Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

8/02/2025

ပွဲဈေးတန်း

7 mins read
General Knowledge
Culture
ပွဲဈေးတန်း's photo


​အမေ့ရွာက ငပယင်း။ ငပယင်းက စစ်သူကြီးမဟာဗန္ဓုလရဲ့ဇာတိမြေမို့ သူတည်ခဲ့တဲ့ စေတီတော်ကြီးရှိတယ်။ ဘုရားပွဲတော်ကို နှစ်တိုင်း ပြာသိုလပြည့်ကျော် ၅ ရက်ကနေ ၈ ရက်အထိ ကျင်းပကြတယ်။ ပွဲဈေးတန်းတွေ၊ ဇာတ်တွေ၊ အငြိမ့်တွေ၊ ရဟတ်တွေ၊ ချားတွေ၊ မျက်လှည့်တွေနဲ့ နယ်လေးရပ်က ကြိတ်ကြိတ်တိုးလာကြတဲ့ပွဲတော်ကြီးပေါ့။

​မဟာဗန္ဓုလစည်းခုံစေတီတော်လို့ ဘွဲ့တော်သမုတ်ထားပေမယ့် ရွာကတော့ ဘုရားကြီးလို့ပဲ အလွယ် ခေါ်လိုက်ကြတာပါပဲ။ ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို အလွယ်ခေါ်တော့ ဘုရားကြီးပွဲပေါ့။ ပွဲတော်ရက် ရောက်ပြီဆိုရင် အဖော်အပေါင်းတွေစုပြီး ခြေလျင်ပဲချီတက်ကြတယ်။ စပါးရိုးပြတ်လယ်ကွင်းတွေ၊ ကုလားပဲ ခင်းတွေ၊ မြေပဲခင်းတွေ၊ ပြောင်းခင်းတွေကိုဖြတ်သွားကြတယ်။ စကားတွေပြောကြရင်း၊ သီချင်းတွေ ဆိုကြရင်း၊ မန်ကျည်းပင်ရိပ်၊ ထနောင်းပင်ရိပ်မှာနားကြရင်း သွားကြရင်းနဲ့ ရထားသံလမ်းကိုကျော်အပြီး မှာတော့ ငပယင်းကိုရောက်ပြီဆိုပါတော့။

​ရွာအဝင်မှာ ရေကန်ကြီးတွေကဆီးကြိုနေတယ်။ ရွာထိပ်က ကန်နှစ်ကန်ကို ယောကျ်ားလေး ချိုးတဲ့ကန်၊ မိန်းကလေးချိုးတဲ့ကန်ဆိုပြီး ခွဲထားသေးတယ်။ ရေကန်တွေကို ကျော်လိုက်တော့ ဘယ်ဘက်မှာ မြခံစေတီတော်ကြီးကို ထုထည်ကြီးကြီး၊ ဉာဏ်တော်မြင့်မြင့်နဲ့ ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတယ်။ ဆည်းလည်း သံကလေးတွေကလည်း ကြည်နူးဖွယ်စိတ်ခံစားမှုကိုပေးစေတယ်ပေါ့။ နည်းနည်းဆက်လျှောက်လိုက်ရင် အရွယ်ခပ်ငယ်ငယ် မြသိန်းတန်စေတီတော်ကိုရောက်တယ်။

