ညဉ့်ယံ[ Nyint Yan ]
"အွန်း..."
အအေးပိုတဲ့ ညတွေကြောင့် မနက်မိုးလင်းလို့မျက်လုံးပွင့်တာနဲ့ ဒေါ်တုတ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ကိုင်ရိုက်ထားသည့်အလား ကိုက်ခဲနေတော့တယ်...
"အဟင်း..."
အအေးပိုတဲ့အခါတိုင်း ကြုံတွေ့ရတဲ့ နောက်ပြဿနာတစ်ခုကတော့ မနက်အိပ်ရာထတဲ့အခါတိုင်း လည်ချောင်းတစ်ခုလုံးခြောက်ကပ်ပြီး ချောင်းဟပ်ဖို့တောင် မလွယ်တဲ့ထိပါပဲ...
ဒေါ်တုတ် ပုံမှန်သူအိပ်ရာနိုးလို့ ချောင်းလေးဟပ်လိုက်တာနဲ့ ဘေးနားရေတစ်ခွက်နဲ့တန်းရောက်လာနေကြ မြေးမဖြစ်သူကိုမတွေ့ရတာကြောင့် ခြင်ထောင်အပြင်ဘက်ကို မျက်ခုံးတွေတွန့်လိမ်လုမတက် အားစိုက်ကာ လှမ်းကြည့်လိုက်တယ်...
"နန်းစံ..."
"ရှင်...မေကြီး နိုးပြီလား...အာ့!"
"ဘာဖြစ်...တာလဲ..."
ဒေါ်တုတ် သူ့ဆီထလာဖို့လုပ်ရင်း ဖင်ထိုင်ရက်လေးပြန်လဲကျတဲ့ မြေးမဖြစ်သူကြောင့် စိုးရိမ်တကြီးပဲ အတင်းကြိုးစားပြီးထထိုင်ဖို့ လုပ်လိုက်တယ်...
"ရတယ် မေကြီး...နန်းစံ ဘာမှမဖြစ်ဘူး..."
ဒေါ်တုတ် မြေးမဖြစ်သူက ဘာမှမဖြစ်ဘူးပြောနေပေမယ့် အတော်နာနေပုံပေါ်တာကြောင့် စိတ်ပူနေမိတယ်...
"မေကြီး...နန်းစံ ရေခပ်ပေးမယ်နော်။ ဒါပေမယ့် ခနလေးတော့ စောင့်ဦး။ ပရုတ်ဆီတွေလိမ်းထားလို့ လက်သွားဆေးလိုက်ဦးမယ်..."
ဒေါ်တုတ် ထော့နဲ့ထော့နဲ့ နဲ့ အိမ်အောက်ဆင်းသွားတဲ့ မြေးမဖြစ်သူကိုကြည့်ကာ စိတ်ထဲမကောင်းဖြစ်မိတယ်။ ဒီကလေး ချော်ချက်ကျတာများလားနော်...
"မေကြီး ဒီမှာရေအရင်သောက်နော်..."
နန်းစံ ခြင်ထောင်ကိုအရင်သိမ်းကာ မေကြီးကိုထူလိုက်ပြီး လည်ချောင်းခြောက်တာသက်သာစေရန် ရေအရင်တိုက်လိုက်တယ်။ ရေတိုက်ပြီးမှ ခုနထဲကယူလာတဲ့ ရေစိုနေတဲ့ သဘက်စောင်နဲ့ မေကြီးရဲ့မျက်နှာကို အသာပွတ်တိုက်ကာ မျက်နှာပါသစ်ပေးလိုက်တော့တယ်...
"ခြေထောက်...ဘာဖြစ်တာလဲ..."
နန်းစံ မေကြီးရဲ့မပီမသအမေးကြောင့် ညိုပြီးယောင်နေတဲ့ ခြေကျင်းဝတ်ကိုထမိန်နဲ့အုပ်ကာ မလုံမလဲဖြစ်မိတယ်...
"ဟို...မနက်အစောက ပဲပြုတ်အိုးတည်ဖို့လုပ်ရင်း လှေကားကခြေချော်ကျတာပါမေကြီး..."
"အရမ်း...နာလား..."
"မနာပါဘူး မေကြီးရဲ့ နန်းစံဆေးလူးပြီးပါပြီ..."
ဒေါ်တုတ် လှုပ်နိုင်နေတဲ့ ညာဘက်လက်နဲ့ နန်းစံရဲ့ခြေချင်းဝတ်ကို အသာဆွဲကာ ကြည့်လိုက်တယ်။ ဆေးလိမ်းပြီးပြီသာပြောတာ ညိုပြီးယောင်ကိုင်းလို့...
"ပေး..."
ဒေါ်တုတ် စိတ်မရှည်စွာပဲ မလှမ်းမကမ်းက ပရုတ်ဆီဘူးကို လက်ညှိုးလှမ်းထိုးပြကာ မြေးမလေးကိုယူခိုင်းလိုက်တယ်...
"ပရုတ်ဆီလူးပြီးပြီ မေကြီး..."
"ပေးပါ..."
"ဟုတ်..."
နန်းစံ လူးပြီးပြီလို့ပြောနေတာတောင် အတင်းယူခိုင်းနေတဲ့ မေကြီးကြောင့် နန်းစံလည်းငြင်းမနေတော့ဘဲ ပရုတ်ဆီဘူးလေးယူကာ တစ်ခါတည်းဖွင့်ပေးလိုက်တယ်...
