Tawtawti
ပိတောက်ပွင့်ရောင်လက်စွပ်နဲ့ ဒုတိယမြောက်ချစ်သူ
အခန်းဆက်လုံးချင်းဝတ္တု
အခန်း(၂)
တဦးနဲ့တဦး
ချစ်သူတော်ခွင့်ရချင်မိရာက
အကြံတူလို့ ချစ်သူဖြစ်တာပဲ
ကြုံချင်တယ်
ကျောချမှ ငါ့ချစ်သူမှန်းတော့
သိခွင့်မရသောသူ
ဖြစ်ရပါစေသား
ချစ်ခြင်းဂလက်စီချင်း ဖြစ်ရင်တောင်
မင်းအချစ်က နဂါးငွေ့တန်းဆိုရင်
ကိုယ့်အချစ်က IC 1101
ကိုယ့်ဘဝသင်္ဘောကို
ခုတ်မောင်းရင်း
ကိုယ့်စိတ် Electric compass
ပျက်စီးသွားရရင်လည်း
မင့်စိတ် Magnetic compass နဲ့
ခေါ်ဆောင်ပေးသွားပါ
ဘဒ္ဒကမ္ဘာမှာ
အသက်အမျှတာချစ်မိလို့
မင့်နဲ့သာပင် ဘဝအမှတ်တရတွေကို
ဖန်တီးချင်ရဲ့။
*****************************
'လင်းလွန်းမြိုင်' အမည်ရှိ ကန်တင်းအရှေ့ကနေ ကိုဓ ဖြတ်လျှောက်လာသည်။
ဆိုင်ထဲကို တချက် ဝေ့ကြည့်လိုက်၏။ ဝိုင်းတနေရာတွင် နေခနှင့် အေဇက်မိုင်တို့ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ သို့နှင့်လှမ်းဝင်မိခဲ့၏။
"ဟော..မနေ့က ဆိုင်ကယ်အက်ဆီးဒင့်..ဖြစ်တယ်ဆိုတာလေ၊ အခြေအနေကဘယ်လိုလဲ"
အေဇက်မိုင်က စီးမေးလိုက်သည်။
ထို့ကြောင့် ကိုဓ ဝင်ထိုင်ရန် အမ်းတမ်းတမ်း ဖြစ်မနေတော့။
ထိုင်ခုံတခုံကို ဆွဲယူထိုင်လိုက်ရင်း
"အင်း...တချို့တွေမှာ လူမှုစာနာစိတ်ရှိတာလား၊ စပ်စုလိုစိတ်ရှိတာလားတော့မသိဘူး၊ ဒီလိုတော့ သိပ်သိချင်ကြတာပဲ၊ တို့လူမျိုးရိုးရာများလားပဲ"
စိတ်ထဲကဖြင့် တွေးမိသေး၏။ ဝိုင်းတွင်
နေရာယူပြီးသည့်အခါမှာတော့....
"အဲဲ့ဒါပေါ့..."
စကားစချီ အင်ထရို(intro)ဝင်လိုက်ရုံရှိသေး...။
"ဆုံးသွားပြီလား၊ အေးလေ..ငယ်ရွယ်လည်းပဲ ကောက်ကာငင်ကာနဲ့လည်း မရဏမင်းနဲ့ မိတ်ဖွဲ့ရတတ်တာပဲ၊ အရာရာဟာ အစိုးရယောင်ယောင်နဲ့ အစိုးမရ၊အနတ္တလက်တွင်း သက်ဆင်းရမှာပဲကို"
"ဟဲ့..စွပ်ပြောမနေနဲ့ဦး...ကိုဓ ဖြေတာနားထောင်ကြည့်ဦး"
အေဇက်မိုင်က ဝင်ဟန့်သည်။
ကိုဓလည်း သက်ပြင်းကို ဟန်ပါပါ ချလိုက်ရင်း
"အင်း...သေခြင်းတရားဆိုတာ လူတိုင်းနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းချည်းပါပဲ၊ အချိန် နေရာ အရွယ် မရွေးဘူးလေ၊ သေတဲ့သူက သေလို့ပြီးတဲ့နောက်လည်း မသေသေးတဲ့သူတွေက မပြီးနိုင်ဘူး၊ သေလို့မှကောင်းရဲ့လားဆိုပြီး အသေလှရအောင် ပြင်ကြဆင်ကြ၊ မတင့်တယ်မှုလို့ အ ဓိ ပ္ပာ ယ် ရတဲ့ 'အသုဘ'ကို တင့်တယ်မှုသဖွယ် 'သုဘ' ဖြစ်အောင်လုပ်ကြ၊ တသက်မှာ တခါပဲသေရတဲ့ မသာလည်း တခါသေဖူး အခေါင်းဖိုးအပြင် ပန်းဖိုးပါနားလည်ရနဲ့၊ ကျန်ရစ်သူတွေကတော့ သဂြိုလ်ပြီးတဲ့အထိ ကြိုက်သလောက်ငို ကျသလောက်ရှင်းရတာပဲ"
"အမ်.."
