Author's Profile Photo

ညဉ့်ယံထက်[ Nyint Yan Htet ]

1/02/2025

*ပစ်တိုင်းထောင်* အပိုင်း ( ၆ )

11 mins read
Novel
Fiction
Entertainment
*ပစ်တိုင်းထောင်*
အပိုင်း ( ၆ )'s photo

"ဖွားဖွားရင်!"

"လာပါပြီတော်။ ညည်းကို ဟိုးအဝေးကတည်းက ကျုပ်ကမြင်တယ်..."

နန်းစံ သူ့နားပင်မရောက်သေးပဲ ပွစိပွစိရေရွတ်နေတဲ့ ဖွားရင်ကြောင့် ပြုံးမိသား...

"မမြင်ရင် မမြင်ဘူးပေါ့။ ဘာလည်း မြင်တယ်ဘာညာနဲ့..."

"အောင်မယ်...ငါ့ကိုများ...ကျုပ်က အဖွားကြီးဆိုပေမယ့် မျက်လုံးက အကုန်မြင်တယ်တော့..."

"ဟုတ်ပါပြီ ဖွားရင်ရယ်... နောက်ကျနေပါဦးမယ်..."

"တော်စမ်းပါအေ။ ကျုပ်က အခြားသူတွေကို ဟိုဟာလုပ် ဒီဟာလုပ်ညွှန်ပေးရုံပဲ။ ညည်းတို့လူငယ်တွေသာ ကူလုပ်ရမှာ..."

စကားပြောနေရင်း တန်လန်းသူ့ကို ခေါင်းအစခြေအဆုံးကြည့်နေတဲ့ ဖွားရင်ကြောင့် နန်းစံကျောတောင်ချမ်းလာတယ်...

"ကျုပ်မပြောသေးဘူးနော်။ ညည်းတို့မလည်း ချက်ဖို့၊ပြုတ်ဖို့ကူခိုင်းပါတယ်ဆို အလှူမဏ္ဍာပ်ပေါ်တက်ထိုင်ခိုင်းမယ်များ ထင်နေသလားအောက်မေ့ရတယ်။ ဝတ်စားလာလိုက်တာများ ပြောမပြောချင်ဘူး။ ခုနကလည်း ရွာတောင်ဘက်က အဖွဲ့အိမ်ရှေ့ကဖြတ်သွားတာ အ‌မလေး တလက်လက်နဲ့ ကျုပ်မျက်လုံးတောင်စူးတယ်..."

"ဒါကတော့ လှချင်တာကို ဖွားဖွားရင်ရဲ့..."

နန်းစံ သူ့စကားကြားတာနဲ့ မဲ့ရွဲ့ပြနေတဲ့ ဖွားဖွားရင်ကြောင့် ရီချင်စိတ်ကိုထိန်းကာ ဖွားရင်ရဲ့လက်ကို ချိတ်ပြီးဘုန်းကြီးကျောင်းဆီကိုသာ ဦးတည်လိုက်တယ်။ ဒီနေ့တစ်ရက်တော့ သူလည်း လှလှပပ၊ကြွကြွရွရွလေး နေရပြီပေါ့...
-
-
-
"အပျိုခေါင်း လာပြီတော်ရေ!!!"

နန်းစံနဲ့ ဖွားဖွားရင်ဘုန်းကြီးကျောင်းဝန်းထဲရောက်လာတာကိုမြင်တာနဲ့ အခြားသူတွေသိအောင် လှမ်းအော်လိုက်တဲ့ မမိုးကြောင့် ဖွားဖွားရင်မှာ မမိုးဆီကို ဦးတည်သွားပြီး ဘာတွေပြင်ဆင်ပြီးပြီလဲဆိုတဲ့အကြောင်း ဆွေးနွေးနေကြတော့တယ်...

ဖွားဖွားရင်လည်း မမိုးတို့ဘက်ရောက်သွားပြီမို့ နန်းစံလည်းကြက်သွန်နီ၊ဖြူခွာနေတဲ့ စားပွဲဝိုင်းကနေ သူ့ကိုလက်လှမ်းပြကာ ခေါ်နေတဲ့အဖွဲ့ကြောင့် ဝမ်းပမ်းတသာပဲအပြေးသွားလိုက်တယ်...

"ဟယ် တင့်တင့်...နင်ဘယ်တုန်းက ပြန်ရောက်တာလဲ..."

နန်းစံ စားပွဲဝိုင်းဆီရောက်တာနဲ့ တင့်တင့်ရဲ့ဘေး ဝင်ထိုင်ကာ ဝမ်းသာအားရပဲ မေးမြန်းလိုက်တယ်။ တင့်တင့်ဆိုတာ သူကျောင်းမထွက်ခင် မူလတန်းကျောင်းမှာ ခင်ခဲ့တဲ့ငယ်သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး ခုဆိုမြို့မှာအထက်တန်းသွားတက်နေသူမဟုတ်လား။ ကျောင်းပိတ်ချိန်လည်း မြို့မှာပဲကျူရှင်တက်နေကြမို့ ခုလိုရုတ်တရက်မြင်လိုက်ရတော့ နန်းစံအံ့အားသင့်နေခြင်းဖြစ်တယ်...

"ခန ပြန်လာတာပါဟယ်။ ငါတို့ဆရာမက သူတို့နယ်မြို့လေးခနပြန်သွားတော့ ငါလည်းအခွင့်အရေးအမိအရဖမ်ပြီး ပြန်လာခဲ့တာ..."

"ဟဲ့ မိနန်း သူပိုပိန်သွားတယ်နော်..."

နန်းစံ တင့်တင့်ပြောသမျှနားထောင်နေတုန်း စံပယ်ကစကားဖြတ်ပြောလိုက်တာကြောင့် တင့်တင့်ကို သေချာကြည့်မိတယ်။ စံပယ်ဆိုတာကတော့ ဒီတိုင်းရွာထဲက ရွယ်တူသူငယ်ချင်းဖြစ်ပြီး စံပယ်ကလည်း မူလတန်းပြီးကတည်းက ကျောင်းဆက်မတက်ဖြစ်တော့ဘဲ ကောက်စိုက်တဲ့အလုပ်ပဲလုပ်နေတဲ့သူလေ။ စံပယ်ပြောသလိုပဲ အရင်ကသူတို့ထဲ ပြည့်ပြည့်ဖြိုးဖြိုးအရှိဆုံးဖြစ်တဲ့ တင့်တင့်က သေချာကြည့်မှ ‌အတော်လေးပိန်သွယ်သွားတာမို့ နန်းစံတောင် အံ့ဩမိတယ်...

