန် ခြေထောက်မလိုက်ချိန်တွင် လက်ကြီးက ရုန်းထွက်သွားပြီးနောက် နံရံပေါ်သို့ပင့်ကူကြီးသဖွယ် တက်သွားကာ ပျောက်ကွယ်သွားတော့သည်။

ကိုစိုးကြည့်လိုက်သည့်အခါ အဖေက နိုးလာသည်။ အချို့လူနာစောင့်များကလဲ နိုးလာကြသည်။ ဆေးရုံအခန်းအတွင်း မီးက ထိန်ထိန်လင်းနေသည်။ ကိုစိုးဘာမှမပြောတော့ဘဲ လက်ဆွဲခြင်းကိုပြန်ကောက်ပြီးထည့်လိုက်သည်။ ထို့နောက် ခဏကြာတော့ ကုတင်ပေါ်ပြန်တက်အိပ်လိုက်သည်။

"သား၊ ဘာဖြစ်တာလဲ"

"ဟိုဟာ ကြွက်ပါအဖေ၊ ထမင်းနံ့ဟင်းနံ့ရလို့ လာတာဖြစ်မှာ"

အဖေမေးသည်ကို ကိုစိုးက တမင်လွှဲပြောလိုက်သည်။ မကြာခင် အဖေပြန်အိပ်သွားသည်။ ညသန်းခေါင်အချိန်ဖြစ်နေပြီ။ ကိုစိုးလဲ ကုတင်ပေါ်ပြန်တက်ကာ ခေါင်းမြီးခြုံထားလိုက်ပြီး အိပ်ချလိုက်တော့သည်။ တစ်နေ့လုံး အလုပ်လုပ်ထားရသည်မို့ အလွန်ပင်ပန်းနေသောကြောင့်ကိုစိုးမှာ ပြန်အိပ်ပျော်သွားတော့သည်။

"ဒုန်း . . .ဒုန်း"

အိပ်ရင်း လှေကားကိုတစ်ယောက်ယောက်ပြေးဆင်းနေသံကြားရသည်။ ကိုစိုးလဲ ထပြီးအော်လိုက်သည်။

"ငါအိပ်နေတာလာမနှောင့်ယှက်ကြနဲ့နော်၊ သတ္တိရှိရင် လာခဲ့၊ မင်းတို့ကိုကြောက်တယ်များထင်နေလား"

ိုထိုအခါ ထိုပြေးတက်လိုက် ပြေးဆင်းလိုက်အသံမှာ ပျောက်ကွယ်သွားတော့သည်။ ကိုစိုးလဲ ဆက်အိပ်နေစဉ်မှာပင်

"ဘုတ် . . ."

ကိုစိုးကျောပြင် ပူခနဲ ခံစားလိုက်ရပြီးနောက် ကုတင်ပေါ်မှ လိမ့်ကျသွားသည်။ ပုဆိုးကိုဆွဲပြီး မတ်တပ်ထလိုက်တော့ အကောင်ကြီးတစ်ကောင်ကိုမြင်လိုက်ရသည်။ ထိုအကောင်ကြီးမှာ အရပ်ကရှစ်ပေခန့်ရှိမည်။ လူကောင်ထွားထွားကြီးနှင့် တစ်ကိုယ်လုံးအမွှေးများပါပြီး လူဝံကြီးနှင့်တူသည်။ သို့သော်မျက်နှာမှာတော့ လူမျက်နှာဖြစ်ပြီး အမွှေးများကြားတွင် မျက်နှာက အနီရောင်ကြီးဖြစ်သည်။ ကိုစိုးလဲ ဒေါသထွက်ထွက်နှင့် ပုဆိုးကို ပြင်ဝတ်လိုက်ပြီး ထိုအကောင်ကြီးကိုပြေးထိုးတော့သည်။

ပြေးထိုးရသည်မှာလဲ ဖွဲအိတ်ကြီး၊ လေအိတ်ကြီးကို ထိုးရသလို တဖုတ်ဖုတ်နှင့် အားမရပေ။ ထိုအခါ ထိုအကောင်ကြီး၏ လက်ကိုဆွဲကိုင်ပြီး ချိုးပစ်ဖို့လုပ်လိုက်တော့ လက်ကြီးမှ အမွှေးများနှင့် ချောကျိကျိကြီးဖြစ်နေသည်။ ထိုအကောင်ကြီးက အားတော့သန်သည်။ ကိုစိုးနှင့် နှစ်ယောက်သားလုံးထွေးသတ်ပုတ်နေကြသည်။ အခန်းအတွင်းမှာလဲ တဒုန်းဒုန်းနှင့်ဖြစ်နေသည်။ အခြားလူနာစောင့်များနိုးလာကြသော်လည်း သူတို့က ကိုစိုးကိုသာမြင်နေရသည်ဟုဆိုသည်။

အချိန်ကြာတော့ အားမမျှတော့ ထိုအကောင်ကြီးက ကိုစိုးကိုယ်ပေါ်တက်ထိုင်ခွပြီး ကိုစိုးကိုတက်ဖိထားသည်။ ကိုစိုးအပေါ် အလွန်လေးလံသည့် ဆန်အိတ်ကြီးဖိထားသည်အလား ကိုစိုးမှာအတင်းရုန်းကန်နေရသည်။ သို့သော် ရုန်းထွက်မရဘဲဖြစ်နေသည်။

