ညဉ့်ယံ[ Nyint Yan ]
"ကြီးထူး!...ကြီးထူး!"
နန်းစံ ကြီးထူးဆိုတဲ့ ငါးရောင်းတဲ့အဒေါ်ကြီးရဲ့ ခြံရှေ့သို့ရောက်နေခြင်းဖြစ်သည်။ ရွာထဲမှာ အသားငါးဝယ်စားသူက ရှားတာမို့ ရောင်းတဲ့သူကလည်း တစ်ယောက်စ၊နှစ်ယောက်စသာ ရှိတယ်။ အတော်များများက ကောက်စိုက်တဲ့အလုပ်ကိုသာ လုပ်ကြတာများတယ်လေ။ သရေစာမုန့်ကိုတောင် ရောင်းတဲ့သူက သူနဲ့ နောက်နှစ်ယောက်၊သုံးယောက်လောက်ပဲရှိတာ။ အသီးအရွက်ကြလည်း ရွာမှာရှားတဲ့ အသီးအရွက်တွေရမှသာ တစ်ခါတစ်လေ ဝယ်စားကြတာ။ တော်တော်များများကတော့ ကိုယ့်အိမ်မှာကိုယ် တစ်နိုင်တစ်ပိုင် ချက်စားကြတာများတယ်...
နန်းစံတို့တောင် တဲနောက်မှာ ခရမ်းချည်သီးပင်၊ ငရုတ်သီးပင်တို့လောက်တော့ ရှိတယ်။ တစ်ခါတစ်လေဆို အိမ်ရှေ့ကမာလကာပင်ကတောင် မာလကာသီးရသေးတယ်။ ခုနကပြောသလိုပဲ အသား၊ငါးကတော့ ရွာမှာ သုံးသည်ပဲရှိတယ်။ အသားအတွက် ဘကြီးမောင်ရှိပြီး၊ ငါးအတွက်တော့ ကြီးထူးနဲ့ဦးလေးဖိုးကျော်တို့ရှိတယ်။ ကြီးထူးကတော့ သူ့ယောက်ျားဖမ်းလာတဲ့ ချောင်းကငါးတွေကိုအဓိကရောင်းပေမယ့် ဦးလေးဖိုးကျော်ကတော့ အခြားသူတွေဖမ်းလာပြီး သူ့ဆီလာသွင်းတဲ့ငါးတွေကို သူ့အရက်ဆိုင်အတွက် အမြည်းလုပ်ဖို့ပြန်ဝယ်နေကြလေ။ ပိုတဲ့ဟာတွေကိုတော့ ပြန်ရောင်းတာပေါ့...
ရွာမှာတော့ အသား၊ငါးသည်က သူတို့သုံးယောက်ပဲရှိသလို ဝယ်စားတဲ့သူကလည်း သူကြီးနဲ့ နည်းနည်းအဆင်ပြေတဲ့ ကြီးကြီးတို့အိမ်လို လေး၊ငါး အိမ်လောက်ကပဲ အမြဲဝယ်စားကြတာဆိုတော့ ဦးလေးဖိုးကျော်ကလွဲ ဘကြီးမောင်နဲ့ကြီးထူးတို့က အခြားရွာဘက်လိုက်ရောင်းလေ့ရှိတယ်။ ဘကြီးမောင်ကတော့ တစ်ခါတစ်လေ အူချောင်းတို့၊အသားခြောက်တို့လုပ်ပြီး မြို့ထိတက်ရောင်းတဲ့အခါလည်းရှိတာပေါ့။ အသားကတော့ ဒီအနီးတစ်ဝိုက်မှာ ပိုက်ဆံလေးအဆင်ပြေတာနဲ့ဝယ်စားကြပေမယ့် ငါးကတော့ ရွာသားတော်တော်များများက ချောင်းထဲမှာ သွားသွားမျှားနေတာမို့ ကြီးထူးလည်းအများကြီး ရောင်းရတယ်ရယ်လို့မရှိရှာဘူး။ အဲ့တာကြောင့်လည်း သူကဘကြီးမောင်လို ရွာမှာသိပ်ရောင်းလေ့မရှိဘူး။ ရေရှားတဲ့ရွာ၊ ချောင်း၊ကန်ရှားတဲ့ရွာတွေကိုပဲ လိုက်ရောင်းလေ့ရှိတယ်။ ခုလည်း ဒီလောက်ထိခေါ်နေတာတောင် ခြံထဲကနေ ဘာအသံမှမကြားရတာမို့ အခြားရွာဘက်သွားရောင်းနေပြန်ပြီထင်ပါတယ်လေ...
နန်းစံ အော်ခေါ်နေရတာစိတ်မရှည်တော့တာမို့ တောင်းကိုပြန်ပိုက်ပြီးတော့သာ ထိုနေရာကနေထွက်ပြီး ခရေပင်ကြီးရှိရာကို ဦးတည်လိုက်တော့တယ်။ မနက်ဖြန်အတွက် ခရေပန်းကောက်ပြီးမှပဲ ဒီကိုပြန်လာကြည့်တော့မယ်လို့ တွေးရင်းနဲ့ပေါ့...
-
-
-
"ဟယ်..."
နန်းစံ ခရေပင်ကြီးနဲ့မလှမ်းမကမ်းမှာကတည်းက ခရေပင်ကြီးအောက်ထိုင်နေတဲ့ ဟိုလူ့ကိုတွေ့လိုက်တာကြောင့် ကြောင်နေမိတယ်။ ဒီလူ ဒီနေရာကိုဘာလာလုပ်ပြန်ပြီလဲမသိပါဘူး။ ကိုကြီးတို့ကလည်း မြို့ကသူငယ်ချင်းလာတယ်ပြောပြီး တစ်ခါမှလည်း အတွဲလိုက်တွေ့တာမရှိသေးဘူး...
