Author's Profile Photo

ရွှေငါး

23/01/2025

အစားကြီးတဲ့ကောင်ကလေး ချယ်ထွတ်ချယ်ထိုင် - ထိုင်းရိုးရာပုံပြင်

6 mins read
Education
Culture
Entertainment
အစားကြီးတဲ့ကောင်ကလေး ချယ်ထွတ်ချယ်ထိုင် - ထိုင်းရိုးရာပုံပြင်'s photo

ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ကလေးတစ်ယောက်ရှိသတဲ့။ သူက ဘယ်လိုထူးဆန်းတာလဲဆို အသက်ငယ်ငယ်လေးနဲ့ ထမင်းတွေ အများကြီးစားနိုင်တာတဲ့။ တစ်နေ့ကို ထမင်းခုနှစ်အိုး ဟင်းခုနှစ်ပွဲစားလို့ သူ့ကို ခုနှစ်အိုးခုနှစ်ပွဲလို့ အဓိပ္ပါယ်ရတဲ့ ချယ်ထွတ်ချယ်ထိုင်လို့ ခေါ်ကြသတဲ့။ အစားကြီးတဲ့ ကောင်ကလေးပေါ့။

ချယ်ဟာ အဲဒီလို နေ့တိုင်း ထမင်းခုနှစ်အိုး ဟင်းခုနှစ်ပွဲစားတော့ ချယ်အသက် ခုနှစ်နှစ်လောက်ရောက်လာတဲ့အခါ မိဘတွေက မတတ်နိုင်တော့ဘူး။ ရှာမလောက်တော့ဘူး။ ဒါ့ကြောင့် စိတ်ညစ်လာခဲ့ကြတယ်။ တစ်နေ့တော့ ချယ့်မိဘနှစ်ပါးဟာ တိုင်ပင်ကြတယ်။

“မိန်းမရေ ငါတို့သား အစားကြီးချက်ကတော့ ငါတို့တော့ ကုန်းကောက်စရာမရှိအောင် မွဲတော့မယ် ထင်ပ”
“ကျွန်မလည်း မသိတော့ပါဘူးရှင်ရယ်။ အိုးမှာလည်း နက်ဖြန်စားဖို့ဆန်တောင် လောက်ငအောင် မရှိတော့ဘူး။ စျေးဖိုးလည်းမလောက်တော့ဘူး”
“ငါတော့ သားလေးကို တောထဲသွားပစ်လိုက်ရတော့မလား စဥ်းစားမိတယ်ကွာ”
“အို မလုပ်ပါနဲ့ရှင်။ ဒီလိုလုပ် သားကို ထမင်းအများကြီးစားလို့ အလုပ်လည်း ကူလုပ်ရမယ်ဆိုပြီး ရှင် နက်ဖြန် တောထဲထင်းသွားခုတ်ရင် ထည့်ပေးလိုက်မယ်။ သားကို ထမင်းတစ်နပ်စားဖို့ ဘယ်လောက်ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်ဆိုတာ ငယ်ငယ်လေးကတည်းက သိအောင် လုပ်ကြတာပေါ့”

ချယ့်မေမေက ချယ့်ကို အဖေနဲ့ တောထဲလိုက်ပြီး ကူဖို့ပြောတော့ ချယ်က ပျော်ပြီး စိတ်လှုပ်ရှားနေတာပေါ့။ ချယ့်အဖေဟာ တော်တော်ကြီးတဲ့ သစ်ပင်ကြီးကို ခုတ်ဖြတ်တယ်။ ထင်းများများရမှ စျေးမှာထင်းရောင်းရတဲ့ငွေနဲ့ နောက်နေ့အတွက် ဆန်ဝယ်နိုင်မှာကိုး။ ချယ့်အဖေဟာ သစ်ပင်ကြီးကို ခုတ်လှဲချလိုက်တယ်။ အရှိန်နဲ့ အုန်းခနဲ ကျသွားလိုက်တာ မြေကြီးတောင် တုန်သွားလေရဲ့။ အဲဒီတော့မှ ချယ့်အဖေဟာ အပင်လဲကျတဲ့ဘက်မှာ သူ့သား ချယ်ရှိနေတာကို သတိရသွားတယ်။ သားဖြစ်သူကိုပတ်ဝန်းကျင်မှာ လုံးဝရှာမတွေ့တော့ သေချာပေါက် သစ်ပင်ကြီးပိပြီး သေသွားပြီလို့ ထင်လိုက်တယ်။ ဒါနဲ့ စိတ်မကောင်းစွာနဲ့ပဲ သစ်ပင်ကြီးကိုပါထားခဲ့ပြီး အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

