ညဉ့်ယံထက်[ Nyint Yan Htet ]
အဖြူအမည်းမသဲကွဲသေးတဲ့ ကောင်းကင်ကြီးနဲ့အတူ အေးစိမ့်စိမ့်ပတ်ဝန်းကျင်က ရွာတစ်ခုလုံးကို ဖုံးလွှမ်းနေရှာတယ်။ မနက်ဟုမဆိုနိုင်သေးတဲ့ အလင်းရောင်ခပ်ပြပြသာရှိနေတဲ့ ကောင်ကင်ကြီးအောက်က ခရေပင်ကြီးမှာ ရွာရဲ့အလှကိုပိုလို့ပင် တိုးစေသယောင်....
ခရေရွက်တို့က ထိုခရေပင်ကြီးရဲ့အောက်ခြေမှာ အပုံလိုက်ကြွေကျနေပုံကလည်း သဘာဝတရားရဲ့ပန်းချီကားတစ်ချပ်သယောင် လှပတင့်တယ်လှတယ်။ သို့သော်...ထိုခရေပင်ကြီးရဲ့အခြေမှာတော့ ခရေပင်ကြီးနဲ့ဘာမှမအပ်စပ်တဲ့ အရာလေးတစ်ခုက အလိပ်လိုက်လေးရှိနေခဲ့တယ်။ အဲ့တာက.....
-
-
-
"ဒုက္ခပါပဲ..."
နန်းစံ စိတ်ပျက်လက်ပျက်ရေရွတ်မိတယ်။ ဒီနေ့ဆန်၊ဆီ၊ဆား ဝယ်ဖို့လုပ်ထားပါတယ်ဆိုကာမှ ခုပိုက်ဆံနှစ်ထောင်က ပျောက်နေပြီ...
"ဟွန်း..."
နန်းစံ အရှေ့က ပဲပြုတ်အိုးကိုကြည့်ကာ သက်ပြင်းချမိတယ်။ သူခုဘယ်လိုလုပ်ရမလဲ။ ပျောက်သွားတဲ့ပိုက်ဆံအကြောင်းတွေးမိပြန်တော့ ပုံရိပ်အချို့က မျက်လုံးထဲဝင်လာတာမို့ ခပ်ညိုညိုမျက်နှာလေးတောင်မှ ပေါက်ကွဲမတက်နီရဲလာခဲ့တယ်။ သူညတုန်းက ထမိန်ထဲထည့်လိပ်ထားတဲ့ပိုက်ဆံကို မသိမ်းမိဘဲ အကို့ဆီသွားခဲ့မိတာ။ ပြီးတော့ သူတို့...
"အဲ့မှာ ပြုတ်ကျကျန်ခဲ့တာပဲနေမှာ..."
နန်းစံ အတွေးတို့ကိုချက်ခြင်းဖျောက်ကာ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ဖို့ပြင်လိုက်တယ်။ ပိုက်ဆံကိုတော့ ပဲပြုတ်ရောင်းပြီးအပြန်မှပဲ ခရေပင်ကြီးအောက်သွားရှာတော့မယ်။ ခရေပင်ကြီးအကြောင်းထပ်တွေးမိပြန်တော့လည်း သူ့အတွေးတွေက ခုထိကိုညကဖြစ်ခဲ့တဲ့ ကိစ္စကနေ မလွတ်မြောက်နိုင်သေးပါဘူး...
-
-
-
နန်းစံ ပဲပြုတ်ရောင်းပြီးတာနဲ့ ဘေးပတ်ဝန်းကျင်ကို အခြေအနေကြည့်ကာ တောင်းကိုပိုက်ပြီး ခရေပင်ကြီးဘက်သွားဖို့ပြင်လိုက်တယ်။ ခုချိန်က ခရေပွင့်သေးတဲ့အချိန်လည်းဟုတ်မနေတာ့ ခုချိန်ပေါ်တင်ကြီးသွားရင် သေချာပေါက်မေးမြန်းကြတော့မှာပဲ။ ပိုဆိုးတာက ခရေပင်ကြီးဆီတော်ရုံဘယ်သူမှ သွားကြတာမဟုတ်ဘူးလေ။ အဓိကကတော့ ဘီလူးစောင့်တယ်၊နတ်စောင့်တယ်ဆိုတဲ့ ရှေးစကားတွေကြောင့်ပေါ့...
နန်းစံ ရွာထဲကသူတွေသတိမထားအောင် လယ်ကွင်းတွေဘက်က လျှောက်လာလိုက်ပြီးမှ ခရေပင်ကြီးဆီကို တည့်တည့်မတ်မတ်ရောက်လာနိုင်တော့တယ်။ ခရေပင်ကြီးဆီရောက်တာနဲ့ လက်နဲ့ပိုက်ထားတဲ့တောင်းကို မြေပေါ်ချကာ ခရေပင်တစ်ပတ် ပျောက်သွားတဲ့ပိုက်ဆံကို တွေ့လိုတွေ့ညား ရှာနေမိတယ်...
"ဘယ်မှာလဲ..."
နန်းစံ လွယ်လွယ်ရှာမတွေ့တာကြောင့် အပင်အခြေမှာပုံနေတဲ့ သစ်ရွက်ခြောက်တွေကိုပါလက်နဲ့ကျုံးဖယ်ကာ ရှာနေမိတယ်။ ငွေနှစ်ထောင် ပြန်တွေ့မှ ဒီနေ့ဆန်ဝယ်ရမှာ...
နန်းစံ အပင်ပတ်ပတ်လည်ကို အသည်းအသန်ရှာနေမိတယ်။ ငွေက ဒီနေရာမှာပဲရှိတယ်ဆိုတာ သေချာတယ်။ ဘာလို့ဆို ငွေကိုထမိန်အထက်စင်ထဲ ထည့်လိပ်ထားမိတာလေ။ ပြီးတော့ ဒီနေရာမှာပဲ...
"ဟော..."