"ညီမ..."
နန်းစံ သူ့ကိုမြင်တာနဲ့ ခရေပင်ကြီးကိုမှီပြီးထိုင်နေရာကနေ ထကာနှုတ်ဆက်နေတဲ့ ထိုလူ့ကြောင့် နန်းစံလည်းဘုမသိဘမသိ ပြုံးပြလိုက်တယ်...
"အကိုက ညီမကိုဒီမှာ လာစောင့်နေတာ..."
"ရှင်..."
နန်းစံ တောင်းကိုချကာ ခေါင်းခုပုဆိုးကို ခရေပန်းကောက်ဖို့အတွက် မြေပေါ်ခင်းလိုက်တုန်းရှိသေးတယ် ထိုလူ့ဆီကထွက်လာတဲ့စကားကြောင့် ထိုလူ့ကိုမော့ကြည့်လိုက်မိတယ်။ သူ့ကိုစောင့်နေတာတဲ့လား။ ဘာအတွက်လဲ...
"ဘာလို့လဲ ကိုအာကာ..."
"နန်းစံက နာမည်မှတ်မိသားပဲ..."
"အကိုလည်း ညီမနာမည်မှတ်မိတယ်မလား..."
"ဟုတ်တာပေါ့။ ရော့...ဒါက ဟိုနေ့က ညီမအကို့ကို ကူညီပြီးအိမ်လိုက်ပို့ပေးတဲ့အတွက် အကိုကကျေးဇူးဆပ်တဲ့သဘောအနေနဲ့ ပေးတာပါ..."
"ဒါလေးက..."
နန်းစံ ကိုအာကာ့လက်ထဲက လက်ကိုင်ပုဝါအဖြူလေးနဲ့ပတ်ထားတဲ့ ဝါးဆံထိုးသေးသေးလေးကို အံ့ဩတကြီးကြည့်မိတယ်...
"လှလိုက်တာ..."
"သဘောကျလား နန်းစံ..."
"သဘောက ကျဝာာတော့ကျပါတယ်။ ဒါပေမယ့် နန်းစံ လက်မခံပါရစေနဲ့။ နန်းစံက ဒီတိုင်းသဘောရိုးနဲ့ကူညီတာပါ..."
"နန်းစံက သဘောရိုးနဲ့ကူညီသလို အကိုကလည်းသဘောရိုးနဲ့ လက်ဆောင်ပေးတာပါ။ ဒါလေးက မနေ့ကမန္တလေးတောင်ပေါ်ကို ပြည့်စုံလိုက်ပို့တုန်းက နန်းစံအတွက်ရည်ရွယ်ပြီး ဝယ်လာခဲ့တာ..."
"ကိုကြီးလိုက်ပို့တာလား..."
"ကိုကြီး...နန်းစံက ပြည့်စုံကိုသိတာလား..."
"သိတာပေါ့။ အိမ်ကိုတောင်သိလို့ ကိုအာကာ့ကိုလိုက်ပို့ပေးခဲ့တာပါဆို အဲ့အိမ်ကလူတွေကို မသိဘဲနေမလား။ ပြီးတော့ ကိုကြီးပြည့်စုံတို့ မကြီးဝေဝေမြင့်တို့ သူဇာမေတို့က နန်းစံရဲ့မောင်နှမ တစ်ဝမ်းကွဲတွေပဲလေ..."
"ဘယ်လို..."
နန်းစံ အံ့ဩသွားပုံပေါ်တဲ့ ကိုအာကာကြောင့် ရီမိတယ်။ ဒီမြို့သားက ဘယ်လိုလဲနော်။ အတော်တုံးတာပဲ...
"ကိုအာကာက တော်တော်ရိုးအတာပဲ..."
"နန်းစံကလည်း အကိုကရိုးအတာမဟုတ်ပါဘူး..."
"ဟုတ်ပါပြီ..."
"အကို့ကိုပဲလှောင်မနေနဲ့ဦး။ အကိုပေးတဲ့လက်ဆောင်လေးလည်း လက်ခံပေးနော်..."
နန်းစံ သူ့လက်ထဲကို ဆံထိုးကြီးအတင်းကြီးထိုးပေးလာတဲ့ ကိုအာကာကြောင့် ဘယ်လိုငြင်းရမလဲတောင်မသိဖြစ်နေတော့တယ်...
"လက်ခံပေးပါနော် နန်းစံ..."
"ဒါပေမယ့်..."
"အကို့ကို ရွာမှာကြိုဆိုတဲ့အနေနဲ့ပဲဖြစ်ဖြစ်လေ..."
နန်းစံ သူ့ကိုလက်ဆောင်လက်ခံဖို့အတွက် မျက်နှာငယ်နဲ့တောင်းဆိုနေတဲ့ ကိုအာကာ့ကြောင့် မငြင်းရက်တော့ဘဲ လက်ခံဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဆံထိုးပုံကြည့်ရတာ သိပ်လည်းအဖိုးအခကြီးပုံမပေါ်တာကြောင့် ရဲရဲကြီးလက်ခံလို့အဆင်ပြေမှာပါလေ...
"နန်းစံ လက်ခံလိုက်ပါ့မယ်။ ဒါပေမယ့် နောက်တစ်ခါကြရင်တော့ နန်းစံဘာကိုမှလက်မခံတော့ဘူးနော်..."
"ဟုတ်ပါပြီဗျာ...အကို ဆံထိုးထိုးပေးမယ်..."
"ရှင်...ရပါတယ်..."