"အေးဟယ်...နင်ပိန်သွားတယ်နော်..."

"ပိန်ဆို ငါအဆီကျလျက်ဆားတွေ ခိုးခိုးစားနေတာလေ..."

"ဟဲ့ ကောင်မ...သေနေဦးမယ်..."

တင့်တင့်ပြောနေတာကို ရုတ်တရက်ဖြတ်ပြောလိုက်သူက ရွှန်းလဲ့ဖြစ်တယ်။ ရွှန်းလဲ့ကတော့ သူတို့ထက် တစ်နှစ်နီးနီး‌ပိုကြီးပြီး ခြောက်တန်းနဲ့ ကျောင်းထွက်ကာမြို့မှာအလုပ်တက်လုပ်နေသူလည်းဖြစ်တယ်။ သူတောင် ဟိုတစ်လောကမှ သူ့သူဌေးမိသားစု နိုင်ငံခြားသွားလို့ဆိုလား ရွာ‌ပြန်ရောက်နေတာ တစ်လကျော်ကျော်လောက်ရှိနေပြီ...

"မသေပါဘူးဟယ်။ ငါ့အန်တီလေးက မော်ဒယ်ဂဲလ်လေ။ မင်းသမီးလုပ်မှာတဲ့။ အဲ့တာကြောင့် သူ့ဆီမှာအလှဆီကစ ၊အဆီကျဆေးအဆုံးအကုန်ရှိနေတာလေ။ ငါကတော့ အကုန်ခိုးသုံးတာပဲ...."

"မိတင့်ကိုတော့ ဘယ်သူ့မှမနိုင်ပေါင်။ ..."

"မနိုင်ဘူးလုပ်မနေနဲ့။ တော်ကြာ အဆီအကျလွန်ပြီး ဒေါ်ထူးဆီက ငဖောင်ရိုးခြောက်ချည်တဲ့ နှီးခြမ်းဖြစ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်..."

စံပယ်ပြောတာကို ‌ကန့်လန့်ပြောနေတဲ့ ရွှန်းလဲ့ရဲ့စကားကြောင့် သူတို့တစ်ဝိုင်းလုံး ထရီကြရင်း အသံကျယ်သွားတာမို့ ချက်ချင်းထိန်းလိုက်ပြီး တစ်ယောက်မျက်နှာ တစ်‌ယောက်ကြည့်ကာ ပြုံးစိစိဖြစ်နေကြတော့တယ်...

"အောင်မလေး...ညည်းတို့ ဒီတစ်သက်ကြက်သွန်နီခွာလို့ပြီးပါတော့မလား..."

နန်းစံတို့အုပ်စု အသံမကျယ်အောင် ခိုးခိုးခစ်ခစ်ရီနေကြတုန်း ဖွားရင်ကလှမ်းအော်ပြီး ဟောက်လိုက်တာကြောင့် ချက်ချင်းပဲ အရှေ့ကကြက်သွန်နီတွေကို ကောက်ကာ ခပ်သုတ်သုတ်နွှာလိုက်ကြတော့တယ်။ တစ်ဖွဲ့လုံးရဲ့ နှုတ်ခမ်းတွေကတော့ ပိုးမသတ်နိုင်ဘဲ ပြုံးစိစိနဲ့ပေါ့...
-
-
-
"ဟဲ့ ရွှန်းလဲ့! ခရမ်းသီးနဲ့ ဘူးသီးလှီးရဦးမယ်တဲ့..."

"ဟိုအဒေါ်ကြီးတွေ လှီးနေတာပဲမဟုတ်လား စံပယ်ရယ်။ ငါမအားဘူး။ နွားချေးနယ်ပြီး အခြောက်လှမ်းရဦးမယ်။..."

"ခနနေပါဦးလား..."

နန်းစံ ထပြန်ဖို့လုပ်နေတဲ့ ရွှန်းလဲ့ကို လှမ်းတားကာ...

"ငါတို့က တော်ရုံလူစုံတာမဟုတ်ဘူးလေဟယ်။ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတာကို..."

"အမယ်လေး အပိုတွေ မိနန်း‌ရယ်။ ဒီရုပ်တွေကို မသေမချင်းတွေ့နေရမှာ ‌ဖွားရင်အေးမမြင်ခင် ငါတော့ပြေးပြီ..."

"သူ့ကိုတားမနေနဲ့..."

နန်းစံ တားမလို့ရှိသေး တင့်တင့်ကမတားဖို့ပြောတာမို့ ရွှန်းလဲ့ထွက်သွားတာကို ဒီတိုင်းသာကြည့်နေလိုက်တယ်။ သူ့မှာတော့ လူစုံတုန်းလေးစကားပြောချင်ပါတယ်ဆို ခုတော့ တစ်ယောက်က လစ်ထွက်သွားပြီ...

"နင်မို့ သူ့ကိုသွားတားနေတယ်။ အဲ့ပြိတ္တာမက အလှူဆို စားဖို့ကလွဲကျန်တာ ဘာမှကူတာမဟုတ်ဘူး..."

"ဟဲ့ တင့်တင့် ဟိုကကြားရင် ရန်ဖြစ်ဦးမယ်..."

"မကြားပါဘူး မိစံပယ်ရယ်။ ရန်ဖြစ်တာများအထူးအခြားလုပ်လို့ ငါနဲ့သူဘယ်တုန်းကတည့်လို့လဲ..."

နန်းစံ တင့်တင့်ရဲ့စကားကြောင့်ပြုံးမိတယ်။ တင့်တင့်ပြောတာလည်း ဟုတ်နေတာပဲ။ တင့်တင့်နဲ့ ရွှန်းလဲ့က တစ်စက်မှတည့်တာမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ရှေ့တင်ရော၊ကွယ်ရာရော ရွဲ့စောင်းနေကြတာ။ အဲ့တာကြောင့် မုန်းသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့စကားပုံက အဲ့နှစ်ယောက်အတွက်လားအောက်မေ့ရတဲ့ထိပဲ...