"ဟယ် မေကြီး...မလုပ်ပါနဲ့..."
ပရုတ်ဆီဘူးဖွင့်ပြီး မေကြီးဆီကမ်းလိုက်တာနဲ့ ဆေးကိုကလော်ယူကာ နန်းစံခြေထောက်ကိုသုတ်လိမ်းလိုက်တဲ့မေကြီးကြောင့် နန်းစံ မဝံ့မရဲပဲ မေကြီးရဲ့လက်ကို အသာအယာတွန်းထုတ်မိတယ်...
"ဟွန်း..."
နန်းစံ တားနေတာတောင်မရဘဲ အတင်းပဲ နန်းစံရဲ့ခြေကျင်းဝတ်ကို ပရုတ်ဆီလိမ်းကာ ဆုပ်နယ်ပေးနေတဲ့မေကြီးကြောင့် နန်းစံမှာငရဲမကျအောင်သာ ဆုတောင်းနေရတော့တယ်...
"ကန်တော့ ကန်တော့ မေကြီး။ နန်းစံ မနာပါဘူး..."
ဒေါ်တုတ် သူဆေးလိမ်းပေးတာကို ရုန်းချင်နေတဲ့ မြေးမဖြစ်သူရဲ့ခြေထောက်ကို အသေအချာလေးနှိပ်နယ်ကာ လိမ်းပေးလိုက်တယ်။ အဲ့လိုမှမဟုတ်ရင် ဒီကလေးမက သူ့ကိုယ်သူသေချာဂရုစိုက်မှာမဟုတ်ဘူးလေ။ ကိုယ့်ကိုယ်သာ ချီး၊သေးကအစ ဂရုစိုက်နေပေမယ့် သူ့ကိုယ့်သူကြ အညှာတာမဲ့တဲ့ကလေးမျိုး...
"မေကြီးရယ် နန်းစံတော့ ငရဲအိုးဂျိုးကပ်တော့မှာပဲ..."
ဒေါ်တုတ် မြေးမရဲ့စကားကြောင့် ပြုံးမိသား။ ဒီကလေးမ ငရဲကျမှာတော့ အတော်ကြောက်တတ်သား။ ဘာပဲဆိုဆို ဒေါ်တုတ် အတွက်တော့ ခုလိုလုပ်ပေးရတာအပန်းကြီးတယ်၊ ကလေးလည်း ငရဲကျမယ်လို့ မတွေးမိပါဘူး။ သူတို့ဘဝလေးက ဒီမြေးအဖွားနှစ်ယောက်ထဲနဲ့ ဖွဲ့စည်းထားတာမို့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေရမှာပေါ့...
ထိုကဲ့သို့ တွေးမိတော့လည်း ဒေါ်တုတ် စိတ်မကောင်းဖြစ်မိတယ်။ ဒီကလေးမလေးအပေါ်မှာပဲ သူမှီခိုနေရတာဆိုတော့ ဒီကလေးမလေး ဘယ်လောက်တောင်ပင်ပန်းလိမ့်မလဲ တွေးမကြည့်တက်အောင်ပါပဲလေ...
"မိနန်း!..."
"ဘကြီး..."
ဒေါ်တုတ် အတွေးများနေတုန်းရှိသေး ရုတ်တရက်အိမ်ပေါက်ဝက ထွက်ပေါ်လာတဲ့ ကျက်သရေမရှိတဲ့အသံကြောင့် လူမမြင်ခင်ကတည်းက ဒေါသထောင်းခနဲပဲ။ နေကမထွက်သေးဘူး။ အကုသိုလ်က အိမ်ကိုစောစောစီးစီးရောက်လာပြီ....
"အမေ့! ဟာ...အမေ ဘာတွေလုပ်နေတာလဲ။ မိနန်း နင်က ငါ့အမေကို မပြုစုတဲ့အပြင် နင့်ခြေထောက်ပါနှိပ်ခိုင်းနေတာပေါ့လေ ဟုတ်လား! ငါလုပ်ထည့်လိုက်ရ..."
"မလုပ်နဲ့!!"
"မေကြီး..."
ဒေါ်တုတ် အိမ်ပေါ်ရောက်လာတာနဲ့ ကလေးကို ရိုက်လား၊နှက်လား လုပ်ဖို့လုပ်နေတဲ့ကောင်ကြောင့် လှမ်းတားရင်း ထိုင်နေရာကနေ လဲကျတဲ့ထိပါပဲ...
"ဟာ...အမေကလည်း ဂရုစိုက်မှပေါ့..."
"ဘာလာလုပ်...တာလဲ...ထွက်သွား!!"
နန်းစံ လဲကျသွားတဲ့မေကြီးကို အသာပြန်ထူကာ မေကြီးနားပဲကပ်နေလိုက်တယ်...
"ဟာ အမေကလည်း ကိုယ့်သားလာတာကို မောင်းထုတ်ဖို့ချည်းပဲ။ ရော့! မိနန်း..."