နန်းစံ အပင်ကြီးရဲ့အမြစ်ကွေးနားမှာ ရာတန်အထပ်လိုက်လေးကို တွေ့လိုက်ရတာမို့ စိတ်ထဲကအလုံးကြီးခုမှကျသွားတော့တယ်။ သူ့မှာရှာသာရှာနေရတာ ဒီအပင်ကြီးက ထီးထီးကြီးဆိုတော့ လေတိုက်ပြီးလွင့်သွားမှာ စိုးရိမ်နေခဲ့တာ။ ခုမှစိတ်အေးရတော့တယ်...
နန်းစံ ချက်ချင်းပဲ ထိုပိုက်ဆံလေးကို ကောက်ယူဖို့လုပ်လိုက်တယ်။ ရှာရအရမ်းမခက်တာပဲ ကျေးဇူးတင်ရတော့မယ်...
"နန်းစံ..."
နန်းစံ ငွေအလိပ်လေးကို ကောက်ဖို့ လက်လှမ်းလိုက်ရုံရှိသေး အနောက်ကနေကြားလိုက်ရတဲ့ အသံကြောင့် ကျောတစ်ခုလုံးတောင့်တင်းသွားတော့တယ်...
"ကို...ကိုကြီး..."
နန်းစံ ပိုက်ဆံကောက်ဖို့ပြင်နေတဲ့ လက်ကိုချက်ချင်းရုတ်ကာ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ သူမြင်လိုက်ရတာက ကိုကြီးနဲ့သူ့သူငယ်ချင်းအချို့ဖြစ်ပြီး ကိုကြီးသူငယ်ချင်းအများစုက ရွာကဖြစ်ပေမယ့် တစ်ယောက်သောသူကတော့...
"ဒီရွာထိပ်ဘာလာလုပ်တာလဲ နန်းစံ..."
"ဟို နန်းစံက ဒီတိုင်း...ဒီတိုင်း..."
နန်းစံ ဖြေရခက်နေတာကြောင့် အကို့ကို မသိမသာလှမ်းကြည့်ပြီး စစ်ကူတောင်းကြည့်ပေမယ့် ချက်ချင်းအကြည့်လွှဲသွားတဲ့အကို့ကြောင့် နန်းစံပိုပြီးဖြေရခက်နေတော့တယ်...
"သူ ခရေပွင့်လာကောက်တာနေမှာပေါ့။ ဟုတ်တယ်မလား ကောင်မလေး..."
"ရှင်...ဟုတ်...ဟုတ်...ကိုတိုးကြီး..."
နန်းစံ ဖြေရခက်နေတုန်းရှိသေး ကိုကြီးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ကိုတိုးကြီးက ဝင်ဖြေလိုက်တာမို့ နန်းစံလည်း ကိုတိုးကြီးပြောတဲ့အတိုင်းပဲ သံယောင်လိုက် လိုက်တယ်...
"ဒီအချိန်က ပန်းမှမပွင့်တာ..."
"သူပန်းပွင့်ပြီလားလာကြည့်တာနေမှာပေါ့။ ခရေပန်းက နောက်လဆိုပဲပွင့်ပြီကို...ဒါနဲ့ နင့်ဆီ ပဲပြုတ်ကျန်သေးလား...ဟဲ့ရောင် ထန်းရည်က ပဲပြုတ်ကြော်နဲ့လည်းလိုက်တယ်..."
"ပဲပြုတ်ကုန်ပြီ..."
နန်းစံ ပဲပြုတ်ကုန်သွားပြီဖြစ်တဲ့အကြောင်း အမြန်ပဲ ဝင်ပြောလိုက်တယ်...
"ဟာ ဒါဆိုရင်တော့ ဦးလေးဖိုးကျော်ရဲ့အမြည်းနဲ့ပဲ သောက်ရတော့မှာပေါ့။ အသားကျော်တို့၊ အသားကင်တို့ကပိုတောင်ကောင်းသေး။ လာလေကွာ ငပြည့်..."
နန်းစံ သူ့ကိုစိုက်ကြည့်နေတဲ့ ကိုကြီးပြည့်စုံကြောင့် စိတ်ထဲမလုံဖြစ်နေမိတယ်...
"နင်ပြန်တော့...နောက်တစ်ခါ ခရေမပွင့်ဘဲ ဒီရွာထိပ်မလာနဲ့။ လူပြတ်တယ်..."
"ဟုတ် ကိုကြီး..."
နန်းစံ သူ့ကိုမှာပြီးမှ တစ်ဖက်ရွာသွားတဲ့လမ်းဘက် ထွက်သွားတဲ့ကိုကြီးကြောင့် သက်ပြင်းသာချမိတယ်။ ကိုတိုးကြီးဝင်ကယ်လို့သာ တော်သေးတယ်။ သူ့ဟာနဲ့သူဆို ထစ်အ၊ထစ်အ ဖြစ်နေတာနဲ့တင် မိလောက်ပြီ...
နန်းစံ ကိုကြီးတို့အဖွဲ့ကို လှမ်းကြည့်နေမိတယ်။ မညာတန်းပြောရရင်တော့ တစ်ယောက်ထဲကိုပေါ့။ နန်းစံကသာ အကိုများ ပြန်စောင်းငဲ့ကြည့်မလားလို့ မျှော်နေမိပေမယ့် မြင်ကွင်းထဲကသာ ပျောက်သွားတယ်။ တစ်ခါလေးတောင် လှည့်မကြည့်သွားဘူး...
"အကိုက သိပ်ဟန်ဆောင်ကောင်းတာပဲ..."
နန်းစံ ကောက်စရာရှိတဲ့ ပိုက်ဆံကိုသာ ကောက်ပြီး ရွာထဲပြန်လာလိုက်တယ်။ သူ့ဘဝကလည်း ရွာထဲကလူတွေနဲ့မတိုးအောင်ရှောင်ပါတယ်ဆိုမှ ကိုကြီးနဲ့ထိပ်တိုက်တိုးရတယ်လို့...
"ကံကောင်းချက်ကတော့ ကမ်းကုန်အောင်ပဲ..."
