Author's Profile Photo

Yeik

19/02/2025

“အထီးလေး”

3 mins read
Novel
Fiction
Entertainment


“အထီးလေး မရှိတော့ဘူး” ဆိုတဲ့ message ကို ရတာ နိုင်ငံရပ်ခြားကို ရောက်ပြီးလို့ တစ်နှစ်နဲ့တစ်လ တင်းတင်းပြည့်တဲ့နေ့။ “ကေ”လို့ခေါ်တဲ့ ကြောင်လေး ထွက်သွားကတည်းက ဘယ်သံယောဇဉ်ကိုမှ ထပ်မပျိုးဖြစ်တော့တဲ့ ကိုယ့်အတွက် အထီးလေးက ချွင်းချက်ဖြစ်ခဲ့တာ။ နောက်တော့လည်း သူတို့ အားလုံး ထားသွားကြတာပါပဲ။ ပြဿနာပေါင်း တစ်သိန်းတစ်သောင်းနဲ့ ကမ္ဘာမြေကို ချန်ခဲ့ပြီး ထွက်သွားကြတယ်။ ဝမ်းနည်းပေးရမလား၊ ပျော်ပေးရမလား တကယ် မဝေခွဲတတ်ဘူး။

အထီးလေး ဆိုတာက အိမ်မှာမွေးထားတဲ့ ခွေးထီးလေး။ သူ့အမေကြီးက “ဟွား”လို့ခေါ်တဲ့ အကောင်သေးသေး၊ နားရွက်ကြီးကြီး၊ အမွေးစုတ်ဖွားနဲ့ ခွေးအမလှလှလေး။ အထီးလေးတို့အသုတ်ကို “ဟွား”မွေးတော့ ကိုယ်တို့အိမ်မှာ ခွေး (၆)ကောင်လောက် ရှိနှင့်နေပြီ။ သူတို့အသုတ်ကိုတော့ သူများပဲ ပေးရမယ်ပေါ့။ ယူမယ့်သူတွေကလည်း အသင့်ရှိတယ်။ ရှားရှားပါးပါး သူတို့အသုတ်မှာ သူတစ်ကောင်ပဲ အထီးလေး၊ ကျန်တာတွေက အမလေးတွေ။ သူများကို ပေးဖြစ်မှာဆိုတော့ ကိုယ်တို့လည်း ပါပီပေါက်တွေကို နာမည်ထွေထွေထူးထူး မပေးဖြစ်ကြဘူး။ “မဲတူကောင်၊ အသေးလေး” ဘာညာနဲ့ လျှောက်ခေါ်ရင်း တစ်ကောင်တည်းသော ခွေးထီးလေးကျ “အထီးလေး၊ အထီးလေး” နဲ့ ခေါ်ဖြစ်သွားတာ။

အထီးလေးက ကိုယ်တို့နဲ့ ရေစက်ပါတယ်ထင်ရဲ့။ သူ့မွေးချင်း တခြားပါပီပေါက်တွေကို တစ်ယောက်ပြီး တစ်ယောက် လာခေါ်သွားကြပေမယ့် သူက အိမ်မှာ ကျန်မြဲကျန်နေခဲ့တာ။ နောက်တော့လည်း မထူးဇာတ်ခင်းပြီး ကိုယ်တွေပဲ မွေးဖြစ်သွားတော့တာပါပဲ။ နာမည်တော့ အထူးတလည် ထပ်မစဉ်းစားကြတော့ဘူး။ နှုတ်ကျိုးပြီးသား “အထီးလေး” ပဲပေါ့။ သူ့နာမည်တွင်ခဲ့ပုံက အဲ့ဒီလို ရာဇဝင်နဲ့ရယ်။ အိမ်နားနီးချင်းတွေ၊ သူငယ်ချင်းတွေက “သူက ဘာလို့ အထီးလေးလဲ” ဆို ဇာတ်ကြောင်းအစုံကို အစကနေ ပြန်ပြန်ခင်းပြရရော။ ရယ်တော့လည်း ရယ်ရတယ်။ ဇာတ်စုံမခင်းချင်တဲ့နေ့ အမေးရှိတဲ့သူ ပေါ်လာရင်တော့ “အထီးမို့လို့လေ”လို့ ကိုယ်တို့က တစ်ခွန်းတည်း ဖြေချတတ်တယ်။ အဲ့လိုအခါတိုင်း “ဟင်..ဘယ်လိုကြီးလဲ” ဆိုတဲ့ စကားက အမြဲကြားရလေ့ ရှိတာပဲ။ နောက်ပြီးတော့ ရယ်သံတွေပေါ့။