စကားက ဗွေဖောက်သလိုတော့ ဖြစ်သွား၏။ နို့..ကိုဓက ရုပ်တည်နှင့်ပင် ဆွေ့တမြေ့မြေ့လေသံဖြင့်လည်း
"တကယ်တော့ ရှင်ခြင်းရဲ့အသက်ရှူသံဆိုတာ သေခြင်းမှာ တည်နေရတာပေါ့၊ ကွေးသောလက်မဆန့်မီ...ဆန့်သောလက်မကွေးမီ..ဆိုတဲ့အတိုင်း လက်အကွေးအဆန့်အတွင်းမှာပဲ အသက်ဘေးက ဂန့်သွားနိုင်တယ်မဟုတ်လား"
ဆက်၍....
"မမြဲခြင်းတရားပေါ့၊ သင်္ခါရသဘောများ စာသင်ရတာပဲ ကြည့်လေ...၊ 'သင်' တဲ့ အ'ခါ' ပဲ 'ရ' တယ်၊ ပြီးရင် ဦးနှောက်ထဲမှာ ထာဝရတည်မနေဘဲ ပြန်မေ့သွားတတ်တာမျိုး"
ဆိုနေသေး၏။
"မင်းစကားတွေကလည်း ပြောရင်း နောက်တောက်တောက် ဖြစ်လာသလိုလို..."
"အေးလေ..တကယ်ကွယ်လွန်တာဟုတ်လို့လား"
နေခနှင့်အေဇက်မိုင်တို့က ဘေးကနေ ဝိုင်းပြီး စောဒကတက်လာ၏။ ထိုတော့မှ ကိုဓက အတည်ပြုပေးလေသည်။
"သတင်းအလွဲကြီးပါ...လူမှားတာတဲ့"
"အမလေး...ဒါကိုများ..ဇီဝနတ္တိ ဋီကာချဲ့ပြနေလိုက်တာ.."
နေခက ဘုတော၏။
"သေခြင်းတရားဆိုတာ မေ့မထားမှ... လူတွေမှာ မာန်မာနတွေလျှော့ချနိုင်မှာပေါ့ဟ...၊ ကြည့်လေ..ဘာမှ..ကိုယ့်နောက်ယူသွားလို့မရတဲ့အရာတွေနဲ့ သေပစ်ရမှာမို့သာပဲ၊ တနေ့တနေ့ ဖြစ်လိုက်ကြတဲ့အာသဝေါ ထကြွမှုတွေက မဲသဝေါတိုက်ပွဲထက် ပြင်းထန်နေကြတာများ ..အပြီးသတ် ငြိမ်းနိုင်ဖို့ ခဲယဥ်းတယ်မလား "
"အယ်...တရားဟောမှာလား၊ ဟိုအဖြစ်ကို စကားပြောမှာလား"
နေခက ခနဲ့တည့်တည့်ပြောလာသည်။
****************************
" ဖြစ်ပုံက ဒီလို။ လှိုင်းခေတ်တို့အိမ်နဲ့သိတဲ့လူတယောက်က အဲ့ဒီ့အက်ဆီးဒင့်အဖြစ်အပျက်ကို မြင်သွားတယ်။ သွားကြည့်တော့ လူနာက မျက်နှာကိုထိထားတယ်၊ ရုပ်ရည်မသဲကွဲဖြစ်နေတယ်၊ ဒါပေမယ့် လှိုင်းခေတ်ရဲညီလေးလို့ ထင်မိတယ်၊ စိုးရိမ်ရတဲ့အနေအထားမှာလည်းရှိနေတယ်၊ ဒါကြောင့် သူလည်း အလောသုံးဆယ်နိုင်ပြီး အိမ်ကိုဖုန်းဆက်အကြောင်းကြားပေးခဲ့တာ၊ တကယ်တမ်းတော့ ကာယကံရှင်က လှိုင်းခတ်ရဲ့ညီနဲ့ရုပ်ရည်ချင်း ဆင်နေတာ၊ ပြီးမှ...မဟုတ်မှန်းသိတော့တယ်.."
