Author's Profile Photo

ညဉ့်ယံထက်[ Nyint Yan Htet ]

23/02/2025

*ပစ်တိုင်းထောင်* အပိုင်း ( ၁၂ )

10 mins read
Novel
Fiction
Entertainment
*ပစ်တိုင်းထောင်*
အပိုင်း ( ၁၂ )'s photo

အရင်ကဆို ခြံထဲကိုဝင်လိုက်တာနဲ့ တစ်ကိုယ်လုံးပေါ့ပါးသွားခဲ့ပေမယ့် ခုတော့...

ခြေလှမ်းတစ်လှမ်းလှမ်းတဲ့အခါတိုင်း သူမရဲ့နှလုံးသားတစ်ခုလုံးကို တစ်စုံတစ်ရာက မီးမြှိုက်ပြီး ခပ်တင်းတင်းဆုပ်ကိုင်နေသယောင်... သူမတစ်သက်လုံး နွေးထွေးမှုအပြည့်ရှိခဲ့တဲ့ ဒီအိမ်ခြံဝန်းအတွင်း လှမ်းတဲ့ခြေလှမ်းတွေဟာ ခုလိုပူလောင်နေရမယ်လို့ တစ်ခါမှမတွေးခဲ့မိဖူးဘူး။ တဲအိမ်နဲ့နီးလာလေလေ ပိုပြီးနာကျင်လာရလေဖြစ်သလို မျက်လုံးအိမ်အတွင်းမှ မျက်ရည်တို့ဟာလည်းပါးပြင်တစ်လျှောက် ပူလောင်စွာပင် စီးကျနေခဲ့တယ်...

ကျွီ...

သူမခြေလှမ်းတွေက တကျွီကျွီမြည်နေတတ်တဲ့ဝါးလှေကားလေးပေါ်စတင် လှမ်းလိုက်ပြီ။ ဒီလှေကားထစ်လေးတွေရဲ့အဆုံးမှာ သူမဘာမြင်တွေ့ရမလဲဆိုတာကို ဦးနှောက်ကသိနေပေမယ့် သူမနှလုံးသားကတော့ ငြင်းဆိုဆဲပင်...

နောက်ဆုံးတော့ သူမရဲ့သွေးစို့နေတဲ့ခြေဖဝါးက ဝါးကြမ်းခင်းတွေပေါ်ကို စတင်နင်းလိုက်တာနဲ့ သူမ မြင်တွေ့လိုက်ရတာက...

"မေကြီး..."

စောင်အစင်းနဲ့‌ အုပ်ထားတဲ့ မေကြီးရဲ့ခန္ဓာကိုယ်က နန်းစံရဲ့မျက်လုံးရှေ့မှာ မလှုပ်မယှတ်ပင် လှဲလျောင်းနေခဲ့တယ်....

"မေကြီး..."

နန်းစံ နှုတ်ကနေ မေကြီးလို့ ‌ရေရွတ်လိုက်ပေမယ့် မေကြီးကတော့အရင်ကလို သူ့ကိုပြန်မဖြေတော့ဘူး...

"မေကြီး...."

နန်းစံ မေကြီးဘေးမှာ စိတ်ထိန်းကာ အားတင်းထိုင်လိုက်ပြီး မေကြီးခေါင်းထိလွှမ်းခြုံထားတဲ့ စောင်အစင်းလေးကို တုန်ရီနေတဲ့လက်နဲ့ ဖြည်းဖြည်းချင်းဖယ်ကာ....

"အွန်း...."

နန်းစံ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မိမိပါးစပ်ကိုမိမိဘာသာပိတ်ကာ ငိုမိတယ်။ သူအသံထွက်ပြီး မငိုမိအောင် အတတ်နိုင်ဆုံးထိန်းထားပေမယ့် သူဆက်သည်းမခံနိုင်တော့ဘူး။ သူ့ရင်ဘက်ကြီးတစ်ခုလုံးက တင်းကျပ်နေတယ်။ သူ မခံစားနိုင်တော့ဘူး...

စွပ်စွပ်ဖြူနေတဲ့ မေကြီးရဲ့မျက်နှာက နန်းစံရဲ့မျက်လုံးတွေကို အတင်းမှိတ်လိုက်တာတောင် ပုံတူကားချပ်ထောင်ပြထားသည့်အလား မျက်လုံးထဲမှာ ထင်းနေခဲ့တယ်...

"နန်းစံ...သွားတဲ့သူလည်း သွားပြီပဲကွယ်။ ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့တော့..."

"ဖွားရင်...‌"

"ပြောလေ နန်းစံ..."

ဒေါ်ရင်အေး သူ့နာမည်ကို မပွင့်တပွင့် ရေရွတ်လာတဲ့ နန်းစံလေးကြောင့် ထိုကလေးမလေးဘာများပြောမလဲဆိုတာ စိုးရိမ်တကြီး မျှော်လင့်နေမိတယ်...

"မေကြီးက...နန်းစံကို တကယ်ပဲထားသွားပြီလား..."

မျက်ရည်တွေဝေ့သီ‌နေပြီး နီရဲကာခံစားချက်မဲ့နေတဲ့ နန်းစံလေးရဲ့မျက်လုံးတွေက သူ့ကိုတည့်တည့်စိုက်ကြည့်ပြီးမေးတာ‌မို့ ဒေါ်ရင်အေးလည်း မငိုမိအောင်ထိန်းထားရာကနေ မထိန်းနိုင်တော့ဘဲ မျက်ရည်တို့တသွင်သွင်စီးကျလာတော့တယ်...

"နန်းစံရယ်..."