“အထီးလေး”က အိမ်က ရှားရှားပါးပါး ခွေးအမလေးတွေကြားထဲက တစ်ကောင်တည်းသောလေးပေါ့။ တစ်ကောင်တည်းမို့ သူ့ကိုယ်သူ အားမတန်ဘူး ထင်လား ဒါမှမဟုတ် အားငယ်လို့လားမသိ၊ ဘယ်သူနဲ့မှ ဘာမှကို ပြိုင်မလုပ်တဲ့ ခွေးကလေး။ ဘယ်ကောင်တွေ ဘယ်လိုပဲ နပမ်းဖက်လုံးလုံး၊ ဘယ်လိုပဲ အိမ်ပတ်ပြေးပြေး၊ ဘယ်သူစိမ်းကိုပဲ ထိုးဟောင်ဟောင် အထီးလေးဟာ စိတ်မဝင်စားဘူး။ ထလည်း မကြည့်တတ်သလို ပူးပေါင်းလည်း မပါဝင်တတ်ဘူး။ အထီးလေးတွက်က သူခွေအိပ်နေဖို့ နေရာတစ်နေရာ ရှိနေရင်ကို အရာရာ ပြည့်စုံနေပြီ။ အဲ… သူ့ကို ဘယ်တစ်ကောင်တစ်မြီးမှ မနှောင့်ယှက်နိုင်မယ့် နေရာမျိုးတော့ ဖြစ်ရမယ်ပေါ့။ အထီးလေးဆိုတာ အဲ့လိုကောင်။

တစ်ခါတစ်ခါ သူ ဘယ်နားအိပ်နေမှန်း ကိုယ်တို့တွေ ကိုယ်တိုင်လည်း မသိကြဘူး။ ထမင်းစားချိန်တန်လို့ ကျန်တဲ့ကောင်တွေ တန်းစီပြီး လာစောင့်နေပါစေ၊ အထီးလေးက ပေါ်လာချင်မှ ပေါ်လာတဲ့အမျိုး။ မပေါ်လာဘူးဆို ကိုယ်တော်ချောကို အိမ်ပတ်ရှာပေတော့ပဲ။ စားရမှာကိုပဲ ပျင်းသလား၊ တခြားကောင်တွေနဲ့ မျက်နှာချင်းဆိုင်ရမှာပဲ ပျင်းသလားတော့ သူပဲ သိတော့မှာပဲ။ သူ ပေါ်တော်မမူလာလို့ လိုက်ခေါ်ပြီး ကျွေးမွေးလည်း သူက စားချင်မှ စားတာ။ မစားချင်ရင် ပန်းကန်ကို ဟိုနမ်းဒီနမ်းလုပ်၊ ပြီးရင် နှုတ်သီးကြီးနဲ့ တွန်းထိုးပြီး ကော့တော့ကော့တော့နဲ့ ထွက်သွားရော။ အဲ့လိုနေ့တွေကျ တခြားကောင်တွေကပဲ သူ့ပန်းကန်ကို တာဝန်ယူကြတာပေါ့လေ။