"တော်သေးတာပေါ့..ဒေါ်လေးသာကျော့
ရယ်..အဲလေ..."
" ကမ္ဘာပေါ်မှာ ကိုယ်နဲ့ရုပ်ရည်ဆင်တူသူဟာ အနည်းဆုံး ခြောက်ယောက်အထိရှိတတ်တယ်လို့ ဖတ်ဖူးတယ်၊ အဲ့လိုသွားပြီး တိုက်ဆိုင်နေတာဖြစ်မှာပေါ့၊ ပြီးတော့
လှိုင်းခေတ်တို့ အမေနာမည်ကလည်း ဒေါ်လေးသာကျော့ တဲ့..၊ သူ့ခမျာ သားလေးအတွက် တော်သေးတာပေါ့ လို့
သက်ပြင်းချပြီး စိတ်အေးသွားရမယ်"
"ဟောတော့..ငါ့နှယ်..နှုတ်စီးလိုက်တာ၊ ဒါနဲ့ ရှင်ကော ဘာစားမလဲ..၊ မနေ့က တို့ကိုကျွေးခဲ့တော့ ဒီနေ့ ပြန်ပြီးဒကာခံချင်လို့"
အေဇက်မိုင်က ဆိုလာသည်။
ကိုဓကမူ စားချင်တာစားဆိုသည်ထက် ကိုယ်စိတ်ဝင်စားနေသော သူကလေးက တဖန်ပြန်ပြီး အသိအမှတ်ပြုလာဟန်ဆိုတော့ အိုင်မြင်တဲ့ကျွဲလို မြူးသွား၏။
"ဒါဆို...ကိုယ်တို့ ဖြစ်ခဲ့တဲ့ကွိုင်ကလေးကို တဖန် ပြေလည်စေခြင်းအမှတ်နဲ့ကော၊ ကျွေးဖူးတာကို ကြေရန်အတွက်ပါ...ကြံရည်ပဲမှာသောက်တော့မယ်၊ ကျေးဇူးပဲနော့် "
ကြည်နူးပီတိနှင့် ခွန်းတုံ့လှယ်သည်။
"အယ်..ကြေရန်ဆိုပြီး ကြံရည်ကို စကားလိမ်နဲ့ လွှတ်တာပေါ့"
"လိမ်တဲ့စကားတော့မဟုတ်ပါဘူး၊
ကြံရည်ဖန်ရည်ပိုကောင်းအောင် ကြံရည်ကို ဖန်ခွက်နဲ့ရေရေလည်လည်သောက်ခွင့်
ရတာလို့လည်း ယူဆလို့ရအောင်ပါ "
"ကြံကြံဖန်ဖန်ဟယ်...ပြောတတ်ပ"
ကိုဓနှင့်အေဇက်မိုင်..စကားကြောတည့်နေမှုကို နေခ ခမျာမတော့ ကြည့်ရင်းက မနာလိုအူတို ဖြစ်နေပုံရ၏။
"ကဲ..ဒါဆိုလည်းမှာလေ၊ တို့ကတော့..တွေ့တဲ့အတိုင်းပဲ...ကြာဆံကြော် မှာစားနှင့်ပြီးပြီ၊ တို့က ကြာဆံကြော်စားမယ်ဆိုရင် နေခကလည်း ကြာဆံကြော်လိုက်မှာတော့တာပဲ"
ဟုတ်သည် ။
စားပွဲပေါ်တွင် စားပြီးခါစ ပန်းကန်လွတ်နှစ်ပွဲရှိနေသည်။
"မင်းက...ကန်တင်းအရောက်မှာ..
