Author's Profile Photo

ကိုခန့်

5/01/2025

အချောမသပ်ရသေးတဲ့ ချည်စောင်လေးတစ်ထည် (ဝတ္ထုတို)

9 mins read
Art
Parenting & Family
အချောမသပ်ရသေးတဲ့ ချည်စောင်လေးတစ်ထည်  (ဝတ္ထုတို)'s photo

(၁)
"အမေတို့ကတော့ကွာ ...လုပ်လိုက်ရင် ဒီလိုဇွတ်ချည်းပဲ"
တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်း ရုတ်တရက်ထွက်ပေါ်လာသည့်အသံ။
ထိုအသံရဲ့နောက်မှာဆက်၍ တယ်လီဖုန်းကို ဖုန်းဒိုင်ခွက်ပေါ်  အားနှင့်ဖိချလိုက်သည့်" ခွပ်ခနဲ" မြည်သံ။
ထိုအခိုက်  မီးဖိုချောင်အတွင်းမှ ထွက်လာသော ဇနီးသည်မခင်လှသည်  ဧည့်ခန်းအတွင်းရှိထိုင်ခုံပေါ်ဝင်ထိုင်လိုက်ရင်း...
"ဘာဖြစ်လို့လဲ  အကို ၊ အမေက ဘာပြောလို့လဲ"
"ဘာဖြစ်ရမလဲ ခင်ရယ်...အကို့ကို ရွာအလည်လာစေချင်ပြန်ပြီတဲ့၊တွေ့ချင်လွန်းလို့ပါတဲ့လေ"
မခင်လှ သဘောကျစွာပြုံးလိုက်မိသည်။
"ဟုတ်သားပဲ အကိုရယ် ... ဒီသားအမိနှစ်ယောက်တည်းရှိတာ အမေလည်း အကို့ကို တွေ့ချင်ရှာမှာပေါ့၊အမေ့ခံစားချက်ကို ကျွန်မနားလည်ပါတယ်၊ အကို့ရဲ့အလုပ်တွေအားလို့ အဆင်ပြေတယ်ဆိုရင် အမေ့ဆီသွားပါလားအကို၊ ကလေးတွေကို ခင် ထိန်းနိုင်ပါတယ်။"
"ဟာ ...ခင်ကလည်းကွာ...အကိုတို့ အရင်တစ်ခါသွားထားတာတောင် ၅လ မပြည့်သေးဘူး...နောက်ပြီး အကိုလည်း ကိုယ့်အလုပ်တွေနဲ့ မအားဘူးရယ်...ကလေးတွေလည်း စာမေးပွဲ နီးနေပြီလေ၊ သွားမှသွားရင် တစ်မိသားစုလုံးအတူတူသွားချင်တာ"
"အင်းပါ အကိုရယ်... သားငယ်တို့ စာမေးပွဲကလည်း နောက် ၂ လလောက်နေရင် ဖြေရတော့မှာဆိုတော့ အဲဒီအချိန်ကျမှ ခင်တို့မိသားစုတွေ အမေ့ဆီသွားကြတာပေါ့..."
"အကိုလည်း အမေ့ကို အဲလိုပြောပါတယ်...
အမေကိုက ဂွကျတာ...သူဖြစ်ချင်ရင် ဇွတ်ပဲ..  "

"ကဲ ...ဟုတ်ပါပြီ အကိုရယ်...အမေလည်း အကို့ကို တွေ့ချင်လွန်းလို့ ဖြစ်မှာပါ...အခုထမင်းစားကြရအောင် ခင် အဆင်သင့်ပြင်ထားတယ်.."
"အေး...အေး...စားကြတာပေါ့"

ထမင်းသာစားနေရသည်။စိတ်ထဲတွင်တော့ အမေ့ကို ယခုချိန်ထိ အပြစ်တင်မိနေဆဲ။အမေ...အမေ... သူ့အတွက်ပဲကြည့်ဟန်တူသည်။သားဖြစ်သူ အလုပ်မအားသည်ကို သိနေပါလျက် ဘာကြောင့်များ ဒီလိုအဖြစ်သည်းနေရပါလိမ့်။အမေနှင့်အတူမနေပေးနိုင်သည့်အတွက် တတ်နိုင်သမျှ ပြည့်စုံအောင်ထားပေး၏။အမေအဖော်ရအောင် ညီမတစ်ဝမ်းခွဲဖြစ်သူ ဖြူဖြူကိုလည်း အိမ်မှာခေါ်ကျွေးထားကာ အမေ့အားလိုအပ်သည်များကို ပြုစုစေ၏။အသုံးစရိတ်အတွက်လည်း လတိုင်း ပိုက်ဆံပုံမှန်လွှဲပေးဖြစ်၏။ လှူဖို့တန်းဖို့ပါ မကျန်ရလေအောင် သူထောက်ပံ့ပေးထား၏။ မကြာခဏမလာနိုင်၍ဟုဆိုကာ ဖုန်းလည်းဝယ်ပေးထား၏။