"ဟေ့!!!"

"ဗုဒ္ဓေါ!!! ဟယ် ကိုထူး..."

"ဟား...ဟား...ဟား..."

နန်းစံ အတွေးလွန်နေတုန်းရှိသေး ရုတ်တရက်ကြီး အနောက်ကနေ လှန့်လိုက်တဲ့ ကိုထူးကြောင့် နန်းစံတို့တစ်ဖွဲ့လုံး ရင်အတော်ထိတ်သွားတယ်။ ကိုထူးက မြို့မှာ သင်တန်းတက်နေတာမဟုတ်လား။ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ...

"ကိုထူး ဘယ်လိုပြန်ရောက်လာတာလဲ..."

"ဟိုဘက်တိုး...မိနန်း..."

နန်းစံ မေးတာကိုမဖြေပဲ နန်းစံတို့ကြားထဲ အတင်းတိုးထိုင်နေတဲ့ ကိုထူးကြောင့် နန်းစံဘေးဘက်သာ အလိုက်တသိ တိုးပေးလိုက်တယ်...

"ရော့...နင့်အတွက် ငါဝယ်လာတာ..."

"ဟယ်...ပေါင်ဒါလား..."

"အေး...အဲ့တာသုံးထပ်တဲ့ ပေါင်ဒါတစ်ထပ်၊ ပါးနီတစ်ထပ်၊နှုတ်ခမ်းနီတစ်ထပ်ဆိုလား။ ငါလည်းမသိတော့ဘူး။ ရှုပ်ယှက်ခတ်နေတာပဲ။ ဈေးကလည်း နှစ်ထောင့်ရှစ်ရာတောင် ပေးရတယ်နော်..."

"ကျေးဇူးတင်လိုက်တာ ကိုထူးရယ်..."

နန်းစံ ကိုထူးဝယ်ပေးတဲ့ ပေါင်ဒါဘူးကို ဖွင့်ကြည့်လိုက်၊ ပြန်ပိတ်ပြီးဖင်တစ်ပြန်၊ခေါင်းတစ်ပြန်ကြည့်လိုက်နဲ့ အတော်ကိုသဘောကျပြီး ပျော်နေမိတယ်။ သူ့မှာ အလှပြင်ပစ္စည်းက သနပ်ခါးတုံးနဲ့ကျောက်ပျဉ်ကလွဲ ဘာမှရှိတာမဟုတ်ဘူးရယ်။ ခုတော့ တစ်ခုတည်းနဲ့ကိုစုံသွားတော့တာပဲ...

နန်းစံ ကိုယ်ထူးကို တအားကျေးဇူးတင်တာပဲ။ ငယ်ငယ်က မိမဲ့ဖမဲ့လို့ကိုယ့်ကို ပြောမိပြီးကတည်းက သူ့ဟာသူပြော သူ့ဟာသူစိတ်မကောင်းဖြစ်သွားလို့ထင်တယ်။ အဲ့ထဲက ဂရုစိုက်ပေးပြီး ခုလိုလက်ဆောင်လေးတွေလည်း ဝယ်ပေးတတ်တယ်။ နန်းစံအတွက်တော့ အကိုအရင်းရထားသလိုပါပဲ။ မဝေတို့၊ ကိုကြီးတို့၊ သူဇာတို့က နန်းစံအပေါ်စိမ်းသလို၊ ကိုထူးကမစိမ်းလို့ နန်းစံ တကယ်ကိုကျေးဇူးတင်မိတယ်...

"ဟယ် မှန်ပါပါတယ်နော် ကိုထူး..."

"နင်ကြိုက်ရင် ပြီးတာပဲ။ အဲ့ဘူးကြီးတစ်ကိုင်ကိုင်လည်းလုပ်မနေနဲ့။ မဝေနဲ့ ကိုကြီး ဟိုဘက်မှာရှိတယ်။ သူဇာလည်း ခနနေရင်လာမယ်တဲ့။ သူ့ကိုလည်း ငါအဲ့လိုဟာ တစ်ဘူး ဝယ်ပေးထားသေးတယ်။ မြင်သွားရင် နင့်အတွက်ပါ ငါဝယ်ပေးတာလားဆိုပြီး ပြဿနာလာရှာနေမယ်..."

"အေးလေ နန်းစံရယ်။ နင်ကလည်း သူခိုးရွှေတပြပြလုပ်မနေနဲ့..."

"သိမ်းထား သိမ်းထား..."

အကုန်လုံးက ဝိုင်းပြောနေတာမို့ နန်းစံလည်း ကိုထူးပေးတဲ့အတိုင်းလေး ဘူးကို ကြွပ်ကြွပ်အိတ်ထဲထည့်ကာ စားပွဲအောက်ချထား လိုက်တော့တယ်...

"ငါညနေကြ နင်နဲ့အတူ အဖွားဆီလိုက်မယ်နော်။ နင်ပြန်ရင် ငါ့ခေါ်ဦး။ အဖွားကိုလည်း ပေးစရာတွေရှိတယ်..."

"အွန်းပါ..."

"အဲ့တာဆို ငါသွားဦးမယ်။ အမေက ငါ့ကိုမတွေ့ရင် ပွားဦးမှာ..."

"ဟုတ် ကိုထူး..."

"အေး ငါ...ဟာ...ကိုအာကာ!!! ကိုအာကာ!!!"

နန်းစံ ထပြန်ဖို့ပြင်နေတဲ့ ကိုထူးရဲ့ ရုတ်တရက်အော်သံကြောင့် ရင်ထဲလှပ်ခနဲဖြစ်သွားမိတယ်။ ဘာကြောင့်မှန်းမသိပေမယ့် ကိုထူးလှမ်းခေါ်နေတဲ့ နေရာကနေ ဒီဘက်လာနေတဲ့ကိုအာကာ့ကိုကြည့်ရင်း နန်းစံရင်ထဲမယ် စိတ်မလုံသလိုပဲ...