မြသိန်းတန်စေတီတော်အလွန်မှာ မဟာဗန္ဓုလချက်မြှုပ်ကျောက်တိုင်နဲ့ ပန်းခြံရှိတယ်။ ဒီနေရာက သူ့အိမ် နေရာတဲ့။ ရှေးလူကြီးတွေကတော့ ကလေးမီးဖွားပြီးရင် ကလေးရဲ့အချင်းတို့၊ ချက်တို့ကို ဘာနေ့ သားသမီးဆိုရင် အိမ်ရဲ့ဘယ်ထောင့်မှာ မြှုပ်၊ အဖေက ဘာနေ့သား၊ သမီးကဘာနေ့သားဆိုရင်တော့ အချင်းကို ဘယ်မှာမြှုပ်ဆိုတာ မေးမြန်းတွက်ချက်ပြီးမှ တရိုတသေမြှုပ်ကြတာ။ ဘယ်ချက်မြှုပ်လဲ ဆိုတဲ့စကားက ဒီကလာတာပေါ့။ အထင်ကရစစ်သူကြီးဆိုတော့ ချက်မြှုပ်ခဲ့တဲ့နေရာကို ကျောက်တိုင်ကြီး စိုက်ထူထားတယ်။ အခုတော့ ကျောက်တိုင်ရှေ့မှာ ဘယ်လက်ကဓားကိုင်ပြီး ညာလက်ကခါးထောက်ထားတဲ့ ကြေးရုပ်တုကြီးက ထီမထင် အကြည့်မျိုးနဲ့ မားမားကြီး ရပ်နေလေရဲ့။ နောက်ပိုင်းမှာတော့ ဒီပန်းခြံကွင်းက ရွာရဲ့မနက်ခင်းဈေးတန်းကလေး ဖြစ်လာတယ်။ အသားငါးလေးတွေရော၊ ဒေသထွက်သီးနှံကုန်စိမ်းလေးတွေ ရော ရနိုင်တဲ့ဈေးတန်းကလေး။

ပန်းခြံကနေ အနောက်မြောက်ယွန်းယွန်းကို နည်းနည်းလေးဆက်လျှောက်လိုက်မှ ပွဲဈေးတန်းကို ရောက်တယ်။ ဘုရားကြီးရဲ့ရှေ့က ခြင်္သေ့ကြီးနှစ်စီးက တကယ့်ကိုခန့်ခန့်ထည်ထည်အချိုးအစားမျိုးနဲ့ မြန်မာမှုအရိပ်အငွေ့ကိုပေးနေတယ်။ ခြင်္သေ့ကြီးနှစ်စီးကြားကနေဝင်လိုက်တော့ အဝကစပြီး ကရေကရာ သည်တွေ၊ မန်းမရွေးသည်တွေ၊ ပေါက်ပေါက်ဆုပ်သည်တွေ၊ အညာမုန့်မျိုးစုံ၊ မြန်မာမုန့်မျိုးစုံရောင်းတဲ့ အသည်တွေရှိသလို ကန်စွန်းဉ၊ ပဲဉ၊ ပဲမြစ်၊ ကြံ၊ ကျွဲခေါင်းသီးဆိုတာမျိုးတွေလည်းရှိတယ်။ အိုးစည်လေးတွေ၊ လင်းကွင်းလေးတွေ၊ ကြေးစည်လေးတွေ၊ ဓားလေး၊ လှံလေးတွေ၊ သေနတ်လေး၊ ကားလေးတွေ၊ အရုပ်လေးတွေရောင်းတဲ့ အသည်တွေကလည်း သူ့နေရာနဲ့သူကြပ်ညပ်နေအောင် ခင်းကျင်းထားကြတယ်။ အိုးပုတ်ချိုးရုပ်ကနေ ရာဝင်အိုးအထိရောင်းတဲ့အသည်တွေ လည်းပါရဲ့။ အင်္ကျီ၊ လုံချည်တွေအစုံခင်းထားတဲ့ ဆိုင်တွေလည်း ရှိရဲ့။ ပန်းကန်ခွက်ယောက်၊ ဓာတ်ဘူး၊ ပန်းအိုးဆိုတာမျိုးတွေလည်းပါရဲ့။ ဆန်ကော၊ ဆန်ကာ၊ ထွန်တုံး၊ ထမ်းပိုးတုံး၊ တောင်းပုလုံးဆိုတဲ့ တောင်သူသုံးပစ္စည်းတွေလည်း ရှိကြတယ်။ ဆယ့်နှစ်ပွဲ ဈေးသည်တွေ အစုံလာကြတဲ့ပွဲဆိုပါတော့။