နန်းစံ စကားတောင်မဆုံးသေးခင်မှာဘဲ ရုတ်တရက်လက်ထဲက ဆံထိုးလေးကိုယူပြီး ခေါင်းမှာပန်ပေးလာတဲ့ ကိုအာကာ့ကြောင့် နန်းစံရင်ထဲမယ် ငလျှင်လှုပ်သွားသလို မတည်မငြိမ်တွေခံစားနေရတယ်။ နီးကပ်နေတဲ့ ကိုအာကာ့ခန္ဓာကိုယ်ကနေရနေတဲ့ ခပ်စူးစူးမွှေးရနံ့ကလည်း နန်းစံရဲ့နှာဖျားဆီ တိုးကာဝင်လာနေခဲ့တယ်...
"နန်းစံနဲ့ လိုက်တာပဲ။ မျက်နှာကြီး နီနေပါလား နန်းစံ။ နေမကောင်းဘူးလား..."
"ရပါတယ်..."
နန်းစံရဲ့ နဖူးကိုအဖျားစမ်းသလို လာထိဖို့လုပ်နေတဲ့ ကိုအာကာ့ကြောင့် နန်းစံချက်ချင်းတားကာ အနောက်ကိုတစ်လှမ်းဆုတ်လိုက်တော့တယ်...
"နန်းစံ အဆင်ပြေတာသေချာရဲ့လား..."
"သေချာပါတယ်..."
"အဲ့တာဆို ပြီးတာပါပဲ။ နန်းစံ ခရေပန်းကောက်မလို့မလား။ အကိုကူကောက်ပေးမယ်နော်..."
"ရပါတယ်..."
နန်းစံ ရပါတယ်လို့ပြောပေမယ့်လည်း ဆက်ခနဲထိုင်ကာ မြေပေါ်က ခရေပန်းပွင့်လေးတွေကို ခင်းထားတဲ့ပုဆိုးထဲ အလိုက်တသိထည့်ပေးနေတာကြောင့် ပြောမရတဲ့အဆုံးနန်းစံလည်း လွှတ်ထားလိုက်တော့တယ်...
"ဒါနဲ့လေ နန်းစံရဲ့အသက်ဘယ်လောက်လဲ..."
"နန်းစံက ဆယ့်ငါးနှစ်ပြည့်တော့မှာပါ..."
"ဘယ်လို!"
နန်းစံ ကိုအာကာ့ရဲ့မေးခွန်းကို သဘောရိုးနဲ့ဖြေလိုက်ပေမယ့် ရုတ်တရက်မျက်နှာပျက်သွားတဲ့ ကိုအာကာ့ကြောင့် သူစကားပြောတာများမှားသွားတာလားဆိုပြီး စိတ်ပူမိတယ်...
"ဘာဖြစ်လို့လဲ ကိုအာကာ..."
"ဘာရယ်မဟုတ်ပါဘူး။ အကိုက နန်းစံကို ဆယ့်ရှစ်၊ဆယ့်ကိုးလောက်တော့ရှိပြီထင်နေခဲ့တာ..."
"မဟုတ်ပါဘူး။ နန်းစံက နောက်လထဲမှ ဆယ့်ငါးပြည့်မှာ..."
"အော်...နန်းစံက အရပ်ရှည်ပြီးထွားတော့ အကိုက အနည်းဆုံးတော့ ဆယ့်ခုနှစ်လောက်ရှိလိမ့်မယ်လို့ ထင်ထားတာ။ တကယ် ကလေးလေးပဲ..."
"နန်းစံက ငယ်ပါသေးတယ်။ အလုပ်များများလုပ်ရလို့သာ နန်းစံရုပ်က ရင့်နေတာဖြစ်မယ်..."
"မဟုတ်ပါဘူး။ နန်းစံက မရင့်ပါဘူး။ မပြင်မဆင်နေလို့ပါ။ အကို့ကိုရော အသက်ဘယ်လောက်ထင်လဲ ..."
"နှစ်ဆယ့်သုံး..."
"ဟား...တော်လှချည်လား။ နန်းစံက ဘယ်လိုသိတာလဲ..."
"ကိုကြီးရဲ့သူငယ်ချင်းပါဆို ကိုကြီးနဲ့ကိုအာကာက အသက်တူမှာပေါ့..."
"နန်းစံက ဉာဏ်ကောင်းတာပဲ။ ဒါနဲ့နန်းစံက ဘာရောင်းတာလဲ..."
"မနက်ခင်းဆို ပဲပြုတ်၊ နေ့လည်ဆို မုန့်ဦးနှောက် ရောင်းတယ်လေ..."
"ဟုတ်လား...အကိုတဲနေတဲ့အိမ်နားမှာ နန်းစံကို တစ်ခါမှမတွေ့ဘူးနော်။ နန်းစံက ဘယ်မှာရောင်းတာလဲ..."
"နန်းစံက ရွာအနှံ့လည်ရောင်းပါတယ်။ အဲ့ဘက်က လွဲရင်ပေါ့..."
"အကို့ကိုမတွေ့ချင်လို့လား..."
"မဟုတ်ပါဘူး။ ကြီးကြီးတို့နဲ့တွေ့မှာဆိုးလို့လေ။ မေကြီးက အဲ့ဘက်ကိုမသွားဖို့မှာထားတာ..."
"မေကြီးဆိုတာက..."
"မေကြီးဆိုတာ နန်းစံရဲ့အဖွားလေ။ နန်းစံအတွက်တော့ အမေထက်တောင်ပိုပါသေးတယ်..."
"နန်းစံရဲ့ မိဘတွေကရော..."
နန်းစံ တစ်ခုပြီးတစ်ခုဆက်တိုက်မေးနေတဲ့ ကိုအာကာကြောင့် စိတ်ထဲအတော်ကိုအဆင်မပြေတော့ဘူး။ အဆိုးဆုံးကတော့ ခုလိုမိဘတွေအကြောင်းမေးလိုက်တဲ့ အချိန်ပေါ့...