"လာ ကိုအာကာ...ဒါ ကျွန်တော့်ညီမဝမ်းကွဲလေ။ နန်းစံတဲ့။ နန်းစံ သူက..."

"နန်းစံ အကို့ကိုသိ..."

"အကို့နာမည် အာကာမောင်ပါ..."

နန်းစံ ကိုအာကာ့ကို သိပြီးသားလို့ပြောမလို့ ပြင်လိုက်ပေမယ့် မသိသလိုမျိုး ပြန်နှုတ်ဆက်နေတဲ့ ကိုအာကာ့ကြောင့် စိတ်ထဲခုသွားတော့တယ်။ ပထမတော့ စိတ်ထင်တာနေမှာပါလို့ တွေးပေမယ့် ကိုအာကာ့ရဲ့ရုပ်က တကယ်ကို မမြင်ဖူးတဲ့လူ‌တစ်ယောက်ကို နှုတ်ဆက်နေသလိုမျိုးမို့ နန်းစံ စိတ်ကွက်သွားတာတော့ အမှန်ပဲ...

"ဒါက တင့်တင့်သူ၊ ဒါက စံပယ် ကျွန်တော့်ညီမရဲ့ သူငယ်ချင်းတွေ..."

"မှတ်ထားလိုက်ပါ့မယ်..."

နန်းစံ သူ့ကိုတကယ်ကြီးကို မသိချင်ယောင်ဆောင်ကာ အရေးမလုပ်တဲ့ ကိုအာကာ့ကို နားမလည်နိုင်တော့ဘူး။ အများသိမှာဆိုးလို့ ဟန်ဆောင်‌တယ် ပြောရအောင်လည်း သူတို့က ဒီတိုင်းသိရုံပဲလေ။ ဒါမှမဟုတ် နန်းစံလိုဆင်းရဲတဲ့သူနဲ့ အသိဆိုတာ အခြားသူတွေကို မသိစေချင်တာများလား...
-
-
-
ကိုယ်စီ၊ကိုယ်စီ အလုပ်ရှုပ်နေကြတဲ့ ရွာသူ၊ရွာသားတွေဟာ မိမိတာဝန်ကျရာကို အကောင်းဆုံးကြိုးစားကာ လုပ်ဆောင်နေကြရင်း တဖြည်းဖြည်းနေဝင်ရီသရောအချိန်ရောက်လာပြီမို့ ပြန်တဲ့သူကလည်း ပြန်ကုန်ကြပြီး နန်းစံတို့အဖွဲ့မှာလည်း နန်းစံနဲ့ စံပယ်သာ ကျန်တော့တယ်...

"ကဲ ငါးခြောက်လည်း ခုတ်ပြီးပြီ။ မှောင်တော့မယ်ဆိုတော့ ငါပြန်တော့မယ် နန်းစံ..."

"အေး ပြန်လေ။ ငါလည်း ခနနေ ဖွားရင်နဲ့အတူ ပြန်တော့မှာ..."

"‌ပြီးတာပဲ။ ငါသွားပြီ။ အော် ဒါနဲ့ မနက်ဖြန်ကြ အိမ်ကိုပဲပြုတ်နှစ်ရာဖိုးလောက်လာပို့ပေးဦးနော်..."

"အေးပါ ငါလာပို့ပါ့မယ်..."

နန်းစံ ကျောင်းဝန်းထဲကထွက်သွားတဲ့ စံပယ်ကို တာ့တာလှမ်းပြပြီးတာနဲ့ မဏ္ဍာပ်ဆောက်နေတဲ့ဘက်ကို သွားဖို့ပြင်လိုက်တယ်...

အဲ့ဘက်မှာ ကိုထူးရှိနေတာမို့ အိမ်ပြန်တော့မှာဖြစ်ကြောင်း သွားပြောရမယ်။ ပြီးမှ ဖွားရင်ဆီသွားပြီး သုံးယောက်အတူပြန်...

"အမေ့...ကိုအာကာ..."

"အကိုနဲ့ ခနလိုက်ခဲ့ နန်းစံ..."

"ဟယ် ခနနေပါဦး..."

နန်းစံ ကိုယ့်အတွေးနဲ့ကိုယ် ကိုထူးဆီသွားနေတုန်း ရုတ်တရက်ကြီးပေါ်လာပြီး လက်ကနေအတင်းဆွဲကာ ကျောင်းအနောက်ဘက်ခေါ်သွားနေတဲ့ ကိုအာကာ့ကြောင့် နန်းစံမှာ ရုန်းမရ၊ပြောမရနဲ့ ကိုအာကာခေါ်ရာ ပါသွားတော့တယ်...

"ဘာလုပ်တာလဲ ကိုအာကာ! လွှတ်! လွှတ်လို့!"

"ခနနော် နန်းစံ..."

ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်အုတ်တံတိုင်းအပြင်ကိုရောက်တာနဲ့ နန်းစံကိုတံတိုင်းမှာကပ်စေကာ ကျောင်းအတွင်းဘက်ကိုလှမ်းချောင်းနေတဲ့ ကိုအာကာ့ကြောင့် နန်းစံမဲ့ရွဲ့ပစ်လိုက်တယ်...

"သူပဲဆွဲခေါ်ပြီး သူပဲအများမြင်မှာကြောက်နေတာတော့ လွန်တာပေါ့ ကိုအာကာရယ်..."

"ဟမ်..."

နန်းစံပြောလိုက်မှ ကြောင်တောင်တောင်နဲ့နန်းစံကိုကြည့်လာတဲ့ ကိုအာကာကြောင့် နန်းစံ ခေါင်းသာခါမိတယ်...

"ဖယ်ပါ ကိုအာကာ။ ကိုအာကာက လူမြင်မှာ၊လူသိမှာကို အဲ့လောက်လန့်နေရင်လည်း နန်းစံနဲ့လာပတ်သတ်စရာမလိုပါဘူး..."

"မဟုတ်ဘူး နန်းစံ။ အကိုက လူမြင်မှာကြောက်တာမဟုတ်ပါဘူး..."

