Nan Ko Ko Oo
အခန်း (၁)
စနေနေ့၊ မနက် ၈ နာရီတွင် ကျွန်တော် အိပ်ရာကနိုးလာသည်။ မျက်နှာသစ်သွားတိုက်ပြီးနောက် ထမင်းစားစားပွဲတွင် ဝင်ထိုင်သည်။
မေမေက " သားအတွက် လက်ဖက်ရည်နဲ့ အီကြာကွေး ဝယ်ထားတယ် "
မီးဖိုချောင်ကနေ လှမ်းအော်ပြောသည်။
ဖုန်းထဲမှ ပြက္ခဒိန်ကို ကြည့်သည်။ Oct 26 စနေနေ့။ ရုံးပိတ်ရက်မို့လို့ အေးအေးလူလူအနားယူလို့ရပြီ။
ပိတ်ရက် ရုပ်ရှင်သွားကြည့်ရင် ကောင်းမလား။
ရုပ်ရှင်ရုံတွေကလည်း မြန်မာဇာတ်ကားတွေချည်း ပြနေသည်။ အင်္ဂလိပ်စကားပြောကားလေးဘာလေး ရုံမတင်ချဘူး။
မကြည့်တော့ဘူး။ မြန်မာကားတွေကြည့်ရပျင်းတယ်။
ရုံးပိတ်ရက်ဆိုတော့ ဘော်ဒါကြီး ဇော်ဖြိုးနဲ့ ဝိုင်းတည်လိုက်ရင် ကောင်းမလား။
ဒီကောင်ကြီး အခုလောက်ဆို အိပ်နေတုန်းနေမှာ။
သောက်ဖြစ်ရင်တော့ ဖုန်းကြိုဆက်လိုက်မည်။
လက်ဖက်ရည် သောက်လို့ပြီးတော့ ဆေးလိပ်ငတ်လာသည်။ လက်ကိုင်အိတ်ထဲက ငါးရာတန်တစ်ရွက်ကိုယူထုတ်လိုက်သည်။
" ဟေ့၊ ပြည့်စုံရေ..၊ ဦးလေးကို စိန်မျှား ငါးရာဖိုး သွားဝယ်ပေးစမ်းပါကွာ "
ကျွန်တော့်တူလေးသည် ငါးရာတန် စက္ကူလေးကို ယူပြီး ပြေးထွက်သွားတော့သည်။
ခဏပဲစောင့်ရသည်။ ပြန်ရောက်လာ၏။
"ဖြည်းဖြည်းလာပါကွ၊ အိမ်လဲ ပြိုကျဦးမယ်။ "
ပြည့်စုံသည် အိမ်ထဲသို့ ခြေဆောင့်၍ တဒုန်းဒုန်း ပြေးဝင်လာသည်။
ကျွန်တော် ဖုန်းကို လိုင်းဖွင့်လိုက်သည်။ ပြီးတော့ Mobile Legends ဂိမ်းထဲသို့ဝင်လိုက်၏။
" ရော့ကွာ၊ ဆေးလိပ်ဝယ်ပေးတဲ့အနေနဲ့ ဂိမ်းတစ်ပွဲ ပေးနှိပ်မယ် "
ပြည့်စုံသည် ဆေးလိပ်ဝယ်ပေးရကျိုးနပ်သွားတဲ့ မျက်နှာထားနဲ့ ပြုံးရွှင်သွားတော့၏။
" ချောကလက် ဘုရင်လေး မြန်မြန်ပြီးအောင် နှိပ်နော်..၊ "
ပြည့်စုံကို ကျွန်တော် လှမ်းစလိုက်သည်။
ဆေးလိပ်ကို မီးညှိ၍ မီးခိုးများထောင်းထောင်းထအောင် ကျွန်တော် ဖွာပစ်လိုက်သည်။ ခုမှပဲ နေသာထိုင်သာရှိသွားတော့သည်။
ရေချိုးခန်းထဲသို့ သွားသည်။ ရေပုံးထဲသို့ ဆပ်ပြာမှုန့်တွေလောင်းထည့်လိုက်၏။ ရေနဲ့ဖျော်လိုက်သည်။ တစ်ပတ်စာ အကြွေးတင်နေသော အဝတ်များကို ဆပ်ပြာရည်နှင့် စိမ်ထားလိုက်တော့သည်။
ညီလေးက ခုထိ အိပ်ရာက မနိုးသေး။ ဒီကောင် ညနက်မှ အိပ်တာဆိုတော့ တော်ရုံနဲ့ နိုးမှာ မဟုတ်။ ဆံပင်ညှပ်ဆိုင်ကို တစ်ယောက်ထဲပဲ သွားတော့မည်။
ဆံပင်ညှပ်ပြီးပြန်လာတော့ ပြည့်စုံလက်ထဲက ဖုန်းကို ပြန်ယူလိုက်သည်။