"သားအသံကြား အားရှိပါတယ်တဲ့လေ"အမေတို့များ စကားလည်းကြွယ်ပ...။

အမေသည် အသက် ၇၈ နှစ်ဟု မထင်ရအောင် ကျန်းမာရေးကောင်း၏။ထိုအရာကိုပင် ကျေးဇူးတင်ရမည်။အကယ်၍ ကျန်းမာရေးသာ မကောင်းလျှင် မည်သို့ပင်လုပ်ရမည်ကို သူမတွေးတတ်တော့ပေ။အလုပ်ကတစ်နေရာမို့ အမေနဲ့အတူနေပေးဖို့ကလည်းမဖြစ်နိုင် ။ထို့ကြောင့် အလုပ်အားရင် အားသလို အမေဆီ ၁နှစ်လျှင် အနည်းဆုံး ၂ကြိမ်တော့ရောက်အောင် သွားဖြစ်ခဲ့၏။ဒါကိုပင် အမေက သိပ်မကျေနပ်ချင်။အတူ နေမပေးနိုင်သည်ကို အပြစ်မြင်တတ်သေးသည်။သူ့မိသားစုနဲ့အတူလိုက်နေရန်ခေါ်သော်လည်း အမေကရွာကိုမခွဲနိုင်ဟုဆိုပြန်သည်။ထို့ကြောင့် ရွာအလည်ရောက်ဖြစ်တိုင်း အမေ့ကို နားလည်အောင် ပြောထားရ၏။

"အမေ...အမေ့အသက်လည်း ၇၈ကျော်နေပြီ...သားသမီးကို တွယ်တာတာ နည်းနည်းလေးလျှော့ပါလား...သူများတွေလည်းဒီလိုပဲ အိမ်ထောင်ကျရင် တစ်မြေတစ်ရွာခွဲရတာပဲ...အမေကိုက နည်းနည်းအကဲပိုပါတယ်၊ရွာထဲက အမေနဲ့ရွယ်တူ ကြီးလှတို့၊ကြီးတင်မြတို့ဆို ဘုရားကုန်းတွေသွား ...ဥပုသ်တွေစောင့်နဲ့...သူတို့သားသမီးကို လွမ်းဖို့တောင် မအားကြဘူး...အမေက အိမ်မှာပဲနေတာကို ရွာထဲက အသိတွေဆီ စိတ်ပြေလက်ပျောက် လည်လို့ ပတ်လို့မှ မဟုတ်ဘဲ..."

ထိုသို့ပြောလျှင် အမေသည်လက်မခံ ၊ပြန်ချေပတတ်၏။

"သားရယ်... အမေက သူတို့တွေနဲ့မှ မတူတာ။ အထိုင်အထခက်တော့ ဘုရားကုန်းမြင့်ပေါ်တက်ဖို့၊ဥပုသ်ကျောင်းသွားဖို့ မလွယ်ဘူးရယ်၊နောက်ပြီး အမေ့မှာက သားသမီးဆိုလို့ ငါ့သားလေးတစ်ယောက်ပဲ ရှိတာလေ၊မင်းမရှိတော့ အမေပျင်းတယ်...ဖြူဖြူရှိတယ်ဆိုပေမယ့် သူလည်းသူ့အမေနဲ့အတူအိပ်ချင်ရှာမှာပေါ့"

"ဟုတ်ပါပြီ အမေရယ်... ဒါပေမယ့်အမေနဲ့ ရွာမှာအတူနေပေးဖို့ကတော့ မဖြစ်နိုင်ဘူး၊အလုပ်ကတစ်ဖက် မိသားစုကတစ်ဖက်နဲ့ သားပါသားတောင် အချိန်ကိုမနည်းလုနေရတာ၊သားတို့မိသားစုတွေ အလုပ်အားရင်အားသလို အမေ့ဆီ ညအိပ်အလည်လာပါ့မယ်၊သားတို့မြိုက အမေ့ရွာနဲ့အလှမ်းဝေးတော့ အသွားအလာ မလွယ်ကူလှဘူးရယ်၊သတိရရင် ဖုန်းလှမ်းဆက်ပေါ့၊အားရင် လာလည်မှာပေးမှာပါ"

ဒီလို အတန်တန်မှာထားလျက် အမေဘာကြောင့် တဇွတ်ထိုးနိုင်ရပါသနည်း။
"အကို...အကို...အကို့အမေက တစ်ခါတလေ ငါ့သားကိုခေါ်ပေးမှ ထမင်းစားမယ်ပြောသေးတာ...ထမင်းစားချိန်မှန်အောင် ဖြူဖြူမှာ ကြီးမေကို အတင်းကြိုးစားကျွေးရတယ်၊ညဘက်တွေဆိုလည်း တော်တော်နဲ့ မအိပ်ဘူး၊အကို့အတွက် ဆောင်းတွင်းဘက် နွေးအောင်ဆိုပြီး ချည်သဘက်ကို မမြင်စမ်းတန်းနဲ့ ထိုးနေသေးတယ်...အခုလည်း သူ့သားဆီဖုန်းခေါ်ပေးပါ ဇွတ်ပြောလို့ ခေါ်ပေးလိုက်ရတာပဲ...ဘာပဲဖြစ်ဖြစ်အကိုရယ် အကိုတို့တွေသာ အဆင်ပြေအောင်နေကြပါ...ကြီးမေကို ဖြူဖြူ အစွမ်းကုန်စောင့်ရှောက်ထားပါ့မယ်..."