"အော် ဟုတ်လား။ အဲ့တာဆို ခုနကကိုထူးရှေ့မှာ နန်းစံကိုမသိချင်ယောင်ဆောင်တာကရော..."

"အဲ့တာက...အဲ့လိုမဟုတ်ဘူး နန်းစံ။ နန်းစံ အထင်လွဲနေပြီ..."

"ဘာကိုအထင်လွဲတာလဲ ကိုအာကာ။ နန်းစံအထင်လွဲစရာ ဘာအကြောင်းမှမရှိဘူး..."

"အကိုက မင်းကိုစိုးရိမ်တာနန်းစံ..."

"စိုးရိမ်တာ...ဘာကိုစိုးရိမ်တာလဲ..."

"မင်းအကို မောင်မောင်ထူးရှိနေတော့ မင်းအဆူခံရမှာဆိုးတာ..."

နန်းစံ ကိုအာကာ့ရဲ့စကားတွေကို နားမလည်နိုင်တော့ဘူး။ သူ့ဟာသူ ဘာတွေတွေးပြီး ဘာတွေကြောက်နေမှန်းကို မသိတော့ပါဘူး...

"ဒီမှာ ကိုထူးက ကျွန်မကိုဆူရအောင် ကျွန်မဘက်က မရိုးမသားဘာမှမလုပ်ထားဘူး..."

"ဒါပေမယ့် ကိုယ့်ဘက်ကမှ မရိုးသားတာနန်းစံရယ်..."

နန်းစံရဲ့ လက်ကိုအသာကိုင်ကာ ရှေ့မလွတ်၊နောက်မလွတ်ပြောလာတဲ့ ကိုအာကာကြောင့် နန်းစံမှာ ဘာဆက်ပြောရမှန်းမသိလောက်အောင် ဆွံ့အသွားတော့တယ်။ ကိုအာကာ့ဘက်က မရိုးသားဘူးတဲ့လား။ အဲ့စကားက ဘယ်လိုအဓိပ္ပာယ်မျိုးလဲ...

"အကို့ကို ဒီညကြရင် ခရေပင်အောက်မှာလာတွေ့ပါ နန်းစံ..."

"ဘယ်လို..."

"အကို ညကြရင် စောင့်နေမယ်..."

"မဟုတ်သေးပါဘူး။ နန်းစံ မလာဘူး ကိုအာကာ။ ပြောစရာရှိရင် ဒီမှာပဲပြောပါ..."

နန်းစံ ကိုအာကာ့ရဲ့စကားကို ချက်ချင်းပဲ ငြင်းလိုက်တယ်။ ညကြီးအချိန်မတော်...အို...မသွားနိုင်ပါဘူး...

"နန်းစံ အကို့ကို ခုနက ကိစ္စအတွက် စိတ်ကွက်နေတာလား..."

"မဟုတ်ပါဘူး။ စိတ်ကွက်စရာအကြောင်းလည်း မရှိပါဘူး။ ဒီတိုင်း စိတ်ထဲခုသွားရုံပါ..."

"အဲ့တာဆို ညကြရင်လာခဲ့ပါနော် နန်းစံ။ အကို့မှာ အရေးတကြီးပြောစရာစကားရှိလို့ပါ..."

"ဟာ...မလာနိုင်ပါဘူး။ ကိုအာကာ စောင့်နေလည်း အလကားပဲနော်..."

နန်းစံ စကားဆုံးတာနဲ့ စိတ်မကောင်းဖြစ်သွားပုံပေါ်တဲ့ကိုအာကာကြောင့် နန်းစံရင်ထဲလည်းသနားစိတ်ဖြစ်မိတယ်...

"ရပါတယ် နန်းစံ...အကို နန်းစံကို ဖိအားမပေးပါဘူး။ ဒါပေမယ့် နန်းစံလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ။ အကို‌အဲ့အပင်ကြီးအောက်မှာ စောင့်နေမယ် နန်းစံ။ အကို ခုနကမသိချင်ယောင် ဆောင်မိတာအတွက်ရော၊ ခုလို အတင်းဆွဲလာမိတာရောအတွက် အကိုနန်းစံကိုတောင်းပန်ပါတယ်။ အကို့ကို ခွင့်ပြုပါဦး..."

"ခနနေပါဦး...နန်းစံ လာမှာမဟုတ်လို့ မစောင့်ပါနဲ့။ ဒီရက်ပိုင်း အအေးပိုတယ် ကိုအာကာ...တော်ကြာ..."

နန်းစံ ကိုအာကာ့ကို ခရေပင်အောက်သွားမစောင့်နေဖို့ သတိထပ်ပေးနေမိတယ်။ ကိုအာကာသာ တကယ်အပင်အောက်သွားစောင့်နေလို့ အအေးမိသွားရင် သူ့ပယောဂမကင်းဖြစ်ဦးမယ်လေ...

"အကိုပြောပြီးပြီပဲ နန်းစံ...အကို ဒီ‌ည အဲ့ခရေပင်အောက်မှာ နန်းစံမလာမချင်းစောင့်နေမယ်။ လာတာ မလာတာကတော့ နန်းစံကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ အကို သွားတော့မယ် နန်းစံ။ အကိုမျှော်နေမယ်နော်..."

"ကိုအာကာ..."

ပြောတာကိုလည်း နားမထောင်ပဲထွက်သွားပြန်တဲ့ ကိုအာကာ့ကို နန်းစံ ဘယ်လိုလုပ်ရပါ့မလဲ။ ညကြီးသန်းခေါင် သူစိမ်းယောက်ျားတစ်ယောက်ကို ရွာထိပ်ထွက်ပြီးတွေ့ရအောင်လည်း...
-
-
-
"အို...မဖြစ်သေးပါဘူး..."

"ဘာလားဟ!"

"ရှင်..."

နန်းစံ နှုတ်ကနေ ငြီးတွားပြီးမှ ပတ်ဝန်းကျင်ကို သတိထားမိတော့ မေကြီးနဲ့ ကိုထူးက စိုက်ကြည့်နေကြတာမို့ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ဘဲ ပြာပြာသလဲ ‌အရှေ့ကထမင်းပန်းကန်ထဲသာ ထမင်းခူးထည့်လိုက်တော့တယ်...