အထီးလေးက ပြောရရင် အိမ်မှာရှိတဲ့ အာဝုတွေထဲ အငယ်ဆုံး။ အွန်း “ဝလုံး” မမွေးလာခင်ထိပေါ့။ ကျန်တဲ့ အကြီးကောင်တွေက အထီးလေး ဘယ်လိုနေနေ မနှောင့်ယှက်ကြပေမယ့် “ဟွား”က “ဝလုံး”ကို မွေးပြီးတဲ့နောက်တော့ အထီးလေးရဲ့ သာယာတဲ့နေ့ရက်တွေ ကုန်ဆုံးတော့တာပဲ။ “ဝလုံး”ဟာ အထီးလေးရဲ့ အငယ်ဆုံးဆိုတဲ့ ရာထူးကို ဆက်ခံတယ်။ သူကလည်း ခွေးထီးလေးမို့လားမသိ၊ အထီးလေးကို ကပ်တယ်။ ကပ်တယ်ဆိုတာက စကားလှအောင် ပြောတာ၊ တကယ်တော့ နှောင့်ယှက်တာ။ “ဝလုံး” လသားလေးပဲ ရှိသေးတဲ့အချိန် “အထီးလေး”ကတော့ (၅)နှစ်ထဲ ရောက်နေပြီကိုး။

ဝလုံးပေါက်စ ဆော့ချင်တာကို သူ့အမေက အော်ထုတ်တိုင်း ဝလုံးက အထီးလေးဆီ သွားတယ်။ ပြီးရင် သူ့ဟာသူ အေးအေးဆေးဆေး နေနေတဲ့ အထီးလေးရဲ့ အမြီးကို ခြေကန်ဆွဲတော့တာပဲ။ တစ်သက်လုံးက တစ်သီးပုဂ္ဂလ လုပ်နေခဲ့တဲ့ အထီးလေးက စိတ်တော့ရှည်ရှာတယ်။ ဝလုံး သူ့ကို ဘာလာလုပ်လုပ် ငြိမ်ခံနေတာပဲ။ တစ်ခါတစ်လေများကျ သူကတောင် ဆော့ကူပေးလိုက်သေးတယ်။ သူငယ်တုန်းကတောင် မတွေ့ခဲ့ရတဲ့ ခုန်ပေါက်ပြေးလွှားနေတာမျိုးကို ဝလုံးနဲ့ကျမှ တွေ့ဖူးရတော့တာပဲ။ အထီးလေးရဲ့ တက်ကြွလှုပ်ရှားတဲ့ နေ့ရက်များပေါ့။

အထီးလေးက သူ့အပေါ် သည်းခံမှန်းသိတော့ ဝလုံးက ဗိုက်ကျတယ်။ အထီးလေးရဲ့ ထမင်းပန်းကန်ကို လုစားတယ်။ အထီးလေးရဲ့ အိပ်ရာကို လုတယ်။ အကောင်ချင်း ယှဉ်လာနိုင်တော့ အထီးလေးကို နပမ်းဖက်လုံးတယ်။ စကားလည်း များတတ်သေးတဲ့ ဝလုံးဟာ တစ်ခါတစ်ခါကျ အထီးလေးနား သွားပြီး ဝူးဝူးဝါးဝါးလည်း လုပ်တတ်သေးတယ်။ အထီးလေးကတော့ သူတော်ကောင်းကြီးလေ။ ဝလုံးဘာလုပ်လုပ် အမြဲမှန်တဲ့ဘက်က။ သူ သည်းခံနိုင်သလောက် သည်းခံတယ်။ သူ သည်းမခံချင်တော့ရင်လည်း ပြန်ချဖို့ဝေးလို့၊ ဝလုံးမမြင်အောင် ချောင်တစ်ချောင်ရှာပြီး အေးအေးလူလူ အိပ်နေတော့တာပဲ။ အဲ့လိုအချိန်တွေက မောင်ဝလုံး တစ်ကောင် ခြံပတ်ပြီး တူတူပုန်းတမ်း ဆော့တဲ့ အထီးလေးကို လိုက်ရှာရတော့တာ။