'ကြော်' ထားတာ တခုခုကို 'ဆာ' တုန်း စားဖို့ 'ကြံ' ပြီး...'ကြော်ဆာကြံ'ဆို.."ကြာဆံကြော်' မှာစားခဲ့လိုက်တာများလား၊ ဒီအခါမှာ မင်းကို အရိပ်တကြည့်ကြည့်နဲ့ အနောက်က ကပ်လိုက်ပါနေကျဖြစ်မယ့် နေခကလည်း မင်းအတိုင်းပဲ အကြိုက်တူသယောင် မှာစားခဲ့တာ ထင်ပါ့"
ကိုဓက အေဇက်မိုင်ကို ရည်ညွှန်းဆိုလိုက်သည်။
"အင်းပေါ့...စကားလိမ်ကိုယ်တော်ရယ်၊ ရှင်လည်းအရည်ချည်းပဲလား၊ အဖတ်လေးကောမစားတော့ဘူးလား၊ ဥပမာ.. ဘောက်ဖတ် ပေါ့"
"ဟေ..ဒါက စားဖို့အတွက်ဆိုပြီး ကန်တင်းမှာ အမှာလည်းပါးမရ၊ စားမယ်ဆိုရင်တောင် လျှာပဲယားမှာပေါ့၊ ဒါပေမယ့် အစားအသောက်နဲ့မဆိုင်သော်ငြား စဥ်းစားကြည့်ရင် အမြင့်စံ ပျံဝဲနိုင်တဲ့ ချစ်စရာ လိပ်ပြာလှလှလေးဖြစ်လာဖို့ကလည်း ထိတွေ့ချင်သူမဲ့တဲ့ ဘောက်ဖတ်ဘဝကို ဖြတ်သန်းကြရတာပဲနော်"
"အင်း..ကဲပါ...တို့က စတာပါဟယ်၊ တို့ကတော့ အဖတ်လေးဝင်သွားပြီဆိုတော့အရည်လေးသောက်ဦးမှပါပဲ၊ စီပလပ်(C Plus)အချိုရည် ထပ်မှာမယ်"
အေဇက်မိုင်က ပြုံးတမြမြနှင့်ပြော၏။ သည်တော့ နေခကလည်း
"ဒါဆို..ငါလည်း စီပလပ် သောက်မယ်"
ဟု မရှက်မရွံစတမ်း ရောယောင်ဝင်ပြောသည်။
"အဲဒါ.... ပွဲစားပါးစပ်ဟ"
ကိုဓက ခွန်းတုံ့လှယ်သည်။
"ဘာဆိုင်လို့လဲ.."
အေဇက်မိုင်က မေးသည်။
"ဒီလိုလေဟာ..ပွဲစားပါးစပ်က စျေးတည့်အောင်..လိုက် 'စပ်' တတ်တယ်၊ 'ပလီ' ပြီး ပြောတာလည်းရှိတတ်တယ်လေ၊ ဒီတော့..'စပ်ပလီ'...စီပလပ်ဖြစ်ကောပေါ့"
"အယ်...ရှင်ကတော့လေ၊ စီပလပ်ကိုတောင် ပွဲစားပါးစပ်ဖြစ်အောင် ပြောတတ်တာမျိုး"
အေဇက်မိုင်က ထောပနာပြုသည်။ ကိုဓက ထပ်မံ၍..
"ကိုယ်လည်း နောက်ထပ် အရည်လည်းရ အဖတ်လည်းရတဲ့ အရာတခုတော့ ထပ်မှာစားဦးမှာပါ.."
"ဘာလဲ...မုန့်လက်စောင်းလား..ရွှေရင်အေးလား"
နေခက ဝင်ထောက်သည်။
"မုန့်ဟင်းခါးကွ၊ သူလည်း အရည်လည်းရ..အဖတ်လည်းရတယ်လေ"
သို့ကလို...
လင်းလွန်းမြိုင်ကန်တင်းအတွင်းထဲ၌ အရည်ရအဖတ်ရ စကားများနှင့် ဝိုင်းကလေးက စိုပြေလျက်ရှိသည်။
ထိုတွင်..စားပွဲထိုးလေးကိုခေါ်ကာ လိုအပ်သည်များကို မှာစား၍ ထိုင်နေဖြစ်ကြ၏။
*****************************
"အာ...ငါတော့ ရှော့ခ်ရှိနေပြီ"
"မင်းကလည်း..ဆိုင်းမပါ DJမပွတ်နဲ့...ဘာလဲဟ"
ဗြုန်းဒိုင်းကြီးထပြောလိုက်သော နေခကြောင့် ကိုဓက အဓွန့်တက်လိုက်သည် ။
"အဲ..ဘယ်လိုပြောရမလဲ"
"ပါးစပ်ဖွင့်ပြီးပဲ ပုံမှန်အတိုင်းပြောလေ"
"အာ..ပါးစပ်က ဖွင့်မပြောဘဲ..ပိတ်ပြီးပြောလို့ရမလားကွ၊ အခု ငါ့မှာက.. ပါးစပ်ကမဟုတ်..ဟို..တင်ပါးနှစ်ဖက်ကြားကနေ
ဖွင့်ချချင်တဲ့ကိစ္စက ထင်မထားရက်သားကြီး ပေါ်လာလို့ကွ"
"ပေါက်ပြီ..သဘောပေါက်ပြီ...နားလည်ပြီ..လိပ်ပတ်လည်ပြီ၊ မင်း...'ကိုရီးယားကား' ကြည့်ချင်လို့ပေါ့လေ.."