ပါဝါဘဏ်နဲ့ ဖုန်းကို အားသွင်းထားလိုက်သည်။ အဝတ်သွားလျှော်သည်။ လျှော်ပြီးအဝတ်များကို နေပူထဲ ထုတ်လှန်းထားလိုက်၏။
ဖုန်းအားပြန်ပြည့်နေပြီဆိုတော့ ဒေါင်းထားတဲ့ ဇာတ်ကားတွေကို ကြည့်ရမည်။ ဇာတ်ကားတွေကများတော့ ဘယ်ဇာတ်ကားကို အရင်စကြည့်ရမလဲတောင် မသိတော့။ ဟာသဇာတ်လမ်းကြည့်ရမလား။ လူသတ်သမားဇာတ်ကားပဲ ကြည့်ရမလား။ ဝေခွဲမရတော့။ နောက်ဆုံးတော့ Groundhog day ဇာတ်ကားကိုပဲ ကြည့်ဖြစ်သွားသည်။
ဇာတ်ကားပြီးသွားတော့ မျက်စိလဲ အတော်ညောင်းသွားသည်။ တရေးအိပ်လိုက်သည်။ အိပ်ရာကနိုးလာတော့ ညနေစောင်းနေပြီ။ ဇော်ဖြိုးဆီကိုသွားလို့လည်း မမီတော့။ ရပါတယ်လေ။ တနင်္ဂနွေနေ့ကျမှပဲ သွားလို့ရသားပဲ။
တနင်္ဂနွေနေ့ပြီးရင် ရောက်လာမယ့် တနင်္လာနေ့ကို ကြိုတွေးလိုက်တော့ ကြက်သီးထသွားသည်။ Monday ကို ရင်ဆိုင်ရမှာ စိုးထိတ်နေသည်။ အလုပ်တွေက တပုံတပင်။
တွေးရင်းနဲ့တောင် စိတ်ညစ်လာပြီ။ စစ်မြင်းတစ်ဘူးသွားဝယ်လိုက်သည်။ တစ်ယောက်ထဲပဲ ကစ်တော့မည်။
တစ်ဝက်လောက်သောက်ပြီးနောက် ခေါင်းက ရီဝေဝေဖြစ်လာသည်။ အိမ်ထဲမှာ နေရတာ မွန်းကျပ်သလိုပဲ။ အိမ်ပြင်ထွက်ပြီး လေညှင်းကလေး ထွက်ခံရမည်။
တံခါးမကြီးကို ဆွဲဖွင့်လိုက်သည်။ ဟာ..၊ မိုးတောင်ချုပ်နေပြီပဲ။ မြန်လိုက်တာ။ တနင်္လာနေ့ ရောက်တော့မှာလား။
အလယ်မှာ တနင်္ဂနွေ တစ်ရက်ကြီးများတောင် ကျန်သေးတာပဲ။ အေးဆေးပါကွာ။
" သား၊ ဘယ်သွားမလို့လဲ၊ မိုးချုပ်နေပြီ "
မေမေက စိုးရိမ်မကင်းလေသံဖြင့် မေးသည်။
" ဒီနားလေးတင်ပါ၊ မေမေ ။ လေကောင်းလေသန့် ထွက်ရှူမလို့ပါ "
မေမေသည် ကျွန်တော့်ကို အခုထိ ကလေးလို့များ ထင်နေတာလားမသိ။ ဘယ်သွားသွားစိတ်မချ။ အိမ်ရှေ့လေးသွားတာတောင် ပြောပြီးသွားမှရသည်။ ယုတ်စွအဆုံး အိမ်သာသွားရင်တောင် သူ့ကို အသိပေးမှရသည်။ ကျွန်တော် ချုပ်ချုယ်မှုတွေကို သိပ်စိတ်ညစ်နေပြီဗျာ။ လွတ်လပ်ချင်တယ်။ အနှောင်အဖွဲ့ကင်းချင်တယ်။
ကျွန်တော် မြစ်ကမ်းစပ်ဆီ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့သည်။ ကမ်းနဖူးတွင် ထိုင်လျက် ဆေးလိပ်မီးညှိလိုက်သည်။ လေတွေ တဟူးဟူးတိုက်နေသဖြင့် မီးကညှိလို့မရ။ အင်္ကျီထဲ ခေါင်းထိုးထည့်ပြီး လေကာ၍ ညှိသည်။ မီးခိုးငွေ့တွေကို အဆုတ်ထဲသို့ တဝကြီးရှူသွင်းလျက် စိတ်ညစ်စရာတွေ မှုတ်ထုတ်ပစ်လိုက်သည်။