ဖွားရင်က နန်းစံရဲ့နာမည်ကိုပဲ ရေရွတ်လိုက်တာဆိုပေမယ့် နန်းစံသဘောပေါက်ပါတယ်။ မေကြီးသူ့ကို ထားခဲ့ပြီ။ သူ့ဆီက အပြီးတိုင်ထွက်သွားပြီ...

"မေကြီး...နန်းစံကို ဆူမယ်၊ရိုက်မယ် ထင်နေခဲ့တာ..."

နန်းစံမေကြီးရဲ့အသက်မဲ့နေတဲ့ မျက်နှာကိုကြည့်ကာ ခပ်ပြုံးပြုံးရေရွတ်မိတယ်။ တကယ်လည်း ဆေးရုံမှာတုန်းက မေကြီးသူ့ကိုဘယ်လောက်စိတ်နာနေမလဲဆိုပြီး စိတ်ပူနေခဲ့တာ...

"အော်..."

ဟုတ်တာပဲ။ မေကြီးက နန်စံတွေးသလိုပဲ နန်းစံကို စိတ်နာသွားပြီလေ။ ဒါပေမယ့် သူထင်ထားတာက မေကြီးက သူ့ကိုဆူမယ်၊ရိုက်မယ်။ စကားမပြောပဲနေမယ်ပေါ့။ ခုတော့...ခုတော့ သူ့ကိုဆူလည်းမဆူ၊ရိုက်လည်းမရိုက်ပဲနဲ့ အဆိုးဆုံးသော ပြစ်ဒဏ်ကို နောက်ဆုံးအနေနဲ့ ပေးခဲ့တာပဲ...

"နန်းစံ...သမီးလေး နားတော့နော်။ သမီးလည်း ပင်ပန်းနေမှာပေါ့။ ဒေါ်တုတ်အသုဘကို မိဘုတ်ကအစအဆုံးစီစဉ်ပေးလိမ့်မယ်..."

"အသုဘ..."

"ဟုတ်တယ်လေ နန်းစံ။ အမှန်ဆို ငါတို့တွေ ဒီနေ့ပဲ အဖွားကိုမြေမြှုပ်မလို့။ နင်ပြန်လာမယ်လို့ ကိုကြီးဖုန်းဆက်လို့သာ မမြှုပ်ဖြစ်လိုက်တာ..."

ငထူး နန်းစံကို အခြေအနေလေးသိလိုသိငြား ရှင်းပြလိုက်တယ်။ အဖွားအတွက်ရော၊ နန်းစံအတွက်ရော စိတ်မကောင်းဖြစ်လွန်းလို့ သူလည်းတတ်နိုင်သလောက်တော့ ကူညီပေးနေပါတယ်လေ...

"မြေမြှုပ်မယ်..."

နန်းစံ ရေရွတ်မိတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း လူတွေအများကြီးက ပတ်ပတ်လည်မှာ သူနဲ့မေကြီးကို ဝိုင်းကြည့်နေကြတယ်။ အဲ့လူတွေက မေကြီးကို ဒီကနေခေါ်သွားတော့မှာပေါ့။ မဖြစ်ရဘူး။ သူ မေကြီးကို အခြားသူတွေဆီ မထည့်ပေးနိုင်ဘူး။ မေကြီးကို ခေါ်သွားကြတော့မှာ...

"နန်းစံ..."

ရုတ်တရက် ဂနာမငြိမ်ဖြစ်ကာ တစ်ခုခုကိုကြောက်လန့်လာပုံပေါ်တဲ့ နန်းစံကြောင့် ငထူးရော အခြားသူတွေပါ စိတ်ပူလာကြပြီး အဆင်ပြေရဲ့လားသိရအောင် ငထူးနန်းစံရဲ့ပုခုံးကို အသာပုတ်လိုက်တယ်...

"မထိနဲ့!!!"

"နန်းစံ..."

ရုတ်တရက်ကြီး ထအော်တဲ့နန်းစံကြောင့် အကုန်လုံး ထိတ်လန့်သွားကြတော့တယ်...

"ငါ့ကို မထိနဲ့။ ငါတို့ကို တစ်ယောက်မှ မထိကြနဲ့!!!! ထွက်သွား!!! ငါ့အိမ်ထဲက ထွက်သွား!!! သွား!!!"

"နန်းစံ... သမီးလေး...ဖွားရင်လေကွယ်..."

ဒေါ်တုတ်ရဲ့ အ‌လောင်းကို ချက်ချင်းဆိုသလို ပွေ့ဖက်ကာ သူ့ခန္ဓာကိုယ်နဲ့ကာထားပြီး အော်ကြီးဟစ်ကျယ်လုပ်နေတဲ့ နန်းစံကြောင့် ဒေါ်ရင်အေးမှာ ရင်ကွဲမတတ်ခံစားရပါတယ်။ သူ နန်းစံလေးကို ဆေးရုံပို့ပြီးခါစရှိသေး ဒေါ်တုတ်ဆုံးပြီဆိုတဲ့သတင်းကြောင့် ရွာကိုချက်ချင်းပြန်လာခဲ့ရတာ။ သူဒီလိုမြင်ကွင်းကို မြင်ရမယ်ဆိုတာသိလို့ စိတ်ကိုကြိုပြင်ထားပေမယ့်လည်း တကယ့်တကယ် ခုလိုထိန်းမနိုင်သိမ်းမရမြင်ကွင်းကို တကယ်မြင်ရတဲ့အခါကြ သူတောင်မခံစားနိုင်တော့ဘူး။ နန်းစံလေးသာဆို...

"နန်းစံ...စိတ်ကိုထိန်းပါ..."

