Author's Profile Photo

Tain Hlwar Nge

20/01/2025

“စိတ်ကင်ဆာပေးတဲ့ လူ”

1 min read
General Knowledge
Environment & Sustainability
“စိတ်ကင်ဆာပေးတဲ့ လူ”'s photo

အကြောက်ဆုံးကတော့ သူများတွေကို စိတ်ကင်ဆာပေးတဲ့သူဖြစ်မှာကိုပဲ။

ငါက သူများတွေအတွက်အရမ်းကြီးကြည့်ပြီး
သူတို့အပေါ်အမြဲတမ်းကောင်းပေးနေတဲ့ လူတစ်ယောက်တော့မဟုတ်ဘူးရယ်။

ဒါပေမဲ့ ငါ့သမိုင်းကို ပြန်ကြည့်ရရင်

ဘယ်သူ့အပေါ်ကိုမှ ရည်ရွယ်ချက်ရှိရှိ မယုတ်မာဘူး၊ အကြံအစည် ကြီးကြီးမကောက်ကျစ်ဘူး။
ဒါဟာ လူကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်ဆိုလည်း ငါဟာ လူကောင်းပေါ့။

ငါက လူကောင်းဖြစ်ဖို့ထက် လူဆိုး မဖြစ်ဖို့ကြိုးစားနေထိုင်ခဲ့တယ်။

နေထိုင်နေရင်းငါသတိထားမိလာတာတစ်ခုက ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ လူတွေကို စိတ်ကင်ဆာပေးနေမိခဲ့တာကိုပဲ။

ဘယ်သူတွေကို ပေးမိသလဲဆိုရင် အရင်းနှီးဆုံး၊အချစ်ဆုံးပါဆိုတဲ့လူတွေကိုတဲ့လေ။

ယုံကြည်ပါတယ်ဆိုတဲ့ စကားနဲ့ ငါ့ပြဿနာအားလုံးနီးပါးကို ရင်ဖွင့်ပြမိတယ်။

ဒီလိုနဲ့ ငါ့အသိုင်းအဝိုင်းမှာ ငါဟာ ငြီးငြူသူ ဖြစ်ခဲ့လောက်တယ်။

ငါ့လိုပဲ ငြီးငြူသူတစ်ယောက်နဲ့ ဆုံလိုက်ရပြီး
ငါ့လိုပဲ ယုံကြည်လို့ပါဆိုတဲ့စကားနဲ့ ပြဿနာပေါင်းစုံကို ပြောပြတာ ဆက်တိုက်ခံလာရတဲ့အခါ

သူ့ကို အခြားသူတွေ ဘာ့ကြောင့်မပေါင်းသလဲဆိုတာ ငါသိလိုက်ရတယ်။

တွေ့တာနဲ့ တစ်မျိုးမဟုတ်တစ်မျိုးသော အဆင်မပြေကြောင်းတွေစပြောလွန်းတဲ့ သူကို ဘယ်သူကများ စဉ်ဆက်မပြတ် နှစ်သိမ့်ပေးချင်မှာလဲလေ နော်။

အဲ့ဒီအတွေးဝင်လိုက်မိတာနဲ့ တစ်ပြိုင်နက်
ငါ့ကို ပစ်ပယ်မသွားဘဲ(ငါ့ရဲ့ငြီးငြူတတ်တဲ့အကျင့်ကို သူတို့လည်း စိတ်ကုန်ရင် ကုန်မှာပေါ့) အခုထိ သည်းခံပြီး ဆက်ရှိနေပေးတဲ့ အနီးနားကလူတစ်စုကို ကျေးဇူးတင်သလို အများကြီးလည်း အားနာရတယ်။

ဒါ့ကြောင့် ရှေ့လျှောက်တော့ ယုံကြည်လို့ပါဆိုတဲ့စကားနဲ့ အယုံကြည်ရဆုံးလူတွေကို စိတ်ကင်ဆာ မပေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခံစားချက်တွေက ကူးစက်တတ်တယ်လေ ဟုတ်လား။

ဒီတော့ ကိုယ့်ကြောင့် ‌ကိုယ်ချစ်ရတဲ့သူတွေ စိတ်ကင်ဆာရ၊ အင်နာရာဂျီကျနေရမယ်ဆိုရင်

-ငါတို့က ပေါင်းသင့်တဲ့သူ ဟုတ်ပါ့ဦးမလား။

-သူတို့ကိုရော တကယ်ချစ်တာပါလို့ ဆိုလို့ ရပါဦးမလား။

(စာကြွင်း-အယုံကြည်ရဆုံးလူတွေကို လုံးဝရင်မဖွင့်နဲ့လို့ ပြောတာမဟုတ်ပါဘူး၊
အဆင်မပြေဘူးဆိုတဲ့ခံစားချက်ကြီးကို ရင်ဝယ်ပိုက်ပြီး စသိတဲ့ရက်က စ၊နောက် ရက်တွေ ဆက်တိုက် တွေ့တာနဲ့ အဆင်မပြေကြောင်း အကျင့်တစ်ခုလို မပြောမိစေဖို့ သတိပေးခြင်းပါ။)

Lilac

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း