Author's Profile Photo

Reviews by Benevolent

1/04/2024

'ကာရာမာဇော့ ညီအစ်ကိုများ

6 mins read
Book Review
'ကာရာမာဇော့ ညီအစ်ကိုများ's photo

ကျွန်တော်ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ စာမျက်နှာ ၁၁၃၇ နဲ့ ဒီစာအုပ်က ကောင်းတဲ့နည်းလမ်းတွေသာမက အဆိုးတွေကို တုန်လှုပ်စေခဲ့တယ်။ ကမ္ဘာမှာ လူနှစ်မျိုးဘဲရှိတယ်၊ တမျိုးက ဒေါ့စတာယက်စကီ(Dostoevsky)စာအုပ်ဖတ်ဖူးတဲ့လူ နဲ့ နောက်တမျိုးက မဖတ်ရသေးတဲ့ လူပါ။ မသေခင်ဖတ်ကြည့်သွားသင့်စာအုပ်ကို ပြောပါဆိုရင် ကာရာမာဇော့ ညီအစ်ကိုများ စာအုပ်ပါ၊ အဲ့လိုပြောသွားသူက ၂၁ရာစု ပို့စ်မော်ဒန် ဆရာကြီးတစ်ဆူဖြစ်တဲ့ ဟာရူကီ မူရာကာမိ (Haruki Murakami )ပါ။သူကို စိတ်ကူးစိတ်သန်းအသစ်တွေ ပေးနိုင်ဆုံးက ကာရာမာဇော့ ညီအစ်ကိုများဖြစ်ပါတယ်လို့ Norwegian Wood စာအုပ်ထုတ်ဝေပြီးနောက် ပြောခဲ့ပါသေးတယ်။ဖြစ်တည်မှုဂူရုကြီးဖြစ်တဲ့ ဖရက်ကက်ဖကာ(Franz Kafka) ကလည်း ဒေါ့စတာယက်စကီ( Dostoevsky) ကို သူ၏ "သွေးသား-ဆွေမျိုး" ဟုခေါ်ဆိုခဲ့ပြီး၊ အထူးသဖြင့် The Brothers Karamazov နှင့် Crime and Punishment စာအုပ်နှစ်ခုစလုံးကကက်ဖကာရဲ့ တရားခွင်(The Trial ) စာအုပ်ကို နက်ရှိုင်းစွာ လွှမ်းမိုးနိုင်ခဲ့တာပါ။အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein) က သူက (Dostoevsky)ဆီမှာ ပိုပြီး သင်ယူခဲ့ရတယ်လို့ဆိုခဲ့ဖူးပါ‌သေးတယ်။ နောက်ရုရှားဂူရုတစ်ပါးက ဒေါ့စတာယက်စကီ(Dostoevsky) ကွယ်လွန်တဲ့အခါ “အဲဒီလူကို ကျွန်တော် တစ်ခါမှ မမြင်ဖူးသလို သူနဲ့ တိုက်ရိုက်ဆက်ဆံတာမျိုးလည်း မရှိခဲ့ပါဘူး၊ဒါ‌ပေမယ့်သူဆုံးပါးသွားတဲ့အခါ ရုတ်တရက် သူက တော့ ကျွန်တော့်အတွက် အရင်းနှီးဆုံး၊ အချစ်ဆုံးနဲ့ အလိုအပ်ဆုံးလူသားဆိုတာ သိလိုက်ရတယ်"။ အဲ့စကားဆိုခဲ့သူ တော်စတွိုင်း( Tolstoy )ဟာ ခံစားချက် ဖွင့်ဟခဲ့တာပါ။ဖျိုဒါ ဒေါ့စတာယက်စကီ( Fyodor Dostoevsky)ဆိုတာ တောစတွိုင်း( Tolstoy )လိုမဟုတ်ဘဲ အလယ်အလတ်တန်းစားလောကမှ ပေါက်ဖွားလာသူတစ်ယောက် ဖြစ်ပါတယ်။သာမန်အားဖြင့် ဒေါ့စတာယက်စကီ ဖန်တီးလိုက်တဲ့ ဇာတ်ဆောင်တွေက မြို့ကြီးပြကြီးများနဲ့ ပြွတ်သိပ်နေတဲ့ ဝတ္ထုတွေများပါတယ်။