"ထွက်သွားလို့!!!!"

ဒေါ်ရင်အေးရော အခြားသူတွေပါ ဒေါ်တုတ်‌ခန္ဓာကိုယ်ကြီး ဖက်ပြီးသောင်းကျန်းနေတဲ့နန်းစံကို ဝိုင်းဆွဲဖို့လုပ်ကြပေမယ့် ဘယ်လိုမှဆွဲမရတာကြောင့် ဒေါ်‌ရင်အေး ကြံရာမရတဲ့အဆုံး...

ဖြောင်း!

ရုတ်တရက် ထူပူသွားတဲ့နန်းစံရဲ့ ပါးပြင်...

ဒေါ်ရင်အေး စိတ်မကောင်းဖြစ်ပေမယ့် သူဒီကလေးမကို အသိဝင်လာအောင် လုပ်မှဖြစ်တော့မယ်။ အဲ့လိုမှမဟုတ်ရင် သွေးနုသားနုလေးနဲ့ ရူးသွားလိမ့်မယ်...

"သတိကပ်စမ်း...မိနန်း...ညည်းမေကြီး ဆုံးပြီအေ့...ကျုပ်တို့လည်း စိတ်မကောင်းဘူး။ ဒါပေမယ့် ညည်းအသိစိတ်ဝင်မှရမယ်။ ညည်းရဲ့ဒီလိုပုံကိုမြင်ရင် ဒေါ်တုတ် ဘယ်လောက်ရင်နာလိုက်မလဲ..."

နန်းစံ အသံတွေကြားနေရတယ်။ ဒါပေမယ့် သူ့မှာ တုန့်ပြန်ဖို့အားမရှိတော့ဘူး။ နန်းစံ ဖွားရင်ရဲ့မျက်လုံးတွေကို စိုက်ကြည့်နေမိပေမယ့် ဘာမှမတွေးနိုင်ဘူး။ သူ့ခေါင်းထဲ သူ့ရင်ထဲ ဘာဆိုဘာမှမရှိတော့ဘူး။ ‌သူ့နားမှာအမြဲရှိနေပေးခဲ့တဲ့ မေကြီးကလည်း သူ့ကိုထားသွားခဲ့ပြီ။ ဘာမှမရှိတော့ဘူး။ ဘာမှမကျန်တော့ဘူး...

"ဘာမှမရှိတော့ဘူး။ ဘာမှမရှိတော့ဘူး ဟား...ဟား...ဟား...ဟား...ဘာမှမရှိတော့ဘူး။ ဘာဆို ဘာမှမရှိတော့ဘူး။ ကြားရဲ့လား...ဘာမှမရှိတော့ဘူး!!!!!"

"နန်းစံ..."

"ဟား...ဟား...ဟင့်အင်း...မရှိတော့ဘူး...အား!!!!!"

"နန်းစံ! စိတ်ထိန်းစမ်း! နန်းစံ!"

"မိနန်း! မိနန်း!"

‌ရင်ကွဲမတက်အော်ဟစ်သံကြောင့် ယိုင်နဲ့နဲ့တဲအိမ်လေးပေါ် ပြေးတက်လာကြတဲ့သူတွေနဲ့ ထိုလူတွေကြားမှာ သေဆုံးနေသူရဲ့ ခန္ဓာကိုယ်ကိုဖက်ကာ လည်ချောင်းကွဲမတက်အော်ဟစ်နေတဲ့ မိန်းကလေးငယ်တစ်ဦး...

"အား!!!! အား!!!!"

"မိနန်း! အသိကပ်စမ်းပါအေ! မိနန်း!"

"အား!!!! ဟာ့......"

ရုတ်တရက်ဆိုသလို အော်ဟစ်နေရင်းကနေ တုန်ရီလာတဲ့ခန္ဓာကိုယ်...

" မိနန်း...တက်နေပြီ! တက်နေပြီ! နန်းစံတက်နေတယ် လုပ်ကြဦး..."

"ယပ်ခတ်! ယပ်တောင်ပေး!!"

"ခြေမချိုး! ခြေမချိုး!"

ဒေါ်ရင်အေး အကြောတွေပါဆွဲကာ အသိစိတ်လွတ်ပြီးတက်နေတဲ့ ကလေးမလေးနဲ့ ထိုကလေးမလေးကို ဝိုင်းပြီးပြုစုနေကြသူတွေကိုကြည့်ကာ ရင်ကွဲမတက်ခံစားရတယ်။ ဘဝဆိုးလွန်းတဲ့နန်းစံလေး ဒီ့ထက်ဆိုးဝါးတဲ့အခြေအနေနဲ့ မကြုံတွေ့ရပါစေနဲ့လို့သာ ဆုတောင်းပေးရုံကလွဲ သူလည်းဘာလုပ်ပေးရမှန်းမသိတော့ပါဘူး...

__________

"အာကာမောင်...မင်းဒါဘာလုပ်တာလဲ..."

ပြည့်စုံ နန်းစံအခြေအနေတည်ငြိမ်သွားလို့ အိမ်ပြန်လာလာချင်း ကျောပိုးအိတ်တစ်လုံးလွယ်ကာ အခန်းထဲကထွက်လာတဲ့ အာကာမောင်ကို တွေ့လိုက်ရတာကြောင့် အမြန်ပဲ တားကာ မေးလိုက်တယ်...

"အိမ်ပြန်မလို့ပေါ့ကွ။ ပိုက်ဆံကိစ္စ စိတ်မပူနဲ့။ ဟိုရောက်ရင်အမေ့ကိုတစ်ပတ်ရိုက်ပြီး မင်းတို့ဆီငွေလွှဲလိုက်မယ်..."