"မရှိတော့ဘူး..."
"အကို စိတ်မကောင်းပါဘူး။ အကို့မှာလည်း အဖေမရှိတော့ဘူးလေ..."
နန်းစံ ပထမတော့ စိတ်ဆိုးမိပေမယ့် ကိုအာကာ့ရဲ့ စိတ်မကောင်းစရာစကားကြောင့် သူကိုယ်တိုင်လည်း ကိုယ်ချင်းစာမိတယ်...
"နန်းစံလည်း အဖေကဘယ်သူမှန်းတောင်မသိရပါဘူး..."
"အကိုတို့က ဘဝတူတွေပဲ..."
"ဂုဏ်ယူစရာမှ မဟုတ်တာကို..."
"ဟုတ်သားပဲနော်။ စကားမစပ်နန်းစံက အဲ့ဆံထိုးလေးနဲ့လိုက်တယ်..."
နန်းစံ ကိုအာကာ့ရဲ့စကားကြားတာနဲ့ ဘာကြောင့်မှန်းမသိ မျက်နှာပူမိတယ်။ ရင်ဘက်ထဲမှာလည်း ဘုရားပွဲလှည့်နေသလားအောက်မေ့ရတဲ့ထိ တုန်ခါနေတယ်။ နန်းစံ ထိုကဲ့သို့ပထမဆုံးခံစားဖူးတာမို့ အဲ့ခံစားချက်က ဘာလဲဆိုတာ နားမလည်ဘူး။ ဒါမဟုတ် လူကြီးတွေပြောကြသလို သူရင်ခုန်နေတာများလား...
-
-
-
ဒုန်း! ဒုန်း!
"ရပြီ မိနန်း ရော့..."
ဒေါ်ထူး ဒီနေ့ကျန်တဲ့ ငါးခူအချို့ကို ခုတ်ထစ်ပြီးငှက်ပျောရွက်ထဲထည့်ထုတ်ကာ ညနေခင်းကြီး ငါးလာဝယ်နေတဲ့ နန်းစံကိုကမ်းပေးလိုက်ပေမယ့် သူ့ကိုအာရုံရပုံမပေါ်ဘဲ အိမ်ရှေ့ ကွပ်ပစ်မှာထိုင်ကာ ပြုံးစိစိလုပ်နေတဲ့ နန်းစံကြောင့် မျက်ခုံးတွေတွန့်ချိုးကာ အလိုမကျဖြစ်မိတယ်...
"ဟဲ့ မိနန်း!!!"
"ရှင်...အော် ငါးရပြီလား..."
"အေး ရပြီ။ ညည်းကို ငါခေါ်နေတာကြာလှပြီ။ ညည်းစိတ်နဲ့လူနဲ့မကပ်ဖူးလား..."
"မဟုတ်ပါဘူး ကြီးထူးရဲ့။ သမီးသွားတော့မယ်နော်..."
"ဟဲ့ မိနန်း...ငါ့လက်ထဲက ငါးထုပ်လည်းယူဦး..."
ဒေါ်ထူး ငါးထုပ်မယူဘဲ တောင်းပိုက်ပြီး ထွက်သွားဖို့လုပ်နေတဲ့ မိနန်းကြောင့် ဒီကလေးမစိတ်နဲ့ လူနဲ့မကပ်ဖူးဆိုတာ သေချာနေတော့တယ်...
"မိနန်း...ညည်း မသွားနဲ့ဦး။ ဒီမှာ ခနထိုင်..."
နန်းစံ ကြီးထူးလက်ထဲက ငါးထုပ်ကိုတောင်းထဲထည့်ကာ အိမ်ပြန်ဖို့အမြန်ပြင်လိုက်ပေမယ့် သူ့ကိုတားပြီး ကွပ်ပစ်ပေါ်ပြန်ထိုင်ခိုင်းနေတဲ့ ကြီးထူးကြောင့် တောင်းကိုချကာ ကြီးထူးဘေးမှာဝင်ထိုင်လိုက်တယ်...
"ထွီ..."
ဒေါ်ထူး ပါးစောင်မှာငုံထားတဲ့ ကွမ်းရာကို ထွေးထုတ်လိုက်ခြင်းဖြစ်သည်...
"ညည်းအသက်ဘယ်နှနှစ်တုန်း မိနန်း..."
"ဆယ့်ငါးနှစ်ပြည့်တော့မှာပါ..."
နန်းစံ ရုတ်တရက်ကြီး အသက်ဘယ်လောက်လဲထမေးနေတဲ့ ကြီးထူးကြောင့် ကြီးထူးမေးတာကိုဖြေနေရင်း ခေါင်းကုတ်မိတယ်...
"ဆယ့်လေး၊ဆယ့်ငါးဆိုတာ သစ်ရွက်လှုပ်တာတွေ့ရင်တောင် ရင်ခုန်တဲ့အရွယ်မျိုးအေ့။ အဲ့လိုအရွယ်လေးတွေက ဟိုမရောက်ဒီမရောက်အရွယ်လေးတွေဆိုတော့ အရာရာကို စူးစမ်းချင်ကြတယ်။ အယုံလွယ်ကြတယ်။ အေးအဲ့လို အပြစ်ကင်းတဲ့အရွယ်လေးတွေကိုမှ အသုံးချပြီး အမြတ်ထုတ်ချင်တဲ့လူတွေကလည်းသီးသန့်ကို ရှိတယ်အေ့။ အဲ့တာကြောင့် အဲ့အရွယ်လေးတွေကို ဆိုဆုံးမမယ့်သူ၊ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပေးမယ့်သူလိုတယ်။ ညည်းတို့အရွယ်လေးတွေက ထိန်းရ၊သိမ်းရအခက်ဆုံးပဲ။ ကြီးထူးက ညည်းကိုခုလိုကြုံမှတွေ့ရတာ။ အဲ့တော့ အမြဲမစောင့်ရှောက်နိုင်ဘူး။ ညည်းအဖွားကလည်း လေဖြတ်ထားတော့ ညည်းကိုအရင်လောက် ဆိုဆုံးမနိုင်တာ မဟုတ်ဘူး။ ကိုယ်က မိဘလည်းမရှိ၊ ကိုယ့်ကြီးတော်တွေ၊ဘကြီးတွေကလည်း သုံးစားမရ။ ညည်းဘဝကို ညည်းကိုယ်တိုင်နားလည်ပြီး ညည်းကိုယ်တိုင် ထိန်းသိမ်းရမယ်၊ ကာကွယ်ရမယ် မိနန်း။ ညည်းဘဝကို ညည်းကိုယ်တိုင်ဆုံးဖြတ်ရမှာ။ ကြီးထူးပြောတာ ကြားလား..."
