Author's Profile Photo

Dilu Nya

19/02/2025

အိမ် ( အပိုင်း ၄ )

3 mins read
Novel
Fiction
အိမ် ( အပိုင်း ၄ )'s photo

ခြံထဲကို ကားဝင်လာပြီး မကြာဘူး။ မီးရောင်တွေကြောင့် ခြံဝင်းတစ်ခုလုံး လင်းထိန်သွားတယ်။ ဒါ့ကြောင့် ခြံဝင်းထဲကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူ့မြင်ကွင်းထဲကနေ ကားဟာ ပျောက်ကွယ်သွားပြီး ခဏလောက်ကြာတော့ လင်မယားနှစ်ယောက်စလုံးဟာ ခြံဝန်းထဲပြန်ရောက်လာတယ်။ ပြီးတော့ သူတို့ဟာ ခြံစည်းရိုးနားဆီ လျှောက်လာပြီး ခြံစည်းရိုးနဲ့ မလှမ်းမကမ်းလောက်မှာ ရပ်လိုက်တယ်။ အမျိုးသားဟာ သူ့လက်ထဲက တစ်စုံတစ်ခုကို ခြံစည်းရိုးဆီ ပစ်လိုက်တယ်။ အဲ့ဒီအရာဟာ ဘာလဲသူမသိပေမဲ့ ခြံစည်းရိုးမှာ မီးခိုးတွေထွက်လာတယ်။
ဟာ!
သူ ပါးစပ်အပောင်းသား ဖြစ်သွားတယ်။ ခြံစည်းရိုးကို လျှပ်စစ်ဓါတ်တွေ လွှတ်လိုက်တာလား။ ဒါဆို အဲ့ဒီခြံစည်းရိုးတွေပေါ် သူ ဘယ်လို ကျော်တက် ရတော့မလဲ။ အဲ့ဒီလိုဆို၊.....။
ဟာ..သူ့မှာ ဆက်တွေးဖို့ကို ကြောက်လန့်မိသွားတယ်။
လင်မယားနှစ်ယောက်က တော့ ရယ်စရာကောင်းတဲ့ ပြက်လုံးတစ်ခုကို ကြည့်နေရသလို လှိုက်လှိုက်လှဲလှဲ ရယ် နေကြတယ်။ ပြီးတော့ အမျိုးသားဟာ သူ့ဇနီးရဲ့ ခါးကို ဖက်ပြီး အိမ်ဘက်ဆီ ပြန်လာကြတယ်။
သူ့မှာ အံ့ဩစိတ် ဝင်မိတယ်။ သူ့ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေဟာ ခုတော့ တက်တက်စင်အောင်လွဲနေပြီ‌ ကော။ ပြီးတော့ ဒီအိမ်နဲ့ ပတ်သက်ပြီး သူလေ့လာခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီလင်မယားနှစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးဆိုတာ မတွေ့ဖူးခဲ့ဖူးဘူး။ ခုတော့လည်း သူတို့နှစ်ယောက်ရဲ့ ပုံစံက ကြင်စဦး ဇနီးမောင်နှံလို တစ်ယောက်ကို တစ်ယောက် မီပြီး ဖြေးဖြေးချင်း လျှောက်လာနေတယ်။
