Author's Profile Photo

the IX

22/01/2025

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 14 (BL)

10 mins read
Fiction

📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚

၁၄.

လရိပ် ငှားထားသောစာအုပ်များကို စာအုပ်ဆိုင်တွင်ပြန်အပ်ခဲ့သော်လည်း ယခုတစ်ပတ်အတွက်အသစ်ထွက်သည့်စာအုပ်များက ဆိုင်သို့မရောက်သေးကြောင်းသိလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်နှင့် အိမ်ဘက်သို့ပြန်လာခဲ့လိုက်သည် ။ ဤသို့ပြန်လာရင်းကမှ ထူးသစ်ပိုင်တို့အိမ်သည် စာအုပ်အငှားဆိုင်ဖွင့်ထားခြင်းဖြစ်ကြောင်းသတိရသွားပြီး ထူးသစ်ပိုင်တို့ဆိုင်တွင် မိမိဖတ်လိုသည့်စာအုပ် ရှိလေမည်လောဟု တွေးမိသွားသည် ။ ထို့ကြောင့် ထူးသစ်ပိုင်နှင့်မျက်နှာချင်းဆိုင်ရန် မဝံ့မရဲဖြစ်မိသော်လည်း အရဲစွန့်ကာ ထူးသစ်ပိုင်တို့စာအုပ်ဆိုင်ဘက်သို့ ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည် ။ ဤသို့လျှောက်လာရင်း ' နယ်သစ်ဦး ' ဟု အမည်ရသည့် လက်ဖက်ရည်ဆိုင်အနီးသို့ရောက်သောအခါ လေပြေ့ထက် အသက်အနည်းငယ်သာကြီးဟန်တူသောကောင်မလေးများက ပြုံးစိစိမျက်နှာပေးများနှင့် တစ်ယောက်နှင့်တစ်ယောက်တွတ်ထိုးကာ မိမိအနားမှ ဖြတ်သွားကြသည် ။ ဖြတ်သွားရင်းကလည်း

" အဲ့ဒီကိုကြီးထူးသစ်ပိုင်က အရမ်းမိုက်တာပဲ ..... ရုပ်လည်းဖြောင့်သလို သဘောလည်းကောင်းတယ် "

ဟု ပြောသွားကြသဖြင့် ထိုကောင်မလေးများကို သမင်လည်ပြန်လှည့်ကြည့်ကာ ထူးသစ်ပိုင်၏ပုံစံကို ပြန်မြင်ယောင်ကြည့်မိသည် ။ ထိုကောင်မလေးများပြောသလောက် ထူးသစ်ပိုင်၏ရုပ်ရည်ကမချောမောသော်လည်း သဘောကောင်းသည်မှာမှန်သောကြောင့် ယောင်ရမ်း၍ခေါင်းညိတ်ကာ စာအုပ်ဆိုင်ထဲသို့ဝင်လာခဲ့လိုက်သည် ။

◽

အဒေါ်အလတ်ဖြစ်သူက နေစောင်းမှစာအုပ်ဆိုင်ဖွင့်သော်လည်း ထူးသစ်ကမူ တစ်နေကုန်အိမ်ထဲတွင် လှဲလိုက် ၊ ထလိုက်လုပ်နေရသည်ကို ငြီးငွေ့လာပြီဖြစ်သောကြောင့် ညနေသုံးနာရီခွဲကတည်းက စာအုပ်ဆိုင်ကိုဖွင့်ထားလိုက်သည် ။

ဤသို့ စာအုပ်ဆိုင်စောစောဖွင့်သည်နှင့် မည်သည့်အချိန်ကတည်းက မိမိဆိုင်စောင့်သည်ကိုစောင့်နေမှန်းမသိသည့် ရပ်ကွက်ထဲမှ မိန်းမပျိုလေးများက စာအုပ်ငှားရန်ရောက်လာကြသည် ။ လေပြေနှင့် မတိမ်းမယိမ်းအသက်အရွယ်သာရှိပေအုံးမည့် ထိုမိန်းမပျိုလေးများကို စာ၌သာစိတ်ဝင်စားစေလိုသော်လည်း ထိုအရွယ်များက စိတ်ကစားတတ်သောအရွယ်များဖြစ်သောကြောင့် ယခင်တစ်ခေါက်ကကဲ့သို့ စာအုပ်ကြားထဲတွင်ညှပ်၍ပေးလာသောမေတ္တာစာများကို ဖွင့်မကြည့်တော့ပဲ အမှိုက်တောင်းထဲသို့သာ ထည့်ထားလိုက်သည် ။