နန်းစံ ကိုယ့်အတွေးနဲ့ကို ပြုံးမိတယ်။ တကယ်ကိုပါပဲ။ အကိုနဲ့တွေ့ကတည်းက သူ့ဘဝကလည်း ရင်ခုန်ရတာနဲ့၊ ရင်တုန်ရတာနဲ့ တစ်ခါမှကို ရင်အေးရတာမရှိဘူး။ ဒါပေမယ့်လည်း အကို့ကြောင့်ဖြစ်တည်လာတဲ့ခံစားချက်တွေမို့ နန်းစံ ကျေကျေနပ်နပ်ကြီးကို တန်ဖိုးထားပြီးသားပါ...
__________
အမှောင်ထုဖုံးလွှမ်းနေတဲ့ ညသန်းခေါင်ယံအချိန်နဲ့အတူ ရွာထိပ်က ခရေပင်ကြီးအောက်က မိန်းမငယ်လေးတစ်ဦး...
နန်းစံ ခရေပင်ကြီးအောက်မှာ ငုတ်တုတ် ထိုင်နေမိတယ်။ ဒီအချိန်ဆို အကိုရောက်နေရမှာမဟုတ်လား။ သူစောင့်နေတာပဲ အချိန်တော်တော်ကြာနေပြီ။ ဒီ့ထက်သာ ဆက်နောက်ကျနေရင် သူပြန်မှဖြစ်တော့မှာ...
နန်းစံ ခန္ဓာကိုယ်နား တဝှီဝှီလာအုံနေတဲ့ ခြင်တို့ကို လက်နဲ့ရမ်းကာ မောင်းထုတ်ရင်း အကို့ကိုမျှော်နေမိတယ်။ အမြဲ သူ့ထက်အရင်လာနေကြအကိုက ဒီနေ့ကြခုထိတောင် မလာသေးဘူးဆိုတော့ နေမကောင်းတာများလား။ နန်းစံခေါင်းထဲ ထိုအတွေးဝင်လာတော့လည်း စိတ်မကောင်း အရင်ကလည်း အကိုရွာကမပြန်ခင် အပြင်းဖျားသေးတယ်မလား။ အကိုက သူ့လိုမဟုတ်ဘူးရယ်။ ပညာတက် သူဌေးသား နူးနူးညံ့ညံ့လေး။ တော်ကြာ ထပ်အပြင်းဖျားတာဆိုရင်...
နန်းစံ အတွေးနဲ့တင် တော်တော်ကို စိတ်ပူနေမိတယ်။ မနက်ကလည်း ကိုပြည့်စုံတို့၊ ကိုတိုးကြီးတို့နဲ့ ထန်းရည်သောက်ဖို့ဆိုပြီး စောစောစီးစီးဟိုဘက်ရွာလိုက်သွားသေးတယ်မဟုတ်လား...
"အကိုနေမကောင်းတာများလားနော်..."
-
-
-
"ပဲပြုတ်~~~ပဲပြုတ်~~~ပဲပြုတ်~~~"
နန်းစံ အသံကိုမြှင့်ကာအော်ရင်း ပုံမှန်မလာဖြစ်တဲ့ ကြီးကြီးတို့အိမ်ဘက်ကို လျှောက်လာလိုက်တယ်။ စောစောကတည်းက လာချင်နေတာဆိုပေမယ့် အရမ်ကြီးသိသာသွားမှာမို့ ပဲပြုတ်ကုန်ခါနီးမှ ဒီဘက်ကိုပတ်လာလိုက်ချင်းဖြစ်တယ်။ နန်းစံက ဉာဏ်အရမ်းမကောင်းပေမယ့် အကို့အတွက်တော့ ဉာဏ်နီ၊ဉာဏ်နက် အကုန် ထုတ်သုံးရတာပါပဲ...
"ပဲပြုတ်~~~"
နန်းစံ ကြီးကြီးအိမ်ရှေ့မရောက်ခင်ထဲက ခြံထဲကို လှမ်းချောင်းနေမိတယ်။ အကို့ကိုများ မြင်လိုမြင်ညားပေါ့။ နန်းစံ အဲ့ခြံရှေ့က ဖြတ်သွားတုန်းတွေ့တာဆိုလို့ နွားလှည်းကိုဟိုလုပ်ဒီလုပ်လုပ်နေတဲ့ ဦးကြီးသန်းကိုပဲ။ အခြားသူတွေရဲ့အရိပ်တောင်မတွေ့ရပါဘူး...
နန်းစံကိုယ့်အတွေးနဲ့ကိုယ် ရှုံ့မဲ့နေတုန်း ရုတ်တရက် ခြံအနောက်ဘက်ကနေ ဦးကြီးသန်းနားရောက်လာတဲ့ အကိုကြောင့် အကိုများသူ့ကို မြင်မလားဆိုတဲ့ စိတ်နဲ့ ခြေလှမ်းတို့မှာလိုတာထက်ပိုနှေးသွားတော့တယ်...
တစ်ကိုယ်လုံး ရေစက်လေးတွေစိုနေပြီး အပေါ်ပိုင်းအင်္ကျီမပါဘဲ ဘယ်ဘက်ပုခုံးပေါ် မျက်နှာသုတ်စောင်အစိမ်းလေးတင်ထားတဲ့ အကို့ပုံကြည့်ရသလောက်တော့ ကျန်းမာနေပုံပါပဲ။ ဦးကြီးသန်းနဲ့ စကားပြောနေချိန် တက်တက်ကြွကြွပြုံးနေတဲ့ အကို့အပြုံးတွေက နန်းစံတို့စတွေ့တုန်းက အကို့လိုပဲ သိပ်ချိုသာပြီး ချောလိုက်တာမှလွန်ပါရော...
"ဟဲ့! မိနန်း"
"အလို! ကိုကြီး..."
နန်းစံ ခြေလှမ်းကို နှေးနိုင်သမျှ နှေးနှေးလေးလျှောက်နေတုန်း ရုတ်တရက်ကြီး ခြံဘေးဘက်ကနေ လှမ်းခေါ်လိုက်တဲ့ကိုကြီးကြောင့် ရင်ထဲ ထိတ်ကနဲဖြစ်သွားတော့တယ်...
"ကိုကြီး...ဟို ပဲပြုတ်ဝယ်မလို့လား..."