နန်းစံ ရုတ်တရက်ကြီး ပိုက်ဆံနှစ်ထောင်လာပေးနေတဲ့ ဘကြီးကြောင့် ကြောင်လည်းကြောင်သွားသလို ယူရမှာလား။ မယူရဘူးလားလည်း မဆုံးဖြတ်ရဲတာမို့ မေကြီးရဲ့အရိပ်အခြေကိုသာ ကြည့်နေလိုက်တယ်...
"အော် မိနန်း! ယူလေ!"
"မယူနဲ့!"
နန်းစံကို ဘကြီးကဟောက်တာမို့ ဘကြီးဆီက ပိုက်ဆံယူဖို့ လက်လှမ်းလိုက်ပေမယ့် မယူနဲ့ဆိုပြီး နန်းစံရဲ့လက်ကို လှမ်းဆွဲလိုက်ပြန်တဲ့မေကြီးကြောင့် နန်းစံမှာ ပဲကြီးလှော်ကြားဆားညပ်သလို ထိုင်မရ၊ထမရတွေ ဖြစ်နေရပြီ...
"ဟာ အမေ့! ကျုပ်က ကိုယ့်အမေစားရပါစေဆိုပြီး ညကြီးမိုးချုပ် ငါးရှဉ့်သွားနှိုက်လာတာနော်..."
"ဘကြီးက ငါးရှဉ့်သွားနှိုက်လာတယ်လည်းပြောသေး ငါးရှဉ့်လဲမပါဘူး..."
"ဝင်အာချောင်ပြန်ပြီ။ ငါ ဖိုးကျော်ဆိုင် ပြန်သွင်းလိုက်တာ။ အရက်ဖိုးအကြွေးတွေရောပြီးတော့ ဟို...နောက်သောက်တဲ့အခါ အမြည်းရအောင်ရော...ထားပါ။ ပိုက်ဆံသာယူ..."
"မယူဘူး!!!"
ဒေါ်တုတ် နန်းစံရဲ့လက်ကိုဆွဲကာ တားထားမိတယ်။ ဒီကောင်က ယုံရတာမဟုတ်ဘူး။ တော်ကြာ အကျိုးလိုလို့ညောင်ရေသွန်းတာဖြစ်နေရင်...
"ယူပါအမေရယ်...သူကြီးက အမေ့ကို တစ်နေ့နှစ်ထောင် ပေးရမယ်တဲ့။ မပေးတဲ့နေ့ ထိပ်တုံးနဲ့ထပ်ညားမယ်တဲ့ဗျာ။ ကျက်သရေယုတ်ချက်..."
ဒေါ်တုတ် ခုမှအမှန်ကို ဖွင့်ပြောလာတဲ့ သားဖြစ်သူကြောင့် သက်ပြင်းသာချမိတယ်။ သားလေးတစ်ယောက်ပါလို့ အားကိုးရမလားဆိုပြီး မျှော်လင့်ချက်ထားခဲ့မိတာ။ ခုတော့ သားက ကျား မဖြစ်တဲ့အပြင် ဓားဖြစ်ပြီး ဒုက္ခတွေချည်းလာပေးနေတော့တာပဲ...
"ယူလိုက်..."
ဒေါ်တုတ် မနေနိုင်တော့တဲ့အဆုံး သားဖြစ်သူဆီက ပိုက်ဆံကိုလက်ခံဖို့ နန်းစံကိုပြောလိုက်တယ်။ ဘယ်လောက်ပဲ သားသမီးကို စိတ်ဆိုးတယ်ပြောပြော မျှော်လင့်ချက်တော့ မိဘတို့မည်သည် သူတို့သားသမီးအပေါ် မျှော်လင့်ချက်တော့ ရှိကြတာပဲလေ...
"အဲ့လိုမှပေါ့ အမေရာ။ နောက်ရက်ကြလည်း ကျုပ်နှစ်ထောင်လာပေးမယ်။ တစ်ခါတစ်လေ မလောက်လဲ သူကြီးမေးရင်တော့ နှစ်ထောင်အပြည့်ပေးတယ်ပြောနော်..."
"ဘကြီးက လိမ္မာနေပါလား..."
နန်းစံ အခွင့်အရေးရန်းဘကြီးကို မျက်နှာပြောင်နေမိတယ်။ ဘကြီးကလည်းအခွင့်အရေးရတာနဲ့ သူ့ကိုရိုက်နေကြဆိုတော့ သူလည်းအခွင့်အရေးရတုန်း ပြန်ခံပြောရမှာပေါ့။ ပြီးတော့ ခုဆိုဘကြီးကမူးမှမနေတာ...
"ဟဲ့ မိနန်း! ငါ့ကိုလာပြောင်မနေနဲ့။ ပြန်တော့မယ်..."
နန်းစံ ဘကြီးထွက်သွားဖို့ပြင်တာနဲ့ လက်ထဲကပိုက်ဆံနှစ်ထောင်ကိုဝမ်းသာအားရပဲ မေကြီးဘေးချကာ အစာမစာခင်တိုင်းရင်းဆေးအချို့တိုက်ဖို့ ပြင်လိုက်တယ်...
"အော် မိနန်း! ငါပြောဖို့မေ့နေလို့!..."
နန်းစံ အိမ်ပေါက်ဝမှာပိတ်ရပ်ပြီး သူ့ကိုလက်ညှိုးကြီးထိုးကာ တစ်ခုခုပြောဖို့ပြင်နေတဲ့ ဘကြီးကို လျစ်လျှူကာ မေကြီးကိုဆေးတိုက်ဖို့ပဲ ပြင်နေလိုက်တယ်။ သူ့ကိုဆို အမြဲမဲနေကြမို့ သွားကြည့်လိုက်ရင် ပြောလို့ဆုံးမှာမဟုတ်တော့ဘူး....
