ဆွေ (မန္တလေး)
ဒီစာအုပ်ကို စကိုင်လိုက်ကတည်းက ပုံမှန် ကျွန်မ အသံသွင်းပြီး ဖတ်ဖို့ မရည်ရွယ်ထားခဲ့တဲ့စာအုပ်ပါ။ အသံသွင်းပြီး မဖတ်ဖြစ်တဲ့ ပထမစာအုပ်လို့ပြောလို့ရပါတယ်။ အရင်က ၁၀ တန်းပြီးခါစလောက်ကပဲ ကျွန်မ ရသစာပေတွေထဲမှာဆိုရင် ဖတ်ဖြစ်ခဲ့တာက ဆရာ ချစ်ဦးညိုရဲ့ ဥပက္ခာဒေဝီနဲ့ ဆရာ မြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်၍မီးပင်လယ်ကို ဖြတ်မည်။ ဒီစာအုပ်နှစ်အုပ်ပါ။ နောက်တစ်အုပ်ကတော့ ဆရာမ ကြည်အေးရဲ့ မီ။ ဆယ်တန်းအပြီး ရသစာပေတွေနဲ့ အလှမ်းဝေးပြီး ဖတ်ဖြစ်ဖို့တော်တော်ခဲယဉ်းခဲ့တယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်က YouTube Channel နဲ့ Audiobook Narrator လုပ်ဖြစ်ခဲ့တဲ့ အချိန်ကို ပြန်တွေးမိပြီး မနှစ် (၂၀၂၄) ဇူလိုင်လကျမှ ပြန်ပြီး Audiobook Channel ပြန်လုပ်ဖြစ်ခဲ့ပါတယ်။
ဆရာမ ဂျူးတို့စာအုပ်တွေ ဆရာနိုင်ဝင်းဆွေတို့ရော ကျွန်မ Review တွေရေးထားဖြစ်ခဲ့တဲ့အတိုင်းက Audiobook အဖြစ်ဖတ်ပြဖြစ်ရင်းနဲ့မှ ဖတ်ပြီးခဲ့တာတွေပါ။
Audiobook အဖြစ် မဟုတ်ပဲ နေပြည်တော်မှာ ခရီးတစ်ထောက်ရောက်တုန်း ဝယ်ဖြစ်ခဲ့တာကနေစပြီး ကျွန်မစီရောက်ခဲ့တာ ပုံမှန်ဟုတ်မနေဘူး။ ပုံမှန်ဆို ကျွန်မ နေရပ် မန္တလေးက စာအုပ်ဆိုင်တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားဝယ်ချင် ဝယ်တယ်။ ဒါမှမဟုတ် We Distribution တို့ ပန်းဆက်လမ်း တို့ ကနေ လှမ်းမှာပြီးဝယ်ဖြစ်တာများလို့ပါ။
စစချင်း ဖတ်ဖြစ်တာကလည်း နေပြည်တော်ကနေ မန္တလေးအပြန် အမြန်လမ်းမပေါ်မှာ ခရီးသွားရင်း စဖတ်ဖြစ်ခဲ့ပါတယ်။ အသံမသွင်းပဲ ပထမဆုံးဖတ်ဖြစ်နေတဲ့ စာအုပ်မို့ ကျွန်မ အပြင်သွားတဲ့အချိန်တော်တော်များများလည်း ယူသွားဖြစ်ခဲ့တာတောင် လနဲ့ ချီဖတ်ခဲ့ရပါတယ်။ ၂၀၂၅ ကူးသွားတဲ့အထိပါပဲ။ Review ပေးရင်း ဒါတွေချပြောဖြစ်နေတာက ဒီစာအုပ်နဲ့အတူ memory ကို ဒီ Review မှာ သိမ်းထားချင်လို့ပါ။
စာအုပ်အမြည်းအရ
ဇာတ်ကားပြန်ရိုက်ထားပြီးသား စာအုပ်တွေထဲမှာ တစ်ခုအပါအဝင်ပါ။ အင်းလေး ဒေသအကြောင်း၊ သူတို့ရဲ့ ချစ်စရာဓလေ့၊ စကားပြောပုံဆိုပုံ၊ သူတို့ဒေသမှာရှိတဲ့ မိန်းကလေးတွေရဲ့ ချစ်စရာအမူအကျင့်တွေ ပွဲတော်တွေနဲ့ ဘုရားပွဲတွေ ဒီအကြောင်းအရာတွေကြားထဲကနေ ကြည်နူးစရာ မြို့ပြကကောင်းလေးတစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့ အင်းလေးသူလေးတို့ရဲ့ တွေ့စုံပုံတွေ ပတ်ဝန်းကျင်ကအခက်ခဲတွေရှိနေတာတောင် သူတို့ဓလေ့ကို မြတ်မြတ်နိုးနိုးလေ့လာပြီးမှ ကောင်မလေးကို ပိုးပန်းပုံတွေ တမေ့တမောကြီးကို ဖတ်ရမှာပါ။
ဘယ်သူတွေဖတ်သင့်လဲ
ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ ကွဲထွက်တဲ့ နေ့စဉ်ဘဝတွေ ကိုယ်မသိဖူးသေး မမြင်ဖူးသေးတဲ့ ဒေသ၊ လည်ပတ်ဖူးရင်တောင် အတွင်းကျကျ သေချာမသိနိုင်တဲ့ သူတို့ချစ်စရာ ဓလေ့လေးတွေ ဒီလိုကိုယ့်ရဲ့ပုံစံခွက်ထဲကနေ ကွဲထွက်နေတဲ့သူတွေနဲ့ ခဏ စကားပြောကြည့်လိုက်ရတယ် ဆိုတဲ့ခံစားချက် ရချင်တဲ့ သူတွေ ဖတ်ဖို့ တိုက်တွန်းပါတယ်။
ဇာတ်လမ်းက ဝှက်ဖဲလေးတစ်ခုနဲ့ သွားပြီး အဲ့ဝှက်ဖဲလေးကြောင့် မထင်ထားတဲ့ ဇာတ်သိမ်းတစ်ခုကို ကြည့်လိုက်ရပါတယ်။ ဘာလဲ ဘာလဲ အဲ့တာဘာလဲ နဲ့ ဖြစ်နေတဲ့ ခံစားချက်ကို ကြိုက်တဲ့သူဆိုရင် ဖတ်ကြည့်ဖို့ပြောချင်ပါတယ်။
အကြိုက်ဆုံးဇာတ်ကောင်
ဇာတ်ကောင်ရယ်လို့တော့မရှိ။ ကျွန်မဒီစာအုပ်ထဲမှာ သဘောကျမိတာတော့ အင်းလေးသူလေးတွေရဲ့ ချစ်စရာ အခေါ်ဝေါ် အပြောဆိုလေးတွေပါပဲ။
စာအုပ်နာမည်
ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်
စာရေးသူ
ဆရာမ ပုညခင်
ဖတ်သည့်ကာလ နှင့် Review ရေးသည့်နေ့စွဲ
၁၆၊ ဇန်နဝါရီလ၊ ၂၀၂၅။ (ဖတ်ပြီးသည့် ရက်စွဲသာ မှတ်ရတော့မည်။)
ဆွေ (မန္တလေး)
Keep Reading