အိမ်ရောက်ရင် သားရဲ့အမေကို ဘယ်လိုပြောရမှန်းမသိလို့ စိတ်ညစ်နေတုန်း အနောက်ကနေ ခေါ်သံတစ်ခုကြားလိုက်ရတယ်။
“အဖေရေ အဖေ သစ်ပင်ကြီး မေ့ကျန်ခဲ့ပြီ” လို့ အော်လိုက်တဲ့ ချယ့်အသံပေါ့။ ချယ်ဟာလေ သူ့အဖေခုတ်လှဲလိုက်တဲ့ သစ်ပင်ကြီးကို လက်တစ်ဖက်နဲ့ ထမ်းပြီး အပြေးကလေး လိုက်လာတာတဲ့။

သားဖြစ်သူ အသက်မသေဘဲ သစ်ပင်ကြီးကို ဒုတ်ချောင်းကလေးသယ်သလို သယ်လာတာတွေ့တော့ ချယ့်အဖေဟာ ကိုယ့်မျက်လုံးတောင်ကိုယ် မယုံနိုင်အောင်ဖြစ်နေတာပေါ့။ ဒီလိုနဲ့ သစ်ပင်ကြီးကို ထင်းအဖြစ်ရောင်းလိုက်ရလို့ နောက်နေ့ထမင်းစားဖို့ ရသွားခဲ့တာပေါ့။

ချယ်နဲ့အတူ သစ်ပင်တွေခုတ်လဲရောင်းချရင်း ဝမ်းရေးကို လောလောဆယ် ဖြည့်နိုင်ခဲ့ကြပေမယ့် တစ်နေ့ကို ထမင်း ခုနှစ်အိုး ဟင်းခုနှစ်ပွဲစားတဲ့ အစားကြီးတဲ့သားကြောင့် ချယ့်မိဘတွေက နောင်ရေးအတွက် စိတ်မအေးရသေးပါဘူး။ ဒါ့ကြောင့် ချယ့်အဖေက အကြံတစ်ခုစဥ်းစားမိတယ်။

“သားရေ အဖေတို့ တောထဲမှာ မြင်းရိုင်းတွေ ရေလာသောက်တဲ့နေရာရှိတယ်။ တို့တွေ သားရဲ့ အစွမ်းနဲ့ မြင်းရိုင်းတွေဖမ်းပြီး စျေးမှာ သွားရောင်းရင် အခု သစ်ပင်တွေခုတ်ရောင်းတာထက် ပိုရမှာကွ” လို့ ချယ့်ကို တိုင်ပင်လိုက်တယ်။
“အဖေနဲ့ အမေ ပိုက်ဆံရမယ်ဆိုရင် သားဖမ်းပေးမှာပေါ့” လို့ ချယ်က အားတက်သရော ပြောလိုက်ပြီး အဖေနဲ့ အတူ တောထဲသွားကြပါတော့တယ်။
တောထဲက စမ်းချောင်းတစ်ခုကိုရောက်တော့ ချယ့်အဖေက ချယ့်ကို မြင်းရိုင်းတွေ စောင့်ဖမ်းဖို့ ထားခဲ့ပြီး အိမ်ပြန်လာခဲ့တယ်။ ချယ်လည်း မြင်းရိုင်းတွေရေလာအသောက်ကို အပင်ကွယ်ပြီး စောင့်နေတာပေါ့။ ဒါပေမဲ့ ရေလာသောက်တာက ကျားကြီးတစ်ကောင်ဖြစ်နေတယ်။ ချယ်လည်း ကျားကြီးဆိုတော့ ပိုစျေးကောင်းရမှာပဲဆိုပြီး ကျားကြီးကို သတ္တိရှိရှိ ဝင်လုံးပြီး ဖမ်းပစ်လိုက်တယ်။ ပြီးတော့ ကြိုတင်ပါလာတဲ့ ကြိုးတွေနဲ့ တုပ်ပစ်ပြီး ထမ်းပြန်လာခဲ့ပါရော။