"နင် အနေအထိုင် ဆင်ခြင်နော်။ အမေ့ အမေ့မြေးမကို အပေါင်းအသင်းဂရုစိုက်ခိုင်း။ မနေ့က ငါညသန်းခေါင် ငါးရှဉ့်သွားနှိုက်ရင်း ရွာထိပ်ကခရေပင်အောက်မှာ အတွဲတစ်တွဲတွေ့လိုက်တယ်...."
နန်းစံ ကြားလိုက်ရတဲ့စကားကြောင့် ကျောတစ်ခုလုံးတောင့်တင်းကာ တစ်ကိုယ်လုံးကြက်သီးထသွားတော့တယ်...
"ဖက်နေကြတာများ မိုးမမြင်၊လေမမြင်။ စိတ်ပျက်စရာ။ ငါမူးနေလို့ပေါ့။ မူးသာမမူးရင် ဘယ်သူတွေလဲဆိုတာ သိပြီးလောက်ပြီ။ ကျစ်! ငါသိလို့ကတော့ကွာ..."
နန်းစံ ဘကြီးဘာတွေပြောနေသလဲဆိုတာ မကြားနိုင်တော့တဲ့ထိဆွံအ နေမိတယ်။ ဒါဆို ညကတွေ့လိုက်တဲ့ အမူးသမားက ဘကြီးပေါ့။ မနေ့ညက...
"အကို နန်းစံကိုလွမ်းနေမိတာ..."
ကိုအာကာရဲ့ရင်ခွင်ထဲကနေ ကြားလိုက်ရတဲ့ထိုအသံက နန်းစံကြားဖူးသမျှအသံတွေထဲ အနွေးထွေးဆုံးပါပဲ။ အအေးဓာတ်ပိုနေတဲ့ ညသန်းခေါင်ယံအချိန်ကြီးက ခုမှပိုနွေးထွေးနေသယောင်။ နန်းစံရဲ့ နှလုံးခုန်သံကလည်း ခုမှပိုပြီး စည်းချက်ကျနေသယောင်။ နန်းစံသာ အမှတ်မမှားရင် ကိုအာကာ့ရင်ဘက်ကနေလည်း နန်းစံရဲ့နှလုံးခုန်သံနဲ့စည်းချက်ညီတဲ့ နှလုံးခုန်သံက....
ပေါက်ကွဲမတက် ခုန်ပေါက်နေတဲ့ နန်းစံရဲ့နှလုံးသားကိုမှ သနားညှာတာပေးတာမျိုးမရှိတဲ့ ကိုအာကာရဲ့ ရုတ်တရက်ဆန်တဲ့ ခပ်ဖွဖွအနမ်းက နန်းစံရဲ့ ပါးပေါ်ကို ရုတ်ချည်းဆိုသလိုပဲ ရောက်လာခဲ့တယ်။ နန်းစံ တွန်းထုတ်လိုက်သင့်ပေမယ့် နန်းစံကိုယ်တိုင်လည်း သဘောကျနေသလို ငြိမ်ဆိတ်နေမိတယ်...
"ဟေး!!!!"
ရုတ်တရက် ထွက်ပေါ်လာတဲ့ အော်ဟစ်သံက ခရေပင်ကြီးနဲ့ခပ်လှမ်းလှမ်းကဖြစ်ပြီး နန်းစံကို တော်တော်ထိတ်လန့်သွားစေသလို ကိုအာကာလည်း တော်တော်ကို လန့်သွားတဲ့ပုံပဲ။ ထိုအသံကြားတာနဲ့ နန်းစံကိုပွေ့ဖက်ထားတဲ့လက်တို့ကို ချက်ချင်းလွှတ်ချပြီး...
"ပြန်တော့ နန်းစံ။ အကိုလည်း ပြန်တော့မယ်..."
"ကိုအာကာ..."
နန်းစံ ဘာလုပ်ရမှန်းမသိကြောင်နေစဉ်မှာပဲ ရုတ်တရက်နန်းစံကို ပြန်ဖို့ပြောကာ ခပ်သုတ်သုတ်ပြေးသွားတဲ့ ကိုအာကာကြောင့် နန်းစံမှာ အပင်ကြီးအောက် တောင့်တောင့်ကြီးကျန်နေခဲ့တော့တယ်။ လရောင်ပဲရှိတဲ့ ရွာလေးမို့ တစ်ယောက်နဲ့တစ်ယောက်သေချာကွဲကွဲပြားပြားမမြင်ရပေမယ့် သူဆီတည့်တည့်လာနေတဲ့ ယိုင်နဲ့နဲ့လူကြီးကြောင့် ကြောက်လန့်ကာ နန်းစံလည်း ကိုအာကာပြောသလိုပဲ ထိုနေရာကနေ ပြေးထွက်လာလိုက်တယ်...