အရင်က မီးရောင်ထိန်ထိန်နှင့် လှပသည့်တံတားကြီးဟာ အခုကျတော့ မှောင်စုပ်စုပ်ပါလား။ ကောင်းကင်ကြီးကလဲ တိမ်မည်းကြီးတွေနဲ့ ကာဆီးနေသောကြောင့် မလင်းထိန်။
လက်ကျန်စစ်မြင်းဘူးကို ဖွင့်လိုက်သည်။ ရေမရောနေတော့။ တစ်ခါတည်းမော့ချလိုက်၏။ ရင်ထဲ ပူဆင်းသွားသည်။
တော်တော်ဝေလာသည်။ ကောင်းကင်ပေါ်မှာ ကြယ်တွေထွန်းလင်းနေတာကို တွေ့ရသည်။
အခုချိန် ကြယ်လေးတစ်လုံး ကြွေကျလာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ကူးကြည့်မိသည်။ တိုက်ဆိုင်တာလားတော့မသိ။ ကောင်းကင်စောင့်နတ်က ကျွန်တော့်စိတ်ကူးကိုများ ကြားသွားသလားမသိ။
"A shooting star "
ကြယ်လေးတစ်လုံး ကြွေကျဆင်းလာသည်။ လှလိုက်တာ။ ကြယ်ကြွေတဲ့အချိန်ဆုတောင်းရင် ပြည့်တယ်တဲ့။
ကျွန်တော် ဆုတစ်ခုတောင်းလိုက်မိ၏။
ယုံတမ်းပုံပြင်စကားတစ်ခုကို ယုံကြည်လိုက်တာ ရူးကြောင်ကြောင်နိုင်သည်ဟု ထင်မိသည်။
ခဲလုံးတစ်လုံးကို ကောက်ယူပြီး ရေပြင်ထဲ လွှင့်ပစ်လိုက်သည်။ စစ်မြင်းဘူးခွံလေးကိုတော့ သိမ်းပြီး အိမ်သို့ပြန်ယူလာခဲ့သည်။ ကိုယ်ဘယ်လောက်သောက်ခဲ့သလဲဆိုတဲ့ အမှတ်တရ နောက်လာနောက်သားတွေကို သိစေချင်လို့...ပါ။ အိမ်ရောက်တော့ ဘယ်လောက်မူးမူး ကျွန်တော် ဖိနပ်ချွတ်ဖို့ မမေ့ပေ။
ခေါင်းအုံးပေါ် ပြုတ်ကျပြီးနောက် ကျွန်တော် တရေးမှမနိုးတော့။
*****
ကျွန်တော် အိပ်ရာမှ ပြန်နိုးလာသည်။ နာရီကို ကြည့်လိုက်တော့ မနက် ၈နာရီ။
မျက်နှာသစ်သွားတိုက်ပြီးနောက် ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်သည်။
မေမေက " သားအတွက် လက်ဖက်ရည်နဲ့ အီကြာကွေး ဝယ်ထားတယ် "
မီးဖိုချောင်ကနေ လှမ်းအော်ပြောသည်။
ဖုန်းထဲမှ ပြက္ခဒိန်ကို ကြည့်သည်။ Oct 26 စနေနေ့။
မျက်လုံးပြူးသွားသည်။
" မေမေရေ..၊ ဒီနေ့ တနင်္ဂနွေနေ့ မဟုတ်ဘူးလား "
" စနေနေ့လေ၊ သားကလဲ ဘာတွေအူကြောင်ကြောင်လုပ်နေတုံး "သွားပြီ။ မနေ့ညက ကြယ်ကြွေစဥ်က တောင်းခဲ့တဲ့ဆုသည် အမှန်တကယ်ဖြစ်လာသည်။ ကျွန်တော်တောင်းခဲ့တဲ့ဆုကို စာဖတ်သူတွေကို ပြောပြရမလား။ သိချင်ကြမှာပေါ့။ ဒီလိုပါ။ တနင်္လာနေ့ရောက်ရမှာ ကျွန်တော်ကြောက်ပြီးတော့ Oct26 စနေနေ့ပဲ အမြဲတမ်းဖြစ်နေပါစေတော့လို့ ကျွန်တော် တောင်းဆုပြုလိုက်ပါသည်။
"ပြည့်စုံရေ၊ ဆေးလိပ်ငါးရာဖိုးလောက် ဦးလေးကို သွားဝယ်ပေးပါဦး "
ဆေးလိပ်ငတ်တာကတော့ မနေ့စနေရော ဒီနေ့စနေရော အတူတူပါပဲ။ ရှောင်လွဲလို့မရ။