ဖုန်းပြောစဥ်က ညီမဖြူဖြူရဲ့ စကားတွေကို ပြန်တွေးရင်း ဖြူဖြူကိုပင် အားနာလာမိ၏။
"ဖြူဖြူတစ်ယောက် အမေ့ကိုပြုစုရတာ လွယ်ရောလွယ်ပါ့မလား..."
ထမင်းစားနေရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

"သြော်...အမေ...အမေ...ဘာကြောင့်များ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးနေပါလိမ့်...."

(၂)
အခြားသူများအတွက် ဆောင်းရာသီသည် နှင်းများဖြင့် လှချင်လှနေမည်။အအေးကြောက်သော သူ့အတွက်တော့ဒီလိုမဟုတ်။အနွေးထည် အထပ်ထပ်ဖြင့် အိပ်ယာထဲလူးလိမ့်ရသည့် ဆောင်းညရက်ရှည်တွေကို သူ မကြိုက်ပါ။အခါတိုင်းဆို ညဘက်တွေအထိပါ စာရင်းတွေတွက်နေတတ်သည့် သူ။ရုံးမှာမပြီးခဲ့သည့် အလုပ်တွေကို အိမ်အထိသယ်လာပြီး ညဘက် အိမ်မှာဆက်လုပ်လုပ်တတ်သည့် သူ။ဒီလို အလုပ်ကြိုးစား၍လည်း သားနှစ်ယောက် ကျောင်းစားရိတ်အပါအဝင် သူတို့မိသားစု စားဝတ်နေရေး ၊အမေ့အတွက် လစဥ်ပို့ငွေတွေကို ပုံမှန်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်သည်။အခုသူ့မှာ တာဝန်တွေများလှသည်။အမေ့အတွက် သားကောင်းတစ်ဦးဖြစ်ဖို့လိုရုံသာမက သူ့ဇနီးနဲ့ သားတွေအတွက်လည်း ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်ရန်လိုသေးသည်။ထို့ကြောင့် နေ့ရော ညပါ အလုပ်ကြိုးစားရ၏။ယခုလို ဆောင်းညတွေမှာတော့ ညဘက်တွေအထိမလုပ်နိုင်။အအေးဒဏ်မခံနိုင်။ထို့ကြောင့် ညစာစားပြီးသည်နှင့် အိပ်ရာထဲဝင်ကာ စောင်ခြုံ၍ကွေးရသည်။ဟိုလူးဒီလှိမ့်နဲ့ အိပ်မပျော်တာကြောင့် ကုတင်ဘေးရှိ ဗီရိုအံဆွဲထဲမှ ဓါတ်ပုံအယ်လ်ဘန်တစ်ခုကို ဆွဲထုတ်ကာ ဟိုလှန်ဒီလှန် ကြည့်နေမိ၏။ရုတ်တရက်တွေ့လိုက်ရသည့် ဓါတ်ပုံကြောင့် အမေ့ကို သူသတိရသွားသည်။
" သြော် ...အမေ့ဆီ မရောက်ဖြစ်တာ အခုဆို ၁၀ လတောင်ရှိသွားပြီကောလေ..."

ဆေးရောင်တချို့ပျက်ပြယ်နေတဲ့ ခပ်နွမ်းနွမ်းဓါတ်ပုံလေးကို ကြည့်ရင်း လာလည်မယ်ဆိုတဲ့ ကတိကို တည်မပေးနိုင်လို့ အမေ့ကို အားနာနေမိသည်။
ဓါတ်ပုံထဲတွင် ချိုင်းပြတ်အကျီအဖြူရောင်၊ အကွက်ဘောင်းဘီတိုနှင့် အသားညိုညို ကလေးတစ်ယောက်။ပါးကွက်ကျား၊ကြက်တောင်စည်းနှင့်။လက်တစ်ဖက်က အကြော်ထုပ်ကိုကိုင်ထားပြီး တစ်ဖက်က အသက် ၃၀ အရွယ် ခပ်လှလှ အမျိုးသမီးတစ်ယောက်ရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ဟုတ်ပါသည်။သူငယ်ငယ်ကဓါတ်ပုံ။ ပုံထဲတွင်  အမေသည်လည်း အကြော်ဗန်းကိုရွက်လျက် သူ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်။ ထိုစဥ်က သူ့အဖေမရှိတော့၊ သူ ၅ နှစ်သားကပင် ပိုးထိ၍ကွယ်လွန်သွားခဲ့ပြီဖြစ်၏။ထို့ဓါတ်ပုံကို ကြည့်ကာ သူပြုံးနေမိ၏။အမေနဲ့ သူ အကြော်ရောင်းနေခိုက် စျေးဝယ်သူ ဓါတ်ပုံဆရာတစ်ဦးမှ အမှတ်တရ ရိုက်ကူးပေးခဲ့သောဓါတ်ပုံ။ထိုဓါတ်ပုံဆရာအား အမေက အကြော်တွေအများကြီး အပိုပေးလိုက်သည်ကိုလည်း မှတ်မိနေပါသေးသည်။ထိုဓါတ်ပုံလေးသည် အရောင်နွမ်းသော်လည်း ယခုတိုင်လှနေဆဲ။ဓါတ်ပုံထဲမှာ အမေ့အားတွဲထားသောလက်များသည်လည်း ကျစ်ကျစ်ပါအောင် မြဲနေဆဲ။