ကမ္ဘာ့စာပေရပ်ဝန်းတွင် အထူး လက်ဖျားခါရတဲ့ ရှေ့ပြေးဝတ္ထုများထဲတွင် ပြစ်မှုနှင့် ပြစ်ဒဏ် (Crime and Punishment) ၊ ကာရာမာဇော့ ညီအစ်ကိုများ ( The Brothers Karamazov) တို့က ရှေ့ဆုံးမှ ကနေ့ထိစာရင်းတွင် ပါဝင်လျက်ပါ။မူရင်းစာ‌ရေးသူမကွယ်လွန်မီ သုံးလအလိုက ရေးသားထုတ်ဝေပေးခဲ့တဲ့စာအုပ် ၊ ၁၈၈၁ ခုနှစ် သူကွယ်လွန်သွားပြီးနောက် ဒီဝတ္ထုက အအောင်မြင်အကျော်ကြားဆုံး ၊နောက်ဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့တယ်။တကယ့်တော့ ဒီဝတ္ထုက အလက်ဇီ ကာရာမာဇော့ အတ္ထုပ္ပတ္တိကို အစပျိုးတဲ့ စာအုပ်သာဖြစ်တယ်၊ ဒေါ့စတာယက်စကီ (Dostoevsky) ရွေးချယ်ထားတဲ့ ဇာတ်လိုက်ကြီး၏ ထူးခြားမှုကို ပြချင်တယ်၊ စာဖတ်သူက ဇာတ်ဆောင်၏ လှုပ်ရှားမှု ကွဲပြားကြည်လင်ခြင်း မရှိဘဲ ခပ်ရေးရေးသာမျှသာ မြင်မိလျှင် ဒုတိယ စာအုပ်နဲ့ အဆုံးသတ်ပေးချင်ပုံရတယ်။ဝတ္ထုဇာတ်လမ်းက နှစ်ပုဒ်ဖြစ်ပြီး ပထမဝတ္ထု လှုပ်ရှားမှုများက လွန်ခဲ့သော တစ်ဆယ့်သုံးနှစ်ကာလ ဖြစ်တယ်၊ ဒုတိယဝတ္ထုမှသာ ရွေးချယ်ထားတဲ့ ဇာတ်လိုက်၏ လှုပ်ရှားများကို တွေ့ရမယ်လို့ ပြောထားပါသေးတယ်။

▪️ဇာတ်ကွက်
ဝတ္ထုဇာတ်လမ်းကိုဖော်ပြတာထက် ဒဿန စကားလုံးများအားလုံးက စာအုပ်တန်ဖိုးကိုပိုမြင့်မားအောင်သာ ပြုလုပ်ထားတယ်။ကာရာမာဇော့ မိသားစုစကားဝိုင်းနဲ့ ရောင်နီသန်းထားတယ်။တနည်းအားဖြင့်အဖေနဲ့သား မိန်းမတစ်ယောက်ကို ရဖို့အတွက် နည်းမျိုးစုံ ကြိုးပမ်းကြပြီး တဏှာလမ်းကြောင်းပေါ်မှာ ခေါင်းချင်းဆိုင် တိုက်မိတဲ့ အခန်းက စတယ်ပေါ့။အများအမြင် ကာရာမာဇော့မိသားစုတွေက တဏှာရူးတွေ ၊ သိုက်တူးတဲ့ လူတွေ ၊ ပေါတောတောလူတွေပဲ။မကောင်းဆိုးဝါး ပူကပ်နေသလို ကာရာမာဇော့မိသားစုဝင်တွေက မိုက်တွင်းထဲသို့ နစ်ဝင်သည်ထက် နစ်ဝင်လျက်ရှိကြတယ်။ခရစ်ယာန်ဘာသာနှင့် ဆိုရှယ်လစ်ဝါဒ အဓိဘာသာရပ်ကြီနှစ်ခုနှင့်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စာရေးသူက ဖန်တီးထားဇာတ်ဆောင်တွေကို အမေးအဖြေများနဲ့ စူးစမ်းရှာဖွေမှု လုပ်ထားတယ်။ရှေးရုရှားဘဝတစ်ခုလုံးကို ပုံဖော်ထားပြီး ရွှေခေတ်နှင့် ရုရှားယဉ်ကျေးမှု၏ ကြေကွဲဖွယ်များကိုအလှည့်အပြောင်းဖြစ်များဖြင့် လူမှုရေးနှင့် ဝိညာဉ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပုံဖော်ထားတယ်။အခိုက်အတန့်လည်း ရှိတယ်။စာအုပ်ထဲတွင် လျှို့ဝှက်ခန်းများ၊ လျှို့ဝှက်လမ်းများ၊ လျှိုဝှက်လှေကားများ အမြောက်အများပါတယ်။ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဒုစရိုက်နွံထဲ ကိုယ့်သဘောနဲ့ ကိုယ် နစ်မြုပ်နေကြတယ်။မြို့စွန်မြို့ဖျားလည်း မဟုတ်၊ မြို့လယ်မှ အတန်ငယ်လှမ်းတဲ့ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီလှပခမ်းနား‌ သော အသွင်အပြင်ရှိသော အိမ်ကြီးတွင် နေထိုင်တဲ့ ဖျိုဒါ ပက်ဗလိုဗစ် ကာရာမာဇော့ (မြေပိုင်ရှင်ကြီး) ထူးခြားဆန်းကြယ်စွာ ကံကြမ္မာဆိုးရွားစွာနဲ့ သေဆုံးခဲ့ရတယ်၊ လျှို့ဝှက်ဆန်းကြယ်လှတဲ့လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကသားသုံး‌ ယောက်ထဲက တစ်ယောက်ဖြစ်ကြောင်း သက်သေခံများ ကအခိုင်အမာထုတ်ဖော် ပြောကြားကြပြီး တရားခွင်ဒရာမာတစ်ခုဖြစ်ပေါ်လာတယ်။ ဆိုးသွမ်းပြီး စိတ်ကူးယဉ်ဆန်တဲ့ မြေပိုင်ရှင်ကြီး နဲ့ သူ၏သားပါဝင်တဲ့ တြိဂံပုံအချစ်ရေးရာ erotic ပြိုင်ဆိုင်မှုများကြောင့်သာ ဖြစ်တယ်။