ထိုစဉ် သူနာပြုဆရာမ အသက်ကြီးကြီးတစ်ယောက်က လှေကားမှပြေးတက်လာသည်။ အခန်းအတွင်းဝင်လိုက်သည့်အခါတွင် ကိုစိုးတစ်ယောက်အော်ဟစ်နေသည်ကိုတွေ့လိုက်ရတော့သည်။ ထိုအခါ သူနာပြုက ကတ်ကြေးတစ်လက်ကို တချွှင်ချွှင်ဖြင့် အသံပေးကာ အဖွင့်အပိတ်လုပ်လိုက်တော့သည်။ ထိုအခါ ထိုအကောင်မဲကြီးသည် ကိုစိုးအပေါ်မှခုန်ထသွားပြီးနောက် အခန်းအပြင်သို့တစ်ဟုန်ထိုးပြေးထွက်သွားသည်ကို ကိုစိုးမြင်လိုက်ရသည်။

ကိုစိုးလဲ ဆက်မအိပ်ဝံ့တော့။ ကုတင်ဘေးတွင် ထိုင်နေမိသည်။ ထိုအခါမှ အဖေနှင့် စကားပြောဖြစ်သည်။ ကိုစိုးအဖေကလဲ သူအိပ်နေစဉ် ခြင်ထောင်ကို လှန်သွားသည်ကို ခံစားလိုက်ရကြောင်း၊ ထို့နောက် သူ့ခြေထောက်ကို တစ်ယောက်ယောက်က လာဆွဲနေသည့်အကြောငိးကို ပြောပြလေသည်။ ကိုစိုးကြောက်မှာစိုး၍ မပြောချင်းဖြစ်သည်။

နောက်နေ့မနက်လင်းတော့ ဆရာဝန်နှင့်တွေ့ပြီးဆေးရုံမှ အိမ်သို့ခွင့်တောင်းပြီး ပြန်လာခဲ့ကြသည်။ နေ့ခင်းပိုင်း ဆွေမျိုးများလာကြိုကြပြီး ကိုစိုးကတော့ ကျန်ခဲ့သည့် ပစ္စည်းများကိုတက်ယူကာ ဆေးရုံလှေကားမှဆင်းလာခဲ့သည်။ ဆေးရုံဝင်ပေါက်အရောက်တွင် သူ့အားအနောက်မှ တစ်ယောက်ယောက်က တွန်းလိုက်သလိုမျိုးဖြစ်သွားကာ လဲကျမလိုဖြစ်သွားသည်။ ကံကောင်းသဖြင့် အုတ်နံရံကိုလက်တစ်ဖက်နှင့်ထိန်းလိုက်၍သာ မလဲကျခြင်းဖြစ်သည်။

ကိုစိုးက တောက်တစ်ချက်ခေါက်လိုက်ပြီး အနောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ ဆေးရုံအပေါ်တက်သည့် လှေကားခွင်နားတွင် မတ်တပ်ရပ်နေသည့် လူတစ်ယောက်ကိုတွေ့ရသည်။ ထိုသူက မျက်ထောင့်နီကြီးဖြင့်သူ့ကိုလှမ်းကြည့်နေလေသည်။ ကိုစိုးလဲ ဆေးရုံထဲမှပြန်ပြီးထွက်လာခဲ့တော့သည်။ နောက်ပိုင်းမှ ပြန်စုံစမ်းကြည့်သောအခါ ဆေးရုံအဝင်ဝတွင် ဆိုင်ကယ်မှောက်ပြီး သေဆုံးခဲ့သည့် ကောင်မလေးတစ်ယောက်သည် ထိုညောင်ပင်ကြီးအနီးတစ်ခုခုကိုစောင့်နေသည်ကို လူများ မကြာမကြာမြင်တွေ့ရလေ့ရှိသလို၊ ထိုဆေးရုံတွင် ဆေးရုံတက်သူများသည်လဲ တစ်မျိုးမဟုတ်တစ်မျိုး အခြောက်ခံကြရဖူးသည်ဟုဆိုသည်။ ထို့ကြောင့် ထိုနယ်မှသူများအဖို့ မဖြစ်မနေအခြေအနေမှသာ ဆေးရုံတက်ကြလေ့ရှိသည်ဟုဆိုသည်။ သို့သော် ထူးဆန်းသည်က ထိုဆေးရုံမှ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများကတော့ အခြောက်မခံရကြပေ။

"ငါကွာ၊ အဲဒီတုန်းက အားမရဘူးကွာ၊ ဒီကောင်ကြီးကို ငါဆော်ချင်သေးတာကွ"

ကိုစိုးက သူ့အဖြစ်အပျက်များကိုပြောပြနေရင်း အားမလိုအားမရဖြစ်နေသေးသည်။ သို့သော် နောက်ပိုင်း ကိုစိုးမှာ ဆေးရုံသို့မရောက်ဖြစ်တော့ပေ။

ပြီးပါပြီ။

Keep Reading

မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်တစ်ကျွန်းစံ၏အပြန်လမ်း