"အာ..ဘာဆိုင်လို့လဲ.."
"ကားယားကြီးယိုကြည့်ချင်လို့လားလို့..ရေအိမ်ထဲမှာ "
"အာ..ရေအိမ်ဝင်ရင် ဘယ်သူမှ ကားယားကြီးမယိုပါဘူးကွာ၊ ဆောင့်ကြောင့်ထိုင်တာနဲ့ တင်ပါးချထိုင်တာ နှစ်မျိုးပဲရှိတာပါ၊ ဟူး...ယိုစရာပြောလို့လားမသိဘူး၊ ဗိုက်ထဲက ရစ်ရစ်ပြီးတော့ကို ပိုနာလာပြီ..."
နေခခမျာ ချွေးစေးတွေပင်စို့လာသည် ။
"ဒါဆိုလည်း ကံမဆိုးခင် အမြန်ဒိုးလေ..၊တော်ကြာ..ကိစ္စက နမိတ်ပြရင်း ထိပ်ဝဆီရောက်ပြီး ပိတ်မရဘဲ ဖိတ်ကျလာဦးမယ်"
"အဲ...ငါက..မိုင့်ကို မင်းနဲ့အတူ ထားခဲ့ရမှာကိုပဲ စိတ်မချလို့ကွ"
"အမယ်လေ့လေးကွာ၊ ကိုယ်အီးမအောင့်နိုင်တာကိုတောင် အောင့်အီးထားပြီး ငါ့ကိုအပြစ်လာမဲ၊ အဖြစ်မှာသည်းပြနေသေးတယ်၊ သွားမှာဖြင့်..သွားပါကွာ..၊ အပိုလုပ်မနေနဲ့၊ ထွက်ကျမှ အရှက်ရပြီး နဂိုရုပ်ပါပျက်လိမ့်မယ်...၊ သူကတောင် ဘာမှမပြောဘဲနဲ့..."
"အဲ...ဒါဆိုလည်း မိုင့်ကို ဘာမှမဟုတ်တာ လျှောက်ဇယားမခင်းနဲ့၊ ဘယ်သူမှ..လာမနှောက်ယှက်ဖို့ပဲ စောင့်ရှောက်ထားနော်၊ အနီးကပ်ဆုံး လူယုံတော်ရန်သူတော့ ငါ့အတွက် မင်းမဖြစ်ပါစေနဲ့၊ အီး....မအောင့်နိုင်တော့ဘူး၊ ငါလစ်ပြီ..သုံးမိနစ်ပဲစောင့်"
တရစပ် ဆိုနှင်းပြီး အနောက်မှ တောဝက်လိုက်ခံရသလို ဝိုင်းကနေ မာရသွန်သွားရရှာလေသူ...နေခ။
သူ့ကိုကြည့်ရင်း ကိုဓ လှမ်းအော်မိသေး၏။
"ကိုယ်သွားစရာရှိတာတောင်..ချွေလိုက်တဲ့ မှာတမ်း၊ ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့၊ မြန်မြန်သာဂျောင်းနေခရေ..၊ လူဆိုတာ.. သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုသိရတယ်ဝေ့..."
****************************
"အေဇက်"
"ရှင့်.."
တုံ့ပြန်ခွန်းထူးသံနှင့်အတူ သူမ၏ အကြည့်မြှားတဆင်းက ကိုဓ နှလုံးသားဗဟိုချက်ဆီ ချဥ်းနင်းဝင်ရောက်လာပြီး စူးခနဲစိုက်ဝင်သွားသည် ။
"မင်းနာမည် အေဇက်မိုင်ကို နေခက မိုင်လို့
အတိုကောက်ခေါ်တော့ ကိုယ်ကလည်း မင်းကို အေဇက်လို့ခေါ်ပါရစေ"
"ရှင်"
ကိုဓက တစုံတခုပြောဖို့ အသင့်ဟန်ဖြင့် ခွင့်ပန်လိုက်သည်။
ပြီးတော့...