◾

လရိပ် စာအုပ်ဆိုင်ထဲသို့ဝင်လာသောအခါ စာအုပ်ရွေးနေသောမိန်းကလေးနှစ်ဦးသာ ဆိုင်ထဲတွင်ရှိပြီး ထူးသစ်ပိုင်က စားပွဲတွင်ထိုင်ကာ စာအုပ်အငှားစာရင်းကိုမှတ်နေသဖြင့် ခြေလှမ်းတို့က အလိုလိုရပ်တံ့သွားမိသည် ။

သို့သော် ....
ထူးသစ်ပိုင်အပေါ်တွင် မိမိဘက်က အပြစ်ကျူးလွန်ထားခြင်းမရှိသောကြောင့် ထူးသစ်ပိုင်အနားသို့လျှောက်သွားလိုက်ပြီး

" ဘာစာအုပ်အသစ်ထွက်လဲ "

ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က မိမိကိုမော့မကြည့်ပဲ

" စာအုပ်အသစ်တွေကဒီမှာ "

ဟု ပြောပြီး စာအုပ်ပုံနှစ်ပုံကို လက်နှင့်ပုတ်ပြသဖြင့် ထိုစာအုပ်ပုံထဲမှ အပေါ်ဆုံးတစ်အုပ်ကို ယူကြည့်လိုက်သည် ။ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော ' နွေကန္တာဦး ' စာအုပ်ဖြစ်နေသောကြောင့် ထိုစာအုပ်ကို ထူးသစ်ပိုင်၏အရှေ့တွင်ချပေးလိုက်ပြီး

" ဒါယူမယ် "

ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က မိမိ၏စကားကို

" ဟုတ်ကဲ့ ..... ခဏလေးနော် "

ဟု တုံ့ပြန်ပြီးမှ ဖြတ်ကနဲမော့ကြည့်လာကာ

" လရိပ်အေး "

ဟူ၍ ခေါ်သည် ။ ထိုသို့ မိမိအမည်အားခေါ်ကာ မိမိအားမော့ကြည့်လာသော ထူးသစ်ပိုင်၏မျက်လုံးဝိုင်းများက မိမိကို အသက်ရှုရခက်ခဲလာသလိုခံစားရစေသောကြောင့် အကြည့်လွှဲလိုက်ပြီး တွေ့ရာစာအုပ်တစ်အုပ်ကို ကောက်လှန်ကြည့်လိုက်သည် ။

◽

ကျောင်းစတက်စဥ်က မိမိအားမပတ်သတ်လိုသည့်ဟန်ကိုသာပြခဲ့သောလရိပ်အေးက ယနေ့တွင် မိမိတို့စာအုပ်ဆိုင်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကာ စာအုပ်ငှားနေသောကြောင့် ထူးသစ် အံ့သြသွားပြီး

" လရိပ်အေး "

ဟု ခေါ်လိုက်သည် ။ လရိပ်အေးက မိမိခေါ်သည်ကို ပြန်မတုံ့ပြန်ပဲ စာအုပ်အပုံထဲမှစာအုပ်များကို ယူကြည့်နေသောကြောင့် မိမိဖတ်ရန်သီးသန့်ဖွက်ထားသည့်စာအုပ်ခြင်းတောင်းကို စားပွဲပေါ်သို့တင်လိုက်ပြီး

" ဒီထဲကရော ကြိုက်တာရှိလား ..... ရှိရင်ယူသွား ..... အဲ့ဒီတစ်အုပ်စာအတွက်ငှားခမပေးနဲ့ "

ဟု ပြောလိုက်သည် ။ လရိပ်အေးက မိမိစကားအတိုင်း ခြင်းတောင်းထဲမှစာအုပ်များကိုကြည့်နေစဥ် မိန်းကလေးတစ်ဦးကရောက်လာပြီး ငှားထားသည့်စာအုပ်ကိုပြန်ပေးသည် ။ ထိုစာအုပ်က ' စုံထောက်မောင်စံရှား ' စာအုပ်ဖြစ်သောကြောင့် လရိပ်အေးကို

" စုံထောက်ဝတ္ထုကြိုက်ရင် ဒါဖတ်ကြည့် .... ဖတ်လို့ကောင်းတယ် "

ဟု ပြောလိုက်သည် ။ လရိပ်အေးက ခေါင်းညိတ်၍

" ဖတ်မယ်လေ "