မိန်းကလေးမို့ ထမိန်က တုတ်နေတဲ့ကြားထဲ အခြားသူတွေနိုးသွားမှာကြောက်တာကြောင့်ရော ကိုယ့်ကိုမမြင်အောင် သဘတ်စောင်ကြီးခေါင်းမြှီးခြုံထားရတာကြောင့်ရော နန်းစံမှာ နောက်ကလိုက်လာတဲ့လူကြီးရဲ့အော်သံကိုတောင် ဂရုမပြုမိဘဲ ရွာလယ်ခေါင်ကြီး ခြေခေါက်လဲကျတဲ့အထိကို ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရတာ။ သီသီလေးလွတ်လာတာမို့ စိတ်အေးနေတုန်းရှိသေး ခုတော့ ညကတွေ့လိုက်တဲ့အမူးသမားက...
ဖြောင်း!
"မိနန်း!"
"ငါ့မြေးကို...မလုပ်နဲ့!"
နန်းစံ သူ့ခေါင်းကို ရိုက်လိုက်တဲ့ ဘကြီးကိုရော၊ သူ့ကိုရိုက်လို့ဒေါသကြီးနေတဲ့ မေကြီးကိုရော သတိမထားမိတော့ဘူး။ သူခုတော်တော်ကို လန့်နေမိပြီ။ ဘကြီးသာ သူ့ကိုမှတ်မိသွားရင်...
"အမေ့မြေးက ထိုင်နေရင်း အသက်ထွက်သွားတာလားမှ မသိတာ။ ကိုယ့်ဘကြီးပြောနေတာကို မလေးမစား။ နင်ကျက်ကျက်သတိထားမိနန်း!.."
ဒေါ်တုတ် တားနေတဲ့ကြားက မြေးမဖြစ်သူကို ရအောင်ရိုက်ကာ အိမ်ပေါ်ကနေ ဒေါသတကြီးဆင်းသွားတဲ့ သားဖြစ်သူကြောင့် မြေးမလေးကို သနားမိတယ်...
"နန်းစံ...နာ..နေလား..."
"ရှင် ရတယ်မေကြီး...အဆင်ပြေပါတယ်..."
နန်းစံ မေကြီးရဲ့အမေးကို ကြိုးစားပြီးဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့ ကြောက်လန့်ကာ တင်းကျပ်နေမိတယ်။ ပထမဆုံးခိုးထွက်ပြီး တွေ့တဲ့အချိန်တောင် လူမိတော့မလိုဖြစ်ခဲ့တာ။ ရင်တွေတုန်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့။ တော်သေးတာပေါ့။ ဒီတစ်ခါတော့ ဘကြီးမူးနေတာကိုပဲ ကျေးဇူးတင်ရမလို...
__________
မေကြီးက နန်းစံကို ခြေထောက်မသက်သာရင် အိမ်မှာပဲနေဖို့ပြောပေမယ့် နန်းစံကတော့ နန်းစံကိုယ်နန်းစံ မထိန်းနိုင်ဘဲ မူပျက်နေတာကို မေကြီးသိသွားမှာကြောက်တာကြောင့် ဈေးလှည့်ရောင်းဖို့ သာဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့်လည်း အဆင်ပြေမနေပါဘူး။ ညကပုံရိပ်တွေက ဆက်တိုက်ဆိုသလိုမျက်လုံးထဲမြင်ယောင်လာပြီး...
"ဟဲ့ မိနန်း!"
နန်းစံ အတွေးလွန်ကာ ပြုံးစိစိဖြစ်နေတုန်း ရုတ်တရက် အော်သံကြားလိုက်ရတာကြောင့် ဘေးကိုအမြန်ပဲ လှည့်ကြည့်လိုက်တယ်။ သူမြင်လိုက်ရတာက သူ့ကိုအော်နေတဲ့ မမိုးနဲ့ မြေကြီးပေါ် ဖင်ထိုင်ရက်လဲကျနေတဲ့ သမားတော်...
"ဟယ်...ဘယ်လိုဖြစ်တာလဲ..."
နန်းစံ လဲကျနေတဲ့ သမားတော်ဖိုးဖိုးကြီးကြောင့် ချက်ချင်းပဲ ပဲပြုတ်တောင်းကိုချကာ လဲကျနေတဲ့ သမားတော်ကြီးကို အမြန်ပဲ ထူပေးလိုက်တယ်...
"ဘယ်လိုလုပ် လဲကျရတာလဲ သမားတော်ကြီးရယ်..."
နန်းစံ အသက်ကြီးနေပြီဖြစ်တဲ့ သမားတော်ကြီးကို အသာထူပေးရင်း ငြီးငြူမိတယ်။ ဒီအရွယ်က အတော်ဂရုစိုက်ရမယ့် အရွယ်မဟုတ်လား...
"ဟဲ့ ညည်းဝင်တိုက်တာလေ..."
"ရှင်..."
နန်းစံ မမိုးရဲ့စကားကြောင့် အံ့ဩမိတယ်။ သူက ဝင်တိုက်တာတဲ့လား...
"ဘာတွေတွေးနေတာလဲ နန်းစံ။ ညည်းက သမားတော်ကြီးကို ဝင်တိုက်ထည့်လိုက်တာလေ။ အလျှင်လိုနေပါတယ်ဆိုမှ အတွေးနယ်ချဲ့နေတဲ့သူနဲ့ လာတွေ့နေရတယ်လို့..."