"မိန်းကလေးတွေမှာ ညှို့ချက်(၈)ချက်ရှိသတဲ့။
တချို့မိန်းကလေးတွေက သူတို့မျက်နှာလေးတွေကို ချိုချိုကလေးလုပ်ထားတတ်ကြတယ်၊ အဲဒါက ယောက်ျားလေးတွေကို ဆွဲဆောင်ယူတဲ့ ညှို့ချက်နံပါတ်တစ်ပဲ၊ 'သိတံ'လို့ခေါ်တယ်။
တချို့မိန်းကလေးတွေကြတော့ အသံတိုးတိုးကလေးနဲ့ရယ်ပြတတ်တယ်၊ 'ဟာသ'လို့ခေါ်တယ်။
တချို့မိန်းကလေးတွေကျတော့ ယောက်ျားတယောက်ရှေ့မှာ ကြောက်ပြ စိုးရိမ်ပြ ထိတ်လန့်ပြတတ်တယ်၊ 'ဘယ' လို့ခေါ်တယ်။
တချို့မိန်းကလေးတွေကျတော့ လျှာလေးတစ်လစ်တစ်လစ်ထုတ်ပြတတ်တယ်၊ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်၊ 'လဇ္ဇ' လို့ခေါ်တယ်။
တချို့မိန်းကလေးတွေက စကားပြောတဲ့အခါ မကြားတကြားဖြစ်အောင်လုပ်ပြောတတ်ကြတယ်၊ အဲဒါကိုကျတော့ 'မန္ဓဝါစာ' လို့ခေါ်တယ်။
တချို့မိန်းကလေးတွေက မျက်လုံးကလေးထောင့်ကပ်ပြီး ကြည့်တတ်ကြတယ်၊ အဲဒါက 'အဒေက္ခဏာ' တဲ့။
တချို့မိန်းကလေးတွေက မျက်ရည်လေးတစမ်းစမ်းနဲ့ ငိုပြ မျက်ရည်ကျပြတတ်တယ်၊ ဒါကတော့ "ရုဒါ" လို့ခေါ်သတဲ့။
တချို့မိန်းကလေးတွေကတော့ ကိုယ်မခံသာအောင် စကားနာတွေထိုးပြီး ပြောတတ်တယ် "ဤကံကလဟ" လို့ခေါ်တယ်။
မင်းကတော့ ကိုယ့်ကို စတွေ့တွေ့ချင်းမှာပဲ နောက်ဆုံးညှို့ချက်နည်းနဲ့ စွဲဆောင်သွားနိုင်ခဲ့တယ်"
"အယ်..."
"ဟုတ်တယ်လေ၊ မင်းက ကိုယ့်ကို လာဖောက်တဲ့ အူကြောင်ကြောင်လူတို့ ဘာညာနဲ့ စကားနာထိုးပြီး ရန်တွေ့ခဲ့တယ်မလား၊ အဲ့ဒါလေးကိုက ချစ်စရာကောင်းနေတာ"
ပြောအားအရှိန်ကို ထပ်တင်လိုက်ပြန်၏။
ကိုဓ၏ချီးမွန်းသံက အေဇက်မိုင်ကို ရှက်သွေးဖြာသွားစေသည်။
မျက်နှာလှလှ အကြည်ဓာတ်မှာ ခရမ်းချဥ်သီးအမှည့်ရောင်သန်းသွား၏။ ဒါကလည်း
ညှို့ချက်တနည်းဟု ကိုဓမှတ်ယူလိုက်မိ၏။
"ချစ်စရာကောင်းတဲ့သူကို ချစ်မိသွားတာကတော့ အပြစ်မရှိလောက်ပါဘူးနော်၊ ကိုယ်တော့ အေဇက်ကို ရေတွက်မရတဲ့ပမာဏနဲ့ ကမ္ဘာမက ချစ်နေမိပြီ၊ ကျေနပ်လက်ခံမယ်မလားဟင်"
"လက်စသတ်တော့..ဆက်ကစတန့်လို ထွင်ပြီး ရှင်က ရည်းစားစကားပြောဖို့စကားလမ်းကြောင်းဆင်လာတာကိုး"
"အဟဲ..နေခက အတွေ့ဦးခဲ့ပေမယ့် မင်းကကိုယ့်ရဲ့အချစ်ဦးဖြစ်နေလို့ ဒီလို မြန်ဆန်တဲ့အင်တာနက်ခေတ်ကြီးထဲမှာ အချိန်ဆွဲမထိန်းထားနိုင်ဘဲ ပွင့်ပွင့်လင်းလင်းပြောထွက်မိသွားတာပါ"