"ဟုတ် ကြီးထူး။ နန်းစံကြားပါတယ်။ နန်းစံ ကိုယ့်ကိုယ်ကိုလည်းကာကွယ်ပါ့မယ်..."
ဒေါ်ထူး သူ့ဆုံးမစကားကို သေချာနားထောင်တဲ့ မိနန်းကြောင့် အနည်းနဲ့အများတော့ရင်အေးရပြီပေါ့...
"မိနန်း...ညည်းအမေတုန်းက ဘယ်ကနေဘယ်လိုဖြစ်တာလဲ ကျုပ်တို့မသိလိုက်ပေမယ့် ညည်းကိုတော့ကျုပ်ရှေ့ကြီးလာတဲ့ကလေးမို့ အဲ့လိုမကြုံစေချင်ဘူး။ ကိုယ့်ကိုယ်ကိုထိန်းပေါ့အေ။ လူဆိုတာ ဘယ်သူတွေက ဘယ်လိုပြောနေပါစေ။ ကိုယ်ကိုယ်တိုင်ကမှမဆင်ခြင်ရင် အလကားပဲ။ ကိုယ့်ကိုယ်ကို ဆင်ခြင်။ ညည်းကို အမေလိုပဲလာလိမ့်မယ်လို့ ပြောနေတဲ့သူတွေက အများကြီးပဲဆိုတာ ညည်းသိပါတယ်။ သူတို့ပြောသလို မဖြစ်စေနဲ့။ ညည်းငယ်ပါသေးတယ် မိနန်းရယ်။ ကဲကဲ ပြန်တော့။ နေဝင်တော့မယ်။ ညည်းအဖွားမျှော်နေရောပေါ့..."
"ဟုတ် ကြီးထူး။ နန်းစံပြန်တော့မယ်နော်..."
နန်းစံ ကြီးထူးကိုနှုတ်ဆက်ကာ အိမ်ကိုသာပြန်လာလိုက်တယ်။ ခေါင်းထဲမှာလည်း အတွေးပေါင်းများစွာနဲ့ပေါ့...
__________
နေမင်းရဲ့အရိပ်အယောင်တောင် မတွေ့ရသေးတဲ့အပြင် ကြက်ဖတွန်သံတောင်မကြားရသေးတဲ့ မှောင်ရီးပျိုးဆဲ နံနက်စောစောအချိန်...
ထိုကဲ့သို့ အေးစိမ့်မှောင်မိုက်နေဆဲပတ်ဝန်းကျင်မှာမှ မီခိုးငွေ့တလူလူထနေတဲ့ မီးဖိုကိုရှေ့ချကာ ဆောင့်ကြောင့်ထိုင်နေပြီး လက်ထဲမှာလည်း ဝါးဆံထိုးကိုကိုင်ကာ အတွေးလွန်နေတဲ့ နန်းစံ...
မနေ့က သူ့ကိုကြီးထူးပြောလိုက်တဲ့စကားတွေကို သူ့နားထဲမှာ တစ်ညလုံးပြန်ကြားယောင်နေမိတယ်။ ကြီးထူးပြောသလိုပဲ လူတိုင်းကသူ့ကိုလက်ညှိုးထိုးဖို့စောင့်နေကြတာမို့ သူ့ကိုယ်သူအမှားကင်းအောင် ထိန်းသိမ်းရမယ်တဲ့လေ။ ပြီးတော့ သူ့အသက်ကလည်းငယ်သေးတာမို့ မနေ့ကအဖြစ်အပျက်ကို ဘာမှမဟုတ်ပါဘဲ ရင်ခုန်မိတာထင်ပါတယ်...
နန်းစံ မနေ့ကအကြောင်းတွေးမိပြန်တော့ မျက်နှာပူရပြန်ရော။ သွေးသားပတ်သတ်မှုမရှိသလို၊ သိကျွမ်းတာလည်းမကြာသေးတဲ့အမျိုးသားတစ်ယောက်နဲ့ ခုလိုရင်းနှီးမိတာက နန်းစံအတွက်မသင့်တော်ဘူးလား။ ဒါမှမဟုတ် နန်းစံမို့လို့ကို မသင့်တော်တာလား...
ဝမ်းလည်းဝမ်းနည်းမိသလို နားလည်းနားမလည်နိုင်တော့ဘူး။ တစ်ဖက်က သူ့ကိုရိုးရိုးသားသားကျေးဇူးတင်လို့လက်ဆောင်ပေးတာပဲမလား။ သူ့လိုကလေးသာသာအရွယ်လေးကိုတော့ ပညာတတ်တစ်ယောက်က စိတ်မဝင်စားလောက်ပါဘူး။ သူကသာ...
"ဒီတိုင်း သဘောရိုးပဲ ဖြစ်မှာပါလေ..."