"မင်းပြန်လို့မရဘူး အာကာ..."

ပြည့်စုံ အိမ်အပြင်ထွက်မလို့လုပ်နေတဲ့အာကာ့လက်မောင်းကိုအတင်းဆွဲကာ အိမ်ထဲပြန်သွင်းလိုက်တယ်...

"ဘာဖြစ်နေတာလဲကွာ။ ငါအေးအေးဆေးဆေးလေး ရှောင်ထွက်သွားပေးမှာကိုတောင် မင်းဘာဖြစ်နေတာလဲ..."

"ရှောင်ထွက်သွားပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါတို့က မင်းကိုကျေးဇူးပါတင်ပေးရဦးမှာလား..."

"ကျစ်..."

အာကာမောင် စုတ်သပ်မိတယ်။ တကယ့် ပြဿနာတွေ...

"မင်း နန်းစံကိုတကယ် တာဝန်မယူဘူးလား..."

"ဟဲ့ရောင်..."

ပြည့်စုံ သူ့ကို ငထူးရဲ့အခန်းထဲဆွဲကာ ထည့်ပြီး တံခါးဂျက်ချနေတဲ့ အာကာ့ကို အံ့ဩလွန်းလို့ ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး။ သူတို့တွေ ခင်မင်လာခဲ့တာ နှစ်တွေကြာပြီဆိုပေမယ့် သူအာကာမောင်အစစ်ကို အရင်ကတစ်ခါမှမရင်းနှီးခဲ့ဘူးပဲ။ အခုမှ အာကာမောင်အစစ်က ဒီလိုကောက်ကျစ်ယုတ်မာမှန်း သူသိရတော့တယ်...

"ပြည့်စုံ...မင်း အဲ့ကိစ္စပြောချင်ရင် အခြားနေရာမှာပြော။ မင်းညီမတွေနဲ့ မင်းမိန်းမကြားလို့ကတော့ ငါတင်မဟုတ်ဘူး။ မင်းပါဒုက္ခရောက်မှာနော်။ ငါမင်းကို သတိ‌ပေးထားပြီးသား..."

အာကာမောင် သူ့ကိုမျက်ရည်စို့တို့စို့တို့နဲ့ စိုက်ကြည့်နေတဲ့ ပြည့်စုံကိုကြည့်ပြီး သက်ပျင်းချမိတယ်...

"မင်းဘာလိုချင်တာလဲ ပြည့်စုံ။ မင်းလိုချင်တာအတိအကျ ငါ့ကိုပြော..."

ပြည့်စုံ သူ့ရှေ့က အာကာ့ကိုကြည့်ကာ သူတောင်းဆိုမယ့်အရာက ပိုမှားမှန်းနားလည်လိုက်မိတယ်။ သူ ကူကယ်ရာမဲ့ဖြစ်နေတဲ့နန်းစံရဲ့ပုံစံကို မြင်လိုက်ရတဲ့အချိန် အာကာမောင်ကို ခေါ်လာမိတဲ့အတွက်ရော၊ မိသားစုနဲ့ငွေအတွက် နန်းစံကို သူကိုယ်တိုင်လှည့်စားခဲ့မိတာအတွက်ရော ပြီးတော့ အာကာမောင် နန်းစံကိုတာဝန်ယူမှာမဟုတ်တဲ့အကြောင်းကိုပါသိနေပါလျက် နန်းစံကိုလိမ်ညာနေမိတာရောကြောင့် သူ့ကိုယ်သူရွံရှာမိတယ်။ အဲ့တာကြောင့်လည်း အာကာမောင်ကို နားလည်အောင်ပြောပြီး နန်းစံကိုတာဝန်ယူဖို့၊လက်ထပ်ဖို့ နားချမယ်လို့ စဉ်းစားထားခဲ့တာ။ ခုတော့...

"မင်း ရက်လည်ထိတော့ နန်းစံဘေးမှာနေပေးပါ..."

"ဘာလဲကွာ...ပိုရှုပ်အောင် မလုပ်ချင်စမ်းပါနဲ့..."

"မင်းကို နန်းစံနဲ့လက်ထပ်ဖို့ တောင်းဆိုနေတာမဟုတ်ဘူး အာကာမောင်။ နန်းစံရဲ့စိတ်အခြေအနေက အန္တရာယ်ရှိတယ်။ သူ့ခမျာသွေးနုသားနုလေးနဲ့ ကလေးရော၊ သူ့ကိုတစ်သက်လုံးစောင့်ရှောက်လာတဲ့ အဖွား‌ကိုပါ ဆုံးရှုံးထားရတာကွ..."

"ငါမစောင့်..."

"ငါတောင်းဆိုနေတာမဟုတ်ဘူး အာကာမောင်။ ငါမင်းကို အဖွားရက်လည်ထိနေဖို့ပြောနေတာ။ ဒါအလဲအလှယ်သဘောပဲ။ မင်းလည်းပြီးရင် မင်းလမ်းမင်းလျှောက်တော့..."

"ကောင်းပြီလေ...မင်းသေချာတယ်နော်..."

ခုမှ စိတ်သက်သာရာရသွားပုံပေါ်တဲ့ အာကာမောင်ကိုကြည့်ကာ ပြည့်စုံတော်တော်ကို ရွံရှာမိတယ်...

"မင်း နန်းစံကို မချစ်ခဲ့ဘူးလား..."

"စိတ်ဝင်စားတယ်။ ဒါပေမယ့် မချစ်ခဲ့ဘူး..."