အလစ်အငိုက် ချစ်ရေးဆိုခံလိုက်ရ၍ထင်သည်။
အေဇက်မိုင်မှာ အံ့သြမှုနှင့်တကွ
ခေါင်းငုံ့ပဲနေရတော့မလို လက်သည်းပဲကိုက်နေရတော့မလို ဇဝေဇဝါအသွင်လေးဖြစ်နေ၏။ ထိုဟန်ပန်မူယာသွင်လေးကပင်လည်း အမတန်မှ ချစ်စဖွယ်ကောင်းနေလေသည်။
"ရှင်ကလည်းနော်၊ သိတာမှမကြာသေး၊ ပြီးတော့.. တို့ကမိန်းကလေးလေ၊ ရှင်ပြောတိုင်း ချက်ချင်းလက်ခံလို့ဘယ်ရမလဲ၊ အကောင်းမှတ်လို့ နားထောင်နေတာကို"
"အကောင်းပြောနေတာပဲလေ၊ အချစ်နဲ့အလေးစွန့်လိုခြင်းဆိုတာ ရေရှည်အောင့်ထားလို့မရနိုင်ဘူးမဟုတ်လား၊ စောနကတင် နေခက အောင့်ထားမရတော့လို့ ရေအိမ်ရှိရာဆီ ထလစ်သွားရသလို...ကိုယ်ကလည်း ကိုယ့်အချစ်ကို အောင့်ထားလို့မရလို့ ဖွင့်ပြောမိတာပါ"
"ရှင့်ဥပမာက တမျိုးကြီးပဲ၊ နေခကလည်း တို့ကို ချစ်ကြောင်း ဖွင့်ပြောထားသေးတယ်"
"နေခကိုတော့ မင်းက ငယ်သူငယ်ချင်းတွေမို့သာ ဒီလောက်သည်းခံပြီး တွဲသွားတွဲလာလုပ်နေတာမဟုတ်လား၊ သူကမင်းကိုအတင်းလိုက်ကပ်နေလို့ မင်းမကြည်မှန်းလည်း ကိုယ်ရိပ်မိပါတယ်၊ မင်းက နေခထက် ကိုယ့်ကို ပိုပြီး အချစ်ကံမှာ ထူးခြားရေးအတွက် ဦးစားပေးမယ်မဟုတ်လား"
"ရှင်ကလည်း လွန်ဆွဲပြိုင်ပွဲလို ကိုယ့်ဘက်ကိုယ်ပါအောင်တော့ ဆွဲလှချည်လား"
"လူဆိုတာ..ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးလို့ ပြောတတ်ကြပေမယ့် မင်းကိုမင်း ချစ်တာထက် ကိုယ်က မင်းကိုချစ်တာက ပိုပါတယ်၊ ကိုယ့်ဘဝရဲ့ရှင်သန်ရာအတွက် မင်းက မရှိမဖြစ်အနေနဲ့ ကိုယ့်အသက်စစ်စစ် ဖြစ်နေလို့လေ၊ ဒါကြောင့် ကိုယ့်ရဲ့ အသစ်စက်စက်ချစ်သူလေးအနေနဲ့ မင်းကတရားဝင်အသိအမှတ်ပြုပေးမှုကို ကိုယ် ပိုင်ဆိုင်ရချင်တယ်"
"ရှင်က အတော်လေးတော့ နှုတ်ရဲအာသွက်လွန်းတယ်နော်.."
ကိုဓမှာ နှလုံးသားရဲ့လှုံဆော်စေခိုင်းမှုကြောင့်သာ လျှာအင်ဂျင်အရှိန်သွက်သွက် လည်ပတ်နေမိခြင်း ဖြစ်သည်။
သို့သော် ကိုဓ၏ အစွံထုတ်ခြင်းချစ်ဗျူဟာကို အေဇက်မိုင်က ဣန္ဒြေတည်းဟူသော ခံတပ်ကြီးနှင့် တားဆီးနေချေသည် ။
"တကယ်အတည်ပါ.."
"နေခလည်း တကယ်အတည်ပါနေတာ.."