နန်းစံ ကိုအာကာပေးထားတဲ့ ဆံထိုးလေးကို ခါးကြားမှာထိုးကာ မီးဖိုပေါ်မှာရှိနေတဲ့ ပဲအိုးကိုသာ မွှေနေလိုက်တယ်။ ဒီနေ့ကစပြီး ကိုအာကာနဲ့ဝေးဝေးနေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့...
__________
နန်းစံ မုန့်ဦးနှောက်ရောင်းပြီးလို့ ခရေပင်ကြီးဆီ ခရေပန်းကောက်ဖို့လာချိန်အဝေးကပင် မြင်နေရတဲ့ ကိုအာကာရဲ့ပုံရိပ်ကြောင့် သက်ပြင်းသာချမိတယ်။ ဒီနေ့တော့ သူအဲ့ခရေပန်းတွေ မကောက်တော့ဘဲ ပြန်လိုက်တာကသာ အကောင်းဆုံးဖြစ်မှာပါလေ...
နန်းစံ သူ့ကို ကိုအာကာမမြင်ခင်ဘဲ ချက်ချင်းလှည့်ကာ ပြန်ခဲ့လိုက်တယ်။ ရွာထိပ်ဆိုပေမယ့် ရွာအပြင်ဘက်ကျတာကြောင့်ရော၊ အချို့တွေက အဲ့အပင်မှာဘီလူးစောင့်တယ်၊ ဘာညာပြောတာရောကြောင့်သာ တော်ရုံလူမလာကြတာ။ သူတောင်မှ ကြွေကျတဲ့ပန်းပဲ သီးသန့်ရွေးကောက်တာရယ်။ အဲ့တာကြောင့်လည်း ရွာထဲကလူတွေက သူအပင်ကမခူးဖူးဆိုတာယုံပြီး ဝယ်ကြတာလေ။ ဘယ်လောက်ပဲလူမလာပါဘူးဆို တစ်ခါတစ်လေတော့လည်း အပင်ကြီးအောက် အနားယူတဲ့ နွားကျောင်းသားတို့၊သိုးကျောင်းသားတို့အပြင်၊ ရွာအပြင်ထွက်တဲ့သူတိုင်းလည်း အဲ့လမ်းကထွက်ရတာမို့ တစ်ယောက်ယောက်မြင်သွားခဲ့ရင် နန်းစံတို့ကရိုးသားနေရင်တောင် သူတို့ဖြန့်တဲ့သတင်းတွေကတော့ ရိုးသားမှာမဟုတ်ဘူးရယ်...
ကြီးထူးပြောသလိုပဲ ကိုယ့်ဟာကို ဆင်ခြင်ရမှာပေါ့လေ...
__________
"ပဲပြုတ်~~~ပဲပြုတ်~~~"
နန်းစံ ခုဆို အရင်နေ့တွေကလိုပဲ ခရေပန်းထည့်သွေးထားတဲ့သနပ်ခါးပါးကွက်ကြားလေးလိမ်းကာ ဆံပင်မှာခရေပန်းကုံးလေးပန်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ဈေးပြန်ရောင်းနိုင်နေပြီလေ။ အဓိကအကြောင်းအရင်းကတော့ သူအရင်လိုမုန့်ဦးနှောက်ရောင်းပြီးမှ ပန်းသွားကောက်တာမဟုတ်ဘဲ မနက်ခင်းပဲပြုတ်ရောင်းပြီးတာနဲ့ ခရေပန်းသွားကောက်တာမို့ ဟိုလူ့ကိုလည်း မြင်စရာမလိုတော့ဘူးမလား။ အဲ့တော့ သာသာယာယာပဲ ပန်းလေးကောက်လိုက်၊ မုန့်လေးရောင်းလိုက်နဲ့ ဘယ်သူ့အကြောင်းမှ ပူပန်နေစရာမလိုတော့ဘူးလေ...
"နန်းစံ!"
"ဟယ် သူကြီး..."
နန်းစံ ကိုယ့်အတွေးလေးနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်ဈေးရောင်းနေတုန်းရှိသေး ရုတ်တရက်ကြီးသူကြီးနဲ့ထိပ်တိုက်တိုးတာကြောင့် ချက်ချင်းပဲရပ်ကာ သူကြီးဘာပြောစရာများရှိလဲဆိုပြီး နားထောင်လိုက်တယ်...
"နန်းစံ သမီးဈေးရောင်းပြီးရင် ဘုန်းကြီးကျောင်းခနလာခဲ့လို့ရလား..."
"ရှင် ဘာလို့လဲသူကြီး..."
"မနက်ဖြန်ခါကြရင် ဘုန်းကြီးကျောင်းမှာ အလှူရှိတယ်။ တစ်ရွာလုံးမီးခိုးတိတ်လေ။ အဲ့တာ လူငယ်လူရွယ်တွေက ဝိုင်းကူညီပေးဖို့အတွက် ဘုန်းကြီးကျောင်းကို လာခိုင်းနေတာ။ ဒေါ်ရင်အေးကိုတောင် အဖိုးခေါ်ထားသေးတယ်။ အဲ့တာ သမီးအားရင် လာကူဦး။ ဒါလည်း ကုသိုလ်တစ်မျိုးပဲလေ..."
"ဟုတ်ကဲ့ သူကြီး...သမီး လာခဲ့ပါ့မယ်..."
"အေးအေး အဖိုးသွားပြီ။ ထွန်းဘ ကလေးဆီက ပဲပြုတ်နှစ်ရာဖိုးလောက်ဝယ်လိုက်..."
"ရပါတယ် နန်းစံ ပိုက်ဆံမယူတော့ပါဘူး..."