ဘုရားပွဲဆိုတော့ နယ်လေးရပ်ကအစုံလာကြတာမို့ လူတွေကကြိတ်ကြိတ်တိုး၊ တစ်ယောက်နဲ့ တစ်ယောက်လူစုကွဲသွားမှာကလည်းစိုးရသေးတာ။ ငေးတဲ့လူကငေးနေလို့ လက်တို့ပြီး သွားကြစို့ခေါ်ရ၊ ခြေလှမ်းသွက်လွန်းတဲ့သူကို ‘ဟ၊ နေပါဉီးဟ’ဆိုပြီး တားရနဲ့ပေါ့။ တိုးဟယ်ခွေ့ဟယ်ငေးဟယ်မောဟယ်နဲ့ မဟာရံတံတိုင်းအထဲကဈေးတန်းကို တစ်ပတ်ပြည့်အောင်ပတ်ကြတာ။ တစ်ပတ်နဲ့အားမရတော့လည်း နှစ်ပတ်ပေါ့။ ‘ဟိုဆိုင်ကအရုပ်လေး ပြန်ကြည့်ပါရစေဉီး’ဆိုတော့လည်း တစ်ခေါက် ပြန်လှည့်ကြရတာ ပေါ့လေ။ အရုဏ်ခံထဲက ဆင်းတုတော်ကိုဝင်ရှိခိုးဖို့ကတော့ မေ့တဲ့နှစ်မေ့သွားသေးတယ်ဆိုပါတော့။

ဈေးတန်းမှာဈေးဝယ်ရတာကလည်း သိပ်တော့လွယ်တာမဟုတ်ဘူးရယ်။ တစ်ခွန်းဆိုင်တွေမဟုတ် တော့ ကိုယ်ဝယ်မိတဲ့ဈေးက မတန်တဆကြီးများဖြစ်သွားလေမလားလို့ စိုးရိမ်ရသေးတာ။ တစ်ခါတစ်ခါ ကိုယ်ကတစ်ဝက်လောက်ဖမ်းဆစ်လိုက်လို့ ထရိုက်တော့မလိုအပေါက်မျိုးချိုးတာလည်း ကြုံရရဲ့။ ဘယ်သိမလဲလေ၊ ကလေးဆိုတော့ ဘယ်ပစ္စည်းက ဘယ်လောက်တန်တယ်သိပ်နားလည်တာမဟုတ်ဘူးကိုး။ လူ့သဘောကလည်းခက်တယ်ထင်ပါရဲ့။ ဒီပစ္စည်းကဒီဈေးပဲဆိုရင် သိပ်သဘောကျကြသေးတာမဟုတ်ဘူး။ နည်းနည်းလေးတော့ဆစ်ကြည့်လိုက်ရဉီးမှ၊ ဟိုဘက်ကနည်းနည်းဖြစ်ဖြစ်လျှော့ပေးလိုက်တော့မှ သဘောကျ သွားတာပေါ့။ ဒီတော့ ရောင်းတဲ့သူကလည်း နဂိုကတည်းက ရောင်းဈေးမပြောတော့ဘူးပေါ့။ အမှန်တော့ ပွဲဈေးတွေမှာလည်း တစ်ခွန်းဆိုင်ဖြစ်ရင်တော့ နှစ်ဉီးနှစ်ဘက်အချိန်ကုန်သက်သာမှာ။ ဒါပေမဲ့ စွဲနေတဲ့ အလေ့အထတစ်ခုက ပြန်ပြင်ဖို့တော့အခက်သားလေ။