"နင် ထမင်းထပ်စားဦးမလို့လား မိနန်း..."

"ဟမ်...အာ...ဟုတ်တာပဲ..."

နန်းစံ ရှက်ရှက်နဲ့ဘာတွေလုပ်လို့လုပ်မိနေမှန်းမသိတော့ဘူး။ ခုနကပဲ သူတို့သုံးယောက်လုံးထမင်းစားပြီးပြီမဟုတ်လား။ ခုလည်း ပန်ကန်တွေထပ်ပြီး ဆေးဖို့လုပ်နေတာပဲ။ စိတ်ညစ်ပါတယ် နန်းစံရယ်။ စိတ်နဲ့လူနဲ့ကပ်ပါဦးဟ...

"ဖွားတုတ်...မိနန်းအချိုးတွေပြောင်းနေတယ်နော်။ ကျွန်တော် ပေါင်ဒါတွေ ဝယ်လာပေးမိတာ မှားပြီထင်တယ်..."

"မဟုတ်တာ ကိုထူးရယ်။ နန်းစံ ပင်ပန်းလို့ပါ။ မေကြီး...ကိုထူးပြောတာတွ လျှောက်ယုံမနေနဲ့..."

"ငါခေါက်ထည့်လိုက်ရ ငါ့ကို မယုံနဲ့ဖြစ်ဦးမယ်..."

မောင်မောင်ထူး(ငထူး) ဖွားတုတ်ကို စစ်ကူခေါ်မလို့ကြည့်လိုက်ပေမယ့် နန်းစံကိုရွယ်ထားတဲ့ သူ့ရဲ့လက်ကိုစိုက်ကြည့်နေတဲ့ မေကြီးကြောင့် နန်းစံခေါင်းနားကလက်ကိုချက်ချင်းရုတ်ကာ ဒီနေရာကနေ အမြန်လှည့်ထွက်ဖို့လုပ်လိုက်တယ်...

"ဟဲ...ဟဲ...စားပြီးပြီဆိုတော့ ကျွန်တော်သွားတော့မယ်နော်..."

ဒေါ်တုတ် ခုမှစပ်ဖြီးဖြီးနဲ့ ပြန်ဖို့လုပ်နေတဲ့ ငထူးကိုကြည့်ပြီး သက်ပျင်းသာချမိတယ်။ အတော်မလွယ်တဲ့ကလေးပါလေ...

"ငထူး..."

"ဗျာ ဖွားတုတ်...ကျွန်တော် နန်းစံကို မခေါက်ရသေးဘူးနော်..."

"‌ဟွန်း...မင်းဟာတွေ...ပြန်...ယူသွား..."

"ဘယ်ဟာလဲ။ ဒါတွေလား...ဟာ မယူပါဘူး။ အဖွားအတွက် ယူလာတာ..."

"ခိုးလာတာ..."

ဒေါ်တုတ် ငထူးရဲ့စကားကို အမှန်ပြင်ပေးလိုက်တယ်။ တကယ်လဲ ယူလာတာမှမဟုတ်တာ။ ပုစွန်ခြောက်တွေရော၊ ဝက်အူချောင်း၊ကြက်ဥချောင်းတွေရော ယူလာကတည်းက သူ့အဖေ၊အမေမသိအောင် ခိုးလာမှန်းဒေါ်တုတ်သိပြီးသားပါ။ သူ့အဖေ သန်းဟိန်းက ကိုယ့်ကိုမိထွေးမုန်းမုန်းနေတာ တစ်ရွာလုံးသိတယ်။ မိဘုတ်ကလည်း သူ့ယောက်ျားရှင်ဆိုရှင်၊သေဆိုသေ။ သူ့သားသမီးတွေကလည်း ကိုယ့်ကိုရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး။ ဟိုဘက်ကအမျိုးကိုပဲ ခင်တွယ်တာ။ ဒီကလေးတစ်ယောက်ထဲကသာ ကိုယ့်ကိုခင်တွယ်ပြီး ဟိုဟာလာပေး ဒီဟာလာပေးလုပ်လေ့ရှိတာ။ အရင်ကဆို အိမ်နဲ့ရန်ဖြစ်တိုင်း ဟင်းအိုးတွေပါ ခိုးပြီး အိမ်လာလာပို့လို့ မိဘုတ်တို့များ ဒီမလာချင်လာချင်နဲ့လာပြန်ယူရပေါင်းလည်း မနည်းတော့ဘူး...

"ဟာ အဖွားကလည်း ဒီသဘက်စောင်ကတော့ အဖွားအတွက် ကျွန်တော့်မုန့်ဖိုးနဲ့ဝယ်လာတာပါဗျ။ ပြီးတော့ ကိုယ့်အမေပစ္စည်း ကိုယ့်အဖွားပေးတာ ခိုးတာမှမဟုတ်တာ။ အဲ့လောက်မှ မသထာလည်း...ဟင်း...တော်ပြီ။ တော်ပြီ။ ကျွန်တော်သွားပြီဗျာ။ ပြောရင်လည်းငရဲရဦးမယ်။ မိနန်း...နင် ဒါတွေကို အိမ်ပြန်လာမပေးနဲ့နော်။ အဖွားက အတင်းပေးခိုင်းရင် ရောင်းစားပစ်လိုက်..."

"ဟဲ့...ငထူး!"

ဒေါ်တုတ် တဲမယိုင်ရုံတစ်မယ် ခုန်ပေါက်ပြီးဆင်းသွားတဲ့ ငထူးကြောင့် သက်ပျင်းသာထပ်ချမိတယ်။ ဒီကလေးကိုတကယ်ဘယ်သူ့မှ မနိုင်တာပါ...

"နန်းစံ..."

"ပြောပါ မေကြီး..."

"ညည်းကြီးကြီး...ကိုတော့...သွားပြော..."

"စိတ်ချပါ မေကြီး။ သမီး ကြီးကြီးသိ‌အောင် သွားပြောလိုက်ပါ့မယ်။ ..."