"မလိုပါဘူး သမီးရယ်။ အဖိုးတို့က သမီးလိုကလေးမျိုးကို ပိုတောင်စောင့်ရှောက်ပေးသင့်တာ။ အဲ့တာကြောင့်လည်း အဖိုးရွာကလူတွေကိုအစည်းအဝေးခေါ်တိုင်း သမီးကိုတွေ့ရင် စောင့်ရှောက်ပေးဖို့အမြဲမှာတယ်။ သမီးကို တစ်ယောက်ယောက်က ထိကပါးရိကပါးလုပ်ရင် အဖိုးဆီလာတိုင်နော်။ အဲ့လိုလုပ်တဲ့သူရှိလား။ ရှိရင် လုံးကြောက်နေစရာမလိုဘူးနော်..."
"အဲ့လိုမရှိပါဘူး။ နန်းစံကို အနိုင်ကျင့်တာဆိုလို့ နန်းစံရဲ့ဘကြီးပဲရှိတာ..."
နန်းစံ မတိုင်ချင်ပေမယ့် တကယ်လည်းသူ့ကို အနိုင်ကျင့်တာ ဘကြီးပဲရှိတာမို့ ကြုံတုန်းလေးတိုင်ထားလိုက်တယ်။ အခြားအမူးသမားတွေနဲ့လမ်းမှာတွေ့ရင်တောင် ကိုယ့်နားကိုကပ်တောင်မကပ်ကြဘူး။ သူတို့လမ်းသူတို့သွားကြတယ်။ တစ်ခါတစ်လေဆို မူးနေပေမယ့် ကူညီတာတောင်ရှိတယ်။ တစ်ရွာလုံးမှာ သူ့အတွက် အန္တရာယ်ရှိတာဆိုလို့ ဘကြီးပဲရှိတာမလား...
"ညည်း ဘကြီးအကြောင်းတော့ပြောမနေနဲ့။ အဲ့ကောင်ကို တစ်ရွာလုံးက ဘေးမဲ့ပေးထားပြီးသား။ ခုတောင် ငါ့အိမ်မှာ ထိပ်တုံးခတ်ခံထားရတယ်..."
"ဟယ်...ဘယ်လိုဖြစ်တာလဲ..."
"မနေ့ကပေါ့ သမီးရယ်။ အနောက်ရွာမှာမူးရူးပြီးကြက်သွားတိုက်တာလေ။ သူလည်းရှုံးရော သူမနိုင်ရမလားဆိုပြီး ဟိုဘက်ကကြက်ကို ဝင်ကန်လို့တဲ့။ ရန်ဖြစ်ကြတာမှ လုံးထွေးနေတာပဲ။ အဖိုးတောင် မနဲဝင်တားရတယ်။ ခုတော့ တစ်ဖွဲ့လုံးထိပ်တုံးခတ်ထားတယ်..."
"အဲ့တာပဲကောင်းပါတယ်..."
"ကဲ သမီး သမီးဦးလေးကို ပဲပြုတ်ပေးလိုက်။ အဖိုးတို့လည်း အခြားမသိသေးတဲ့အိမ်တွေကို လိုက်အသိပေးရဦးမယ်။ အလှူက ချက်ချင်းဆိုသလို လုပ်ဖြစ်သွားတာ..."
"ဟုတ်...ဟုတ်..."
နန်းစံ ချက်ချင်းဘဲ ခေါင်းပေါ်က တောင်းကိုချကာ ပဲပြုတ်ကိုပိုပိုလေးခပ်လိုက်ပြီး သူကြီးဘေးက သူကြီးရဲ့သားဦးလေးထွန်းဘကို ကမ်းပေးလိုက်တယ်။ ပြီးတာနဲ့ လက်မှာချိတ်ဆွဲထားတဲ့ ခရေပန်းကုံးတွေထဲက တစ်ကုံးကိုဖြုတ်ကာ...
"ဒါလေးတော့ လက်ခံပေးပါနော်။ ဖွားရင်လှ ဘုရားကပ်ရအောင်ပါ။..."
"အေးပါ ဘုရားကပ်ဖို့ပေးတာကိုတော့ အဖိုးမငြင်းတော့ပါဘူး။ သွားပြီ သမီး..."
"ဟုတ်..."
နန်းစံ သူ့ကိုတောင်းကူသယ်ပေးပြီးတာနဲ့ထွက်သွားတဲ့ သူကြီးတို့ကိုနှုတ်ဆက်ကာ ပျော်မိတယ်။ အလှူဆိုတော့ သူ့ကို ဟိုတစ်လောက ဘကြီးမောင်နဲ့အကြီးတို့ပေးလိုက်တဲ့အဝတ်အိတ်ထဲက အဝတ်လေးတွေ ထုတ်ဝတ်ရတော့မှာပဲ။ သူ့လိုတစ်ချိန်လုံး ဘယ်မှမသွားရဘဲ အိမ်နဲ့ ဈေးတောင်းခေါင်းရွက်ပြီး ဈေးရောင်းတာနဲ့တင် သံသရာလည်နေတဲ့သူအတွက်တော့ အလှူဆိုတာက ပျော်ဖို့ကောင်းလွန်းတယ်လေ...
အခြားသူတွေလို ပြေးလွှားကစားရမယ့်အရွယ်မှာ ဈေးတောင်းခေါင်းရွက်ပြီး ရောင်းနေရတဲ့သူ့အတွက် သူငယ်ချင်းဆိုတာမျိုးမရှိတာကြောင့် အလှူလုပ်လို့ ဝိုင်းကူတဲ့အခါပဲ အခြားရွယ်တူတွေနဲ့ သေချာဆုံဖြစ်၊စကားပြောဖြစ်တာမလား။ အတွေးနဲ့တင် အတော်ပျော်နေရပါပြီလေ...