နန်းစံ ကိုကြီးနားကို မဝံ့မရဲသွားကာ အကိုတို့ဘက်ကိုလည်း မသိမသာလှမ်းကြည့်လိုက်မိတယ်။ နန်းစံကိုကြည့်ပြီး သဘောမကျပုံပေါ်တဲ့ ဦးကြီးသန်းကတော့ အကို့ဂုတ်ကိုဖတ်ကာ အပေါ်ထပ်တက်သွားတာကြောင့် နန်းစံမှာ အကို့မျက်နှာလေးကြည့်ချင်တဲ့မျှော်လင့်ချက်တောင် ပျောက်သွားတော့တယ်...
"နင်ဘယ်ကို လိုက်ကြည့်နေတာလဲ နန်းစံ..."
"ရှင်...အော်...ဦးကြီးသန်း..."
"အဖေကိုတော့ သွားကြည့်မနေနဲ့။ သူက အဖွားကိုရော နင့်ကိုရော ကြည့်ရတာမဟုတ်ဘူး။ ဒါနဲ့ ငါမေးတာသာ အရင်ဖြေစမ်းပါ။ ဘာကိစ္စ ဒီဘက်ရောက်လာတာလဲ..."
"ပဲပြုတ်လေး ကျန်နေသေးလို့ပါ။ ဒါနဲ့ ကိုထူးရော။ မဝေနဲ့ သူဇာတို့ရော..."
"ဝေဝေက ဘုရားရှိခိုးနေတယ်။ ငထူးနဲ့ သူဇာကတော့ အိပ်တုန်း..."
"အော်...ကိုကြီး ပဲပြုတ်မဝယ်ရင် နန်းစံသွားတော့မယ်နော်။ မေကြီးကို ထမင်းကျွေးဖို့ နောက်ကျမှာဆိုးလို့..."
"ငါမဝယ်ဘူး။ ဒီတိုင်း နင့်ကိုတွေ့လို့မေးတာ..."
"ဟုတ်..."
နန်းစံ ကိုကြီးကို ပြုံးပြကာ ခြံရှေ့ကနေ အမြန်ပဲ ခပ်သုတ်သုတ်ထွက်လာလိုက်တယ်။ သူမြန်မြန်ရှောင်နိုင်မှ နမို့သာဆို ဘာပြောရမှန်းမသိတာနဲ့တင် မိကုန်တော့မှာပဲ။ ကိုကြီးနဲ့ကလည်း ရေစက်အတော်ပါသား...
"ပဲပြုတ်~~~ပဲပြုတ်~~~ပဲပြုတ်~~~"
__________
ဒီနေ့နဲ့ဆို အကိုခရေပင်ကြီးဆီမလာတာ လေးရက်မြောက်ပဲ။ နန်စံကတော့ ခရေပင်ကြီးအောက်မှာ အိန္ဒြေမဲ့စွာ နေ့စဉ်စောင့်နေမိတယ်။ အကိုများ လာမလားဆိုတဲ့ စိတ်နဲ့ပေါ့...
နန်းစံ တဖြည်းဖြည်းစိတ်ဓာတ်ကျလာမိတယ်။ အရင်ကဆို နေ့တိုင်းညဘက်တွေ ခိုးတွေ့ခဲ့သလို အမြဲတမ်းအကိုကအရင်လာစောင့်နေတာချည်းပဲ။ ခုတော့ ဒီနေ့နဲ့ဆို လေးရက်ရှိနေပြီ။ အကိုကနေလည်းကောင်းပါရဲ့ ဘာကြောင့်များလာမတွေ့ရတာလဲဆိုတာ နားမလည်နိုင်တော့ဘူး...
"နန်းစံ..."
"အကို..."
နန်းစံ အတွေးလွန်နေတုန်းရှိသေး ရှေ့တည့်တည့်မှာလာရပ်တဲ့အကို့ကြောင့် နန်းစံဝမ်းပမ်းတသာပဲ ချက်ချင်းထရပ်လိုက်ပြီး အကို့ရဲ့ရင်ခွင်ထဲ မြုပ်လုမတတ် အကို့ကိုဖက်လိုက်တယ်...
"နန်း အကို့ကို လွမ်းနေခဲ့တာ..."
"ဖယ်ဦး...နန်းစံ..."
နန်းစံကို သူ့လက်တွေနဲ့တွန်းဖယ်ကာ စိတ်ရှုပ်နေတဲ့အမူအရာပြတဲ့အပြင် "နန်း"လို့တောင် အဖျားစွတ်မခေါ်တော့တဲ့အကို့ကြောင့် နန်းစံမှာ အပူပေါ်အပူဆင့်ရပြန်ပြီ...
"အကို...အကို နန်းကို စိတ်ဆိုးနေတာလားဟင်..."
နန်းစံ စိုးရိမ်တကြီးပဲ မေးမိတယ်...
"အကိုပြောမယ်။ အကို နန်းစံကို ဒီရက်ပိုင်းလာမတွေ့နိုင်ဘူးဆိုတာ အကိုအလုပ်ရှုပ်နေလို့ နန်းစံ။ နန်းစံရဲ့ ဆန္ဒကိုချည်းမဟုတ်ဘဲ အကို့ဘက်ကိုလည်း ငဲ့ပါဦး။ အကိုက နေရာသစ်မှာ စီးပွားရေးလုပ်ဖို့ကြိုးစားနေရတဲ့သူ။ အကို မင်းကို အမြဲအချိန်မပေးနိုင်ဘူးလေ။ ဟိုနေ့ကလို အိမ်ထိလိုက်လာတာတွေမလုပ်ပါနဲ့ကွာ..."
"နန်းလည်း အားနေတာမဟုတ်ပါဘူး အကိုရယ်..."
နန်းစံ ပြန်ပြောမိတယ်။ သူလည်း မိန်းကလေးတန်မဲ့ ညကြီးသန်းခေါင် မရှက်မကြောက်တွေ့ရတာပဲ ဥစ္စာ...