▪️ဇာတ်ကောင်စရိုက်
ကာရာမာဇော့စကားဝိုင်းတွင် အဓိကပါဝင်သူ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ခြင်းရှိသော လူကြီးလူကောင်းတစ်ယောက်ကကုန်သည်ကြီးမီယူဆော့ပါ ၊ တခြားတစ်ဖက်အမြင်မှာလည်း သူက ဘဝမြင့်ပြီး ကိုယ့်ကိုယ် အထင်ကြီးနေတဲ့ လူတစ်ယောက်ဖြစ်တယ်။‌

နောက်ခရာကျတဲ့ ပုဂ္ဂိုလ်က တောရကျောင်းနေ အရပ်ပုခါးကုန်းနေသော ခင်ကြီးဇော်ဇီမာ ၊ ဝန်းရံသူများကို ကောင်းချီးပေး၊ ဆုတောင်းပေးသူ၊ သည်းထန်တဲ့ မျက်ရည်တွေကနေ နူးညံ့တဲ့ မျက်ရည်တွေဖြစ်လာအောင် တရားဟောပြပေးသူတစ်ယောက်၊ သူ၏တရားပြခန်းတွေက စာအုပ်ရဲ့ အနှစ်သာရတစ်စိတ်တပိုင်းဖြစ်တယ်။ခင်ကြီး ဇော်ဇီမာ ဆွေးနွေးခန်းတွေ တကယ် ကြွေမိတယ်။

ကာရာမာဇော့ သားကြိုက်တဲ့မိန်းမကိုမှ ဗြုန်းစားကြီးဆိုသလို အရူးအမူးဖြစ်ကာ ပါးစပ်က သွားရည်တများများကျ‌ နေဟန်ရှိသူဖြစ်ပြီး သားအလတ် အိုက်ဗင်ကို ဒီမီထရီ ထက်ပိုပြီးစိတ်ထဲမှာကြောက်နေရသူလည်းဖြစ်တယ်။တစ်ဖက်မှာ ပေါ‌တောတောတွေလုပ်နေပေမယ့် တစ်ဖက်ကလည်း အခြေအနေတွေကို သေသေချာချာ လေ့လာသုံးသပ်တတ်သူတစ်ယောက်လည်းဖြစ်တယ်။လိမ္မာပါးနပ်ပြီး ခေါင်းမာသော လူပေါကြီးတစ်ယောက်ဖြစ်သည်နှင့်အညီ အချို့နေရာများတွင် ပြတ်သားခြင်းရှိသလောက်အချို့နေရာများတွင် ပျော့ညံ့တတ်သူလည်းဖြစ်တယ်။ဝမ်းသာ၊ ဝမ်းနည်း တိုင်းလုပ်တာတစ်ခုရှိတယ်၊ ဘရန်ဒီကို သည်းခြေကြိုက် သောက်တတ်သူတစ်ယောက်၊ဒါအပြင် ကာရာမာဇော့ ရဲ့ အသွားနှစ်ဖက်စရိုက်ကလည်း စိတ်ဝင်စားစရာကောင်းနေပြန်တယ်။