သားဖြစ်သူ မြင်းရိုင်းဖမ်းပြီး ပြန်လာနိုင်ပါ့မလားလို့ မိဘနှစ်ပါး မျှော်နေတုန်း ချယ်ဟာ ကျားကြီးကို ထမ်းပြီးပြန်လာတာမြင်တော့ အတော်ကို လန့်သွားကြတာပေါ့။ နောက်တော့ ကျားကြီးကို ရောင်းစားပြီး လောလောဆယ် မိသားစုထမင်းစရိတ်ကို ဖြေရှင်းနိုင်လိုက်ကြသတဲ့။

ဒီလိုနဲ့ ချယ်ဟာ တဖြည်းဖြည်းလူပျိုအရွယ်ရောက်လာတော့တယ်။ မိဘတွေဟာ အစားကြီးတဲ့သူ့ကြောင့် အမြဲစိုးရိမ်နေရတာကို ပိုနားလည်လာတယ်။ ဒါ့ကြောင့် အိမ်ကထွက်ခွာပြီး စွန့်စားခန်းတွေရှာဖွေရင်းနဲ့ ပိုကောင်းမယ့်အဖြေတစ်ခုကိုရှာဖို့ ထွက်လာခဲ့တယ်။

တောထဲတစ်နေရာရောက်တော့ အုတ်တွေအပြည့်ထည့်ထားတဲ့ လှည်းအစီးတစ်ရာကို တောင်ပေါ်ကို တစ်ယောက်တည်းဆွဲနေတဲ့ လူငယ်တစ်ယောက်နဲ့ ဆုံတယ်။ ချယ်က သူဟာ စွန့်စားခန်းတွေ ရှာဖွေဖို့ ထွက်လာကြောင်း ပြောပြလိုက်တော့။ လှည်းတစ်ရာကို ဆွဲနိုင်တဲ့လူငယ်က သူလည်း လိုက်ချင်တယ်လို့ ပြောလို့ အတူခေါ်လာခဲ့တယ်။

သူတို့နှစ်ယောက်ဟာ မြစ်ကမ်းတစ်ခုရဲ့ နံဘေးနားရောက်တော့ ဆူညံသံတွေကြားလို့ လေ့လာကြည့်လိုက်တယ်။ အဲဒီအသံတွေဟာ ဝါးပင်တွေလဲကျနေတဲ့ အသံဖြစ်နေတယ်။ လူငယ်တစ်ယောက်ဟာ မြစ်ကမ်းနားက ဝါးပင်တွေကို ခုတ်လှဲနေတာမဟုတ်ဘဲ မြက်ကလေးတွေ နှုတ်သလိုကို လွယ်လွယ်ကူကူနှုတ်ပစ်နေတာ အပင်တစ်ရာလောက်ကို ခဏလေးပဲတဲ့။ ချယ်တို့ကလည်း မိတ်ဆက်ကြရင်း အဲဒီလူငယ်ဟာလည်း ချယ်တို့လို စွန့်စားခန်းထွက်မယ့်ခရီးကို လိုက်ပါရစေလို့ ပြောလာတယ်။ ဒါ့ကြောင့် သူတို့ သုံးယောက်ဟာ အတူ ခရီးဆက်ခဲ့ကြပါတော့တယ်။

နောက် တောနက်တစ်နေရာရောက်လို့ နားနေကြတုန်း သစ်ပင်ကြီးတွေ တအုန်းအုန်းလဲကျသံကြားလို့ ကြည့်လိုက်တော့ လူငယ်တစ်ယောက်ဟာ သစ်ပင်ကြီးတွေကို ခုတ်ဖြတ်နေတာမဟုတ်ဘဲ ခေါင်းနဲ့ တိုက်ပြီး လှဲပစ်နေတာတဲ့။ သူတို့လည်း စိတ်ဝင်စားလို့ မိတ်ဆက်ကြရင်း အဲဒီသစ်ပင်ကြီးတွေကို ခေါင်းနဲ့ အသာလေးလှဲနိုင်တဲ့ လူငယ်ကလည်း သူပါ စွန့်စားတဲ့ခရီးကို လိုက်ချင်ပါတယ်ဆိုလို့ ခေါ်ခဲ့ကြပြန်သတဲ့။