ဒါမျိုးက ကိုယ့်ဆီမှရှိတာမဟုတ်ပါဘူး။ သူများ နိုင်ငံတွေမှာလည်း ရှိကြတယ်ထင်ပါရဲ့။ ပေါက်ဖော်ကြီး တို့ဆီရောက်တုန်းက ဈေးဆစ်ဝယ်ရတာမျိုး ကြုံခဲ့ဖူးတယ်။ ကိုယ့်ဆီလိုကျေးလက် ပွဲဈေး တန်း လေးတောင် မဟုတ်ဘူး၊ တိုက်ကြီးတာကြီးတွေပေါ်က ဈေးဝယ်စင်တာကြီးတွေမှာပါ တစ်ခွန်းဆိုင်နဲ့ တစ်ခွန်းဆိုင်မဟုတ်တဲ့ဆိုင်ဆိုပြီး ကွဲသေးတာ။ မိတ်ဆွေတစ်ယောက်က ပစ္စည်းတစ်ခုဝယ်တာ၊ ပုလဲကုံးလေးထင်ပါရဲ့။ ကိုယ်ငယ်ငယ်ကကျင့်သုံးတဲ့နည်းအတိုင်း ဟိုကပြောတဲ့ဈေးကို တစ်ဝက်ချိုးပြီး ဆစ်ချလိုက်တာ။ ကိုယ့်အဖွဲ့တွေကလည်းတရုတ်လိုမတတ်၊ ဟိုကလည်း အင်္ဂလိပ်လိုမတတ်တော့ ဂဏန်း ပေါင်းစက်နဲ့ခေါက်ပြီး ဈေးရောင်းဈေးဝယ်လုပ်ကြရတာပေါ့။ ခေါက်ချိုးဆစ်ချလိုက်တဲ့ဈေးကို ဟိုဘက်က အင်း၊ အဲ မလှုပ်ဘဲ ချက်ချင်းတန်းခေါင်းညိတ်လိုက်တော့ ကိုယ့်လူယောင်တောင်တောင် ဖြစ်သွားတယ်။ ‘ဟာ၊ ငါဆစ်တာနည်းသွားပြီ’ဆိုပြီးပေါ့။ နားလည်တဲ့သူကိုမေးကြည့်တော့ တကယ်လည်း ဟုတ်နေသတဲ့။ ပေးခဲ့ရတဲ့ဈေးလောက်ကို မတန်ဘူးတဲ့။ အင်း၊ ကိုယ်ကတော့ ဈေးဆစ်ဝယ်ရတယ်ဆိုတာ ကိုယ့်ဆီပဲ ရှိတယ်မှတ်နေတာလေ။ ထားပါတော့။

ဈေးတန်းကအထဲမှာရောတံတိုင်းအပြင်မှာပါရှိတာ။ အပြင်ဘက်ကျတော့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အသုပ်ဆိုင်၊ မုန့်ဆိုင်တွေအပြင် လေးကောင်ဂျင်တို့၊ ခြောက်ကောင်ဂျင်တို့၊ ဂလုံးဂလုံးတို့ ဆိုတာတွေလည်း ရှိကြသေးတာ။ တဟေးဟေး၊ တဟားဟားနဲ့ အော်ကျယ်ဟစ်ကျယ်ကစားကြတဲ့ လောင်းကစားပွဲတွေ။ ဟောင်စည်ဆိုလား၊ အောင်စည်ဆိုလား၊ အဲ့ဒါကလည်းရှိသေးတယ်။ သူကတော့ လက်မှတ်ရောင်းလိုက်၊ ပေါက်ဂဏန်းဖွင့်လိုက်နဲ့ အသံချဲ့စက်သံ တညံညံနဲ့။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေ ဘာတွေပါလို့ သူတို့ကလည်း ခရာသံတွေ တတွီတွီနဲ့ အကြိတ်အနယ်ပေါ့။

ဘုရားမြောက်ဘက်နားကျတော့ မျက်လှည့်ရုံ၊ ဗီဒီယိုရုံလိုဟာမျိုးတွေရှိနေတယ်။ “အငြိုးကြီးတဲ့ စိုးကြီးတဲ့၊ ဟာ၊ သီဟတင်စိုးဟ၊ ကြည့်ကြဉီးစို့ဟေ့”ဆိုတော့လည်း ဝင်ကြည့်လိုက်ကြတာပေါ့။ မျက်လှည့်၊ မျက်လှည့်ဆိုတော့လည်း ဘယ်လိုဟာလဲဆိုပြီး ဝင်လိုက်ကြတာပဲ။ ချားတွေ၊ ရဟတ်တွေကလည်း ‘လာပါ၊ စီးပါ’ပေါ့။ မြင်မြင်သမျှ အကုန်ဝင်လို့လည်းမရဘူးလေ။ ပါတဲ့ပိုက်ဆံ ပြန်ကြည့်ရသေးတာပေါ့။ ရဟတ်စီးမိ ရင်တော့ကိစ္စမရှိဘူးရယ်။ ချားသွားစီးမိရင်တော့ အပြန်ကျရင် ‘ဒီကောင်ချားစီးခဲ့တာ’ဆိုပြီး အပြောင်ခံပေ ဉီးတော့။ ရဟတ်ကြီးတွေကအမြင့်ကြီးတွေ။ ရဟတ်ကတက်သွားတုန်းတော့ သိပ်ကြောက်စရာမကောင်းဘူး။ ဟိုးထိပ်ကနေ အောက်ကိုပြန်ဆင်းလာပြီဆိုရင်တော့ အသည်းတအေးအေးနဲ့။