ကာရာမာဇော့ညီအစ်များထဲတွင်အကြီးဆုံး ဒီမီထရီ(မစ်ယာ) ဆိုတာ အဒီလေဒါပထမဇနီးမှ‌ မွေးဖွားလာသူ၊ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်ပြီး သူ့ဖခင်နှင့် ပြဿနာ ခဏခဏ ဖြစ်တတ်သူ၊ ကြမ်းတမ်းသောကြောင့် ဘုန်းကြီးများပင် ခြေရင်းတွင် ခေါင်းကိုညွှတ်ချပေးရသည့်အထိ ခေါင်းမာသူတတ်သူတစ်‌ ယောက်ဖြစ်တယ်။ဂရုရှင်ကာ (မစ္စဆက် လော့)ကို ယူဖို့အတွက် လက်ရှိရည်းစားကို စွန့်ပစ်ဖို့ ကြိုးစားနေသော်လည်း အရှက်ကွဲတဲ့လုပ်ရပ်၊ သိက္ခာကျတဲ့အလုပ်ကို လောကကြီးမှာ အကြောက်ဆုံးအဖြစ် သတ်မှတ်ထားသူလည်းဖြစ်တယ်။

ဒုတိယဇနီးမှ အိုက်ဗင် နှင့် အလက်ဇီ ပေါက်ဖွားလာတယ်။အလတ်ကောင် ပညာတတ် အိုက်ဗင် ဆိုတာ ဖခင်‌အပေါ်တွင် တစ်စုံတစ်ရာပြောဆိုနိုင်သော တစ်ဦးတည်းသောသူ၊ ကဗျာဆောင်းပါးတွေရေးပြီး ဘာသာမဲ့တယောက်လည်းဖြစ်တယ်။အစ်ကိုမစ်တယာရဲ့ ရည်းစား(ကက်ထရီးနား)ကို အပိုင်သိမ်းဖို့ ကြိုးစားနေသူဖြစ်ရုံသာမက လူမသိနိုင်တဲ့ ရောဂါဝေဒနာ ခံစားနေရသူလည်းဖြစ်တယ်။

ခင်ကြီးဇော်ဇီမာက သားတစ်ယောက်သဖွယ် ချစ်ခင်ရသော သားငယ်အလျှိုရှာ(အလက်ဇီ)၊လူ့ဘုံခန်းဝါကြီးထဲကို ခင်ကြီး အတင်းစေလွှတ်သောသူ။အဖေနဲ့ တူတဲ့အတွက် တဏှာကျွန်တစ်ယောက်ဖြစ်ပြီး အမေနဲ့ တူတဲ့အတွက် သူ တော်ကောင်းလေး တစ်ယောက်ဖြစ်နေသူပါ။မိသားစုဝင်အားလုံးရဲ့ ချစ်ခြင်းကိုခံရတဲ့ တစ်ဦးတည်းသောသူ တစ်ယောက်လည်းဖြစ်တယ်။ဒါ‌ပေမယ့် သူ့ဘဝမှာ မရိုးသားတဲ့ အရာတစ်ခုရှိတယ်။

အကြီးဆုံးသားနဲ့ စေ့စပ်ထားတဲ့ ပိုက်ဆံရှိတဲ့အမျိုးသမီး ကက်ထရီးနား ( ကက်တယာ) ဗိုလ်မှူးကြီးတစ်ယောက်ရဲ့သမီး ဖြစ်ပြီး အင်မတန်လှတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ ဘာကြောင့်စေ့စပ်ထားရတာလဲ အဲ့မေးခွန်းက ဆန်းကြယ်တယ်၊ အိုက်ဗင်ချောင်းနေတဲ့ အမျိုးသမီးလည်း ဖြစ်နေပြန်တယ်။သူမကိုယူရင် မင်္ဂလာကြေးငွေ ခြောက်သောင်းရမယ်၊ ဒါပေမယ့် ငွေနဲ့ မြှူဆွယ်ခံရခြင်းကြောင့်မဟုတ်၊ သုခချမ်းသာ ကြောင့်လည်းမဟုတ်၊ ရှာနေတာက ခံစားခြင်း ဝေဒနာ တစ်ခုပါပဲ။