ဟု ပြောသောကြောင့် စာအုပ်နှစ်အုပ်၏အမည်ကို မိမိစာရင်းစာအုပ်တွင်မှတ်လိုက်ပြီး လရိပ်အေးကို ကမ်းပေးလိုက်သည် ။

◾

ထူးသစ်ပိုင်တို့စာအုပ်ဆိုင်ထဲမှထွက်လာသော လရိပ်တစ်ယောက် မည်သည့်အကြောင်းကြောင့် ဤမျှလောက် တာဝေးအပြေးပြိုင်ထညးသူကဲ့သို့ ရင်မောကာ ကတုန်ကယင်ဖြစ်နေမိမှန်းမသိတော့ ။ ထို့ကြောင့် လက်ထဲတွင်ကိုင်လာသော စာအုပ်နှစ်အုပ်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး မိမိတို့လမ်းထိပ်ရှိအုတ်ခုံတွင်ထိုင်လိုက်သည် ။

ဆောင်းအကုန်နွေအကူး နွေဦးကာလဖြစ်သော်လည်း ရာသီဥတုကမပူသေးပဲ အအေးဓာတ်ရှိနေဆဲဖြစ်သော်ငြား မိမိကမူ တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်ကာ ချွေးစေးများပင်ထွက်လာသည် ။

" ငါဖျားများဖျားနေပြီလား "

ဟု တွေးကာ နဖူးပေါ်သို့ လက်တင်ကြည့်လိုက်မိသော်လည်း အပူကိုမခံစားရ ။ ထူးသစ်ပိုင်နှင့် ခတ္တစကားပြောရုံလောက်နှင့် ယခုလိုထူးထူးဆန်းဆန်းခံစားချက်ကိုခံစားရသည်မှာ ထူးဆန်းသောကြောင့် ခေါင်းကိုရမ်းလိုက်ပြီး ထိုင်ရာမှထကာ အိမ်ဘက်သို့ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည် ။

◽

နေ့လည်ထမင်းစားပြီးသည့်အချိန်ကအပြင်ထွက်သွားသော အဒေါ်အလတ်ဖြစ်သူက ညနေငါးနာရီခွဲတွင်ပြန်ရောက်လာသည် ။

စာအုပ်လာငှားသည့်လူမရှိသေးသောကြောင့် စာအုပ်များကို သပ်သပ်ရပ်ရပ်စီနေသောမိမိကိုမြင်သောအခါ

" မောင်ထူးသစ်လေးပင်ပန်းနေပြီလား "

ဟု ပြုံး၍ပြောသည် ။ ထို့ကြောင့် ပြုံးပြလိုက်ပြီး

" အရမ်းပင်ပန်းနေပြီမို့လို့ မုန့်စားဖို့လိုအပ်နေပြီ "

ဟု စလိုက်သည် ။

" ဘဲသားမုန့်နဲ့စီလုံးတီး တော့်အတွက်ဝယ်လာပါတယ်တော် "

ဟူသော စကားကို အဒေါ်အလတ်ဖြစ်သူကပြောသဖြင့်

" စားမယ် "

ဟု အော်လိုက်သည် ။ ပါးစပ်က မုန့်စားမည်ဟုပြောလိုက်သော်လည်း တကယ်တမ်းတွင်မူ ဗိုက်မဆာသေးသောကြောင့် အဒေါ်အလတ်ဖြစ်သူကို

" ကြီးလတ်ပင်ပန်းလာတယ်မဟုတ်လား ..... သွားနားလေ ..... ဆိုင်ကိုသားပဲဆက်စောင့်လိုက်မယ် "

ဟု ပြောလိုက်သည် ။ အဒေါ်အလတ်ဖြစ်သူက

" ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်ရှင် "

ဟု ပြောကာ အိမ်ထဲသို့ဝင်သွားသဖြင့် စီလက်စစာအုပ်ပုံကို ဆက်စီလိုက်သည် ။

◾

နေ့လည်ကတည်းကဖွင့်ထားသော ထူးသစ်၏စာအုပ်ဆိုင်သည် ညပိုင်းတွင် စာအုပ်လာငှားသူများနေသဖြင့် ညကိုးနာရီကျော်မှပိတ်ဖြစ်သည် ။ ထို့ကြောင့် အကြောဆန့်လိုက်ပြီး

" ညောင်းလိုက်တာကွာ "