နန်းစံ မကျေမနပ်ပြောကာ သမားတော်ကြီးကို တွဲပေးနေတဲ့မမိုးကြောင့် ဘာပြောရမှန်းမသိလောက်အောင် အားနာသွားမိတယ်။ ငါလည်းအတော်ကို အခြေအနေဆိုးနေပါလားဆိုပြီး တွေးရင်းနဲ့ပေါ့...
"တောင်းပန်ပါတယ်။ သမားတော်ကြီးရယ်။ နန်းစံ မမြင်လိုက်တာပါ။ မမိုးပြောသလို အတွေးနည်းနည်းလွန်သွားတာလည်း ပါပါတယ်။ မမိုးကိုလည်း တောင်းပန်ပါတယ်နော်..."
"အမလေး ရပါတယ်အေ။ ကျုပ်ကလည်း စိတ်မရှည်ဖြစ်သွားလို့အော်မိတာပါ။ ညည်းကအတွေးလွန်ပြီး တောင်းကြီးနဲ့သမားတော်ကို ဝင်တိုက်တာကို။ ကျုပ်ကိုလည်း မြို့သားအပြင်းဖျားနေလို့ဆိုပြီး အိမ်လာပြောလို့ စောစောစီးစီးသမားတော်ကြီးသွားပင့်လာပေးရတာ..."
"မြို့သားက အပြင်းဖျားနေတယ်..."
နန်းစံ မမိုးရဲ့စကားကြောင့် ရင်ထဲထိပ်ခနဲဖြစ်သွားတော့တယ်။ ကိုအာကာ အပြင်းဖျားနေတယ်ဆိုပါလား။ ခုလိုဖျားရတာ သူ့ပယောဂလည်းမကင်းဘူးလေ...
"မြေးလေးနန်းစံ အဖိုးဆီနောက်ရက်ကျ ဆေးလာယူဦးနော်။ မတုတ်အတွက် တိုင်းရင်းဆေးပေးစရာရှိတယ်..."
"အော် ဟုတ်...ဟုတ်...နန်းစံလာခဲ့ပါ့မယ်..."
နန်းစံ ထွက်သွားတဲ့ သမားတော်ကြီးနဲ့မမိုးကိုကြည့်ကာ ကိုအာကာရဲ့အခြေအနေကို စိုးရိမ်နေမိတယ်။ သူ့ကိုညက ပြောသွားတာတော့ သဘက်ခါပြန်မယ်ဆိုလား။ ခုတော့ သူ့ကြောင့် ဖျားနေရပြီ။ သူသာစောစောသွားခဲ့ရင် ခုလိုအဖျားဝင်ချင်မှ ဝင်မှာရယ်...
"စိတ်ပူလိုက်တာ ကိုအာကာရယ်..."
နန်းစံ တစ်ယောက်ထဲရှိနေတဲ့ရွာလမ်းမှာတောင် ဘယ်သူမှမကြားစေရန် တီးတိုးရေရွတ်မိတယ်။ သူ့မှာ စိုးရိမ်တယ်သာ ရေရွတ်နေရတာ။ ကိုအာကာနဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်အဆင့်မှာမှန်းတောင်မသိသေးဘူး။ အဲ့လိုတွေးကြည့်ပြန်တော့လည်း ညက အကြောင်းတွေက ခေါင်းထဲဝင်လာပြန်ပြီ....
"နန်းစံတော့ အတွေးနဲ့တင် ရူးတော့မှာပဲ..."
__________
ဒေါ်တုတ် နန်းစံကိုကြည့်နေရင်း စိတ်ထဲတစ်မျိုးပဲ မသင်္ကာဖြစ်နေမိတယ်။ မနေ့ကတည်းက ဒီကလေးမ မူမမှန်တာ။ ခုဆို စိတ်နဲ့လူနဲ့တောင် မကပ်သလိုပဲ။ မနေ့က ဟိုအကောင်ရိုက်သွားပြီးကတည်းက ဒီကလေးမလေး အရင်လိုမဟုတ်တော့တာ။ ဒေါ်တုတ် အတော်စိတ်ပူမိတယ်။ ခုဆို ဟိုအကောင်က ဘယ်လောက်ပြောပြော သူထိပ်တုံးခတ်တာ မခံရဖို့အရေး ခနခနလာတော့မယ့်ပုံပဲ။ အဲ့လိုခနခနလာလို့သာ ကလေးမလေးကို ခနခနမဲရိုက်နေရင် အပျိုအရွယ်လေးဆိုတော့ စိတ်ညစ်ပြီး အိမ်ကထွက်ပြေးသွားတာမျိုးလုပ်မှ...
"နန်းစံ...နန်းစံ..."
"ရှင် မေကြီး..."
"နေ...ကောင်းရဲ့လား..."
"ကောင်းပါတယ် မေကြီး။ မေကြီး အိပ်လေ။ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်မှ အားရှိမှာပေါ့..."
နန်းစံ မေကြီးကို ပြုံးပြကာ အဆင်ပြေအောင်သာ ကြည့်ပြောလိုက်တယ်။ ဒါပေမယ့် သူ့စိတ်တွေကတော့ ဖျားနေတဲ့ကိုအာကာ့ဆီမှာပဲ ရောက်နေခဲ့တာ။ သူ့မှာ ကိုအာကာဖျားနေမှန်းသိရက်နဲ့ ကြီးကြီးတို့အိမ်ဘက်လည်း မသွားရဲဘူးရယ်။ အရင်က ခြေဦးတောင်တော်ရုံမလှည့်တဲ့အပြင် မေကြီးကလည်းဆူထားတော့ ခုချိန်သာသွားရင် အရမ်းသိသာသွားမှာ...