ဇာတ်လမ်းကို လှုပ်ကိုင်သူ ဂရုရှင်ကာ ဆိုတာ ပညာမတတ်တဲ့တောသူကြီး၊ ကုန်သည်ကြီး ဆမ်ဆိုနော့ ရဲ့ မယားငယ်ဟောင်းသာဖြစ်တယ်၊ သူဟာ သားအဖတွေရဲ့ကြား ခြံစည်းရိုးပေါ်မှာ ထိုင်ပြီး ကစားနေသူလည်းဖြစ်တယ်။ အဘိုးကြီးဆီမှာ ပိုက်ဆံအများကြီး ရနိုင်ပေမယ့် ပထမသူမကို အလုပ်မှာ ခိုင်းဖို့အတွက်စဉ်းစားထားတာကြောင့် လက်ထပ်ပြီးအတည်တကျ ယူမှာမဟုတ်ဘူးလို့ တွေးနေသူ၊ သားက ငွေမရှိ၊ ဒါပေမယ့် အတိတကျယူမှာသေချာတယ် ဆိုတဲ့အချက်တွေနဲ့ မာယာရှင် မလေး ဘယ်လိုရှေ့ဆက်မလဲ ဆိုတာ ဖတ်ကြည့်ပါ။

ဇနီးအဘွားကြီး မာဖာ နှင့်အတူ ရုရှားနိုင်ငံ ကျေးကျွန်များလွတ် မြောက်ခွင့်ရရှိသည့်တိုင် ရိုးသားပြီး ယိမ်းယိုင်ဖောက်ပြန်တတ်သူ မဟုတ်တဲ့ အ‌စေခံတန်းလျားနေသူ အဘိုးကြီးဂရီဂိုရီ၊တနည်းအားဖြင့် သခင် ဘာပဲဖြစ်နေနေ ဘယ်တော့မှ စွန့်ခွာပြီး မသွားသင့် ဟုဆုံးဖြတ်ထားသူ တစ်ယောက်လည်းဖြစ်တယ်။သခင်၏ ယုံကြည်အားထားရသော အစေခံကြီး တစ်ယောက်ဖြစ်ရုံသာမက ကာရာမာဇော့၏ အသက်အန္တရာယ် နှင့်ကြုံကြိုက်တိုင်း ခဏခဏ ကယ်ဆယ်ပေးလေ့ရှိသူ။တရားခွင်မှာ အင်မတန်အန္တရာယ်များတဲ့ သက်သေ၊ အထောက်အထားတစ်ခု "ပွင့်နေသော တံခါး 'အကြောင်း ထွက်ဆိုပေးခဲ့သူ လည်းဖြစ်တယ်။

လမ်းပေါ်မှာ လှည့်လည်သွားလာနေသော အရပ်ပုပု အရူးမကလေး လစ်ဇာပီတာရဲ့သား ဆမာယာကော့ လို့ ခေါ်တဲ့ အစေခံလူရွယ်ကလေးတစ်ဦးပါ‌သေးတယ်၊ ဝက်ရူးပြန် ဝေဒနာ ခံစားနေရသူလို့ အများကသိသူတစ်ယောက် နောက်ဆုံး မပြည့်စုံသော စာတစ်ဆောင်ရေးပြီး နောင်တတရား နဲ့....

ရူဗယ်ငွေသုံးထောင် က ဇာတ်ဆောင်အားလုံးရဲ့ ဘဝတွေကို ရှုပ်ထွေးသွားအောင် ဂြိုဟ်မွှေနိုင်ဆုံးအရာပဲ။အကျိုးမရှိ အကြောင်းရှိ ဇာတ်ရှုပ်ထဲဆွဲသွင်းလာတဲ့ လူသတ်သမားက ဘယ်သူဖြစ်မလဲ၊ ဆိုက်ဗေးရီးယားအကျဉ်းစခန်း ကို ဘယ်သူသွားရမလဲ။