နန်းစံ ဖွားဖွားပြောတာကို ပြန်ဖြေနေရပေမယ့် အတွေးတွေကတော့...
-
-
-
တိတ်ဆိတ်အေးစက်နေတဲ့ ညသန်းခေါင်ယံအချိန်က တစ်ရွာလုံးကို တိတ်ဆိတ်ခြင်းတွေ‌နဲ့ဖုံးလွှမ်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပေမယ့် တစ်ယောက်သော သူကတော့...

"ဟင်း..."

နန်းစံ ဘယ်လိုမှအိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ မေကြီးသာ အိပ်ပျော်နေပေမယ့် နန်းစံမှာတော့ မေကြီးမနိုးအောင် ဟိုဘက်ကို အသာလေးလှိမ့်လိုက် ဒီဘက်ကိုအသာလေးလှိမ့်လိုက်နဲ့ ဂနာမငြိမ်နိုင်တော့ဘူး...

နန်းစံ မနေနိုင်တော့တဲ့အဆုံး မေကြီးမနိုးအောင် ဖြည်းဖြည်းချင်းထကာ ပိတ်ထားတဲ့ ပြတင်းပေါက်လေးကို အသာဟပြီး အပြင်ဘက်ကိုကြည့်မိတယ်...

အဲ့လိုကြည့်လိုက်မိတာကပဲ မှားသလားမပြောတက်တော့ပါဘူး။ မေကြီးမနိုး‌အောင် ပြတင်းပေါက်လေးဟရုံလေးဖွင့်လိုက်ပေမယ့် ထိုဟရာလေးကနေ ဝင်လာတဲ့လေကတော့ ကျောတောင်စိမ့်သွားတဲ့အထိပဲ ...

သူဘာလုပ်ရမလဲ။ ကိုအာကာက တကယ်ကြီးစောင့်နေတာသာဆို ဒီ‌အအေးဒဏ်နဲ့...

"မဖြစ်သေးပါဘူး..."

နန်းစံ ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး  ခြင်ထောင်ခြေရင်းဘက်မှာလှမ်းထားတဲ့ သဘက်စောင်ကို ရုတ်ကာ ခေါင်းအထက်လွှမ်းခြုံလိုက်တယ်။ ပြီးတာနဲ့ မေကြီးမနိုးစေရန် ဝါးကြမ်းခင်းအပေါ် ခြေသံမထွက်အောင် ခပ်ဖွဖွနင်းပြီး ယိုင်နဲ့နဲ့တံခါးကို လူတစ်ယောက်ထွက်နိုင်ရုံသာ ဟလိုက်ကာ မေကြီးနိုးနေသလား တစ်ချက်ပြန်စစ်ပြီးတာနဲ့ အိပ်နေတာသေချာတာကြောင့် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး တဲအိမ်ထဲက အမြန်ဆုံးထွက်လာလိုက်တယ်...

သူ့ဘဝမှာ ပထမဆုံးအနေနဲ့ ဒီအချိန်ကြီးခိုးထွက်ဖူးတာဖြစ်သလို ခိုးထွက်ရတဲ့အကြောင်းအရင်းကလည်း တွေ့တာတောင်မကြာသေးတဲ့ ထိုလူ့ကြောင့်တဲ့လား...
-
-
-
လူခြေတိတ်လွန်းပြီး ခုထိလည်းမီး‌မရ‌သေးတဲ့ ရွာလေးမို့ ကောင်းကင်က လရောင်ကလွဲရင် အခြားမီးအရောင်တစ်စိုးတစ်စိမျှရှိမနေဘူးရယ်။ ဒီလိုမှောင်မဲနေတဲ့ ရွာလမ်း‌တွေကိုဖြတ်ကာ ခိုးကြောင်ခိုးဝှက် အရဲစွန့်ပြီး အိမ်ကနေခိုးထွက်လာတဲ့ နန်းစံဆိုတဲ့ မိန်းက‌လေးငယ်ဟာလည်း ထိုလရောင်ကိုသာ အားကိုးရင်းလျှက်ပေါ့...

နန်းစံ အေးစိမ့်နေတဲ့ညကို အံတုကာ ဦးခေါင်းအထက် မေကြီးရဲ့သဘက်စောင်ကိုခြုံပြီး ရွာထိပ်ကို အရဲစွန့်ထွက်လာခဲ့မိတယ်။ အေးစိမ့်လွန်းတဲ့ သန်းခေါင်ယံလေပြေနဲ့အတူ နှာခေါင်းထဲစူးခနဲဝင်လာတဲ့ ခရေပန်းရနံ့က သူမဦးတည်ရာ ခရေပင်ကြီးဆီရောက်တော့မယ်ဆိုတာ သတိပေးနေသည့်အလား...

နန်းစံမှာ ပတ်ဝန်းကျင်ကိုလည်း ဂရုပြုရသေးတဲ့အပြင် ကြောက်တာရော၊ စိတ်လှုပ်ရှား‌တာရောပေါင်းပြီး ရင်ဘက်ထဲမှာလည်း နှလုံးရောဂါရမတတ်လေးလံနေပြီ...

"ဟယ်..."

နန်းစံ ခရေပင်ကြီးရဲ့ မလှမ်းမကမ်းကိုရောက်တာနဲ့မြင်လိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့နောက်ကျောပြင်ကြောင့် အဲ့လူက ဘယ်သူဆိုတာကို အသေအချာကိုသိသွားတော့တယ်...

"တကယ်ပဲစောင့်နေတာလား ကိုအာကာရယ်..."

နန်းစံ ‌စိတ်မကောင်းစွာရေရွတ်လိုက်ပြီး ထိုခရေပင်ကြီးဆီကို အမြန်ဆုံးပြေးသွားလိုက်တယ်...

"ကိုအာကာ..."

"နန်း...နန်းစံ..."

နန်းစံ အသံကြားတာနဲ့ တုန်တုန်ရီရီနဲ့လှည့်ကြည့်လာတဲ့ ကိုအာကာကြောင့် နန်းစံမှာ အတော်ကိုစိတ်မကောင်းဖြစ်ရတယ်။ ဘာအတွက်နဲ့များ ဒီလောက်အေးတဲ့ ညကြီးမှာ ရွာထိပ်ကအပင်အောက် အကြာကြီးရပ်စောင့်နေရတာလဲနော်...