သူ့မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဓာတ်ရှင်တစ်ခုကို ကြည့်နေမိသလိုပဲ။ သူလုပ်သင့်တာတွေကို မလုပ်ဘဲ ကြည့်နေတုန်း ရုတ်တရက် အမျိူသားရဲ့ မျက်လုံးတွေက သူရှိရာအခန်းဆီ ရောက်လာတယ်။ ချက်ချင်း သူ့မှာ ခန္ဓာကိုယ်ကို ကွယ်လိုက်မိတယ်။ ရင်ခုန်သံတွေကလည်း အတော်လေး မြန်ကုန်တယ်။။
ငါ့ကို တွေ့သွားပြီလား။
ဒီအခန်းထဲ ငါရှိနေတာကို သိနေတာလား။
ဒီလူဟာ ဘာ့ကြောင့်များ ငါ့ရှိတဲ့အခန်းကိုမှ ကြည့်တာလဲ။
ဒီတော့မှ သတိဝင်လာပြီး လုပ်ရမှာကို စတင်တွေးမိတော့တယ်။
သူဘာလုပ်ရမလဲ။
အခန်းထဲက ထွက်ရင် အပြင်မှာ စောင့်နေတဲ့ခွေးနဲ့ ရင်ဆိုင်ရမယ်။ ခွေးကို သူက အလွယ်တကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအချိန်မှာပဲ ဟိုလင်မယားဟာ အိမ်ထဲ ရောက်မလာနိုင်ဘူးလို့ မပြောနိုင်။
ဒါဆို ဒီအခန်းထဲမှာပဲ အမိခံမလား။
ဟင့်အင်း။ ဘယ်နည်းနဲ့မှ အမိမခံနိုင်ဘူး။
ဒါဆို ဘယ်လိုလုပ်မလဲ။
သူအတွေးတွေနဲ့ အလုပ်ရှုပ်နေတုန်း ခွေးက "ဝုတ်" "ဝုတ်" ဆိုပြီး ဟောင်ပြန်တယ်။ မကြာခင်မှာပဲ ဂျော်ကီ ရေဆိုတဲ့ အမျိုးသမီးရဲ့ အသံ သဲ့သဲ့ကို ကြားရတယ်။ လတ်စသတ်တော့ ဒီခွေးက သူ့သခင်ဆီ သတင်းပို့နေတာပဲ။ ဒါဆို လင်မယားနှစ်ယောက်စလုံး အိမ်ထဲဝင်လာကြပြီပေါ့။
သူ ဘာလုပ်ရမလဲ။
အခြေအနေတွေက အန္တာရာယ်နဲ့ နီးသည်ထက် နီးလာပြီ။ သူ့မှာခြံရဲ့အပြင်ထွက်ဖို့ကိုနောက်ထား။ လောလောဆယ် ဒီအခန်းထဲကနေ ထွက်ဖို့အရေးကိုပဲ ဦးစားပေးနေရတယ်။ သူ့မှာ ပြာယာခတ်အောင် စဉ်းစား‌ နေရတယ်။
အပြင်ဘက်မှာလည်း ခွေးက အဆက်မပြတ်ဟောင်နေသလို ဂျော်ကီရေ ဆိုတဲ့အသံကလည်း တဖြေးဖြေးနဲ့ နီးနီးလာတယ်။
နောက်ဆုံးတော့ ကြောင် တက်သွားတဲ့ မျက်နှာကြက်က အပေါက်ဆီ သတိရသွားတယ်။ ဘာမှ စဉ်းစားမနေတော့ပဲ ဘီဒိုနားကို သူသွားလိုက်တယ်။ အသင့်ရှိနေတဲ့ ဖုန်ထူထူ ခုံတစ်လုံးပေါ်တက်လိုက်ပြီး ကြောင်တက်သွားတဲ့ နေရာက ဟနေတဲ့ မျက်နှာကြက်ကို တွန်းကြည့်လိုက်တယ်။ အသိပ်မစိုက်ရဘဲ မျက်နှာကြက်က အကွက်တစ်ကွက်ဟာ သူတွန်းသလောက် ရွေ့သွားတယ်။ သူ့မှာ ဝမ်းသာမဆုံး ဖြစ်သွားတယ်။