ဒီလိုနဲ့ အင်အားကိုယ်စီရှိကြတဲ့ လူငယ်လေးယောက်ဟာ လမ်းခရီးမှာ ဗိုက်ဆာလာကြတယ်။ ဒါ့ကြောင့် နားပြီး ညစာစီစဥ်ဖို့ တာဝန်ခွဲကြတယ်။ အုတ်လှည်းတစ်ရာဆွဲနိုင်တဲ့ လူငယ်ဟာ မီးမွှေးဖို့အတွက် အနီးအနားမှာ အိမ်များရှိမလားလို့ သွားရှာရင်း မီးခိုးငွေ့တလူလူထွက်နေတဲ့ အိမ်လေးတစ်အိမ်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ မီးတစ်တို့လောက်တောင်းဖို့ သွားလိုက်တယ်။

တကယ်တော့ အဲဒီအိမ်ဟာ စုန်းမကြီးတစ်ယောက်နေတဲ့အိမ်ဖြစ်တယ်။ စုန်းမကြီးက သူ့ဆီ လူတစ်ယောက်လာနေတာကို ကြိုသိလို့ ပုန်းနေလိုက်တယ်။ စုန်းမကြီးမှာ ထူးဆန်းတဲ့ မှော်နှင်တံရှိတယ်။ အဲဒီမှော်နှင်တံရဲ့တစ်ဖက်နဲ့ တို့လိုက်ရင် သေဆုံးသွားစေပြီး နောက်တစ်ဖက်နဲ့ တို့လိုက်ရင်တော့ လူသေကိုတောင် ပြန်ရှင်လာနိုင်စေသတဲ့။ လူငယ်လေးဟာ အကူအညီတောင်းဖို့ အိမ်ထဲဝင်လိုက်တဲ့အခါ စုန်းမကြီးက မှော်နှင်တံရဲ့ လူကိုသေစေတဲ့ဘက်နဲ့ တို့လိုက်သတဲ့။ ဒါနဲ့ အုတ်လှည်းတစ်ရာဆွဲနိုင်တဲ့ လူငယ်လေးဟာ စုန်းမကြီးအိမ်မှာ သေဆုံးသွားပါတော့တယ်။ စုန်းမကြီးကလည်း နောက်မှ စားပစ်မယ်ဆိုပြီး အိမ်က တိုင်မှာ ချည်ထားလိုက်တယ်။

ညစာစားဖို့ စီစဥ်နေကြတဲ့ ကျန်လူငယ်တွေထဲက ဝါးအပင်တစ်ရာကို အသာလေးခုတ်တဲ့ လူငယ်လေးဟာ အုတ်လှည်းတစ်ရာဆွဲနိုင်တဲ့ လူငယ်ပြန်မလာသေးတာနဲ့ လိုက်ရှာဖို့ ထွက်လာခဲ့တယ်။ သူလည်း စုန်းမကြီးအိမ်ကို တွေ့သွားပြီး အိမ်ထဲဝင်ရှာကြည့်လိုက်တယ်။ သူလာမယ်ဆိုတာ ကြိုသိနေတဲ့ စုန်းမကြီးကလည်း ရှေ့ကလူငယ်လိုပဲ သူ့ရဲ့မှော်နှင််တံနဲ့ တို့လိုက်တာ လူငယ်လေးလည်း သေဆုံးသွားရပြန်ပါသတဲ့။ စုန်းမကြီးကလည်း နောက်မှ စားပစ်မယ်ဆိုပြီး အိမ်က တိုင်မှာ ချည်ထားလိုက်ပြန်တယ်။

ရှေ့ကနှစ်ယောက် ပြန်မလာသေးလို့ မီးမမွှေးရသေးတဲ့အတွက် ချယ်နဲ့ သစ်ပင်တွေကို ခေါင်းနဲ့တိုက်လှဲနိုင်တဲ့ လူငယ်တို့က စိတ်ပူလာကြတယ်။ သစ်ပင်တွေကို ခေါင်းနဲ့တိုက်လှဲနိုင်တဲ့ လူငယ်ကလည်း လူရှာဖို့ ထွက်လာခဲ့ပြန်ပါတယ်။ သူလည်း စုန်းမကြီးအိမ်ကို မြင်တော့ ဒီမှာသေချာပေါက်ရှိမှာပဲဆိုပြီး ဝင်ရှာလိုက်တာ စုန်းမကြီးရဲ့ မှော်နှင်တံနဲ့တွေ့ပြီး သေဆုံးသွားရပြန်ပါရောတဲ့။ စုန်းမကြီးကလည်း နောက်မှ စားပစ်မယ်ဆိုပြီး အိမ်က တိုင်မှာ ချည်ထားလိုက်ပြန်တယ်။