နန်းစံ စိတ်ညစ်ပါတယ်လေ။ အဖြေမပေးရဲလို့ဆိုပြီးသာ အဲ့ညက အင်းမလုပ်၊အဲမလုပ်နဲ့ပြီးသွားခဲ့တာ။ ခုလိုဘာဆက်ဆံရေးရယ်လို့ မသေချာသေးတာတောင် သူ့မှာ ရူးမတက်စိတ်ပူနေရတယ်ဆိုရင် အကယ်၍ သူတို့ဆက်ဆံရေးသာ အဆင့်တက်ခဲ့ရင်....
ဒုန်း!
"ဟဲ့!"
"ဘုရားရေ! ဘယ်သူလဲ!"
နန်းစံ အတွေးလွန်နေတုန်းရှိသေး လှေကားကနေ အသံအကျယ်ကြီးမြည်သွားတာမို့ တွေးနေတဲ့ အတွေးတွေတောင် ကြက်ပျောက်၊ငှက်ပျောက် ပျောက်ကာ အပြေးသွားကြည့်မိတယ်...
"ဟယ် ကိုထူး..."
"ဟ ရပ်ကြည့်မနေနဲ့။ ငါကျိုးပြီလား မသိဘူး..."
နန်းစံ ဝါးလှေကားထစ်လေးကျိုးကျကာ ခြေကားယားလေးဖြစ်နေတဲ့ ကိုထူးကို အသာဆွဲခေါ်လိုက်ပြီး ခိုးခိုးခစ်ခစ်ရီမိတယ်။ ကိုထူးကို ကြည့်လိုက်ရင် တစ်ခုမဟုတ်၊တစ်ခုကတော့ အမြဲလွဲနေမှပါလေ...
"ရီမနေနဲ့။ ငါ့တကယ်ကျိုးပြီလားမသိဘူး။ အဲ့ လှေကားက မပြင်သေးဘူးလား..."
မောင်မောင်ထူး တစ်ထစ်ကျိုးနေတဲ့ ဝါးလှေကားကိုကြည့်ကာ စိတ်ထဲမှာကျိန်စာတိုက်နေမိတယ်။ ဖွားဖွားတို့က အဆင်ပြေတဲ့သူတွေမဟုတ်တာကြောင့် တဲအိမ်ကိုမှ ခြေတံရှည်လေးဆောက်ထားပြီး ဝါးလှေကားလေးနဲ့နေရရှာတာမလား။ အဲ့ချစ်စရာဝါးလှေကားလေးကလည်း အမြင်ကပ်စရာကောင်းလောက်အောင် သူတက်မှကျိုးရတယ်လို့။ စိတ်ရှိလက်ရှိသာဆို...
"ဟင်း...ဟင်း..."
"ဘာတွေ ဟင်း...ဟင်း...နေတာလဲ ကိုထူး..."
"ဘာမှမလဲပါဘူး။ အိမ်မှာ တစ်ယောက်ထဲပျင်းလို့လာတာ..."
"တစ်ယောက်ထဲပျင်းတယ်..."
နန်းစံ ကိုထူးရဲ့စကားကြောင့် နားမလည်ဖြစ်မိတယ်။ ခုမှ ကိုးနာရီကျော်လောက်ရှိဦးမှာပါ။ သူလည်း ပဲပြုတ်ရောင်းပြီးပြန်လာတာ မကြာသေးသလို ခုနကမှလည်း အုန်းမောင်းသံကိုးချက်ခေါက်ထားတာမလား...
"အခြားသူတွေရော ကိုထူး။ ဧည့်သည်လည်း ရှိတယ်မလား..."
"အဖွား ထန်းလျက်တစ်ခဲစားမယ်နော်။ရော့ ရေနွေးကြမ်းလေးသောက်။ ကျွန်တော် ဦးချတယ်နော်။ ဦးချပြီးရင်တော့ ကျွန်တော်သောက်မယ်..."
နန်းစံ မေးနေတာကို အရေးမလုပ်ဘဲ ခေါင်းရင်းက ထန်းလျက်ဘူးကြီးကိုဖွင့်ကာ တစ်ခဲဆိုပြီး သုံးလေးခဲ ယူစားနေတဲ့ ကိုထူးကြောင့် စိတ်မရှည်ဖြစ်နေရတယ်...
"ကိုထူး..."
"ဟ...ဘာလဲ...မေကြီး ရေနွေးကြမ်းသောက်လေ..."
နန်းစံ မေးနေတာကို လုံးလုံးအရေးမလုပ်ဘဲ လှဲအိပ်နေတဲ့မေကြီးကို ရေနွေးကြမ်းတွေ လောကွတ်လုပ်ပြီးအတင်းတိုက်နေတဲ့ ကိုထူးကိုကြည့်ကာ ခေါင်းခါမိတယ်။ သူများအိမ်လာပြီး အိမ်ရှင်ရဲ့ရေနွေးကြမ်းနဲ့ အိမ်ရှင်ကို ဧည့်ခံရတယ်လို့...