"အာ...ကိုယ် ထပ်ပြောပါရစေ"
ကိုဓက စကားကို လေးနက်စေရန်..ခေတ္တ ရပ်တန့်ထားလိုက်၏။
သည်အခိုက်အတန့်လေးအတွင်းမှာလည်း
အေဇက်မိုင်၏မျက်နှာပေါ်သို့ ချစ်ရည်ရွှန်းလဲ့သည့် မျက်ဝန်းတဝေဝေအကြည့်တွေတင်ပို့လိုက်ရင်း ကိုဓအရူးအမူး ခံစားမိလိုက်ပါသည် ။
အို...အေဇက်..။
ထိုစဥျ ....
အရေးကောင်းတုန်းဒိန်းဒေါင်းဖျက်ဆိုသကဲ့သို့ သူတို့ဝိုင်းဆီကို...နေခက တက်သုတ်ရိုက်ပြန်လာသည်။
"မင်းပြန်လာတာ ငါ့စိတ်ထဲမှာ တယ်မြန်လှချည်လားလို့ထင်မိတယ်၊ လက်တွေဘာတွေကော ပြောင်စင်အောင် ဆေးကြောခဲ့ရဲ့လားကွ..ဟေ"
ဝိုင်းတွင် နေခ ဝင်ထိုင်လိုက်သည်နှင့် ကိုဓက စကားဦးမှုအရယူလိုက်သည်။
"အမလေးကွာ..မယုံလာနမ်းကြည့် "
နေခက လျှက်ဆားသည်(သယ်)ရှေ့က အလကားတောင်းခံသူလို လက်ဝါးကိုဖြန့်ပြီး ကိုဓဆီ ထိုးပေးလာသည်။
"တော်စမ်းပါကွာ၊ မင်းက မစွံကညာနဲ့ရွံစရာကြီး၊ ကဲပါ..မင်းလိုအရေထူအမိုက်အမဲလေးကို လေရှုဗိုက်ထဲရောက်သေးအောင် ဗွေမယူ မရိုက်မဆဲတော့ပါဘူး၊ ကဲ..ကဲ...မင်း ဝိတ်လျှော့လိုက်ရလို့ စိတ်ပေါ့သွားပြီမှတ်လား..."
"စိတ်ကတော့မပေါ့ပါဘူးကွာ၊ ကလျာ့ကိုမင်းနဲ့ထားခဲ့ရလို့ စိတ်လေးနေတာ၊ မင်းကို ကလျာနဲ့ထားခဲ့ရတာက မျောက်ကိုငှက်ပျောခိုင်ထိန်း ခန့်အပ်ထားခဲ့မိသလို ဖြစ်နေမလားပဲ"
"အမယ်လေးကွာ၊ ချန်ပီဇီကို မီးမြိုက်ထားတဲ့ပုံနဲ့မင်းက ပြောရတယ်ရှိသေး၊ မင်းမှ မျောက်မူးသေအောင် အငြိမ်လည်းမနေတတ်တာ "
"အံမယ်...မင်းကရော လူတကာမကြည်တဲ့ ဘူဂျာလီရုပ်နဲ့များ"
"အပျော်စတာပဲဖြစ်ပါစေ၊ တော်ကြပါတော့"
စကားနိုင်လုပွဲကို အေဇက်မိုင်က ဝင်ဟန့်သည်။
ကိုဓနဲ့နေခ အကြည့်ချင်းဆုံမိကြ၏။
ဒါ...စိန်ခေါ်မျက်ဝန်းတွေ...။
အေဇက်မိုင်၏နှလုံးသားကိုတော့ ဘယ်သူမူပိုင်ခွင့်ရမည်လဲလေ။
ရှေ့ဆက်...
တွေ့ကြသေးတာပေါ့ကွာ...ဟူသည့် သဘောပါသော အသံတိတ် ဒိုင်ယာလော့ခ်များသာပင်ဖြစ်ချေ၏။
လတ်တလောဖြင့် စကားလုံးများကို
စေလွှတ်မှုမရှိကြတော့ဘဲ စိတ်ထဲတွင်လော့ခ်ဒေါင်းချ၍ တိတ်ဆိတ်သွားကြ၏။
@@@@@@@@@@@@@@
အခန်း(၃)
ကန်တင်းတွင် လူပြည့်နေသည်
ဆူဆူညံညံရှိပါသည်
ပျော်ပျော်ပါးပါး စားသောက်နေကြသည်
စုံတွဲများလည်းရှိကြ၏။
ထိုသို့သော မြင်ကွင်းပုံရိပ်တို့နှင့် ဒဂုံတက္ကသိုလ်ရပ်ဝန်းအတ
Unlock to read this premium article with 10 points.