"နန်း...အကိုကြိုးစားသမျှက အကို့တို့အနာဂတ်အတွက်နော်။ နန်း အကို့ကို နားလည်ပေးရမယ်။ အကို နန်းကို ဘယ်လောက်သဘောကျတယ်ဆိုတာ နန်းသိရက်နဲ့ကွာ။ နန်းက အကို့ကိုမယုံတာလား..."
"နန်း ယုံတာပါ့အကိုရယ်။ အမှန်တော့ ခုလိုကြောက်လန့်နေရတာက နန်းတို့ရဲ့ လူသိမခံတဲ့ဆက်ဆံရေးကြောင့်ပဲ အကို။ နန်းတို့ရဲ့ ဆက်ဆံရေးကလည်း ခုဆို သာမန် သမီးရည်းစားဆက်ဆံရေးမှမဟုတ်တော့ဘဲ။ ဟို...နန်းတို့က ခုဆို လင်မယားတွေလို ကျူးကျူးလွန်လွန်တွေ ဖြစ်ပြီးပြီပဲ ဥစ္စာ။ မေကြီးကို ဖွင့်ပြောလိုက်ရင်..."
"နန်းစံ!"
နန်းစံ ပြောနေတာမဆုံးခင်မှာပဲ ရုတ်တရက် ထအော်လိုက်တဲ့ အကို့ကြောင့် နန်းစံမှာ အလန့်တကြားပဲ ပြောနေရင်း ပါးစပ်ပိတ်လိုက်ရတယ်...
"နောက်တစ်ခါ အဲ့စကားထပ်မပြောမိပါစေနဲ့။ အဲ့ကိစ္စသာ အခြားသူတွေသိသွားရင် ငါဘယ်လောက်ထိ ဒုက္ခရောက်မလဲသိလား နန်းစံ...မင်းငါ့ကို ဒုက္ခအကြီးအကျယ်ရောက်စေချင်နေတာလား...".
"မဟုတ်တာ အကိုရယ်။ ဘာကိစ္စ အကိုက ဒုက္ခရောက်..."
"မင်းအသက်ဘယ် နှနှစ်လဲ။ ငါ့အသက်ကရော ဘယ်နှနှစ်လဲ။ ပြီးတော့ ဒီနေရာက မင်းရဲ့မွေးဇာတိ။ ငါက ဧည့်သည်သက်သက်ပဲ။ အခြားသူတွေသာ ငါတို့ကိစ္စသိသွားရင် ငါ့ဘဝပျက်မှာ။ နန်းရယ်...အကိုတို့တစ်သက်လုံးပေါင်းဖို့အတွက် ခနလောက်တော့ သည်းခံကြရအောင်ကွာ..."
"ဒါပေမယ့်လည်း အကိုရယ်..."
"နန်း...မင်းပါးစပ်ဖွာရင် အကိုတို့ဝေးရမယ်ဆိုတာ မမေ့နဲ့..."
နန်းစံ အကို့ရဲ့စကားတွေကြောင့် ဘာမှဆက်မပြောနိုင်လောက်အောင်ကို တိတ်ဆိတ်နေမိတယ်။ သူအကို့ကို ယုံတယ်။ အကိုက သူ့ကိုသိပ်ချစ်တယ်ဆိုတာကိုလည်း ယုံတယ်။ နန်းဆိုတဲ့ သူကလည်း ခုဆို အကိုပြုသမျှနုရတော့မယ့် မိန်းကလေးဖြစ်နေပြီလေ။ အကြောင်းအရင်းကတော့ သူတို့ရဲ့ ဆက်ဆံရေးက သာမန်ဆက်ဆံရေးမှမဟုတ်တော့ပဲ။ ခုဆို သူ့အတွက်တော့ အကိုကသာ သူ့အားထားရာ၊သူ့ယုံကြည်ရာ ဖြစ်နေနှင့်ပါပြီလေ...
__________
"နန်းစံ...နန်းစံ!"
မနက်စောစောရှိသေး အတင်းလှုပ်နိုးနေတဲ့ မေကြီးကြောင့် နန်းစံ လန့်နိုးသွားတော့တယ်....
"ရီးတုတ်!!! ရီးတုတ်!!! နန်းစံ!!!"
မေကြီးကိုကြည့်နေစဉ် ရုတ်တရက်ကြီး သူတို့နာမည်အော်ခေါ်သံကြားလိုက်ရတာမို့ ဆံပင်တောင်မသပ်နိုင်ဘဲ နန်းစံအလန့်တကြား အိပ်ရာကကုန်းကျုံးထလိုက်တယ်...
"နန်းစံ ကြည့်လိုက်မယ် မေကြီး..."
"နန်းစံ!!!"
နန်းစံ တဲတံခါးဖွင့်လိုက်တုန်းရှိသေး သူ့ကိုမြင်သွားတဲ့ ဦးလေးဖိုးကျော်က နာမည်ကိုအော်ခေါ်ပိး တဲဆီအသည်းအသန်ပြေးလာတာကြောင့် နန်းစံ ရင်တထိပ်ထိပ်ပဲဖြစ်နေမိတယ်...
"ဦးလေးဖိုးကျော်...ဘာဖြစ်လို့လဲ!..."
"နင့်ဘကြီး!"
"ဘကြီး! ဘကြီးဘာဖြစ်လို့လဲ..."
"နင့်ဘကြီး သေပြီ!!!"
ဒေါ်တုတ် ရုတ်တရက်ကြီးကြားလိုက်ရတဲ့ ဖိုးကျော်ရဲ့စကားကြောင့် ရင်ထဲစို့နင့်သွားတော့တယ်။ နောက်ဆုံးတော့ ဒီနေ့ရောက်လာပြီပဲ။ သူ့ရဲ့တစ်ဦးတည်းသော သား။ အဆိုးဆုံးသောသားတောင် လူ့လောကကြီးက ထွက်ခွာသွားပြီပဲ။ သူအမြဲကျိန်ဆဲနေခဲ့ပေမယ့် ခုလိုကြုံတွေ့လိုက်ရတော့လည်း ရင်ထဲမကောင်းဖြစ်ပြီး မျက်ရည်တို့ကကျလာမိပြန်ရော။ အဆိုးဆုံးသားသမီးကို သံယောဇဉ်အတွယ်ဆုံးဆိုသလို အဲ့ကောင်သာအသက်ကြီးလာရင် ပြုစုယုယမယ့်သူ ရှိမှာမဟုတ်ဘူးဆိုတဲ့အတွေးကြောင့် ဖွင့်မပြောပေမယ့် အမြဲစိတ်ပူနေခဲ့ရတာ။ ခုတော့ သူလည်းဝဋ်ကျွတ်၊ ကိုယ်လည်း ဝဋ်ကျွတ်ပြီပေါ့...