"ဟ...ဒါဆို မင်းဘာလို့ အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို လိမ်ညာပြီးခုလိုလုပ်ရပ်ရတာလဲကွ!"

"ငါ့ကို အော်မနေနဲ့ ပြည့်စုံ! ငါနန်းစံကို မလိမ်ခဲ့ဖူးဘူး။ ငါမှတ်မိသလောက်ဆိုရင် ငါသူ့ကိုချစ်တယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ငါသူ့ကို သဘောကျတယ်လို့ပဲ ပြောခဲ့ဖူးတာ။ သူ့ဘာသာသူ ငါ့ကိုစွဲလမ်း..."

ဒုန်း!

"ငထူး..."

"မောင်မောင်ထူး..."

ရုတ်တရက်ဆိုသလိုပဲ အခန်းတံခါးကိုအားကုန်ကန်ဖွင့်ကာ ဝင်လာတဲ့ ‌ငထူး... သူ့ရဲ့ဒေါသတကြီးနီရဲနေတဲ့မျက်လုံးတွေက အာကာမောင်ကို ဘယ်လောက်ထိရွံရှာစပ်စုပ်နေသလဲဆိုတာ ဖော်ပြနေသည့်အလား...

ခွပ်!

"ငထူး! ငထူး တော်တော့!"

ခွပ်! ခွပ်!

ချက်ချင်းဆိုသလိုပဲ အာကာမောင်ကို ကန်ကျောက်ကာ အပေါ်ကတက်ခွပြီး တရစပ် ထိုးကြိတ်နေတဲ့ငထူးကြောင့် ပြည့်စုံ အတင်းဆွဲခွာဖို့ကြိုးစားရတော့တယ်...

"ဘာဖြစ်တာလဲ! အမလေး!!"

ခွပ်!

ပြည့်စုံ ‌ငထူးကိုဆွဲနေတုန်းရှိသေး ရုတ်တရက်ဆိုသလို ရောက်လာကြတဲ့ ရီရီနဲ့ မိဝေတို့ညီအမတွေကြောင့် ငထူးကိုဆွဲနေရင်းကနေ စိုးရိမ်တကြီးပဲ...

"ရီရီ! ဒီကိုမလာနဲ့! မိဝေ...သူဇာ... နင်တို့အမကို ဝေဝေးမှာထား..."

ပြည့်စုံ ကိုယ်လေးလက်ဝန်ကြီးနဲ့အနားကပ်လာတဲ့ရီရီ့ကို ‌အခန်းထောင့်ပို့ပြီးကာမှ ဒီဘက်ပြန်လှည့်ကြည့်လိုက်ချိန် အာကာမောင်ကို ထပ်ပြီးထိုးနှက်နေပြန်တဲ့ ငထူးကြောင့် အာကာမောင့်အပေါ်က ငထူးကိုအတင်းဆွဲခွာရတော့တယ်...

"ငထူး! တော်တော့!"

"မတော်ဘူး! ကျုပ်အသေသတ်မှာ!"

ပြည့်စုံ အာကာမောင်ကို အတင်းထိုးကြိတ်ဖို့လုပ်နေတဲ့ ငထူးကိုအတင်းဆွဲခွာနေတုန်း...

ခွပ်!

"မင်းသာ အရင်သေ!"

ရုတ်တရက်ဆိုသလိုပဲ ငထူးကိုပင့်ထိုးပြီး တွန်းချကာ အပေါ်ကနေထိုးမလို့လုပ်နေတဲ့ အာကာမောင်ကြောင့် ပြည့်စုံချက်ချင်းဘဲ စောင့်တွန်းပစ်လိုက်တယ်...

"မင်းငါ့ညီကို ကိုယ်ထိလက်ရောက်လုပ်စရာမလိုဘူး အာကာမောင်!!!"

"မင်းညီက ငါ့ကိုမသေရုံတမယ်ထိုးတာကြရော! ငါသင်ပေးလို့ ဆယ်‌တန်းအောင်လာတဲ့ကောင်ကများ! ဒါလားကျေးဇူးဆပ်တာ!"

"*ီးကိုကျေးဇူးပါလား!"

"မင်း! ပြည့်စုံမောင်! မင်းညီဘာစကားပြောလဲဆိုတာ ကြားတယ်နော်!"

"ပြောတော့ဘာဖြစ်လဲ! အောက်တန်းစားကောင်! ခင်များကို ဆဲတယ်ဗျာ! *ီးပဲ! မ‌ေ****!"

"ဟယ် ငထူး! နင်ရိုင်းလှချည်လား..."

"မဝေ! နင်ဘာမှမသိဘဲ ဝင်မပါနဲ့!!! ‌ေ*ာက်ဆင့်မရှိတဲ့ မုဒိန်းကောင်!!"

"ဘာ...."

မိဝေအပါအဝင် ရီရီနဲ့သူဇာပါ ငထူးရဲ့စကားကြောင့် အာကာမောင်ကို အလန့်တကြားပဲ ကြည့်မိတယ်။ ငထူးစကားနဲ့ ခုရက်ပိုင်းဖြစ်နေတဲ့ အခြေအနေတွေအရဆို...

"‌သူတောင်းစားကတော့!"

"ရပ်စမ်း!!! ဘာဖြစ်နေကြတာလဲ!"

အာကာမောင် ငထူးဆိုတဲ့ကောင်ကို ဘာမှထပ်မပြောနိုင်အောင် မျက်ခွပ်ချည်းပိတ်ထိုးဖို့ ဒေါသတကြီးပြင်လိုက်ပေမယ့် ရုတ်တရက်ရောက်လာတဲ့ ဦး‌လေး ဦးသန်းဟိန်းကြောင့် ‌ရန်ဖြစ်နေကြရာကနေ အကုန်ငြိမ်ကြသွားတော့တယ်...