"ဘယ်လောက်ပဲ ကျစ်ကျစ်ပါအောင်ဆုပ်ဆုပ် တနေ့ညဥ်းသား မိန်းမယူရင် ညဥ်းကို ထားခဲ့မှာပဲ။အဲဒါကြောင့် ငါစေတနာနဲ့ပြောတာ မကြူ... ညဥ်း ရုပ်ခံလေးကောင်းတုန်းကို နောက်အိမ်ထောင်ပြုပါလား။ညဥ်းတစ်ယောက်တည်းပင်ပန်းပါတယ်။ငါ့အသိတစ်ယောက် ညဥ်းကို သဘောကျတယ်တဲ့။ငါ့ကို ပြောပေးပါဆိုလို့အေ။သူက ပညာတတ် ဥစ္စာပေါပဲတော်ရေ...။ညဥ်းလည်းတိုင်ပင်ဖော်တိုင်ပင်ဖက်ရတာပေါ့။ဘယ်လိုသဘောရလဲ...မကြူ"
ထိုစဥ်က ထိုအဒေါ်ကြီးကို ကျောက်ခဲနဲ့ လိုက်ပေါက်ခဲ့မိတာကို တွေးရင်း သူပြုံးလိုက်မိသည်။သို့သော် အမေသည် ထိုစကားများကို ဂရုမစိုက်ခဲ့ပါ။
"ကျွန်မသားလေးရှိရင် ကျွန်မအတွက် အခြားဘယ်သူမှ မလိုပါဘူး အမရယ်... သူ့ကို ကျွန်မပျိုးထောင်နိုင်ပါတယ်....သားလေး ပညာတတ်ဖြစ်အောင် ကျွန်မတစ်ကိုယ်တည်း ကြိုးစားနိုင်ပါတယ်...ဟုတ်တယ်မို့လား သားလေး..."

"ဟုတ်တယ်မေမေ...သားသားလည်း ပညာတတ်ကြီးဖြစ်ရင် မေမေ့ကို လုပ်ကျွေးမယ်။မိန်းမလည်း မယူဘူး။သားသားနဲ့ မေမေနှစ်ယောက်တည်း အိမ်ဝန်းကျယ်ကြီးထဲမှာ အတူတူနေကြတာပေါ့။အဲဒီအချိန်ကျ ပိုက်ဆံကို သားသားရှာမယ်။ အကြော်မရောင်းနဲ့တော့၊အမေဝါသနာပါတဲ့ ချည်ကိုထိုးရင်း သားသားတို့ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့..."

ငယ်ငယ်တုန်းကပြောခဲ့တဲ့စကားတွေ...
အမေ့ကို လိမ်သလိုများဖြစ်နေလေရော့သလား...

တကယ်တော့ အမေ့ကို သူချစ်ပါသည်။အမေ့ကျေးဇူးတရားတွေကိုလည်း နားလည်ပါသည်။ငယ်ငယ်ကတည်းက သူ့ဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အမေ။ဒီအမေကပဲ အဖေလိုတစ်မျိုး၊အမေလိုတစ်ဖုံစောင့်ရှောက်ခဲ့တာ။ဒီလောက်ကျေးဇူးကြီးတဲ့အမေ့ကို ဒီအတောအတွင်း လေသံမာမာတွေနဲ့ ပြောခဲ့မိတာတွေရှိသည်။အလုပ် ၊မိသားစုတာဝန်များကြောင့် ပြောမိခဲ့သော စကားများ။အမေ့အပေါ် အပြစ်လုပ်ထားသလိုများနေမိပြီလား။သူအမေ့ကို လွမ်းလာသည်။တွေ့လည်းတွေ့ချင်သည်။

"မဖြစ်ပါဘူး...ဒီအပတ်ထဲတော့ သွားဖြစ်အောင်သွားရဦးမယ်။"