နန်းစံ တွေတွေကြီးဖြစ်နေတဲ့ မေကြီးကိုကြည့်ကာ စိတ်မကောင်းဖြစ်မိတယ်။ ဘကြီးက အကျင့်ကောင်းတဲ့သူမဟုတ်ပေမယ့် ဒီတစ်နှစ်ကျော်အတွင်းတော့အရင်ထက်စာရင် အတော်လေးလိမ္မာလာပါတယ်။ အိမ်ကိုလည်း တစ်နေ့နှစ်ထောင် မဖြစ်ဖြစ်အောင်လာပေးနေခဲ့တာ။ အရင်လိုတောင် သူ့ကိုသိပ်မရိုက်နှက်ရှာတော့ဘူး...
"ဘယ်လိုဖြစ်တာလဲ ဦးလေးဖိုးကျော်..."
"ရေနစ်တာ...ကြည့်ရတာ မူးပြီးချော်ကျတာဖြစ်မယ်။ ရွာရှေ့က ချောင်းမှာ ခုထိအလောင်းရှိသေးတယ်။ ရီးတုတ်! အသုဘအတွက်တော့ စိတ်မပူပါနဲ့။ ကျုပ်တို့ပဲ သူကြီးအကူအညီယူပြီးလုပ်ပေးပါ့မယ်..."
"ကျေးဇူးပါ ဦးလေးဖိုးကျော်ရယ်..."
"အေး ရပါတယ်။ နင် နင့်အဖွားကိုသာ စောင့်ရှောက်။ ရီးတုတ်! နန်းစံကို ဖိုးကျော်အလောင်း လာကြည့်ခိုင်းမနေနဲ့တော့။ သူလည်း မိန်းကလေးဆိုတော့ ကြောက်မှာပေါ့။ ကျွန်တော်တို့ပဲ အစအဆုံးလုပ်ပေးပါ့မယ်..."
"အေးပါ...ဖိုးကျော်...ကျေးဇူး..."
-
-
-
နန်းစံ လက်ထဲက မြေအချို့ကို မြေတွင်းထဲက ဖျာလိပ်ပေါ် ပစ်တင်လိုက်တယ်။ အိပ်ရာက ကောင်းကောင်းမထနိုင်တဲ့ မေကြီးကိုတော့ နန်းစံ ဖွားရင်နဲ့အတူထားခဲ့ကာ ဘကြီးကို မြေလာမြုပ်ပေးနေရတာဖြစ်တယ်။ သူတို့ရွာဓလေ့အတိုင်းပဲ ရွာထဲက လူတစ်ယောက်သေရင် တစ်အိမ်တစ်ယောက်နှုန်းတော့ သေတဲ့သူကို မြေဖို့ ဖို့အတွက် ကူညီပေးရတယ်လေ...
"ကောင်းကောင်းသွားပါ ဘကြီး။ သမီးတတ်နိုင်သလောက် ကုသိုလ်လုပ်ပေးပါ့မယ်..."
နန်းစံ ဘကြီးအတွက် နောက်ဆုံးအနေနဲ့ ရေရွတ်ကာ ထိုနေရာက ထွက်လာလိုက်တယ်။ နန်းစံ အခြားသူတွေနောက်မှာ ရပ်နေပြီး အလှည့်ကြ မြေဖို့နှုတ်ဆက်နေတာကိုကြည့်ရင်း ရုတ်တရက် တစ်ယောက်ယောက်ကလက်ကိုလာဆွဲတာမို့ နန်းစံအလန့်တကြားပဲ ဖြစ်သွားတော့တယ်။ ဒါပေမယ့်လည်း ထိုသူက အကိုဆိုတာသိလိုက်တော့လည်း နန်းစံငြိမ်နေမိတယ်...
"အဆင်ပြေသွားမှာပါ..."
ထိုစကားလေးတစ်ခွန်း၊ အကို့ဆီက ကြားလိုက်ရတဲ့ထိုစကားလေးတစ်ခွန်းက နန်းစံအတွက် အားတွေအများကြီးဖြစ်စေခဲ့တယ်ဆိုတာ အကိုသိပါ့မလားနော်...
__________
ထိုနေ့...ဘကြီးဆုံးတဲ့ထိုနေ့က အကို့ဆီကကြားလိုက်ရတဲ့အားပေးစကားဟာ သူအကို့ဆီကနေ ညင်ညင်သာသာကြားရတဲ့ နောက်ဆုံးစကားဆိုတာသာ သူသိရင် နားမထောင်ခဲ့ပါဘူး...
"ငါ့နောက်ကို တစ်ချိန်လုံးလိုက်မနေနဲ့ နန်းစံ..."
"မင်း အရှက်မရှိဘူးလား..."
"အိန္ဒြေလေးတော့ ထိန်းပါဦးကွာ..."
"ငါ့ကို သစ္စာမရှိတဲ့ကောင်လို လာမဆက်ဆံနဲ့ နန်းစံ..."
"ခနလောက် လှို့ဝှက်ထားရုံနဲ့ မင်းသေမှာမို့လို့လား..."
"မင်း အနေအထိုင်မတက်ဘူးလား..."
"ခနလောက် မတွေ့ရရင် မနေနိုင်လောက်တဲ့ထိ ငါ့ကိုတော်တော်စွဲလမ်းနေတာလား..."
တွေ့တဲ့အချိန်တိုင်းကြားနေရတဲ့ ထိုကြမ်းတမ်းလွန်တဲ့စကားတွေ။ အဆိုးဆုံးစကားက...