"ဘာဖြစ်နေကြတာလဲ!"

ဦးသန်းဟိန်း ‌နှစ်ရွာ‌ကျော်ကငှားလာတဲ့ကားကို သွားပြန်အပ်ပြီးလို့ အိမ်ပြန်လာရုံရှိသေး အိမ်ပေါ်မရောက်ခင်ထဲက အော်ကြီးဟစ်ကျယ်ဖြစ်နေကြတဲ့ ကလေးတွေကြောင့် အမြန်ပြေးတက်လာရခြင်းဖြစ်တယ်။ အိမ်ပေါ်ရောက်ချိန် မြင်တွေ့ရတဲ့ အခြေအနေအရဆိုရင်တော့ ရန်ဖြစ်နေတာက ငထူးနဲ့အာကာပဲ။ အရင်ကဆို ကိုအာကာ...ကိုအာကာ ဖြစ်နေတတ်တဲ့ ငထူးက ခုမှနှစ်‌ယောက်ကြားဘယ်လိုတွေ ပြဿနာဖြစ်ကြသလဲဆိုတာမသိပေမယ့် အခြေအနေအတော်ဆိုးပုံပဲ။ ငထူးမျက်နှာမှာ ဘာဒဏ်ရာကြီးကြီးမားမားမှမတွေ့ပေမယ့် အာကာ့ရဲ့မျက်နှာကရောင်ကိုင်းနေပြီး မျက်ခုံးနဲ့ နှာခေါင်းတို့မှာလဲ သွေးကစို့လို့ ...

"ငါမေးနေတယ်လေ! ဘာဖြစ်ကြတာလဲ!"

ဦးသန်းဟိန်း သူ့ကိုပြန်မဖြေဘဲ မလုံမလဲဖြစ်နေကြတဲ့ ကလေးတွေကြောင့် စိတ်ထဲ လေးလာတော့တယ်...

"အာကာ...သားတို့ဘာဖြစ်တာလဲ။ ခုလောက်ထိ..."

"ထွေထွေထူးထူးမဟုတ်ပါဘူး ဦးလေး။ ငထူးနဲ့ ဒီတိုင်းစိတ်အခက်မသင့်..."

"နန်းစံဗိုက်ကြီးတာ အဲ့ကောင်ကြောင့်!"

"ငထူး..."

"ဖယ်စမ်းပါဗျာ! မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့! မင်းလို လူ့ငနွားကို ငါအသေမသတ်တာနဲ့တင် ထိုင်ရှိခိုးသင့်နေပြီ! "

ပြည့်စုံတားမလို့လုပ်ပေမယ့် သူ့ကိုပါတွန်းကာ လက်ညှိုးတစ်ထိုးထိုးနဲ့ အာကာမောင်ကို ရန်တွေ့နေတဲ့ ငထူးကြောင့် ပြည့်စုံဘာပြောရမှန်းမသိတော့သလို အခြားသူတွေလည်း အတော်ကို လန့်သွားကြကာ ခုနကထိဆူညံနေတဲ့အိမ်က ခုတော့အပ်ကျသံပင်မကြားရတော့တဲ့ထိ တိတ်ဆိတ်နေတော့တယ်...

"အာကာမောင်..."

အာကာမောင် သူ့ကို သံသယအပြည့်ပါတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတဲ့ ပြည့်စုံတို့တစ်မိသားစုလုံးကိုကြည့်ကာ ‌မလုံမလဲဖြစ်ပြီး ကျောချမ်းလာတော့တယ်။ ...

"ကျွန်တော်မရည်ရွယ်..."

ခွပ်!

__________

"အမ‌လေးလေး...ဘယ်လို...ဘယ်လို..."

"ဟုတ်တယ်...သားအိမ်ထုတ်လိုက်ရတာတဲ့..."

"ဒါဆို ကလေးမွေးလို့မရတော့ဘူးပေါ့..."

"အေးပေါ့...သားအိမ်မရှိတော့ပါဘူးဆို ဘယ်မွေးလို့ရတော့မတုန်း..."

မိဘုတ် အတင်းစပ်စုနေကြသူတွေကို မဲ့ရွဲ့ကာ ပြန်ပြောလိုက်တယ်။ ကလေးမလေးက နေမကောင်းပါဘူးဆို တစ်ယောက်ပြီးတစ်ယောက် ညမှောင်နေတာတောင် စပ်စပ်စုစုနဲ့အသုဘလာစောင့်တယ်အမည်ခံပြီး လာလာမေးနေကြတာ...

"ဒါဆို သူ့ဘယ်သူယူတော့မှာလဲ..."

"သူ့ဗိုက်ကြီးအောင် လုပ်တဲ့ကောင်ယူရမှာပေါ့တော်..."

ဖြောင်း!

ရုတ်တရက်ဆိုသလို အားပါလက်ပါနဲ့ လက်ခုပ်ထတီးတဲ့ ဒေါ်စပ်စုခေါ် ဒေါ်စိန်လှကြောင့် အကုန်လုံးရင်ထိပ်သွားရတော့တယ်...

"အေးအဲ့တာ အဓိကပဲ။ ငါသူနဲ့ဖြစ်တာ ဘယ်ကောင်လဲဆိုတာ တကယ်သိချင်တယ်။ မိဘုတ် ညည်းတူမကို အစ်မေးကြည့်ပါလားတော်..."

"တိုးတိုးသာသာ လုပ်ပါ ဒေါ်စိန်လှရယ်...ကလေးမ အိပ်ပါစေ..."