ဟိုဝင်ဒီထွက်နဲ့ ခြေတွေလက်တွေညောင်းကိုက်နေအောင် တစ်နေကုန်တစ်နေကန်း ငေးမော့ပြီးချိန် မှာတော့ နောက်ကြောင်း ပြန်လှည့်ကြရတာပေါ့လေ။ တစ်ရွာနဲ့တစ်ရွာဆွေမျိုးမိတ်ဆွေတွေကလည်း ရှိနေကြတာမို့ ဟိုအိမ်ဒီအိမ်တွေလည်း ဝင်ကြသေးတာပေါ့။ ကိုယ့်အတွက်ကတော့ အမေ့ရွာဖြစ်နေလို့ ဘလေးအိမ် လည်းရှိတယ်၊ ဉီးကြီးအိမ်လည်းရှိတယ်။ အမေ့ရွာဆိုပေမယ့် အဖေ့ဘက်က အမျိုးတွေ လည်းရှိသေးတယ်။ ရွာနီးချုပ်စက်ဆိုတော့ ဟိုရွာဒီရွာအကြောင်းပါကြတာနဲ့ ကျန်တဲ့သူတွေမှာလည်း အမျိုးတွေရှိကြတာပါပဲ။ ဆိုင်ရာဆိုင်ရာ ဟိုဝင်ဒီဝင်လျှောက်ဝင်ကြတာပေါ့။ ညနေစောင်းမှပြန်ကြတော့တာ။ အပြန်အချိန်ရရင် လမ်းက ကြာအိုင်ကန်မှာ ရေဝင်ကူးလိုက်ကြသေးတာ။ ဒါက နေ့ဈေးတန်း လျှောက်ဖို့ သွားတဲ့အခါပေါ့။

ညပွဲပါကြည့်ဖို့စိတ်ကူးထားတဲ့အခေါက်တွေဆိုရင်တော့ နေ့ခင်းလောက်ကတည်းက လူစုပြီးလှည်းနဲ့ သွားကြတာ။ အမျိုးရှိတဲ့အိမ်မှာလှည်းကိုရပ်၊ နွားလေးတွေသစ်ပင်ရိပ်ချည်၊ စားကျင်းမှာကျွေးတန်ကျွေးပြီး လူတွေက ပွဲဈေးတန်းလျှောက်ကြတာပေါ့။ ပွဲဈေးကပြန်တော့ တည်းအိမ်မှာထမင်းစာ၊ ညပိုင်းကျတော့ ပွဲကြည့်ဖို့ တစ်ခေါက်ပြန်ထွက်ကြပြန်ရော။