ဪ အိမ်ထဲရောက်နေတဲ့ ဧည့်သည်ကို ဧည့်ခံနေတာလား ဂျော်ကီ ဆိုတဲ့ အသံဟာ အခန်းရှေ့နားလောက်က ဆိုတာ သူ မှန်းဆမိတယ်။ သခင်ရောက်လာလို့ဖြစ်မယ်။ ခွေးက မဟောင်တော့ဘူး။ သိပ်တော်တဲ့ ဂျော်ကီ ပဲ ဆိုတဲ့ အမျိသမီးရဲ့ အသံကို ထပ်ကြားရချိန်မှာတော့ ‌အမျိသမီးဟာ အခန်းရှေ့ရောက်နေပြီဆိုတာ သေချာသွားပြီ။ ဒီတော့ သူ့ အသက်ရှူသံတွေ မြန်လာတယ်။ သူ့မှာ အလျင်လိုနေပေမဲ့ တစ်ခုခုထိမိပြီး အသံထွက်မှာကိုလည်း သတိထားနေရတယ်။ မျက်နှာကြက်က လူတစ်ကိုယ်စာလောက် ဟ သွားတော့ သူလည်း ခုံပေါ်ကနေ အသံမထွက်အောင် သတိထားပြီး ဘီဒိုပေါ်တက်လိုက်တယ်။
ဟန်နီရေ ဒီမှာ ကစားစရာ အသစ်ရောက်နေတယ်‌ တော့် ဆိုတဲ့ အသံကို ကြားလိုက်ရတော့ သူ့ဆံပင်မွေးတွေတောင် ထောင်လာသလို ခံစားလိုက်ရတယ်။ ပါးစပ်ကလည်း ဘုရားပါ တမိသွားတယ်။ ရုပ်ရည်နဲ့ လိုက်ဖက်မှုမရှိတဲ့ အမျိုးသမီးရဲ့ အပြုအမှုဟာ သူ့အတွက်တော့ ထိန်လန့်စရာ ကောင်းနေတယ် မဟုတ်လား။ သူ့မှာ ချွေးထွက်စတောင် ပြုလာပြီ။ ဒီအိမ်ထဲ ရောက်ကတည်းက ဖြစ်ပေါ်လာတဲ့ သူ့စိတ်ထဲက မရေမရဖြစ်မှုတွေကို ခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
သူဟာ ဂရုတစိုက်နဲ့ပဲ ဘီဒိုပေါ်ကနေ မျက်နှာကြက်ပေါ်ကို တက်လိုက်တယ်။ မှောက်မဲနေတဲ့ အခန်းထဲကနေ နောက်ထပ် ပိုပြီးမှောင်မိုက်တဲ့ နေရာတစ်ခုဆီ ရောက်သွားပြန်တယ်။ မြင်လေရာ အမှောင်ထုကလွဲလို့ ဘာမှ မတွေ့ရဘူး။ ဆက်သွားလို့ရ မရလည်း မသိ။ ပြီးတော့ ထိုင်လို့တောင်မရတဲ့ အနေအထားမို့ သူလည်း ဝမ်းလျားမှောက်ပြီး နေလိုက်တယ်။ ပြီးတော့ ဟထားတဲ့ အပေါက်ကို ပြန်ပိတ်လိုက်တယ်။ ရသလောက် အရှေ့ကို ငါးပြေမတက် တက်လိုက်တယ်။ သိပ်မကြာဘူး။ အခန်းရှေ့က အသံတွေ ကြားလိုက်ရတော့ သူ့မှ မလှုပ်မယှက် ဖြစ်သွားတယ်။