"အို...ဘာအသံမှလည်း ကြားရတာမဟုတ်ပါဘူး။ တက်ပြီးအိပ်သွားတဲ့ဟာ ဘယ်လိုလုပ်တော်ရုံနဲ့သတိရပါ့မလဲ။ အားနည်းပြီးခွေနေမှာပေါ့..."

မိဘုတ် သူ့ကိုအတင်းလိုက်မေးနေကြတဲ့ လူတွေကြောင့် ခေါင်းအတော်ကိုရှုပ်လာပြီ။ ပုံမှန်ဆို အသုဘအိမ်ကွပ်ပျစ်ထိုးပြီး ဖဲရိုက်တဲ့အဖွဲ့က သပ်သပ်ရှိတာဆိုပေမယ့် ခုတော့ဖဲရိုက်တဲ့အဖွဲ့ကပါ သူ့နားအုံလို့။ သူ့မှာလည်း တဲပေါ်ကိုမတက်ရပါဘူး။ မနက်ကမှ ရွာသားတွေလာထိုးသွားတဲ့ ကွပ်ပျစ်မှာပဲ ဒေါ်ရင်အေး အိမ်ပြန်သွားထဲက ထိုင်နေရတာ။ ဒေါ်ရင်အေးဆိုကာမှ ဒေါ်ရင်အေးလည်း တစ်ယောက်တည်းသမားဆို‌တော့ သူ့ရဲ့သံယောဇဉ်တွယ်စရာ နန်းစံတို့မြေးအဖွားအဖြစ်ကို ကြည့်ပြီး အတော်ကို စိတ်ထိခိုက်သွားပုံပဲ။ မကြည့်ရက်တော့လို့ မနက်မှပြန်လာမယ်ဆိုပြီး မျက်စိပျက်၊မျက်နှာပျက်နဲ့ အိမ်ပြန်သွားရှာပြီ...

"ဟဲ့ ဘာတွေတွေးနေတာလဲ။ ဘယ်သူ့လက်ချက်လဲ လုံးဝကို မေးလို့မရဘူးလား..."

"မရပါဘူးဆို...ဆရာဝန်တွေက ရဲတိုင်ဖို့ပါလုပ်တာတဲ့။ အဲ့လိုက‌နေ ရဲတောင်မတိုင်ရသေးဘူး နန်းစံက ကျုပ်အမေသေတာကိုသိပြီး ထသောင်းကျန်းတာပါတဲ့ဆိုတော်။ အကုန်ထိန်းတာမရဘူးဆိုပဲ။ ကျုပ်သမီးမိဝေဆို ပွန်းလို့၊ပဲ့လို့...ကျုပ်သားကြီးကလည်းဘာထကြောင်သလဲမသိဘူး။ နန်းစံစိတ်တိုင်းကျ ပြန်ခေါ်လာတယ်တဲ့လေ...ဟွန်း..."

"သူ့သူငယ်ချင်းတွေရော...ဟိုသုံးယောက်လေ..."

"အဲ့သုံးယောက်က လာတောင်မလာဘူး။ သူတို့မိဘတွေက နန်းစံနဲ့မပေါင်းခိုင်းတော့တာနေမှာပေါ့..."

မိဘုတ် စိတ်မကောင်းစွာပဲ ရေရွတ်မိတယ်။ ရွာငယ်လေးမို့ အရင်ကတည်းက ရွာထဲသတင်းတစ်ခုထွက်ရင် နေ့တွင်းချင်းရွာလုံးပေါက်သိကျတာပဲ။ နန်းစံလို အပျိုလေးကနေ ကိုယ်ဝန်ပျက်ကျတဲ့သတင်းဆိုရင်တော့ ပိုဆိုးပြီပေါ့။ နန်းစံရဲ့ နာမည်ကတာ့ လုံးလုံးအဖတ်ဆယ်မရလောက်တော့ဘူး...

"နန်းစံလည်း သနားဖို့အတော်ကောင်းပါတယ်..."

"ငါနားမလည်တာရှိတယ်..."

"ဘာတုန်း...ဘာနားမလည်တာတုန်း..."

ရုတ်တရက်ကြီး ဝင်ပြောနေတဲ့ အရက်သမားဖိုးကျော်ကို မိဘုတ် စိတ်မရှည်စွာမေးမိတယ်....

"ဘာလို့ နန်းစံယောက်ျားက ထောင်ကျမှာလဲ။ နန်းစံကို ယူလိုက်ရင်ပြီးပြီမလား..."

"အော် ဖိုးကျော်ရယ်...နန်းစံကိုယ်ဝန်က ရည်းစားနဲ့ ရတာလား။ အဓမ္မကျင့်ခံရတာလား။ သေချာမှမသိရတာ..."

"ဟာ...ဒါဆို စော်ကားခံရတယ်လို့ ‌ဆရာဝန်တွေက ထင်တာလား..."

"မဟုတ်ဘူး။ ဆရာဝန်တွေရဲ့စကားအရဆို နန်းစံကအသက်ဆယ့်ရှစ်မပြည့်သေးလို့တဲ့။ စော်ကားခံရတယ်လို့ ထင်တာလဲပါမယ်ထင်တယ်..."

"ဟ! အဲ့တာဆို ‌မဘုတ်ယောက်ျား ကိုသန်းဟိန်းအရင်ထောင်ကျလောက်တယ်။ မဘုတ်နဲ့ယူတုန်းကဆို ကိုသန်းဟိန်းက နှစ်ဆယ်၊ မဘုတ်က ဆယ့်ခြောက်လားရှိသေးတယ်...."