(၃)
ဆောင်းညဖြစ်၍ ရွာညပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လှသည်။တနေ့တာလုံး လယ်ထဲကိုင်းထဲမှာ မောပန်းလာသမျှ စောင်ခြုံထဲဝင်ကာ ဇိမ်ခံတတ်ကြသည့် ရာသီမဟုတ်ပါလား။ရွာလမ်းတစ်လျှောက် လရောင်မှိန်မှိန်လေးတွေကျိုးတိုးကျဲတဲ ကျနေသည်။ဒီလမ်းလေးထက်မှာ တရွေ့ရွေ့သွားနေသည်က သူ။မီးအိမ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရွာလမ်းလေးအတိုင်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် သူသွားနေသည်။ပျော်လည်းပျော်နေမိသည်။အမေတစ်ယောက်သာ သူ့သားပြန်လာတာကိုသိရင် ဘယ်လောက်များဝမ်းသာလိမ့်မလဲ...
သူ့ အိမ်အဝရောက်တော့ ခြေစုံရပ်လိုက်သည်။အိမ်အတွင်းသို့လှမ်းကြည့်မိ၏။မီးရောင်မှိန်မှိန်လေးတော့မြင်သည်။လူသံမကြားရ။ဖြူဖြူနဲ့ အမေစောင်ခြုံထဲကွေးနေလေရော့သလား...။အိမ်အဝမှ အားပါးတရလှမ်းအော်လိုက်မိသည်။

"အမေရေ...အမေ...ဒီမှာဘယ်သူလည်း ကြည့်ပါဦးဗျ"
"အမေရေ...အမေ..."

အိမ်ထဲမှ  ဘာတုန့်ပြန်သံမှ မကြားရသဖြင့် တံခါးကို အသာတိုးဖွင့်ပြီး အိမ်အောက်ထပ်သို့ ဝင်ခဲ့သည်။

ရုတ်တရက် အိမ်အောက်ထပ်တွင်တွေ့လိုက်ရတဲ့မြင်ကွင်း...
ထိုမြင်ကွင်းက သူကိုထိတ်လန့်သွားစေသည်။

အမေသည် ကုတင်ပေါ်တွင် လှဲလျောင်းလျက်ရှိပြီး ကုတင်ဘေးတွင် ဖြူဖြူက တရှုံ့ရှုံ့ငိုလျက်ရှိ၏။တားဆီးလို့မရတဲ့မျက်ရည်တွေနဲ့အတူ သူအမေဆီသို့အပြေးလေးသွားသည်။
နောင်တများ၊အားနာမှုများနဲ့အတူ အမေ့ကိုယ်နွေးနွေးလေးကို အတင်းဖက်ထားလိုက်ပြီး  အားပါးတရအော်ငိုနေမိသည်။
"ဖြစ်မှဖြစ်ရလေအမေရယ်...အမေသိပ်တွေ့ချင်နေတဲ့ အမေ့သား ...အခု အမေ့ဘေးမှာရောက်နေပြီလေ အမေရဲ့..."
"အချိန်မီရောက်မလာနိုင်ခဲ့လို့ သားကိုခွင့်လွှတ်ပါအမေရယ်...သားကိုခွင့်လွှတ်ပါ"

ယူကျုံးမရသည့်စိတ်များ၊မွန်းကျပ်ကျပ်ခံစားမှုများ...

ထိုခံစားမှုများနှင့်အတူ ရုတ်တရက်ဆိုသလို သူလန့်နိုးလာသည်။

"အိပ်မက်...
ဒါအိပ်မက်ပဲ....တော်ပါသေးရဲ့ အမေဘာမှ မဖြစ်ပါစေနဲ့..."

လည်ပင်းတစ်ဝိုက် စီးကျနေသော ချွေးတွေကို လက်နဲ့သုတ်ရင်း ဆုတောင်းနေမိသည်။ထို့နောက် ရေတစ်ခွက်သောက်ပြီး ထပ်အိပ်သည်။မည်သို့မျှအိပ်မရတော့။စိတ်က အမေ့ဆီသာ ရောက်နေသည်။
အမေ့ဆီ မရောက်ဖြစ်တာ အခုဆို ၁၀ လတောင်ရှိတော့မှာပါလား။အားမှသွားမယ်...အားမှသွားမယ်နဲ့ မရောက်ဖြစ်တာတောင် ကြာပေါ့..။အမေ အဆင်မှပြေရဲ့လားမသိဘူး။
လွန်ခဲ့သော ၂ပတ်ခန့်ကမှ ဖြူဖြူနှင့် နောက်ဆုံးဖုန်းပြောဖြစ်ခဲ့သေးသည်။ကျန်းမာရေးကောင်းသည်။သို့သော် ခဏခဏမေ့တတ်လာသည်။ အကို့အတွက် ချည်စောင်ထိုးနေတာကတော့ တားလို့မရဟုဆို၏။ထိုစဥ်က အမေဖုန်းဝင်မပြောတော့ပါ။ထို့ကြောင့် ထူးဆန်းသည်၊အရင်လို ဇွတ်တောင်းဆိုတာမျိုးတွေ မလုပ်တော့ဘူး ၊ တော်တယ်ဟုပင် အမေ့ကို  ချီးကျူးစကားပြောခဲ့သေး၏။

  "အမေတစ်ယောက် ကျန်းမာပါစေ..."