-
-
-
*အနိုင်မခံ အရှူံးမပေး...
အပြေးပြိုင်ချင်သေး~~~*
နန်းစံ သီချင်းလေးကို ညည်းကာ ပါးပေါ်ကသနပ်ခါးပါးကွက်လေးကို သေချာညီညာအောင်ညှိလိုက်တယ်။ ပြီးတာနဲ့ ဆံပင်လေးကို ကျစ်ဆံမြှီးနှစ်ဖက်ခွဲကျစ်ကာ အကြီးဟိုတစ်လောကမှပေးထားတဲ့ အဝတ်ထုတ်ထဲက အသစ်ဆုံးအဝတ်လေးကို ရှာဖွေလိုက်တယ်။ အဝတ်တွေအများကြီးတွေ့ရတဲ့ထဲမှာမှ နို့နှစ်ရောင် ဝမ်းဆက်လေးက နန်းစံရဲ့အမြင်ကိုဖမ်းစားလိုက်တာမို့ နန်းစံ ထိုဝမ်းဆက်လေးကိုပဲ ဝတ်ဖို့ပြင်လိုက်တယ်။ ဝမ်းဆက်လေးက အသစ်နီးနီးသန့်ပြန့်နေတဲ့အပြင် ညကတည်းက အထုတ်ပေါ်ကို သနပ်ခါးကျောက်ပြင်ဖိထားတာကြောင့် ကော့ပြီးပြန့်နေတာမို့ အရမ်းကိုလှလွန်းနေတယ်...
နန်းစံ ထိုဝမ်းဆက်လေးကို ချက်ချင်းဝတ်ကာ မှန်ထဲက မိမိကိုယ်မိမိပြန်ကြည့်ကာပြုံးမိတယ်။ အဖြူစစ်စစ်လည်းမဟုတ်၊ အဝါစစ်စစ်လည်းမဟုတ်တဲ့ နို့နှစ်ရောင်လိုအရောင်ရှိတဲ့ ဝမ်းဆက်လေးက သူ့လိုအညိုဆင်အသားအရောင်ကိုတောင် ပိုဝင်းသွားပုံပေါ်စေပြီး မျက်နှာပေါ်က သနက်ခါးပါးကွက်လေးနဲ့လည်း လိုက်ဖက်နေသယောင်...
နန်းစံ အဝတ်ရော ဆံပင်ရောပြင်ပြီးပြီဆိုတာနဲ့ မနေ့ညကမှသီထားတဲ့ ခရေပန်းကုံးလေးကို ကျစ်ဆံမြှီးနှစ်ဖက်မှာ ပန်ဆင်ကာ အလှပြင်တာကိုအဆုံးသတ်လိုက်တယ်...
"မေကြီး အဲ့တာဆို သမီးသွားတော့မယ်နော်..."
"အွန်း...ဒေါ်ရင်..အေးနားပဲ...ကပ်နေ..."
"စိတ်ချပါ မေကြီးရဲ့...နန်းစံသွားပြီ..."
ဒေါ်တုတ် သူ့ကိုနှုတ်ဆက်ကာ ထွက်သွားတဲ့ကလေးမလေးကို ကြည့်ပြီး ပြုံးမိတယ်။ ပြန်ရောက်တာနဲ့ သူ့ကိုအရင် သန့်ရှင်းရေးလုပ်ပေးတဲ့အပြင် ထမင်းပါခွံကျွေးပြီးမှ ရေမိုးချိုးအလှပြင်ပြီး ထွက်သွားတဲ့ကလေးကိုကြည့်ကာ ပီတိဖြစ်မိတာအမှန်။ နန်းစံလေးက လိမ္မာရေးခြားရှိတဲ့အပြင် ရုပ်လေးကလည်းတစ်နေ့တခြားပိုပိုလှလာတာမို့ စိတ်မချဖြစ်မိတဲ့အခါလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်ရင်အေးဘေးမှာရှိနေရင်တော့ သူစိတ်ချရပါတယ်လေ...
ဒေါ်တုတ် ခုလိုတွေတွေးမိတော့လည်း စိတ်မကောင်းဖြစ်မိတယ်။ သူသာ ခုလိုလူမမာအဖြစ်အိပ်ရာထဲလဲမနေခဲ့ရင် ဒီကလေးမလေးကို သူသေချာစောင့်ရှောက်နိုင်မှာ။ ခုတော့ သူ့တာဝန်မကျေတဲ့အပြင် နန်းစံလေးကတောင် အရွယ်နဲ့မလိုက်အောင် သူ့တာဝန်တွေကို ထမ်းပိုးနေရတယ်မဟုတ်လား...
တစ်ခါတစ်လေကြလည်း ဒီကလေးမဝန်ပေါ့အောင် သေသွားလိုက်ချင်ပေမယ့် တစ်ဖက်ကပြန်စဉ်းစားတော့လည်း ဒီကလေးမလေးရဲ့ရှေ့ရေးကိုစိတ်မချသေးပြန်တာကြောင့် ကိုယ့်ကိုယ်ကို အားတင်းပြီးအသက်ရှင်နေရပြန်ရော...
"ဟွန်း..."
ဒေါ်တုတ် အတွေးတွေလွန်ကာ သက်ပျင်းချမိတယ်။ သူ့ကိုယ်သူတောင် သေချင်သလား၊ ရှင်ချင်သလား၊ ဘာဖြစ်လို့ဖြစ်ချင်မှန်းမသိတော့ပါဘူး။ အဲ့တာကြောင့်လည်း လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကားပေါ်လာတာပဲနေမှာပါလေ....
//////////
{ ၁၉.၁.၂၀၂၅ }
{ ၉:၀၀ }
*ပစ်တိုင်းထောင်*
Keep Reading