ရွာဘက်ကပွဲတွေကတော့ ဗလာဇာတ်တွေပါ။ ဗလာဇာတ်ဆိုတာကတော့ ရုံသွင်းတဲ့ပွဲလို ဝင်ကြေး ပေးပြီးကြည့်ရတာမဟုတ်ဘူးပေါ့။ ကြည့်ချင်သူကြည့်နိုင်လို့ တစ်ချို့ရွာတွေကတော့ ကြည့်ချင်ပွဲလို့ ခေါ်ကြတယ်။ ရွာခံအသိအကျွမ်းရှိတဲ့သူတွေကတော့ ကိုယ့်အိမ်ရှင်ကြိုဉီးထားတဲ့နေရာလေးထဲ တိုးဝှေ့ပြီး ဝင်ကြည့်နိုင်တာပေါ့။ ကိုယ့်ဘာသာသက်သက်သွားတဲ့သူကတော့ ဘေးဆုံးတို့၊ နောက်ဆုံးတို့မှာထိုင်ရတာ။ ပွဲကြည့်တာ ရုံဝင်လက်မှတ်နဲ့မဟုတ်တော့ နေရာရဖို့ကလည်းအရေးကြီးသေးတာကိုး။ ပွဲညမတိုင်ခင် လေးငါးရက်ကြိုပြီး ထုံးတွေဖြူးပြီးမှတ်တဲ့သူ၊ ပြာကိုရေနဲ့ဖျော်လောင်းပြီး စည်းသားထားတဲ့သူ၊ ငုတ်ရိုက်ပြီး မှတ်တဲ့သူ၊ ဖျာအိုဖျာဟောင်းလေးတွေကြိုခင်းပြီးမှတ်တဲ့သူ၊ မိုးကာခင်းပြီးနေရာဉီးတဲ့သူ၊ သူ့နည်းသူ့ဟန်နဲ့သူ ပေါ့လေ။ ကိုယ့်မိတ်တွေလာတော့ ကိုယ့်နေရာခေါ်ထားလို့ရတာပေါ့။ ဆောင်းတွင်းဘက်ကြီးဆိုတော့ အနွေးထည်တွေအထပ်ထပ်အပြင် စောင်တွေ၊ တဘက်တွေလည်းကူရတာပေါ့လေ။ ဘေးပတ်ပတ်လည် ကနေ မိုးတိုးမတ်တတ်ရပ်ကြည့်တဲ့သူတွေကလည်း အများကြီး။

ဘုရားကြီးပွဲက အများအားဖြင့် ပွဲကို ၄ ညလောက်ကတာ။ မုံရွာဇာတ်၊ မြင်းခြံဇာတ်၊ မန္တလေးဇာတ်၊ မန္တလေးအငြိမ့်၊ စုံလို့ပေါ့။ တစ်နှစ်ကို ၂ ဇာတ်ငှားပြီး ၂ ညစီကကြတာ။ နှစ်တွေအများကြီးဆိုတော့ ဇာတ်တွေလည်း အများကြီးပေါ့လေ။
​ရွာခံအိမ်ရှင်က ဘယ်လောက်ပဲနေရာကြိုဉီးထားပေမယ့် ပွဲခင်းကိုတော့ စောစောရောက်အောင် သွားရတာပါပဲ။ သူများတွေထိုင်နေပြီးချိန်မှ တိုးရတာက သိပ်မလွယ်ဘူးလေ။ ချမ်းချမ်းစီးစီးမှာ စောင်တွေ၊ တဘက်တွေခြုံပြီး ကုပ်ကုပ်ကလေးထိုင်နေကြရတာ၊ ပွဲကတော်တော်နဲ့ကတာမဟုတ်ဘူး။ အများအားဖြင့် ည ၉ နာရီလောက်မှ ပွဲစထွက်ကြတာ။ အငြိမ့်ဆိုရင်တော့ စောစောထွက်တတ်ပါရဲ့။ ဇာတ်ကြည့်တဲ့ညဆိုရင် တော့ ပတ်မကြီးဗေထိဗေထိနဲ့ အော်ဂင်သံတညံညံနဲ့ တီးနေမှုတ်နေတာကိုပဲ ထိုင်နားထောင်နေကြရတာက အကြာကြီးပေါ့။