ထိုစဥ် ဧည့်ခန်းမှ ဖုန်းမြည်သံကြားရ၏ ။
ညကြီးမင်းကြီး ဘယ်သူပါလိမ့်...
"ဟယ်လို..."
"ဟုတ်...ကိုထူးလား..."
"အေး...ဟုတ်တယ် ...ညီမလေးဖြူ ဘာကိစ္စရှိလို့လဲ..."
"အကိုရေ...ကြီးမေ မူးလဲလို့ ဒီနေ့ညနေပဲ ဆေးရုံတင်လိုက်ရတယ်.....အခုထိ သတိမရသေးဘူးအကို...အဲဒါ မနက်ဖြန်လောက် အကိုတို့အားရင် လာစေချင်တယ်..."
တစ်ဖက်မှ ကြားရသောစကားများကြောင့် သူ့စိတ်တွေပူထူသွားသည်။အမေ...အဆင်ရောပြေပါ့မလား...
အိပ်မက်ကလည်းမကောင်း ၊အမေ့ကို စိတ်ပူနေသည်မှာ အမှန်ပင်။
"အေး ညီမလေးဖြူ...ကိုထူး မနက်လင်းလင်းချင်း ထွက်ခဲ့မယ်။အမေ့ကို သေချာဂရုစိုက်ထားနော်"
ဖုန်းကို ချပြီးသည်နှင့်တစ်ပြိုင်နက် တွေဝေမနေတော့ပေ၊ အထုပ်အပိုးပြင်သည်။အသိကားဂိတ်သို့ ညတွင်းချင်းပင် ဖုန်းဆက်ကာ ကားလက်မှတ်ဖြတ်၏။ဇနီးသည်က ကလေးတွေနှင့် အိမ်တွင် ကျန်ရစ်ခဲ့ရမည်ဖြစ်သော်လည်း သည်တစ်ခေါက်တော့ စိတ်ချစွာ ထားရစ်ခဲ့ရပေမည်။
"အမေတစ်ယောက်...ဘေးရန်ကင်းကွာ ကျန်းမာပါစေ"

(၄)
နံနက်လင်းသည်နှင့်တစ်ပြိုင်နက် မိသားစုကို နှုတ်ဆက်ကာ ကားဂိတ်သို့ ခပ်သွက်သွက်ထွက်လာခဲ့သည်။လမ်းတစ်လျှောက်လုံး စိတ်ကလုံးဝမအေးနိုင်ပါ။သူချမ်းဖို့တောင်မေ့နေ၏။အမေ...အမေ...နှုတ်က တတွတ်တွတ်ရေရွတ်ဆုတောင်းနေမိသည်။

တစ်ညအိပ်ကားစီးပြီးသည့်နောက် ဇာတိရွာကို ရောက်လာခဲ့ပြီ။

"လင်းဇင်းတိုက်နယ်ဆေးရုံ"

ဆေးရုံရှေ့ ကားရပ်သည်နှင့် အမေ့ရှိရာ မှန်းဆကာ အပြေးသွား၏။ဆေးရုံအခန်းတစ်ခန်းချင်းစီ အမေ့ကို ဝင်ရှာ၏။မတွေ့သဖြင့် သူ့စိတ်တွေ ပို၍ပူထူလာသည်။ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။အမေ့ကို သူဆုံးရှုံးလို့မဖြစ်။ငယ်စဥ်က ပေးထားခဲ့သည့်ကတိကို တည်ရဦးမည်။အမေနှင့် အနီးကပ်နေ၍ ခြေဆုပ်လက်နှယ်ပြုစုချင်သေးသည်။ဟိုပြေး၊ သည်ပြေးဖြစ်နေသည့်သူအား သူနာပြုဆရာမလေးက မေးမှ အသိတစ်ချက်ပြန်ဝင်လာသည်။
"ဆရာမ... မနေ့ကတက်တဲ့ လူနာ ဒေါ်ကြူ ဘယ်နားမှာလဲ ခင်ဗျ"
ဆရာမလေး၏ ဖြေဆိုချက်အဆုံးတွင် အမေရှိရာအခန်းသို့ သူအားတက်သရော ပြေးသွား၏။အခန်းတစ်ခုအတွင်းရှိ ကုတင်ဘေးမှာ စောင်ခေါက်နေသော ဖြူဖြူကို ရုတ်တရက်တွေ့လိုက်ရသည်။ဘေးမှာ အမေ့ကိုမတွေ့ရ။

"ဘုရား..ဘုရား... ငါထင်သလိုမဖြစ်ပါစေနဲ့..."

"ဟာ...အကိုထူး...ရောက်လာပြီလား..."

"အင်း ဟုတ်တယ်ဖြူဖြူ၊ဒါနဲ့ အမေရော...အမေ့ကို မတွေ့ပါလား..."

"ဟုတ် ကြီးမေရှိပါတယ်...ဒီအဆောင်ရဲ့အရှေ့တောင်ဘက်က ကွပ်ပျစ်လေးပေါ်မှာရှိတယ် ကိုထူး...ဒါပေမယ့်..."