"ကိုထူး..."
"ဟ! ဘာလဲ! ဘာလဲ! ဘာလဲ!"
နန်းစံ စိတ်မရှည်သလို ထအော်လိုက်တဲ့ကိုထူးကြောင့် တစ်ကယ်ကိုစိတ်ညစ်ပါတယ်လေ။ နန်းစံ ကိုထူးကို မသိမသာထပ်မေးဖို့လုပ်လိုက်ပေမယ့် နန်းစံကို စိုက်ကြည့်နေတဲ့မေကြီးကြောင့် မမေးတော့ဘဲ နေ့လည်ခင်း မုန့်ဦးနှောက်ရောင်းဖို့သာ ဖတ်ရွက် လှီးဖြတ်လက်စတွေကို ဆက်လှီးလိုက်တယ်...
"မင်း...ညီမ မေး...နေတယ်..."
ငထူး မေကြီးမဆူခင် အမြန်ထန်းလျက်ခဲနဲ့ရေနွေးကြမ်းဂုန်းဆင်းနေတုန်းမို့ နန်းစံစကားကိုမကြားချင်ယောင်ဆောင်ထားပါတယ်ဆို မေကြီးကပါ မေးလာတာကြောင့် စားနေရင်းတန်းလန်းပြောရဦးမယ်...
"ဧည့်သည် ပြန်သွားလို့ဟေ့! တစ်အိမ်လုံး တပ်နဲ့ချီပြီးလိုက်ပို့တယ်လေ..."
"ပြန်သွားတယ်..."
နန်းစံ လက်သီးလက်မောင်းတန်းကာ မကျေမနပ်ပြောနေတဲ့ ကိုထူးရဲ့စကားကြောင့် စိတ်ထဲတစ်ခုခုလိုသွားသလို ဟာလာဟင်းလင်းကြီးဖြစ်နေမိတယ်။ ဟိုနေ့ညကတည်းက သဘက်ခါပြန်မယ်ပြောတာဆိုတော့ ဒီနေ့ပေါ့။ အဲ့တုန်းက အရေးမလုပ်မိပေမယ့် ခုလိုတကယ်ကြီး ထပြန်သွားတော့လည်း နန်းစံဝမ်းနည်းမိတယ်။ နှုတ်တောင်မဆက်လိုက်ရရှာဘူး...
"တကယ်ပြန်သွားပြီပေါ့..."
"အေး တကယ်ပြန်သွားတာပေါ့။ သူကမပြန်လို့ ဒီမှာတစ်သက်လုံးနေရမှာလား..."
"ကိုထူးကလည်း ဟိုနေ့ကဖျားနေတယ် သတင်းကြားလို့မေးတာပါ..."
"ဖျားလည်း ရထားလက်မှတ်က သုံးရက်ကြိုဖြတ်ထားရတာ..."
"အော်..."
နန်းစံ စိတ်ထဲ တော်တော်ကို လေးနေမိတယ်။ အကိုကတော့ ပြန်လာမယ်ပြောခဲ့ပေမယ့် တကယ်ပြန်လာပါ့မလား။ ပြန်လာမယ်ဆိုရင်တောင် ဘယ်လောက်ကြာကြာစောင့်နေရမှာလည်းဆိုတာ နန်းစံမသိတော့ဘူး။ စတောင်မစရသေးတဲ့ နန်းစံတို့ရဲ့ ဆက်ဆံရေးက ခုလိုကြီးအဆုံးသတ်သွားရရင်ဖြင့်...
"......"
ဒေါ်တုတ် ဧည့်သည်ကောင်လေးပြန်သွားပြီကြားတာနဲ့ မျက်နှာပျက်သွားတဲ့ နန်းစံကိုကြည့်ကာ စိတ်ထဲလေးလံလာတော့တယ်။ ငယ်ရာက ကြီးလာတဲ့သူမို့ ဒီလိုမျက်နှာဘေးက ဘာအဓိပ္ပာယ်လဲဆိုတာ ရိပ်မိနေတယ်...
"ဟွန်း..."
ဒေါ်တုတ် သက်ပြင်းချကာ မျက်လုံးတို့ကိုသာ မှတ်ထားလိုက်တယ်။ ဒီအရွယ်လေးကို မျက်စိဒေါက်ထောက်လိုက်ကြည့်ရအောင်လည်း သူကအရင်လိုကျန်းမာရေးလည်းကောင်းတာမဟုတ်ဘူး။ ဒေါ်တုတ် စိတ်ထဲမှာ အကြိမ်ကြိမ် သက်ပြင်းချနေမိတယ်...
အဘက်ဘက်က မပြည့်စုံတဲ့ဘဝမျိုးမို့ နန်းစံလေး သူ့ဘာသာသူ ထိန်းကျောင်းနိုင်မှသာ သူ့ဘဝလေးသာယာမယ်ဆိုတာ သူအကြိမ်ကြိမ်ဆုံးမခဲ့ဖူးတာပဲမဟုတ်လား။ ဒီကလေးမနားလည်ဖို့ပဲ မျှော်လင့်ရတာပေါ့လေ...
အကယ်၍ နားမလည်ခဲ့ရင်တော့.....
*ပစ်တိုင်းထောင်*
//////////
{ ၂.၂.၂၀၂၅ }
{ ည ၁၀:၁၀ }
Keep Reading