​ည ၉ နာရီလောက်ကနေ ဘုရားကန်တော့ခန်းတို့၊ အပျိုတော်တို့စထွက်လာပြီး မြန်မာသံတွေ၊ စတိတ်ရှိုးတွေ၊ အော်ပရာတွေ၊ ပြဇာတ်တွေ၊ နှစ်ပါးသွားတွေ၊ ဇာတ်တော်ကြီးတွေနဲ့ မိုးလင်းတဲ့အထိ ကကြတာ။ ကတဲ့သူကအလင်းကသလို ကြည့်တဲ့ပရိတ်သတ်ကလည်း တစ်ချို့က အလင်းပေါက် ထိုင်ကြည့်ကြတာပေါ့။ ကိုယ်ကတော့ငယ်သေးတော့ စိတ်မဝင်စားတဲ့အခါ မှေးခနဲအိပ်ပျော်သွားလိုက်ပြန်၊ နိုးတဲ့အခါ ထကြည့်လိုက်ပြန်နဲ့ပေါ့။ ပွဲကြည့်နေရင်း ဗိုက်ဆာတော့ ဈေးတန်းဘက်သွားပြီး ဘူးသီးကြော်တို့၊ စမူဆာတို့၊ မုန့်သိုင်းခြုံတို့၊ နေကြာစေ့တို့ဝယ်ကြတာပေါ့။ ချမ်းချမ်းအေးအေးမှာ အကြော်စုံပူပူလေးတွေ အချဉ်နဲ့တို့တို့စားပြီး ပွဲခင်းထဲထိုင်ကြည့်ရတဲ့အရသာကလည်း ဘာနဲ့မှမလဲနိုင်တဲ့စည်းစိမ်မျိုးပေါ့။
​ပွဲကကလို့ကောင်းနေတုန်း ဇာတ်စင်ထောင့်မှာ ကတဲ့သူတွေအချင်းချင်းရန်ဖြစ်ကြလို့ ထထပြေးရတာ မျိုးလည်းရှိရဲ့။ တစ်ချို့ရန်ပွဲတွေက ထိပ်ပေါက်ခေါင်းကွဲနဲ့ပြီးပေမယ့် တစ်ချို့ကျတော့လည်း ဓားထိုးမှုတွေ ဘာတွေအထိဖြစ်ကြတာ။ တရုန်းရုန်းနဲ့ဖြစ်ပြီဆို မိုးတိုးမတ်တတ်ထကြည့်တဲ့သူကကြည့်၊ ကိုယ့်အနီးနားက ဖြစ်တဲ့ရန်ပွဲဆို ထပြေးတန်ပြေးပေါ့။ ဗန္ဓုလသွေး၊ သတ္တိလေးနဲ့ဆိုတော့ အရေးအကြောင်းရှိရင် ပြေးဖို့ အရင်တွေးထားလိုက်တာပဲ။

​ဓားထိုးမှုတွေ၊ ရိုက်နှက်မှုတွေက ဘယ်လိုချိတ်ဆက်တွေရှိလို့များ ဖြစ်ကြတာလဲလို့မမေးနဲ့၊ အများအားဖြင့် ဘယ်လိုရန်ငြိုးရန်စမှရှိကြလို့မဟုတ်ဘူးရယ်။ စင်ပေါ်က စတိတ်ရှိုးက မြူးမြူးကြွကြွဆို၊ မူးနေတဲ့အရှိန်နဲ့ စင်ထောင့်ကနေ အော်ကြဟစ်ကြ၊ ခုန်ကြပေါက်ကြနဲ့ တရုန်းရုန်းတွေဖြစ်တော့ တစ်ယောက်ခြေထောက်တစ်ယောက်တက်နင်းမိရာက ‘မင်းကဘယ်လောက်မိုက်လို့လဲ’ဆိုတာ မျိုးနဲ့ ရန် ထဖြစ်ကြတာများတာပဲ။ အဲ့လိုရန်ပွဲမျိုးတစ်ခုဖြစ်ပြီဆိုရင်တော့ ဇာတ်စင်ပေါ်ကို ဉီးပဉ္စင်းတစ်ပါးပါး တက်ချလာတော့တာပဲ။ မိုက်ကြီးကိုင်ပြီး “အားလုံးနားထောင်ပါ၊ အားလုံးနားထောင်ကြပါ၊ ပွဲကွင်းအတွင်း တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ခြင်းမပြုရ၊ ခိုက်ရန်ဒေါသဖြစ်ပွားခြင်းမပြုရ”ဆိုတာမျိုး အော်တော့တာပဲ။ ပရိတ်သတ်ငြိမ်သွားပြီဆိုမှ ဆက်ကကြတာပေါ့။