ချယ်ကတော့ ဘယ်သူမှ ပြန်မလာတဲ့အတွက် စိတ်ပူသွားတယ်။ သူလည်း မိတ်ဆွေသုံးယောက်ကို ရှာဖို့ ထွက်လာတဲ့အခါ စုန်းမကြီးအိမ်ကို လှမ်းတွေ့လိုက်တယ်။ ချယ်က သတိထားတယ်။ ဒီလိုလူသူမရှိတဲ့အရပ်မှာ ဒီလိုအိမ်တစ်လုံးရှိနေတာကို ချယ့်စိတ်ထဲ ဘဝင်မတွေ့ဘူး။ ဒါနဲ့ အိမ်ထဲမဝင်သေးဘဲ သတိထားပြီး လေ့လာလိုက်တယ်။ ချယ်လာမှာကို ကြိုသိနေတဲ့ စုန်းမကြီးက ချယ့်ကို အနောက်ကနေ မှော်နှင်တံနဲ့ တို့ပြီး သတ်မလို့အလုပ်မှာ ချယ်ဟာ စုန်းမကြီးကို တန်ပြန်တိုက်ခိုက်လိုက်တယ်။ စုန်းမကြီးရဲ့ မှော်နှင်တံဟာ အဝေးကိုလွင့်သွားတယ်။ စုန်းမကြီးနဲ့ ချယ်ဟာ သူတစ်ပြန်ကိုယ်တစ်ပြန် ချကြတော့တာပဲ။ နောက်ဆုံးမှာ ချယ်က အခွင့်ကောင်းကို စောင့်ပြီးတော့ မှော်နှင်တံကိုအမြန်ကောက်ပြီး စုန်းမကြီးကို တို့လိုက်တဲ့အခါ စုန်းမကြီးဟာ သူ့လက်နက်နဲ့သူ သေဆုံးသွားရပါတော့တယ်။

ချယ်ဟာ သူ့မိတ်ဆွေ သုံးယောက်ကို စုန်းမကြီးရဲ့ မှော်နှင်တံသုံးပြီး ပြန်ရှင်အောင် လုပ်ပေးလိုက်ပြီးနောက်မှာတော့ စုန်းမကြီးရဲ့ မှော်နှင်တံဟာလည်း ပျောက်ကွယ်သွားပါတော့တယ်။

လူငယ်သုံးယောက်ဟာ သူတို့အသက်ကို ကယ်တင်ခဲ့တဲ့ ချယ့်ကို ပိုချစ်ခင်လေးစားသွားတယ်။ သူတို့ဟာ ခရီးဆက်သွားကြရင်း အနီးနားကတိုင်းပြည်မှာ ဘီလူးကြီးတစ်ကောင် သောင်းကျန်းနေကြောင်း တစ်နေ့ကို လူတစ်ယောက်စားပစ်နေလို့ အားလုံးက နေ့တိုင်းထိတ်လန့်နေကြရကြောင်း သတင်းကို ကြားလိုက်ရတယ်။ ပြီးတော့ ဘီလူးကြီးကို နှိမ်နင်းနိုင်တဲ့သူကို ဘုရင့်သမီးတော် မင်းသမီးနဲ့ လက်ဆက်ပေးမယ်လို့လည်း သိရတယ်။

ဒါနဲ့ လေးယောက်စလုံးဟာ ဘီလူးကြီးကို စွန့်စားပြီး နှိမ်နင်းကြဖို့ ဆုံးဖြတ်လိုက်တယ်။ ဘီလူးကြီးသောင်းကျန်းနေတယ်ဆိုတဲ့ တိုင်းပြည်ကိုသွားပြီး ဘုရင်ကြီးကို သူတို့ ဘီလူးကြီးကို နှိမ်နင်းပေးပါ့မယ့်အကြောင်း လျှောက်တင်ကြတယ်။ အဲဒီနေ့တင်ပဲ သူတို့လေးယောက်ဟာ ဘီလူးကြီးကို နှိမ်နင်းဖို့ တိုင်ပင်ကြတယ်။