ဖြူဖြူ၏စကားကိုပင် ဆုံးအောင်မစောင့်နိုင်တော့။အမေရှိရာသို့ ဝမ်းသာအားရ အပြေးသွားမိသည်။အမေ့ကို တွေ့လျှင် သူအားပါးတရပွေ့ဖက်ထားမည်။အိပ်မက်ထဲကလို အဖြစ်မခံနိုင်တော့။အမေ့ကို ငယ်ငယ်တုန်းက အကြောင်းတွေရယ်ရယ်မောမောပြန်ပြောရင်း သေချာပြုစုမည်။အတွေးတွေ....ဝမ်းသာလွန်းသောအတွေးတွေနဲ့  သူတက်ကြွနေပါသည်။

အဆောင်၏ အရှေ့တောင်ဘက်ရောက်တော့ မနီးမဝေးမှာရှိနေတဲ့  တမာပင်အောက်က ဝါးကွပ်ပျစ်လေးပေါ်သို့ သူ လှမ်းကြည့်လိုက်သည်။အမေ့ကို တွေ့ရပါပြီ။ဆံပင် ဖြူဖြူ အကျီပန်းရောင် အကွက်လေးကို ဝတ်ထားသည့် ပိန်သေးသော ခန္ဓာကိုယ်ပိုင်ရှင်သည် အမေဟု အဝေးမှကြည့်ရုံနဲ့ သူတပ်အပ်သိသည်။ နေရောင်ဖျော့ဖျော့အောက်တွင် ကျုံ့ကျုံ့လေးထိုင်ပြီး ချည်ထိုးနေသောအမေ။အမေသည် ခပ်လှမ်းလှမ်းရှိ သူ့ကိုမြင်ဟန်မတူ ၊ချည်ကိုသာ သည်းကြီးမည်းကြီးထိုးနေ၏။

အမေ့နောက်ကျောဘက်ကနေ အနီးသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တဖြည်းဖြည်းချည်းကပ်သွားသည်။အနားရောက်တော့ အမေ့ပခုံးလေးကိုကိုင်ပြီး"ဝါး"ဟု အသံလှန့်လိုက်သည်။အမေလန့်သွားပုံရပါသည်။ပခုံးလေးနှစ်ဖက်တွန့်သွားပြီးနောက် သူ့ဖက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။မျက်ခုံးနှစ်ဘက်တွန့်ပြီး အမေသည်သူအားသေချာစွာကြည့်နေ၏။သူကမူ အမေ့၏မျက်နှာအား ကြည့်၍မဝ။အသက်ကြီးပေမယ့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေရှိနေပေမယ့် လှနေသေးသည့် အမေ။ဒါပေမယ့် အမေအတော်ပိန်သွားသည်။သားမောင်အလွမ်းက နှိပ်စက်လေသည်ထင်ပါရဲ့။မပူပါနဲ့အမေ....သားရောက်လာပါပြီဗျ...အမေ့ကို ခွဲမသွားဘူး...စိတ်ထဲတွင် ကျေနပ်စွာ ဟစ်ကျွေးရင်း အမေ့မျက်နှာကို မျော်လင့်ကြီးစွာကြည့်နေမိသည်။

အမေသည် သူအား အတန်ကြာစိုက်ကြည့်ပြီးမှ စကားစပြောသည်။

"ကောင်လေး မင်းက ဘယ်သူလဲကွဲ့..."

သူဆွံ့အသွားသည်။ရင်ဘတ်ထဲ ဘယ်ကမှန်းမသိပေါ်လာသော အလုံးကြီးကြောင့် အသက်ရှု၍ပင် မဝချသလိုလိုဖြစ်နေသည်။

"အမေ...သားလေ၊ကိုထူးလေ...
အမေ့သား ကိုထူးလေဗျာ....မမှတ်မိဘူးလား...."

ထိုစကားကြားတော့ အမေသည် ချည်ထိုးနေရာမှ ရုတ်တရက် ရယ်လိုက်ပြီး...

"မဟုတ်တာတွေ ငါ့တူရယ်။ဘယ်ကသာ မင်းက ငါ့သားဖြစ်ရမှာတုံး...ငါ့သားလေးက ၈ နှစ် ကလေးရှိသေးတာ...ငါ့သား​လေး မကြာခင်ပြန်လာလိမ့်မယ်...ငါနဲ့အတူအကြော်ရောင်းသွားရင်းက စျေးဝယ်အဒေါ် ကြီး ငါ့ကို​ပြောတဲ့စကားကို မကျေနပ်လို့တဲ့လေ....ကျောက်ခဲနဲ့လိုက်ပေါက်တာ အခုထိပြန်မလာဘူး...မင်း​ရော လမ်းမှာ မတွေ့ခဲ့မိဘူးလား..."

သူ့စိတ်တွေ ရှုပ်ထွေးသွားသည်။အမေ ဘယ်လိုဖြစ်သွားရတာပါလိမ့်...