"ရောက်နေတာကြာပြီလား..."

"အွန်း...ဟူး...ပြည့်စုံအိပ်သွားတည်းက အကို ထွက်လာတာ။ လေး၊ငါးနာရီလောက်တော့ ရှိမှာပေါ့...ဟူး...ချမ်းတယ်နော်..."

နန်းစံ အားတင်းပြီးပြုံးကာ ပြောနေတဲ့ကိုအာကာ့ကိုကြည့်ပြီး ခေါင်းသာခါမိတယ်။ သူကအငယ်လား။ ကိုယ်ကအငယ်လားတောင် မခွဲတတ်တော့ဘူး။ တကယ်ကို တစ်ဇွတ်ထိုးပါလားနော်...

"နန်းစံသာ မလာရင် ကိုအာကာ ဘယ်လိုလုပ်မလဲ..."

"အကို နန်းစံကို ယုံတယ်လေ..."

နန်းစံ ကိုအာကာ့ရဲ့စကားကြောင့် ဘာပြောရမှန်းမသိလောက်အောင်ကို ဆွံအသွားမိတယ်။ တော်တော်တုံးတဲ့သူပါလားလို့လည်း တွေးမိရင်းနဲ့ပေါ့...

"အရမ်းချမ်းနေပြီမဟုတ်လား..."

"အကို အဆင်ပြေပါတယ် နန်းစံ။ အကို ပြောတာကိုသာ နားထောင်ပေးပါနော်..."

ရုတ်တရက်ကြီး နန်းစံရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တဲ့ ကိုအာကာကြောင့် လက်တွေကိုချက်ချင်းပြန်ရုတ်ဖို့ ပြင်လိုက်ပေမယ့် အေးစက်နေတဲ့ ကိုအာကာ့ရဲ့လက်တွေကြောင့် နန်းစံကိုယ်တိုင်စိုးရိမ်တကြီးပဲ ဆုပ်ကိုင်ထားမိတယ်...

"လက်တွေက အေးစက်နေတာပဲ ကိုအာကာရယ်...အဲ့လိုနဲ့ အအေးမိတော့မှာပဲ..."

"အကို မင်းကို သဘောကျတယ် နန်းစံ..."

"ရှင်..."

ရုတ်တရက်ကြီး ကြားလိုက်ရတဲ့ကိုအာကာ့စကားက နန်းစံရဲ့ကမ္ဘာကြီးတစ်ခုလုံးကို တိတ်ဆိတ်‌သွားစေသယောင်...

"ဟုတ်တယ် နန်းစံ...အကို မင်းကိုသဘောကျတယ်..."

"နန်း...နန်းစံ ပြန်တော့မယ် ကိုအာကာ..."

"ခနလေးပါ နန်းစံ..."

နန်းစံ ထိုနေရာကနေ အမြန်ဆုံးထွက်သွားဖို့ပြင်လိုက်ပေမယ့် နန်းစံရဲ့လက်တွေကိုမလွှတ်ပေးတဲ့ ကိုအာကာကြောင့် နန်းစံမှာ နေရခက်နေတော့တယ်...

"အကို သဘက်ခါကြရင် မြို့ကိုပြန်တော့မှာ နန်းစံရဲ့။ အကို့ကို သဘောကျသလား၊မကျသလားဆိုတာ အကိုသိပါရစေ..."

"ကိုအာကာ...နန်းစံတို့သိတာမှ ဘယ်လောက်မှမရှိသေးဘူးလေ..."

"အကို သိပါတယ်။ ဒါပေမယ့် အကိုနန်းစံကိုသဘောကျတယ်။ အကိုလိမ်ညာတက်တဲ့သူမဟုတ်ပါဘူး နန်းစံ။ နန်းစံအတွက် ခက်ခဲမှန်းအကိုသိပါတယ်။ ဒီလိုလုပ်ကြရအောင်လေ..."

နန်းစံ ဘာမှများများစားစားမပြောနိုင်တော့ဘူးရယ်။ ပထမဆုံးအကြိမ် ခုလိုသမီးရည်းစားစကားပြောခံရတာမို့ နန်းစံရင်တွေတုန်နေတာမှ တအားပါပဲ...

"အကို ပြန်လာတဲ့အခါ အကို့ကိုအဖြေပေးပါ နန်းစံ..."

"ဒါပေမယ့်..."

နန်းစံရဲ့စကားမဆုံးခင်မှာတင် နန်းစံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးထားမတက်ပွေ့ဖက်လိုက်တဲ့အကို့ကြောင့် နန်းစံရဲ့ရင်ဘက်ကြီးတစ်ခုလုံးပေါက်ကွဲတော့မည့်အလား တစ်ဒုတ်ဒုတ်မြည်နေတော့တယ်...

"အကို နန်းစံကို လွမ်းနေမိမှာ..."

ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လေပြေနဲ့အတူ သူတို့အပေါ်ကြွေကျလာခဲ့တဲ့ ခရေပန်းငယ်လေးတွေက နန်းစံအတွက်တော့ အခုမှပိုမွှေးပြီး ပိုလှနေသယောင်...

'သဘောကျတယ်'ဆိုတဲ့ အကို့နှုတ်ကထွက်လာတဲ့ထိုစကားလေးကလည်း ခရေပန်းလေးတစ်ပွင့်မြေပြင်နဲ့တစ်ခါထိတွေ့တိုင်း နန်းစံရဲ့နားထဲမှာတစ်ခေါက်ပြန်ကြားနေသယောင်...

ဘယ်သူ့မှ မသိမကြားခဲ့ပေမယ့် ထိုနေ့၊ထိုအချိန်၊ထိုနေရာ၊ထိုလူရဲ့ရင်ခွင်ထဲမှာပဲ နန်းစံကိုနန်းစံဝန်ခံလိုက်မိတာက 'နန်းစံ အကို့ကိုချစ်မိနေပြီ'ဆိုတာကိုပေါ့...

*ပစ်တိုင်းထောင်*


//////////

{ ၁.၂.၂၀၂၅ }
{ ည ၉:၀၈ }










Keep Reading

မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်တစ်ကျွန်းစံ၏အပြန်လမ်း