​လွမ်းခန်းဆွေးခန်းတွေကတော့ ပွဲကြည့်ရင်းငိုတဲ့သူကငို၊ လူကြမ်းကို ကိုယ်စားထားတဲ့ ပြောင်းဖူးရိုးနဲ့၊ ကျောက်ခဲနဲ့ လှမ်းပစ်တဲ့သူကပစ်။ အငြိမ့်ခန်း၊ နှစ်ပါးသွားခန်းမှာ လူရွှင်တော်တွေကပြက်လိုက် ပြန်တော့လည်း တဝါးဝါးနဲ့ဖြစ်ကြပြန်ရော။ ဇာတ်တော်ကြီးကိုတော့ ဆုံးအောင်မကြည့်တော့တာ များပါတယ်။ ဝန်ကြီးတွေထွက်လာပြီး တိုင်းရေးပြည်ရေးဆွေးနွေးနေကြပြီဆိုရင် ပြန်လာကြတော့တာ။ မိုးလင်းချိန်နီးပေမယ့် ရောင်နီလည်းမသန်းသေးတဲ့အချိန်ပေါ့။

​ပွဲခင်းကပြန်လာပြီး တည်းအိမ်မှာလည်းမအိပ်တော့ဘူး။ လှည်းကလေးတပ်ပြီး တဟဲ့ဟဲ့နဲ့မောင်းပြန် လာကြတာ။ မောင်းတဲ့သူကလွဲလို့ ကျန်တဲ့သူတွေကတော့ လှည်းပေါ်မှာ တုံးလုံးပက်လက်တွေ အိပ်တဲ့သူက အိပ်၊ ထိုင်ရင်းငိုက်လိုက်တဲ့သူကလိုက်ပေါ့။ လှည်းမောင်းရတာကလည်း ကားမောင်းသလို ကိုယ့်ကိုယ်ကိုယ် ချည်း အားကိုးရတာမဟုတ်ဘဲ နွားလေးတွေက သူ့လမ်းသူသွားကြတာမို့ တစ်ခါတစ်ခါ မောင်းတဲ့သူလည်း မှေးခနဲမှေးခနဲဖြစ်သွားသေးတာ။

​ပွဲသွားတုန်းကတော့ စကားတွေအလုအယက်ပြော၊ လူတွေကလည်း တက်တက်ကြွကြွနဲ့ပေါ့။ အပြန်လမ်းလည်းကျရော၊ အကုန်လုံး အိပ်တဲ့သူအိပ်၊ ငိုက်တဲ့သူကငိုက်၊ လရောင်မှိန်မှိန်လေးမှာ မြေလမ်းပေါ်လှည်းဘီးကြိတ်သံလေးတရှောရှောနဲ့။ လှည်းအိမ်လေးနဲ့နေတဲ့အခါဆိုရင်လည်း အသံလေး တကျွိကျွိနဲ့ပေါ့။ လှည်းစာလေးမထိုးမိတဲ့အခါမျိုးကျပြန်တော့ ဝင်ရိုးသံလေးတအီအီနဲ့။ အရှေ့ဆီက ရောင်နီပေါ်လာတော့မှ ရွာပြန်ရောက်တော့တာ။

ပွဲကြည့်လို့အိပ်ရေးပျက်ပေမယ့် လယ်ထဲယာထဲမဆင်းဘဲတော့နေလို့မရပါဘူး။ ပွဲကအပြန် တစ်ရေးတစ်မှေးလောက်အိပ်ပြီး နိုးတာနဲ့ ကိုယ့်တောကိုယ့်တောင်က လုပ်ငန်းခွင်ထဲ ပြန်ဆင်းကြရတာပေါ့။ ကသွားတဲ့ပွဲအကြောင်း၊ ဆိုသွားတဲ့သီချင်းတွေအကြောင်း၊ လူရွှင်တော်တွေရဲ့ပျက်လုံးတွေအကြောင်း ဆိုတာတွေကတော့ ပေါင်းပေါက်ရင်း၊ ပဲနုတ်ရင်း တစ်လကိုးသီတင်း ပြောလို့ကိုမပြီးတော့ဘူးဆိုပါတော့။

ပြောရင်းပြောရင်း အညာပွဲဈေးတန်းကို လွမ်းမိပါရဲ့လေ။

သိုက်စိုးထွန်း(နတ်ရွာ)

၈.၂.၂၀၂၂ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း