"အဲဒါပဲ အကို ကြီးမေဖြစ်နေတဲ့ရောဂါ"
ဖြူလေးရောက်လာပြီး အကျိုးအကြောင်းရှင်းပြသည်။
"အခု ကြီးမေမှာ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေ ရှိနေတာတဲ့ ဒီမနက်စောစောပဲ ဆရာဝန်ကပြောသွားတယ်၊ဒီရောဂါက အသက်ကြီးတဲ့သူတွေအတော်များများမှာ ဖြစ်တဲ့ မှတ်ဥာဏ်ချို့ယွင်းတဲ့ရောဂါမျိုးတဲ့လေ၊အသက်ကြီးသူတိုင်းတော့ မဖြစ်ပေမယ့် မျိုးရိုးလိုက်တာ၊စိတ်ဖိစီးတာ၊အခြားရောဂါအခံရှိတာ တစ်မျိုးမျိုးကြောင့်လို့ ပြောတယ်၊ကြီးမေကိုတော့  စိတ်ဖိစီးမှုကြောင့်ဖြစ်တာလို့ ဆိုသွားတယ်၊အဲဒါဖြစ်နိုင်တယ် ကိုထူး။ကြီးမေက ကိုထူးကို တအားတွေ့ချင်နေတာ၊အစားပျက် အအိပ်ပျက်တာလည်းပါမှာပေါ့၊ ဒီရောဂါက ကုသလို့မပျောက်ပေမယ့် ပိုဆိုးမလာအောင်တော့ ထိန်းထားပေးနိုင်တယ်တဲ့လေ၊ဒါကြောင့်...ဘယ်တတ်နိုင်မလဲ ကိုထူးရယ်....၊ကြီးမေ သက်ရှည်ကျန်းမာတာကိုပဲ ဖြူဖြူတို့ ကျေးဇူးတင်ရမယ်"

ဖြူဖြူ၏ စကားများကို အမေကတော့ ကြားဟန်မတူ။သူ့ချည်ကိုသာ အာရုံစိုက်ထိုးနေ၏။

သူသည်  ဖြူဖြူ၏ စကားများအဆုံးတွင် မခံမရပ်နိုင်အောင် ငိုကြွေးနေမိသည်။အမေ့ကို သိုင်းခြုံပွေ့ဖက်ရင်း အမေ့ပခုံးပေါ် ခေါင်းအပ်ကာ တရှုံ့ရှုံ့ ငိုကြွေးနေလေသည်။အမေကမူ နားမလည်သော အကြည့်များဖြင့်သာ...ကိုထူး၏ ခေါင်းလေးကို လက်ဖြင့် အသာအယာ ပွတ်ကာ နှစ်သိမ့်နေလေသည်။

"မငို ပါနဲ့ ကောင်လေးရယ်....မင်းမေမေ မင်းဆီပြန်လာမှာပါ မငိုပါနဲ့...မိဘတွေဆိုတာ သားသမီးကို ပြစ်သွားရိုးထုံးစံမရှိပါဘူးကွယ်၊အခု ငါလည်း ငါ့သားလေးအလာကို ချည်ထိုးရင်းစောင့်နေတာလေ...ငါ့သားလေးက အအေးသိပ်ကြောက်တတ်တယ်... အမေတွေက ဒီလိုပါပဲကွယ်... "

အမေဖြစ်သူ၏ စကားများကြောင့် သူ့ရင်တွေ ပိုနာကျင်လာရသည်။အမေ့ကို ပစ်ထားမိခဲ့လေခြင်း...နောင်တတရားတွေက သူ့ကို အနိုင်ယူနေကြပြီ။ငါ့ကြောင့်ဖြစ်ရတာ ငါ့ကြောင့်...ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့ကလည်း သူကို ကြီးစိုးနေကြပြီ။သူ့ရင်တွေ အကြီးအကျယ်ပူလောင်နေ၏။

ထိုအခိုက် ဆရာဝန်ကြီးက လူနာစောင့်ကို ဆွေးနွေးရန်ခေါ်နေကြောင်း ဝန်ထမ်းတစ်ဦးက လာအသိပေးသဖြင့် အမေ့ကို ဖြူဖြူနှင့်ထားခဲ့ကာ ရုံးခန်းရှိရာသို့ လေးလံသောခြေလှမ်းများဖြင့် ထွက်လာခဲ့တော့၏။

ကွပ်ပျစ်ငယ်လေးသည်ကား နေရောင်ဖျော့ဖျော့ အောက်တွင် ကျန်ရှိနေခဲ့တော့သည်။

ဖြူဖြူသည် အမေ့ဘေးမှာရပ်လျက်...

အမေသည်ကား ထိုကွပ်ပျစ်​​လေးပေါ်​တွင်ထိုင်ကာ ၈နှစ်အရွယ် သူ့သားပြန်အလာကိုမျှော်ရင်း ချည်စောင်ဖြူဖြူလေးကို လှပစွာ ဆက်လက်ဖန်တီးလျက်...

** ** **

ကိုခန့်
(5.1.2025)


Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့