"ငါလိုရင် ခေါ်လိုက်မှာပေါ့ကွာ..."
ထိုစကား။ နန်းစံကို နန်းစံတောင် တန်ဖိုးမရှိတော့ဘူးလို့ ထင်ရစေတဲ့ထိုစကား။ နန်းစံ အားလုံးကို သည်းခံနိုင်ပါတယ်။ အဓိကက အကိုနန်းစံကိုမထားသွားခဲ့ရင် ရပြီမို့ နန်းစံအားလုံးကို သည်းခံပေးမယ်လို့ ဆုံးဖြတ်ထားပြီးသားပဲလေ။ အကိုက ဆိုးလေ။ အကို နန်းစံပေါ်ရက်စက်လေ။ နန်းစံက အကို့ကိုပိုချစ်မိရုံပဲ...
"ဟဲ့ မိနန်း!"
"ရှင်..."
"ရော့ သွေးဆေး..."
နန်းစံ အတွေးလွန်နေတုန်းရှိသေး နန်းစံလက်ထဲကို ကုန်စုံဆိုင်က အကြီးက သွေးဆေးလျက်ဆားထုတ် ထည့်ပေးလာတာမို့ တွေးလက်စအတွေးတို့ပျက်သွားတော့တယ်...
"ညည်းကို ကြည့်ရတာလည်း အားမရှိလိုက်တာတော်..."
"ဟုတ်တယ် အကြီး။နန်းစံ ဒီရက်ပိုင်း တစ်ကိုယ်လုံးကိုက်ခဲနေတာ။ အဆိုးဆုံးက ပုခုံးတွေပဲ။ တောင်းကို အမြဲသယ်ရတဲ့ ဒဏ်တွေ ထင်ပါတယ်..."
"ညည်း ကုသိုလ်ဖြစ်ဆေးခန်းကို သွားပါလားတော်..."
"တော်ပါပြီ အကြီးရယ်။ စိတ်လည်းမပါပါဘူး။ ကိုယ်တွေလက်တွေကိုက်တာထက် ရာသီထိန်တာပိုဆိုးတယ်။ အောင့်တာမှ သေအောင်ပဲ..."
"ညည်းနဲ့အေ ဂရုစိုက်စမ်းပါ။ ညည်းအဖွားကို ဂရုစိုက်ချင်ရင် ညည်းကိုယ်ညည်းအရင်ဂရုစိုက်မှပေါ့အေ..."
"ဟုတ် အကြီး...နန်းစံ သွားတော့မယ်..."
နန်းစံ လက်ထဲက သွေးဆေးလျက်ဆားကို အင်္ကျီအိပ်ကပ်ထဲထည့်ကာ အိမ်သို့သာ ဦးတည်ပြန်လိုက်တယ်။ ခုဆို ဘကြီးဆုံးတာ တစ်လကျော်ရှိပြီဖြစ်သလို အကိုနဲ့သူ့ရဲ့ဆက်ဆံရေး သိပ်အဆင်မပြေတော့တာလဲ တစ်လကျော်ရှိပြီ...
ပထမတော့ အသည်းအသန်တွေ အကို့နောက်လိုက်နေမိပေမယ့် ခုတော့နန်းစံ နေသားကျနေပါပြီ။ ခုရက်ပိုင်း နေရတာလည်း အတော်ကိုအဆင်မပြေတာမို့ ဘာဆိုဘာမှလည်း မတွေးချင်တော့သလို ဘယ်သူ့နောက်မှလည်း အသည်းအသန်ပြေးမလိုက်ချင်တော့ဘူး...
-
-
-
"ကျွတ်..."
နန်းစံ ညကြီးသန်းခေါင် ဘယ်လိုမှအိပ်မရတာကြောင့် ထထိုင်မိတယ်။ ဆီးစပ်ကသေလောက်အောင်နာကျင်မှုက နန်းစံကို ချွေးစီးတွေ ပျံစေတဲ့အထိပဲ...
နန်းစံ အားတင်းထကာ မနက်ကဝယ်လာတဲ့ သွေးဆေးလျက်ဆားကို လက်ထဲအနည်းငယ်ထည့်လိုက်ပြီး ရေအေးလေးနဲ့သောက်ချလိုက်တယ်။ ခုလိုနာနေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ပထမတော့ ရာသီလာမယ့်ရက်ကို စွန်းသွားတာမို့ စိတ်ပူမိပေမယ့် နောက်ရက်မှာပဲ ရာသီအနည်းငယ်လာတာကြောင့် သူပေါက်ပန်းလေးဆယ်တွေးနေသလို မဟုတ်ဘဲ ရာသီထိန်တယ်ဆိုတာသိခဲ့ရတာ...
နန်းစံ ဆေးသောက်ပြီးတာတောင် အရမ်းကြီးနာတာမသက်သာပေမယ့် မနက်ကျရင်လည်း ဈေးရောင်းရဦးမှာမို့ အတတ်နိုင်ဆုံးအားတင်းပြီး အိပ်လိုက်တယ်...
__________
"နန်းစံ...နား...ပါလား..."
"ရပါတယ် မေကြီးရယ်။ သမီးနေကောင်းပါတယ်..."
ဒေါ်တုတ် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ မြေးမဖြစ်သူကို ကြည့်ကာ ဘယ်လိုမှ အားမရနိုင်ဖြစ်နေတယ်။ ဒီကလေးမ သေသေချာချာ နားနေသင့်ပေမယ့်လည်း ဘယ်လိုမှတားမရတာကြောင့်သာ ဒေါ်တုတ်လွှတ်ပေးထားရတာ...
"မေကြီး သမီးသွားပြီနော်..."
ဒေါ်တုတ် ပျော့တိပျော့ဖတ်ပြုံးပြကာ ထွက်သွားတဲ့ နန်းစံလေးကို ကြည့်ပြီး စိတ်ထဲအတော်လေးနေမိတယ်။ မနက်ကလည်း ပဲပြုတ်ရောင်းပြီးပြီမို့ ညနေဘက်နားပါဆိုတာ ဘယ်လိုမှ ပြောမရရှာဘူး။ ဒီကလေးမလေး သွားလေရာ၊လာလေရာ ခလုတ်မထိ၊ဆူးမငြိပါစေနဲ့လို့တော့ ဒေါ်တုတ်စိတ်ထဲ အမြဲဆုတောင်းပေးပါတယ်လေ...