"ဟေ့ကောင်၊ ပြန်လာရင် ခြေဆောင့်ပြီး ပြေးမဝင်လာနဲ့နော်..။ ဖြည်းဖြည်းလာ။ "
ဒီတစ်ခါတော့ ပြည့်စုံကို ကြိုမှာထားလိုက်သည်။ ပြည့်စုံပြန်လာတော့ ထုံးစံအတိုင်း သူ့ကို ဂိမ်းပေးနှိပ်လိုက်သည်။
မနေ့ကညှပ်ပြီးသား ဆံပင်ကလဲ အရင်မညှပ်ခင်က ဆံပင်ပုံစံပြန်ဖြစ်နေသည်။
မနေ့က လျှော်ထားပြီးသား အဝတ်ပုံကြီးကလဲ ပြန်ပုံနေသည်။ လျှော်နေလည်း မထူးပါဘူးကွာ။
နေ့လယ်စာစားပြီးနောက် ကျွန်တော် ဆိုင်ကယ်ဖြင့် မြို့ထဲသို့ ထွက်လာခဲ့သည်။
မေမေက " ဘယ်သွားမှာလဲ " ဟု မေးပြန်သေးသည်။
" ဇော်ဖြိုးဆီသွားဦးမယ်"
" ဓာတ်ဆီဈေးတွေ ဒီလောက်တက်နေတာ အိမ်မှာ ငြိမ်ငြိမ်မနေဘူး "
မေမေ တဖျစ်တောက်တောက်ပြောကျန်ရစ်သည်။ ကျွန်တော်ကလဲ ဂရုမစိုက်။ ဓာတ်ဆီဈေးကို ကျွန်တော် ဂရုစိုက်စရာလဲ မလို။ ဟုတ်တယ်မလား။
ငွေရေးကြေးရေးဆိုတာ ကျွန်တော့်အတွက် ကိစ္စမရှိ။ ပူပင်စရာမလို။
" ဟာ၊ ခင်ဗျားကလဲ ဖုန်းမကြိုဆက်ဘူးဗျာ.. "
ရောက်ရောက်ချင်း ဇော်ဖြိုးကတော့ ဆောက်နဲ့ထွင်းသည်။
" ဒီလူနဲ့ဒီလူ ဖုန်းတွေဘာတွေဆက်နေစရာလိုသေးလို့လား "
" ဒီမှာ စော်နဲ့ ပြဿနာ တက်နေလို့ဗျ။ တိုင်ပတ်နေတယ် "
ဒီကောင်ဆီလာတိုင်း စော်နဲ့အဆင်ပြေနေတာ တစ်ခါမျှမရှိ။ အမြဲပဲ ပြဿနာတက်နေသည်။
" ကြာတယ်ဗျာ။ ကျွန်တော်သွားဝယ်လိုက်တော့မယ် "
" ပိုက်ဆံယူသွားပါဦးလား "
" ရတယ်၊ ကျွန်တော် တိုက်မယ် "
စစ်မြင်းနှစ်ဘူး။ Non-stop နှစ်ဘူး။ ပြီးတော့ အမြည်းအဖြစ် သူသိပ်ကြိုက်သည့် ကတ္တီပါသီးတွေ။
သူ့အခန်းသည် ရှုပ်ပွနေ၏။ အမှိုက်တွေလှဲကျင်းသုတ်သင်ခြင်းလဲမရှိ။
အရင်အပတ်က ကျွန်တော်လာခဲ့တုန်းက အခြေအနေတိုင်း ဘာမျှမယွင်း။
စစ်မြင်းဘူးကို ကျွန်တော် ဖွင့်လိုက်သည်။
ခွက်ထဲအနည်းငယ်လောင်းထည့်လိုက်သည်။ ရေရောသည်။ ဖျော်ရည်ထည့်သည်။
သူလည်း ကျွန်တော့်လိုလုပ်သည်။
" စော်က အရက်သောက်တာ မကြိုက်ဘူးဗျ "
သူပြောရင်း တစ်ငုံ မော့သောက်လိုက်သည်။
" ခင်ဗျားလဲ ကျွန်တော်နဲ့ပေါင်းပြီး ပျက်စီးနေပြီ ထင်တယ် "
" အဲလို လဲ မဟုတ်ပါဘူး "
ကျွန်တော်သည် စနေနေ့တစ်ရက်ထဲတွင် ပိတ်မိနေတဲ့အကြောင်း ဇော်ဖြိုးကို
ပြောပြလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူးလေ..။ တော်ကြာ ကျွန်တော့်ကို ဒီကောင် ဂေါက်နေတယ်ထင်သွားဦးမယ်။ သိုဝှက်ထားလိုက်တာပဲကောင်းမယ်။
Keep Reading