▪️ကျွန်တော်အမြင်
အမိုက်ဆုံးဝတ္ထုများထဲမှ တစ်ခု၊ လူ့စိတ်ပညာကို နက်ရှိုင်းစွာ နားလည်ပြီး ဝတ္ထုထဲတွင် ရှုပ်ထွေး ကွဲလွဲနေသော ဇာတ်ကောင်များကို သရုပ်ဖော်ထားတယ်။ စာအုပ်တွင် အစွမ်းထက်ဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး စကားလုံးအချို့ပါရှိပြီး စာဖတ်သူကို ကြာရှည်အထင်ကြီးစေနိုင်တယ်။များပြားပြီး အတော်လေး ကွဲပြားသော ဇာတ်ကောင်များ၏ သရုပ်သဏ္ဍာန်များက စာရေးဆရာ ရင်ကြားစေ့ရန် ကြိုးစားနေသည့် လူမှုအဖျားရောဂါများကို လည်းလေ့လာနိုင်တယ်။ ထူးခြားခြင်းနဲ့ လူတစ်မျိုးစီအဖြစ်က လူတစ်ယောက်အဖို့ အကောင်းသဘောထက် နာမည်ဆိုးတစ်ခုဖြစ်နေတတ်တယ်။အထူးသဖြင့် လူတစ်ယောက် ပင်ကိုအရည်အသွေးကို သာမန်မျှသာ ဖြစ်သည်ဟု ယူဆပြီး အနှစ်သာရကို ရှုပ်ထွေး အောင် လုပ်တဲ့ အယူဝါဒများကို ဒီစာအုပ်ထဲမှာတွေ့ရတယ်။လူတစ်ဦးစီတွင် ကိုယ်ပိုင် တိကျသေချာသော ညှို့ယူနားလည်မှုနှင့် ဒုက္ခတရားတို့က မျှမျှတတ ရှိကြပြီး တစ်ဦးစီတိုင်းကလည်း ကိုယ်ပိုင် ဘဝယုံကြည်ကိုးကွယ်ရာ၊ လက်ခံယူဆမှုများ ရှိကြပြန်တယ်။လူတွေမှာ ဘဝယုံကြည်မှု ဆိုတာရှိရင် အဲဒီယုံကြည်မှုကို သူတို့ ဘယ်ကရသလဲ၊ လူတွေက ပြောလိမ့်မယ် ၊ ဘဝယုံကြည်မှုဟာ လက်ရှိ လောကကြီးရဲ့ ဒုက္ခအပေါင်းကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုရပါမယ်။တခါတ‌လေသွေးအေးအေးနဲ့ အပြစ်အနာရှာတတ်တဲ့လူတွေ သရော်မော်ကား လုပ်တတ်တဲ့လူတွေဖြစ်‌ပေမယ့် အေးစက်သောဆင်ခြင်တုံတရားရှိတတ်ကြတယ်။
အရှင်းဆုံးနှင့် အလွယ်ကူဆုံးလုပ်ရပ်တိုင်းဟာလည်း အမြဲ မမှန်ကန်နေပြန်ဘူး။ကနေ့ခေတ်စားလာတဲ့ ခံစားမှုအသစ် ၊ အတွေးအခေါ် အသစ်တွေအရ၊ လူသားရဲ့ အကျိုးကိုသာ ရှေးရူထောက်ထားလာကြတဲ့ မူဝါဒတွေကရော ..နားဝေတိမ်တောင် ဖြစ်နေဆဲပါ။

ဒီဝတ္ထုက စာရေးသူ၏ ‌အတွေ့အကြုံမှတ်ဉာဏ်တွေကို စာကြောင်းများကြားတစ်နေရာတွင် ဝှက်ထားပြီး စာဖတ်သူကို အပိုင်းအစများကို ကောက်ယူရန် ချန်ထား‌ ပေးတယ်။အရေးအသားလက်ရာများက ရှုပ်ထွေးပြီး စိန်ခေါ်မှုများ ရှိနိုင်သော်လည်း စာပေကို ပြင်းပြင်းထန်ထန် စိတ်ပါဝင်စားသူများမှ စာအုပ်ရဲ့ အစပြုမှုကို သေချာပေါက် ချိတ်ဆက်နိုင်လိမ့်မယ်။ဒီစာအုပ်ကို ဖြည်းဖြည်းခြင်းဖတ်ပြီး ဆွေးနွေးမှုတွေနဲ့ သင်ခန်းစာတွေကို စုပ်ယူဖို့ အကြံပြုချင်ပါတယ်။ဒီစာအုပ်ကိုမဖတ်ဘဲ ဘဝကိုဖြတ်သန်းမနေပါနဲ့။ သူ၏နောက်ဆုံးနှင့်အကြီးကျယ်ဆုံးဝတ္ထုနှင့်ထိုက်တန်သောအောင်မြင်မှုတစ်ခုဖြစ် နေလို့ပါ။

Please YouTube ?

https://youtube.com/@ReviewsbyBenevolent?si=aocgf5SQSlnEmbZE

စာဖတ်ခြင်းက အသိဉာဏ်လွတ်လပ်မှု ရစေတယ်။?

Benevolent Guy

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)