အချိန်တွေက မသိလိုက် မသိဘာသာပဲ ကုန်သွားတယ်။ အိမ်က အာဝုတွေလည်း တစ်ကောင်ပြီး တစ်ကောင် ထွက်သွားကြတယ်။ နောက်ဆုံးကျ ဟွားရယ်၊ အထီးလေးရယ်၊ ဝလုံးရယ်ပဲ ကိုယ်တို့နဲ့ ကျန်တော့တာပေါ့။ သူတို့ (၃)ကောင်ပဲ ကျန်ခဲ့တဲ့နောက် အထီးလေးဟာ နည်းနည်းပြောင်းလဲလာတယ်။ ဝလုံးနဲ့ ပေါင်းပြီး ရွာရိုးကိုးပေါက် လျှောက်လည်တတ်လာတယ်။ လူစိမ်းလာရင် တက်ညီလက်ညီ ထိုးဟောင်တတ်လာတယ်။ ထမင်းစားချိန်နီးရင် မီးဖိုခန်းနားမှာ လာထိုင်စောင့်နေတတ်တယ်။ သူ ဗိုက်ဆာရင်လည်း လူနားကပ်ပြီး တောင်းစားတတ်လာတယ်။ ပွစိပွစိနဲ့ စကားများတတ်တဲ့ ကိုယ့်အကြိုက်ပေါ့။ အထီးလေးကို နည်းနည်းပါးပါး ကျွေးမွေးပြီးရင် သူ့နားကပ်လို့ စကားများတော့တာပဲ။ “ဟဲ့ နင်က ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်၊ ကောင်မလေးရပြီလား၊ အသည်းကွဲနေတာလား” ဆိုပြီး ပေါက်ပန်းလေးဆယ် လျှောက်ပြောတော့တာပဲ။ အဲ့လို အခါမျိုးကျ ဝလုံးကောင်က ဂျေတွေဝင်ပြီး အုအုအားအားတွေ အော်ရော။ ပြီးတော့ ကိုယ်တို့ တစ်အိမ်လုံး ရယ်ကြမောကြပေါ့။

နောက်တော့ မရည်ရွယ်ပဲ နိုင်ငံရပ်ခြားကို ထွက်လာရတယ်။ “သမီး မရှိရင် အထီးလေးတော့ ပျင်းနေတော့မှာပဲ”လို့ အမေ့ကို စနောက်ရင်း ပြောခဲ့သေးတယ်။ အထီးလေးကိုလည်း “ဟက်ရောင်၊ နင် ငါ ပြန်လာတာကို စောင့်အုံးနော်၊ ကြားလား” လို့ ရုပ်တည်နဲ့ မှာခဲ့သေးတယ်။ အထီးလေးဟာ ကိုယ်ပြောတာကို နားလည်လား၊ မလည်လား မသိပါဘူး။ ခါတိုင်းလို ပုံမှန်ပဲ။ တခြားနိုင်ငံကို ရောက်သွားတော့ သူတို့ သတင်းတွေကို တဆင့်နားပဲ ရတော့တာပေါ့။ “အထီးလေးက အစားနည်းသွားတယ်”၊ “မှိုင်နေတာ ဘယ်နှရက်ရှိပြီ”၊ “နေမကောင်းဘူးလား မသိဘူး” စသဖြင့် အထီးလေးနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ အားရစရာ မရှိဘူး။ အဲ့ဒီလိုနဲ့ နိုင်ငံငယ်လေးကို ချန်ထားပြီး ကိုယ်ထွက်လာတာ တစ်နှစ်နဲ့တစ်လပြည့်တဲ့နေ့မှာ အထီးလေးလည်း ဒီကမ္ဘာကို ချန်ပြီး ထွက်သွားခဲ့တော့တာပဲ။ သူ့ဘဝကြီးကို သူကျေနပ်သွားရဲ့လား။ သူပဲ သိမယ်ပေါ့လေ။

သံယောဇဉ်တွေ ပျိုးမိတဲ့သူတွေက အမြဲဝမ်းနည်းပြီး ကျန်ခဲ့ရတာ မဟုတ်လား။ ထွက်သွားသူကိုတော့ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးမိတာပဲ။ အထီးလေးဟာ ကိုယ့်ကို မစောင့်သွားခဲ့ဘူး။ အခြေအနေပေးလို့ နေရာဟောင်းက အိမ်ကို ပြန်ရောက်မယ်ဆိုရင်တောင် အထီးလေးကိုတော့ မတွေ့ရတော့ဘူးပဲ…။

Keep Reading

မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်တစ်ကျွန်းစံ၏အပြန်လမ်း