ဟု ရေရွတ်လိုက်သည် ။ ပြီးမှ ပိုက်ဆံသေတ္တာနှင့် အိမ်ထဲသို့သွင်းရမည့်စာအုပ်ခြင်းတောင်းကိုယူကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။ အိမ်ထဲသို့ရောက်သောအခါ အဒေါ်အလတ်ဖြစ်သူကလည်း ထမင်းစားခန်းထဲမှထွက်လာပြီး

" ထမင်းစားမယ် မောင်ထူးသစ် "

ဟု ပြုံး၍ပြောသည် ။ ထို့ကြောင့်

" ဟုတ် ..... လာပြီ ကြီးလတ် "

ဟု ပြောလိုက်ပြီး သယ်လာသောပစ္စည်းနှစ်ခုအနက် ပိုက်ဆံသေတ္တာကို အဒေါ်အကြီးဆုံးဖြစ်သူနှင့်အဒေါ်အလတ်ဖြစ်သူ၏အခန်းထဲတွင် ဝင်ထားလိုက်ကာ ထမင်းစားခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။

မိမိထမင်းစားခန်းထဲသို့ရောက်သည်နှင့် အဒေါ်အကြီးဆုံးဖြစ်သူက

" လာထိုင် သားလေး ..... သားကြီးလတ်က ကြာဆံကြော်ဝယ်လာသေးတယ် ..... ထမင်းလေးနဲ့စားမလား "

ဟု ဆီးမေးသည် ။ ထို့ကြောင့် ပြုံး၍ခေါင်းညိတ်လိုက်ပြီး မိမိထိုင်နေကျနေရာတွင်ဝင်ထိုင်လိုက်သည် ။

◽

ပါးစပ်ထဲသို့ရောက်လာသော ကြာဆံကြော်၏အရသာနှင့်အနံ့သည် သေသွားလျှင်ပင်မေ့နိုင်မည်မဟုတ်သော အနံ့နှင့်အရသာဖြစ်နေသောကြောင့် ထူးသစ် ထွေးထုတ်ပစ်လိုက်လိုသော်လည်း အတူရှိနေသည့်အဒေါ်သုံးယောက်ကို အားနာသောကြောင့် ကြိတ်မှိတ်မြိုချလိုက်ပြီး ထမင်းအဖြူကိုသာ ခပ်စားနေမိသည် ။ ဤသည်ကို အဒေါ်အကြီးဆုံးဖြစ်သူက သတိထားမိသွားပြီး

" ဘာဖြစ်လို့လဲ သား ..... စားလို့မကောင်းဘူးလား "

ဟု မေးလာသည် ။ ထို့ကြောင့် ခေါင်းခါပြလိုက်ပြီး

" ဗိုက်သိပ်မဆာလို့ ကြီးမေ "

ဟု အဖြေပေးလိုက်သည် ။ အဒေါ်အကြီးဆုံးဖြစ်သူက မိမိအား စူးစမ်းဟန်ဖြင့်ကြည့်ကာ

" အဲ့ဒါဆို အတင်းမစားနဲ့လေ သားလေးရဲ့ ..... အန်ထွက်ကုန်အုံးမယ် "

ဟု ပြောသည် ။ အဒေါ်အကြီးဆုံးပြောသလို သည်းခံ၍မစားလိုသလို စားနေသည်များကိုပင် သွန်ပစ်လိုက်လိုသည့်စိတ်က ကြီးစိုးနေသော်လည်း ဒေါသကိုအရှေ့ထားလျှင်မှားမည်ဖြစ်သည်ကိုသိနေသောကြောင့် သည်းခံ၍ပြုံးကာခေါင်းညိတ်လိုက်ပြီး

" ဒါဆို သားအခန်းထဲဝင်တော့မယ်နော် ..... ခြေထောက်ကအခုမှအရမ်းနာလာလို့ "

ဟု မုသားစကားဆိုကာ မတ်တပ်ထရပ်လိုက်သည် ။ မိမိ၏အဒေါ်သုံးယောက်စလုံးက မတားဆီးသောကြောင့် စားလက်စထမင်းနှင့်ကြာဆံကြော်ကို အမှိုက်တောင်းထဲသို့ထည့်လိုက်ပြီး ပန်းကန်ဆေးကာ ထမင်းစားခန်းထဲမှထွက်လာခဲ့လိုက်သည် ။

◾

ထူးသစ် အခန်းထဲသို့ရောက်သည်နှင့် ရေချိုးခန်းထဲသို့ပြေးဝင်ကာ စားထားသည့်ကြာဆံကြော်များနှင့်ထမင်းတို့ကို ပြန်အန်ထုတ်လိုက်မိသည် ။