ချယ်ဟာ တိုင်းပြည်မြို့လယ်ခေါင်မှာ မားမားမတ်မတ်ရပ်ပြီး
“ဘီလူးကြီး သတ္တိရှိရင် ထွက်ခဲ့၊ ကျုပ်ကို လာစားလှည့်” လို့ ဘီလူးကြီးကို စိန်ခေါ်လိုက်တယ်။
ဘီလူးကြီးကြားသွားတယ်။ ချယ့်ကိုစားပစ်ဖို့ ဘီလူးကြီးဟာ ဒေါသတကြီး ချဥ်းကပ်လာတယ်။ ဘီလူးကြီးတစ်လှမ်းလှမ်းလိုက်တိုင်း ‌မြေကြီးတွေတောင် တသိမ့်သိမ့်တုန်သွားတယ်။ လူတွေကလည်း ကြောက်ကြောက်နဲ့ ပုန်းနေကြရင်းက ချယ်တို့ ဘီလူးကြီးနဲ့ ရင်ဆိုင်မှာကို ချောင်းကြည့်နေကြတယ်။ ဒီလူငယ်လေးတွေအကုန်လုံးတော့ ဘီလူးကြီးရဲ့ အစာ ဖြစ်တော့မှာပဲလို့ အားလုံးက စိုးရိမ်နေကြတယ်။
အဲဒီအချိန်မှာ သစ်ပင်တွေကို ခေါင်းနဲ့တိုက်လှဲနိုင်စွမ်းရှိတဲ့ လူငယ်က ဘီလူးကြီးကို အနောက်ကနေ ဝင်တိုက်ပစ်လိုက်တယ်။ ဘီလူးကြီး မထင်မှတ်ဘဲ အနောက်က တိုက်ခိုက်ခံရလို့ ဘိုင်းခနဲ လဲသွားတယ်။ ချယ်က ဘီလူးကြီးပေါ်တက်၊ လက်တွေကိုလိမ်ချိုးပြီး ကြိုးနဲ့တုပ်ပစ်လိုက်တယ်။ ဝါးပင်တွေကို မြက်ပင်ကလေးလို အလွယ်နှုတ်ပစ်နိုင်စွမ်းရှိတဲ့ လူငယ်လေးက ဘီလူးကြီးရဲ့ နံရိုးတွေကို ဆွဲထုတ်ပစ်လိုက်တယ်။ အုတ်လှည်းတစ်ရာကို ဆွဲနိုင်တဲ့ လူငယ်က ဘီလူးကြီးကို ဒရွတ်တိုက်ဆွဲပြီး လှည့်ပစ်လိုက်တယ်။ နောက်ဆုံး ချယ်က ဘီလူးကြီးကို ကိုင်ပေါက်ပစ်လိုက်တာ ဘီလူးကြီး သေပွဲဝင်သွားရပါရောလား။

ဘုရင်ကြီး၊ မိဖုရား၊ မင်းသမီးလေးနဲ့ တိုင်းသူပြည်သားတွေဟာ လူသားစားဘီလူးကြီးရန်က လွတ်ပြီမို့ အပျော်ကြီးပျော်ပြီး အောင်ပွဲခံကြတယ်။ ဘုရင်ကြီးက ကတိအတိုင်း မင်းသမီးလေးနဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းတယ်။ လူငယ်လေးတွေကလည်း ချယ့်ကို ခေါင်းဆောင်အဖြစ်တင်မြှောက်ပြီး မင်းသမီးလေးနဲ့ လက်ထပ်စေတယ်။ ဘုရင်ကြီးကလည်း ကျန်တဲ့ လူငယ်သုံးယောက်ကို စစ်သူကြီးရာထူးတွေပေးပြီး ချယ့်ကိုလည်း မင်းသမီးလေးနဲ့ လက်ထပ်ပေးတဲ့အပြင် အမြင့်ဆုံး စစ်ဗျူဟာမှူးရာထူးပေးလိုက်ပါတော့တယ်။

အရင်က အစားကြီးတဲ့ ကောင်ကလေး ချယ်ထွတ်ချယ်ထိုင်ဟာ ခုတော့ အားလုံးလေးစားရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်နေပါပြီ။ ချယ်ဟာ အစားကြီးတဲ့သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေကိုမမေ့လျော့ဘဲ ဘယ်တော့မှ မဆင်းရဲတော့အောင် တစ်သက်လုံး ထောက်ပံ့သွားပါတော့တယ်။

ရွှေငါးပြန်လည်ရေးသားသည်။
#ShweNgar #kidstory #folktale #thaifolktale #story #thai
ပုံပြင်လေးကို နှစ်သက်တယ်ဆိုရင် Like/Love & Share လေး လုပ်ပေးခဲ့နော်

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------