"တော်စမ်းပါ။ ဖိုးကျော်ရယ် ငါ့လင်ကို ထောင်ထဲလိုက်ထည့်မနေနဲ့..."

"လင်ထိဓားကြည့်ကိုများသွားပြောနေရတယ်လို့ ဖိုးကျော်ရယ်။ နင့်အရက်သာ နင်ရောင်းစမ်းပါ..."

မိဘုတ် သူ့ကိုဝိုင်းရွဲ့နေကြသူတွေကို အရေးမလုပ်ဘဲ တဲအိမ်လေးကိုကြည့်ပြီးတော့သာ အတော်စိတ်မကောင်းဖြစ်မိတယ်...

"နန်းစံ သူကလေးထပ်မရနိုင်တော့ဘူးဆိုတာကို မသိသေးဘူး..."

"‌သူသာ သိရင် ဘယ်လိုနေမလဲနော်..."

"ဖွားအေကသေ၊ လင်ကောင်မပေါ်ဘဲ ဗိုက်ကြီး၊ ဟော ကြီးတဲ့ဗိုက်က ပျက်ကျ၊ ဒါတောင် သူကံဆိုမိုးမှောင်ကျတာက မပြီးသေးဘူး။ ကလေးပျက်ကျရုံမက ‌တစ်သက်လုံးအမြုံဖြစ်သွားရရှာပြီ..."

"အဲ့တာကြောင့် အနေအထိုင်ဆင်ခြင်ပါလို့ လူကြီးတွေပြောလေ့ရှိတာ..."

"ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်တာပေါ့အေ..."

လူကြီးတွေရဲ့စကားဝိုင်းကနေ ဆွေးနွေးသယောင်၊ သနားသယောင်၊ ဒါမှမဟုတ် လှောင်ပြောင်နေသယောင် စကားသံတွေနဲ့အတူ ထိုစကားသံတွေကို တစ်လုံးမကျန်နားထောင်ပြီး အိပ်ရာထဲလှဲလျောင်းနေရင်း မျက်ရည်တို့စီးကျနေတဲ့ သနားစရာ နန်းစံ...

တိတ်ဆိတ်လွန်းတဲ့ ညအချိန်မှာ သူမရဲ့တဲအိမ်ရှေ့က ပြောဆိုနေတဲ့စကားသံတွေက နန်းစံနားထဲကို သံရည်ပူလောင်းချသလိုပဲ နာနာကျင်ကျင် စီးဝင်နေခဲ့တယ်...

နန်းစံ ခပ်လှမ်းလှမ်းမှာ လှဲလျောင်းနေတဲ့ မေကြီးရဲ့ ခန္ဓာကိုယ်ကို လှမ်းကြည့်နေရင်းနဲ့မှ ကိုယ့်ဗိုက်လေးကို ကိုင်ထားမိတယ်...

နန်းစံ မျက်ရည်တို့နဲ့အတူ နောင်တဆိုတာကို နဖူးတွေ့၊ဒူးတွေ့ခံစားနေရပြီဆိုတာကို မေကြီးသိပါ့မလား...

‌သူ့ဘဝရဲ့ တံတိုင်းကြီးဖြစ်တဲ့မေကြီးကလည်း သူ့ကိုထားခဲ့ပြီ။ သူတစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ အရှက်တွေ၊သိက္ခာတွေကလည်း မီးမြှိုက်လိုက်သလိုပဲ အစအနရှာမရလောက်အောင်ကို ပြာကျသွားခဲ့ပြီ။ ဒီလိုအချိန် သူအားကိုးမိတဲ့ အကိုကလည်း သူ့နားမှာရှိမနေဘူး။ သူ့နားရှိနေရင် အများရိပ်မိပြီး ထောင်ထဲဝင်ရမှာဆိုးလို့ရှောင်နေတာကို နန်းစံနားလည်လို့ရပေမယ့် ခုလို လိုအပ်နေတဲ့အချိန်မှာသာ အကိုအနားမှာရှိရင်ဆိုတဲ့ မျှော်လင့်ချက်လေးက ရင်ထဲတစစ်စစ်နာကျင်စေတယ်...

အဆိုးဆုံးက သူအမြဲစိတ်ကူးယဉ်ခဲ့ဖူးတဲ့ မိသားစုဘဝလေး သူအမြဲလိုချင်ခဲ့တဲ့ မိစုံဖစုံရှိတဲ့ မိသားစုဘဝလေးက သူ့အတိတ်မှာမပိုင်ဆိုင်ခဲ့ရသလို နောက်လည်း...နောက်နောင်လည်း တစ်သက်လုံးမပိုင်ဆိုင်ရတော့ဘူးတဲ့...

"ဘယ်ဘဝက ဝဋ်ဒုက္ခတွေလဲနော်..."

မပီမသ ခပ်တိုးတိုးရေရွတ်ကာ အသံတိတ် နာနာကျင်ကျင်‌ငိုကြွေးနေခဲ့တဲ့ နန်းစံဆိုတဲ့မိန်းကလေး...ထိုမိန်းကလေးရေရွတ်သလို ခုအဖြစ်အပျက်တွေကိုသာ ဝဋ်ဒုက္ခလို့ ယူဆမယ်ဆိုရင် ခုမှထိုဝဋ်‌ဒုက္ခတွေရဲ့အစဆိုတာ သူမသိပါ့မလား...

*ပစ်တိုင်းထောင်*


//////////

{ ၂၃.၂.၂၀၂၅}
{ ည ၉:၀၀}





Keep Reading

မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်တစ်ကျွန်းစံ၏အပြန်လမ်း