ဟန်နီရေ၊ ဒီညတော့ မပျင်းရတော့ဘူး
ဘာဖြစ်လို့လဲ ဘေဘီ
ဒီမှာ ကစားစရာ အသစ်လေးရောက်နေပြီ
ဟုတ်လား
ဟုတ်တယ်၊ ဂျော်ကီ ဧည့်ခံထားလို့ ဒီအခန်းထဲ ရောက်နေတယ်
ဟာ၊ ဒီညတော့ ပျော်ဖို့ကောင်းပြီပေါ့ ဘေဘီ
ဟုတ်တယ်၊ ဒီညတော့ ပျော်စရာကြီး

နားထောင်နေရတာ ပိုပြီးတောင် အသက်ရှူရကျပ်သလို ခံစားလာရတယ်။
ဒီလင်မယားနှစ်ယောက်ဟာ ဘာလဲ။
ဘယ်လို လူစား‌မျိုးတွေလဲ။
သေချာတာက ဒီအခန်းထဲ သူရောက်နေတာကို သိသွားပြီပေါ့။
ဒါဆို သူ့ဟာ အန္တာရာယ်စက်ကွင်းထဲ ရောက်နေပြီပေါ့။ သူ့အတွက် ဒီအိမ်ကို ရွေးချယ်လိုက်တာ ဟာသူ့ရဲ့ မဟာ အမှား ဖြစ်ရပြီပေါ့။
တကယ်တော့ သိပ်ကိုလွယ်ကူနေတဲ့ အခြေအနေတွေက သူ့ရောက်လာဖို့ ငါးစာတပ်ထားတာမျိုး‌ မဟုတ်လား။
သွားပြီ။
သူဟာ ဒီအိမ်ထဲက ထွက်လာနိုင်ရင်တောင် ခြံစည်းရိုးကို မဖြတ်ကျော်နိုင်တဲ့ အခြေအနေ ရောက်နေပြီ မဟုတ်လား။ ဒီထက် မှားယွင်းတဲ့တွက်ချက်မှုတောင် ဒီထက် မမှားယွင်းနိုင်တော့ဘူး။
သူအတွေးတွေနဲ့ ပျာယာခတ်နေချိန်မှာပဲ အခန်းတံခါးပွင့်သံကြားလိုက်ရတယ်။ ပြီးတော့ ဟလို! ဧည့်သည်လေးရေ ဘယ်မှာပုန်းသလဲ ဆိုတဲ့ အမျိုးသားရဲ့ အသံကို ကြားလိုက်ရပြန်တယ်။ အခန်းထဲမှာ ခြေသံတွေ၊ ထုရိုက်သံတွေ ကို ကြားရပြန်တယ်။ ဧည့်သည်လေးရေ ဧည့်သည်လေးရေဆိုတဲ့ အသံကို ထပ်တလဲလဲ ကြားနေရတယ်။ ဒီညတော့ တော်တော်ပျော်ဖို့ကောင်းပြီ၊ ဟန်နီနဲ့ ဘေဘီ ဘယ်သူအရင်တွေ့ကြေး၊ တွေ့တဲ့သူကို အရင်ဦးစားပေးရမယ် လို့ အမျိုးအသံက ထပ်ထွက်လာတယ်။ ဟား၊ ရတာပေါ့၊ ပထမတစ်ခေါက်က ဘေဘီကံကောင်းသွားလို့ပါ၊ ဒီတစ်ခါတော့ မရတော့ဘူး လို့ အမျိုးသားရဲ့ ပြန်ပြောသံသာ သူ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်။
ဟာ။
ဘာတွေလဲ။
ဒီစုံတွေဟာ လူမှ ဟုတ်ရဲ့လား။
အိမ်ထဲခိုးဝင်လာတဲ့ သူခိုးတစ်ယောက်ကို ကစားစရာ အရုပ်ကလေးလို ဘာ့ကြောင့်သဘောထားနေရတာလဲ။ ဒါပုံမှန် မဟုတ်တော့ဘူး။ ဘယ်နည်းနဲ့မှ ပုံမှန် မဖြစ်နိုင်တော့ဘူး။ နေဦး။ ဒါဆို သူတွေခဲ့တဲ့သူက ကရော။ သူ့လိုပဲ ဒီအိမ်ထဲခိုးဝင်လာတဲ့ သူပဲလား။ အဲ့သလို တွေးမိနေတုန်း အခန်းထဲက အသံတွေ တိတ်ဆိတ်သွားတာကို သတိပြုမိသွားတယ်။ ဒါ့ကြောင့် သူလည်း မျက်နှာကြက်ကို နားကပ်ပြီး အားစိုက်နားထောင်မိတယ်။
အဲ့ဒီအချိန်မှာပဲ သူပိတ်ထားတဲ့ မျက်နှာကြက်ဟာ ရုတ်တရက် တွန်းပွင့်ခံလိုက်ရတယ်။ ရုတ်တရက်ဆိုပေမဲ့ အန္တာရာယ်ထဲ ရောက်နေတာမို့ သူ ဟာ ချက်ချင်းပဲ ငါးပြေမတက်နဲ့ အရှေ့ကို တွားသွားမိတယ်။ ဒါပေမဲ့ သူဟာ အရှေ့ကို မရောက်။ သူဘယ်လောက် အားစိုက်သွားသွား နေရာက မရွေ့။ သူ့ခြေထောက်ဟာ တစ်စုံတစ်ခုရဲ့ ဆွဲထားခြင်းကို ခံနေရပြီလေ။

&&&

Keep Reading

မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်တစ်ကျွန်းစံ၏အပြန်လမ်း