-
-
-
"မုန့်ဦးနှောက်~~~ကျစ်..."
နန်းစံ ဈေးအော်ရောင်းနေရင်း ဗိုက်ကပိုပြီးကိုက်ခဲလာတာကြောင့် အရင်လိုမအော်နိုင်ဖြစ်နေမိတယ်...
"ဟဲ့ နန်းစံ..."
"ဟုတ်...အော် ကိုကြီး..."
"နင်နေမကောင်းဘူးလား..."
နန်းစံ မုန့်ဦးနှောက်ရောင်းနေတုန်း လမ်းမှာ ကိုကြီးနဲ့ ရွာထဲကသူအချို့ကိုတွေ့တာကြောင့် တောင်းကိုချကာ မုန့်ဦးနှောက်များဝယ်မလို့လားဆိုပြီး မျှော်လင့်မိတယ်...
"သိပ်နေမကောင်းလို့ပါ...ဘယ်နှခုယူမလဲ ကိုကြီး..."
"အေး ငါတို့ကို ခုနှစ်ခုပေး...နင့်ပုံကြည့်ရတာ အဆင်မပြေဘူးနော်..."
"အဆင်ပြေပါတယ်..."
နန်းစံ တောင်းထဲက မုန့်ဦးနှောက်ကို ကုန်းပြီးယူလိုက်တာနဲ့တင်ကို ဗိုက်ထဲက စူးခနဲ နာကျင်သွားတာမို့ အံပါကြိတ်ထားရတဲ့ထိ သည်းခံလိုက်ရတော့တယ်...
"ရော့ ကိုကြီး..."
နန်းစံ အတတ်နိုင်ဆုံးသည်းခံကာ မုန့်ဦးနှောက်တွေပြင်ပြီး ကိုကြီးဆီကို ကမ်းပေးလိုက်တယ်...
နန်းစံ ခုနက နာကျင်မှုကြောင့် သတိမထားလိုက်ပေမယ့် ခုမှပဲကိုကြီးနောက်က နန်းစံကို မျက်ခုံးတွေ တွန့်ချိုးကာကြည့်နေတဲ့ အကို့ကို တွေ့လိုက်ရတော့တယ်...
နန်းစံ နာကျင်လွန်းတာမို့ အကို့ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ဘေးကလူတွေရဲ့အကူအညီနဲ့သာ ဈေးတောင်းကိုပြန်မပြီး ကိုယ့်လမ်းကိုယ်သွားဖို့ ပြင်လိုက်တယ်။ အကိုအနောက်မှာ ဘယ်လိုကျန်ခဲ့မလဲတော့မသိပေမယ့် ဒီတစ်ခါတော့ အကိုနန်းစံကို ကျောမခိုင်းခင် နန်းစံအရင်ကျောခိုင်းခဲ့လိုက်တော့တယ်...
နန်းစံ တောင်းကိုရွက်ကာ အကိုတို့အုပ်စုနားက ဖြတ်သွားလိုက်ချင်းချင်းဘဲ ရုတ်တရက်ဆိုသလို သေလောက်အောင် ထိုးကိုက်လာတဲ့ ဗိုက်ကြောင့် ခေါင်းပေါ်မှာ ရွက်ထားတဲ့ တောင်းကို မြေပေါ်ပစ်ချလိုက်တော့တယ်....
"အာ့!...အား..."
နန်းစံ ဘယ်လိုမှမတောင့်ခံနိုင်တော့တာမို့ လူပါလဲမကျသွားအောင် အနီးဆုံးခြံတစ်ခြံရဲ့ ခြံစည်းရိုးကိုသာ ဆုပ်ကိုင်ထားလိုက်တယ်...
"ဟဲ့ နန်းစံ!"
"ကောင်မလေး အဆင်ပြေရဲ့လား..."
"နန်းစံ...ညီမလေး..."
"မိနန်း!!!"
နန်းစံ ကိုကြီးတို့အဖွဲ့ရော သူမှီထားတဲ့ခြံထဲက လူကြီးတွေရော သူ့ဆီပြေးထွက်လာတာကိုမြင်နေရပေမယ့် ဘာမှမပြောနိုင်လောက်အောင်ကို နာကျင်မှုကို သေလုမျောပါးခံစားနေရတော့တယ်...
"သွေး...သွေးတွေ..."
နန်းစံ အသိစိတ်မပျောက်ခင် နောက်ဆုံးကြားလိုက်ရတဲ့စကားဖြစ်ပြီး နာကျင်မှုအဆိုးရွားဆုံးအခြေအနေမရောက်ခင် နောက်ဆုံးသိလိုက်၊မြင်လိုက်လိုက်ရတဲ့အရာကလည်း ပေါင်ကနေ၊ ခြေသလုံးတစ်လျှောက်စီးကျလာတဲ့ စိုစွတ်စွတ်၊ကပ်စီးစီး အနီးရောင်သွေးတွေရဲ့မြင်ကွင်းကိုပေါ့...
အဲ့မြင်ကွင်းရဲ့ နောက်မှာတော့ နန်းစံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရော၊ နန်းစံရဲ့အမြင်အာရုံကိုပါ ဆိုးရွားစပ်ဆုတ်ဖွယ်နာကျင်မှုက ဖုံးလွှမ်းသွားခဲ့တော့တယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေပြောနေကျတယ်ဆိုတာကို နန်းစံမသိတော့ဘူး။ နန်းစံသိတာက သေလုမျောပါးနာကျင်မှုက နန်းစံကိုအသိမဲ့တဲ့အထိ လွှမ်းမိုးသွားပြီဆိုတာကိုပေါ့.....
*ပစ်တိုင်းထောင်*
//////////
{ ၁၀.၂.၂၀၂၅}
{ ည ၉:၀၃ }
Keep Reading