နေ့လည်စာစားထားသည့်အချိန်နှင့် ညစာစားသည့်အချိန်က ကြားထဲတွင်အတော်ဟနေသည့်အပြင် စားထားသည့်ညစာကလည်း ဆယ်လုတ်ပင်မပြည့်သောကြောင့် အန်ပြီးသောအခါ အလွန်မောပန်းနေပြီဖြစ်သည် ။ ထို့ကြောင့် အလိုလိုကျလာသောမျက်ရည်များကို လက်ခုံနှင့်ဖိသုတ်ပစ်လိုက်ပြီး အုတ်ကန်ကိုမှီကာ ထိုင်ချလိုက်သည် ။

အုတ်ကန်၏နံရံက အေးနေသောကြောင့် မောပန်းနွမ်းနယ်မှုများ အနည်းငယ်သက်သာသွားသော်လည်း တစ်နေကုန်တည်ငြိမ်နေသောစိတ်တို့က ပြန်လည်လှုပ်ရှားလာသည် ။ ထို့ကြောင့် နားနှစ်ဖက်ကို လက်နှင့်အုပ်လိုက်ပြီး

" တောင်းပန်ပါတယ် ..... ကျွန်တော့်ကိုဘာမှမလုပ်ပါနဲ့ "

ဟု ခပ်တိုးတိုးရေရွတ်လိုက်မိသည် ။

◽

လရိပ်၏ ညနေကတည်းက ရင်ခုန်စိတ်လှုပ်ရှားနေသောခံစားချက်သည် ညစာစားရမည့်အချိန်ရောက်သည်အထိ မပျောက်သေး ။ ထို့ကြောင့် လေပြေက

" ကိုကြီးရေ ..... အမေက ထမင်းလာစားတော့တဲ့ "

ဟု လာခေါ်သည်ကိုပင် သွားမစားတော့ပဲ ယခုအချိန်အထိ ထိပင်မထိရသေးသော ငှားလာသည့်ဝတ္ထုစာအုပ်ကို လှန်ကြည့်လိုက်သည် ။ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော ' နွေကန္တာဦး ' စာအုပ်သည် တက္ကသိုလ်ဘုန်းနိုင်ပီသစွာ လွမ်းမောဖွယ်ရာဇာတ်လမ်းနှင့် အစပြုထားသည် ။ ထို့ကြောင့် လတ်တလောခံစားနေရသောခံစားချက်များပင်ပျောက်သွားကာ စာအုပ်ထဲတွင် စျာန်ဝင်သွားမိသည် ။

⭕

၁ ။

မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ အပြည့်အဝဝင်ရောက်နေပြီဖြစ်သည့်အပြင် မနက်ခုနစ်နာရီလည်းခွဲလုပြီသော်လည်း ထူးသစ် အိပ်ရာမှမထလိုသေး ။

တစ်ကိုယ်လုံး ကိုက်ခဲကာ မျက်ခွံတို့ကလည်း လေးလံနေဆဲဖြစ်သည် ။ ထို့အပြင် ခြေထောက်ဒဏ်ရာကလည်း မသက်သာသေးသောကြောင့် ကျောင်းသွားရန်မတတ်နိုင်သေး ။ ထို့ကြောင့် ခြုံထားသောစောင်ကို တစ်ကိုယ်လုံးလုံအောင်ဆွဲခြုံလိုက်ပြီး ပြန်အိပ်ရန်ဟန်ပြင်လိုက်သည် ။ ထိုစဥ်

" အဲ့ဒါအကုန်လုံးနင့်အပြစ်တွေပဲ နင့်ကြောင့်ဖြစ်ရတာ "

" ဂြိုလ်ဆိုးကောင် "

ဟု အော်လိုက်သော အမျိုးသမီးတစ်ဦး၏အသံကိုကြားရသည် ။ အသံက အနီးအနားမှထွက်ပေါ်လာခြင်းဖြစ်သောကြောင့် လန့်ဖြန့်သ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်အသစ်နှင့်အဟောင်းThe Eternal Existenceသည်းခြေကြိုက် စာအုပ် ၆ အုပ်ဒီကဗျာလေး ဖတ်ကြည့်ပါရပ်တန့်ရမယ့်အချိန်ဆုလာဘ်ဟာရူကီမူရာကာမိဆိုတာ

Unlock to read this premium article with 10 points.